အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) ဆက်တိုက် လက်နက်ချခြင်းများ၊ အစွန်းရောက်နတ်ဆိုးများ၏ ရတနာတိုက်
ချင်လော့၏ ရန်လိုသော သဘောထားက နတ်ဆိုးဂိုဏ်းသားများ၏ မျက်နှာကို တစ်ယောက်ပြီးတစ်ယောက် မည်းမှောင်သွားစေခဲ့ပေ၏။ သူတို့က တုံ့ဆိုင်းမှုမရှိဘဲ ယဲ့လင်းရွှမ်ကို သူတို့၏ အနောက်တွင် ချက်ချင်း အကာအကွယ် ပေးလိုက်ကြသည်။
သူတို့ ထပ်မံ မလှုပ်ရှားနိုင်မီမှာပင် အားကောင်းသော အငွေ့အသက် လှိုင်းလုံးများက သူတို့ဆီသို့ ရိုက်ခတ်လာခဲ့၏။
'ဘုန်း!' 'ဘုန်း!' 'ဘုန်း!'
မဟာသူတော်စင်အဆင့်၏ အားကောင်းသော အငွေ့အသက်များက သူတော်စင်အဆင့်ရှိ နတ်ဆိုးဂိုဏ်းသားများကို ချက်ချင်း ဒူးထောက်သွားစေခဲ့လေသည်။
'ဒေါက်!... ဒေါက်!... ဒေါက်!'
နတ်ဆိုးဂိုဏ်းမှ သူတော်စင်အနည်းငယ်က ချင်လော့၏ ရှေ့တွင် သပ်ရပ်စွာ တန်းစီ၍ ဒူးထောက်သွားကြပြီး မည်သည့် ခုခံနိုင်စွမ်းမျှ မပြသနိုင်ကြတော့ချေ။
'ဒေါက်!... ဒေါက်!... ဒေါက်!'
ချင်လော့က ယဲ့လင်းရွှမ်ဆီသို့ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ငါ့လူက အခုလေးတင် အသတ်ခံလိုက်ရတယ်... ရိုးရိုးသားသား ပြောရရင် ငါ တော်တော် ဒေါသထွက်နေတယ်"
"သေချာပြောရရင် ဒါက ငါ့လူတွေထဲက ပထမဆုံး အသတ်ခံရတာပဲ... ပြီးတော့ ငါ့မျက်စိရှေ့မှာတင် အသတ်ခံရတာဆိုတော့ ငါက အသက်ကို တန်ဖိုးထားတဲ့သူ ဖြစ်တဲ့အတွက် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်"
"မင်းတို့ နည်းနည်း ပူးပေါင်းတာ ပိုကောင်းမယ်... ငါလည်း အရင်က ရှိခဲ့တဲ့ ခင်မင်မှုကို ထည့်တွက်ပြီး အလွန်အမင်း မလုပ်ဘဲ နေပေးနိုင်တယ်"
"မဟုတ်ရင်တော့ ခုနက အမျိုးသမီးလိုပဲ သူမရဲ့ ကံကြမ္မာက ကြေကွဲစရာ ဖြစ်ဖို့ သတ်မှတ်ခံထားရမှာပဲ"
"သခင်မလေးယဲ့... ဒီကိစ္စကြောင့် မင်းရဲ့ နတ်ဆိုးဂိုဏ်း မျိုးတုံးသွားတာကို မင်း မမြင်ချင်ဘူး မဟုတ်လား"
ချင်လော့၏ အတင်းအကျပ် ဖိအားပေးလာမှုကြောင့် ယဲ့လင်းရွှမ်က ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရလေသည်။ သူမက ချင်လော့ကို မော့ကြည့်ကာ မေးမြန်းလိုက်၏။
"တကယ်လို့ ငါတို့ရဲ့ အမွေအနှစ်နယ်မြေထဲက ပစ္စည်းတွေကို ငါ မင်းကို ပေးမယ်ဆိုရင် မင်း ငါ့ရဲ့ နတ်ဆိုးဂိုဏ်းအတွက် ကလဲ့စားချေပေးဖို့ ကူညီပေးနိုင်မလား"
"ကလဲ့စားချေမယ် ဟုတ်လား... ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကို သုတ်သင်ရမလား... ဒါမှမဟုတ် ဝိညာဉ်ခန်းမကိုလား... ငါ သိသလောက်တော့ မင်းတို့ ဂိုဏ်းတွေ ကျဆုံးရတဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ ဝိညာဉ်ခန်းမ ဖြစ်နိုင်တယ်"
စကားပြောနေစဉ် ချင်လော့က ယဲ့လင်းရွှမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး သူ၏ လက်ထဲရှိ ရွှမ်ထျန်းဓားကို အသုံးပြုကာ ယဲ့လင်းရွှမ်၏ မေးစေ့ကို ပင့်မလျက် ပြောဆိုလိုက်ပေသည်။
"လူတွေက ငါနဲ့ လာပြီး စေ့စပ်ညှိနှိုင်းတာကို ငါ မကြိုက်ဘူး... အထူးသဖြင့် အခုချိန်မှာ မင်းက ငါနဲ့ စေ့စပ်ညှိနှိုင်းဖို့ အခွင့်အရေး မရှိဘူးလေ"
"ဒါပေမဲ့ တကယ်လို့ အနာဂတ်မှာ မင်းက ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဒီဝိညာဉ်ခန်းမ ဆိုတာကို ဖျက်ဆီးဖို့ ငါ မင်းကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်"
"ငါ့အတွက်တော့ သူတို့က ရေမြောင်းထဲမှာ ပုန်းနေတဲ့ ညစ်ပတ်တဲ့ ကြွက်အုပ်စု တစ်စုထက် မပိုပါဘူး... လိုသလို အလွယ်တကူ သုတ်သင်ပစ်လို့ ရတယ်"
ယဲ့လင်းရွှမ်၏ နှလုံးသား တုန်လှုပ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"မင်း ဆိုလိုတာက ငါ မင်းဘေးမှာ နေရမယ်လို့ ပြောတာလား"
ချင်လော့က သဘာဝကျကျပင် ပြန်လည်ဖြေကြားလိုက်သည်။
"မင်းက ငါ့ရဲ့ လျှို့ဝှက်ချက် တချို့ကို သိထားပြီဆိုတော့ မင်း ထွက်သွားလို့ရမယ်လို့ ထင်နေတာလား"
"တောင်းပန်ပါတယ်... သေသွားတဲ့သူတွေကလွဲရင် အသက်ရှင်နေတဲ့သူတွေက အဲဒီလို လုပ်လို့မရဘူး"
ယဲ့လင်းရွှမ်သည် သူမ၏ အတွင်းစိတ်ထဲ၌ လွန်ဆွဲနေခဲ့လေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူမက သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ... မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူတယ်"
ချင်လော့က ယဲ့လင်းရွှမ်၏ ပခုံးကို ပုတ်လိုက်သည်။
"မင်းက အလွန် ဉာဏ်ကောင်းတဲ့ ရွေးချယ်မှု တစ်ခုကို လုပ်ခဲ့တာပဲလို့ ငါ ပြောရမယ်... အနာဂတ်မှာ ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်အတွက် မင်း သေချာပေါက် ကျေးဇူးတင်နေလိမ့်မယ်"
ချင်လော့က လီရှောင်နှင့် အခြားသူများကို ကြည့်ရန် လှည့်လိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။
"လီရှောင်... မတွေ့ရတာ ကြာပြီနော်"
"အရင်တစ်ခေါက်က ငါ့ရဲ့ လူသားဧကရာဇ်အလံကို မင်း ခုတ်ပိုင်းခဲ့တဲ့ အချိန်ကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ"
လီရှောင်က ခါးသီးစွာ ပြုံးလိုက်ပြီး တိုက်ခိုက်လိုစိတ် လုံးဝ ကင်းမဲ့နေသော အကြီးအကဲများကို တစ်ချက်ကြည့်ကာ ချင်လော့အား ပြောဆိုလိုက်ပေသည်။
"ချင်လော့!... မင်း သတ်ချင် သတ်... ဒါမှမဟုတ် ဖြတ်ချင် ဖြတ်... မင်း လုပ်ချင်တာကိုသာ လုပ်လိုက်တော့... ငါ လီရှောင် မျက်မှောင်မကုတ်ဘူး... ငါက ဟန်ဆောင်နေတဲ့သူ မဟုတ်ဘူး"
"အို... တကယ်လား... မင်းက ဟန်မဆောင်ချင်ဘူး ဆိုမှတော့ ကိုင်တွယ်ရ လွယ်ကူသွားတာပေါ့"
"ဖြတ်လိုက်"
ချင်လော့၏ စကားများက လီရှောင်ကို အောက်ပိုင်း၌ ကျဉ်စိမ့်သွားသလို ခံစားလိုက်ရစေ၏။
"အမိန့်အတိုင်းပါ"
ထိုပါယန်က ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး သူ၏ လက်ထဲတွင် ဓားတိုတစ်လက် ပေါ်လာကာ လီရှောင်ဆီသို့ လျှောက်သွားခဲ့လေသည်။
"ဟားဟားဟား"
"ကောင်လေး... စိတ်မပူပါနဲ့... ငါ့လက်က မြန်ပါတယ်... မနာပါဘူး"
ယဲ့လင်းရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမတွင် ထိုအသားပိုနှစ်ကျပ်သား မရှိသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
မဟုတ်လျှင် သူမသည်လည်း...
‘အင်း... အမျိုးသမီးတွေ၊ အထူးသဖြင့် လှပတဲ့ အမျိုးသမီးတွေမှာ အားသာချက်တချို့ ရှိနေတာ သေချာပေသည်။’
သဘာဝကျကျ အရေးအကြီးဆုံး အကြောင်းရင်းမှာ သူတို့က အရင်ကတည်းက ရင်းနှီးကျွမ်းဝင်မှု အနည်းငယ် ရှိထားသောကြောင့် သူမကို ထောက်ထားညှာတာပေးခြင်း ဖြစ်လေသည်။
ယောကျ်ားတစ်ယောက်က သူ၏ ယောကျ်ားဖြစ်ခြင်း သင်္ကေတကို ဆုံးရှုံးသွားပါက လီရှောင်မှာ လုံးဝ စိတ်ပျက်အားငယ်စွာဖြင့် သေချင်သွားလိမ့်မည်ဟု ယဲ့လင်းရွှမ် ခံစားလိုက်ရပေသည်။
လီရှောင်မှာ သူ၏ တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့၏။ သူက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ တကယ်ပဲ ဤလောက်အထိ လုပ်ဖို့ လိုအပ်လို့လား။
"ချင်လော့... သတ်ဖြတ်တယ်ဆိုတာက ဓားတစ်ချက် ခုတ်ရုံလေးပါပဲ... ဒါပေမဲ့ မင်းက ငါ့ကို ဒီလို အရှက်ခွဲနေတာပဲ... မင်းကိုယ်မင်း ဘယ်လို သူရဲကောင်းမျိုးလို့ ထင်နေတာလဲ"
"သူရဲကောင်းတွေလား... ဟားဟားဟား"
ချင်လော့က လှောင်ပြောင်လိုက်၏။
"အဲ့ဒါက ထမင်းစားသလို စားလို့ရလို့လား"
"ငါ အခုလေးတင် ပြောခဲ့သလိုပဲ... မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်... တကယ်လို့ မင်းက နည်းနည်း ပိုဉာဏ်ကောင်းမယ်ဆိုရင် သခင်မလေးယဲ့ဆီကနေ သင်ယူလိုက်... အဲဒီလိုဆိုရင် မင်းရဲ့ မဟာနတ်ဆိုးဂိုဏ်းရဲ့ အမွေအနှစ်ကို ရှင်သန်အောင် ထိန်းသိမ်းထားနိုင်ပြီး မင်းဘေးက ဒီအဘိုးကြီး ခွေးအိုကြီးတွေရဲ့ အသက်ကိုလည်း ကယ်နိုင်မှာပေါ့"
"မဟုတ်ရင်တော့ မင်းက ငါ့ရဲ့ လူသားဧကရာဇ်အလံထဲကသူတွေနဲ့ ညီမလေးတွေ ဖြစ်လာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"
"ကျွတ်ကျွတ်... မင်းလို အသက်အရွယ်ကြီးနဲ့ ပေါင်ကြားထဲက နာကျင်မှုကို ခံစားရမယ်ဆိုရင် မင်းဆိုတဲ့ လီရှောင်က ဒီဒဏ်ကို ခံနိုင်ရည်ရှိမှာလား"
အကြီးအကဲ အနည်းငယ်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တုန်ယင်သွားကာ မြေပြင်ပေါ်မှ ကမန်းကတန်း ထရပ်လိုက်ကြလေသည်။
သူတို့က သေရန် စောင့်ဆိုင်းနေဖို့ စီစဉ်ထားပြီးပြီ ဖြစ်သော်လည်း
ယခု ဘယ်လို နာကျင်မှုမျိုးကို သူတို့ ခံစားရဦးမည်နည်း။
လူအုပ်စု၏ မကျေမနပ်ဖြစ်နေသော အကြည့်များက လီရှောင်အပေါ်သို့ ကျရောက်သွားပြီး သူတို့၏ မျက်လုံးများတွင် အပြစ်တင်မှုများ ပြည့်နှက်နေခဲ့၏။
"မင်းက စကားအရမ်းများလွန်းတာပဲ"
ဤအခိုက်အတန့်တွင် ယဲ့လင်းရွှမ်က ဝင်ပြောလိုက်သည်။
"စီနီယာအစ်ကို လီရှောင်... မဟာနတ်ဆိုးဂိုဏ်းရဲ့ မျိုးဆက် အဆက်ဆက်က ကြိုးပမ်းအားထုတ်မှုတွေ အလဟဿ ဖြစ်သွားတာကို မင်း မမြင်ချင်ဘူး မဟုတ်လား"
"စကားပုံတစ်ခု ရှိတယ်လေ... တောင်စိမ်းတွေ ရှိနေသရွေ့ ထင်းအတွက် ပူစရာ မလိုဘူးတဲ့"
"မင်းက မဟာနတ်ဆိုးဂိုဏ်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ... မဟာနတ်ဆိုးဂိုဏ်းက အမွေအနှစ်တွေ ပြတ်တောက်သွားတာကို မင်း အလိုမရှိဘူးဆိုတာကို ငါ သိတယ်... မဟုတ်ရင် မင်းက မဟာနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြရဲတော့မလဲ"
လီရှောင်ကို ဖျောင်းဖျနိုင်ပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ယဲ့လင်းရွှမ်က မီးလောင်ရာ လေပင့်လိုက်လေသည်။
"စီနီယာအစ်ကို လီ... တကယ်လို့ မင်းရဲ့ မိဘတွေက သူတို့ရဲ့သားက သမီးမိန်းကလေး ဖြစ်သွားပြီဆိုတာကို တမလွန်ကနေ သိသွားရင် သူတို့ ဘယ်လို တွေးမလဲ ဆိုတာကို မင်း စဉ်းစားကြည့်ဖူးလား"
'ဘုန်း!'
လီရှောင်၏ နှလုံးသားကို ကြီးမားသော တူကြီးတစ်ခုဖြင့် ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့၏။ အမျိုးသမီးအဝတ်အစား ဝတ်ဆင်ထားပြီး သူ၏ မိဘများရှေ့တွင် ပေါ်လာမည့် မိမိကိုယ်ကိုယ်ပင် သူ မြင်ယောင်ကြည့်နိုင်ခဲ့လေသည်။
အရမ်းကို လှပလွန်းလို့ ကြည့်ရတာတောင် မခံမရပ်နိုင် ဖြစ်ရလောက်တယ်...
လီရှောင်က မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားခဲ့၏။ နေ့ရက်ပေါင်းများစွာ ထွက်ပြေးပုန်းရှောင်ပြီးနောက် သူသည် လုံးဝ အင်အားကုန်ခမ်းနေပြီ ဖြစ်ပေသည်။
ယဲ့လင်းရွှမ်က ကြိုတင်၍ နမူနာပြထားပြီးဖြစ်ရာ သူ၏ အပြုအမူက လက်ခံရန် ဤမျှလောက် မခက်ခဲတော့ကြောင်း သူ ခံစားလိုက်ရလေသည်။
"ငါ အရှုံးပေးပါတယ်"
လီရှောင်၏ စကားများက မဟာနတ်ဆိုးဂိုဏ်း အကြီးအကဲများထံမှ နောက်ဆုံးကျန်ရှိနေသော ချီစွမ်းအင်များကိုပါ စုပ်ယူသွားခဲ့၏။ အကြီးအကဲတစ်ဦးမှာ မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားပြီး နောက်ဆုံးတွင် သူ အားတင်းထားခဲ့သော နောက်ဆုံး ချီစွမ်းအင်လေးကို မျိုချလိုက်ကာ သေဆုံးသွားခဲ့လေတော့သည်။
ချင်လော့က တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး သူ၏ ပညာရပ်အတွင်းသို့ နတ်ဆိုးမျိုးစေ့ တစ်စေ့ကို စုစည်းလိုက်ပေသည်။
သူက ယဲ့လင်းရွှမ်ဆီသို့ လျှောက်သွားပြီး နတ်ဆိုးမျိုးစေ့ကို ကိုင်ဆောင်ကာ သူမကို ပြောဆိုလိုက်၏။
"စားလိုက်"
ယဲ့လင်းရွှမ်က တုံ့ဆိုင်းမနေခဲ့ချေ။ သူမက ရွေးချယ်မှု ပြုလုပ်ပြီးပြီ ဖြစ်ရာ ချင်လော့က သူမအပေါ် လှည့်ကွက် အနည်းငယ် သုံးခြင်းမှာ လုံးဝ ပုံမှန်သာ ဖြစ်ပေသည်။
သူမ ပါးစပ်ကို ဟလိုက်ရာ ချင်လော့က သူ၏ လက်ချောင်းကို သူမ၏ နှုတ်ခမ်းဆီသို့ တေ့လိုက်ပြီး လျင်မြန်သော အသံနှင့်အတူ နတ်ဆိုးမျိုးစေ့က သူမ၏ ပါးစပ်ထဲသို့ လျှောဝင်သွားခဲ့၏။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် နတ်ဆိုးမျိုးစေ့က သူမ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
"ကောင်းပြီ... မင်းတို့ရဲ့ အမွေအနှစ်နယ်မြေ အကြောင်းကို ငါ့ကို ပြောပြပါ"
ချင်လော့က ယဲ့လင်းရွှမ်ကို စဉ်းစားချိန် လုံးဝ မပေးတော့ဘဲ တက်ကြွစွာ မေးမြန်းလိုက်ပေသည်။
ယဲ့လင်းရွှမ်က ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။
"ငါ့ရဲ့ နတ်ဆိုးဂိုဏ်း၊ မဟာနတ်ဆိုးဂိုဏ်း၊ သွေးနတ်ဆိုးဂိုဏ်း၊ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနဲ့ အစောကြီးကတည်းက သုတ်သင်ခံခဲ့ရတဲ့ ဝိညာဉ်နတ်ဆိုးဂိုဏ်း ဆိုတဲ့ ဂိုဏ်းငါးဂိုဏ်းက အစွန်းရောက်နတ်ဆိုးများလို့ ခေါ်တဲ့ သူတွေရဲ့ တရားဝင် အမွေဆက်ခံသူတွေပါပဲ"
ထိုပါယန်သည် ဘေးမှနေ၍ အထူးပင် ဂရုတစိုက် နားထောင်နေခဲ့လေသည်။
ဤလူများသည် သက်ပြင်းချစရာပင်... သူတို့က ကိုယ့်လူတွေထဲက တစ်ယောက်လို့ ခေါ်လို့ရနိုင်တယ် မဟုတ်လား။
"ငါတို့ ဂိုဏ်းငါးဂိုဏ်း တစ်ခုစီမှာ သော့တစ်ချောင်းစီ ရှိတယ်... ပြီးတော့ သော့တစ်ချောင်းစီက ငါတို့ရဲ့ ကိုယ်ပိုင် အမွေအနှစ်ကို ဖွင့်နိုင်တယ်... တကယ်လို့ သော့ငါးချောင်းကို ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒါက ဒီကမ္ဘာမှာရှိတဲ့ အစွန်းရောက်နတ်ဆိုးတွေ လုယူထားတဲ့ အရင်းအမြစ် ရတနာတိုက်ကို ဖွင့်နိုင်လိမ့်မယ်"
"အတွင်းထဲက အရင်းအမြစ်တွေက လက်ရှိ မဟာချင်အင်ပါယာရဲ့ ပေါင်းစပ်ထားတဲ့ အရင်းအမြစ် အားလုံးထက် အများကြီး သာလွန်တယ်လို့ ဆိုကြတယ်"
ဤစကားကို ကြားပြီးနောက် ချင်လော့မှာ မနာလို ဖြစ်သွားခဲ့၏။
"ဝိညာဉ်ခန်းမက မင်းတို့ကို ဘာလို့ တိုက်ခိုက်ခဲ့လဲဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး... မင်းတို့ဆီမှာ ဒီလောက် များပြားတဲ့ အရင်းအမြစ်တွေ ရှိနေသေးတာကိုး"
ယဲ့လင်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒါက ဝိညာဉ်ခန်းမနဲ့ ပတ်သက်နေလို့လား... ဝိညာဉ်ခန်းမက ငါတို့ ဂိုဏ်းငါးခုရဲ့ အဓိက လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် သိနေတာလဲ"
ချင်လော့က ရယ်မောလိုက်၏။
"မင်း ပြောခဲ့တဲ့ ဝိညာဉ်နတ်ဆိုးဂိုဏ်းကို ဝိညာဉ်ခန်းမက သေချာပေါက် ဖျက်ဆီးခဲ့တာ ဖြစ်ရမယ်လို့ ငါ ထင်တယ်"
"မဟုတ်ရင် ဝိညာဉ်ခန်းမရဲ့ ရှေ့ဆောင်က မင်း ပြောခဲ့တဲ့ ဝိညာဉ်နတ်ဆိုးဂိုဏ်းပဲ ဖြစ်ရမယ်"
"ဝိညာဉ်ခန်းမ... ကျွတ်ကျွတ်... ဒီနာမည်က တကယ့်ကို လူဆိုးဆန်တာပဲ... သူတို့က ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် တော်တော်များများကို သေချာပေါက် သိမ်းဆည်းထားလိမ့်မယ်"
ထိုအချိန်တွင် ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ထွက်ပေါ်လာခဲ့လေသည်။
"အဲဒီ အမျိုးသမီးရဲ့ ပါးစပ်ထဲကနေ အရာတော်တော်များများကို ငါ ဆွဲထုတ်နိုင်ခဲ့တယ်... အခု ထန်မိသားစု ပြောနေတဲ့ အင်အားစုက ဘယ်လို အင်အားစုမျိုးလဲ ဆိုတာကို ငါ သိပြီ"