အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) နေရာအရပ်ရပ်မှ သတင်းစကားများ၊ အသာစီးရမှုက ငါ့ဆီမှာပဲ
လီတောက်ယွမ်နှင့် အခြားသူများ၏ အစည်းအဝေး စတင်ပြီး မကြာမီမှာပင် တစ်စုံတစ်ယောက်က ချင်လော့ထံသို့ ထောက်လှမ်းရေးသတင်းကို ပေးပို့လာခဲ့လေသည်။
"အရှင်မင်းသား... ခရမ်းရောင်မိုးကောင်းကင်မြင့်မြတ်နယ်မြေက တခြား မြင့်မြတ်နယ်မြေ တစ်ဒါဇင်ကျော်နဲ့ ပူးပေါင်းပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ စီစဉ်နေပါတယ်... ကျေးဇူးပြုပြီး ကြိုတင် ပြင်ဆင်ထားပါ အရှင်မင်းသား"
ဤသည်မှာ လင်းဟောက်ထံမှ သတင်းစကား ဖြစ်ပေ၏။
"စီနီယာအစ်ကို... မြူခိုးမြင့်မြတ်နယ်မြေက လူတွေက စီနီယာအစ်ကို ကို တိုက်ခိုက်လာနိုင်တယ်... ချက်ချင်း တောင်တန်းတစ်သောင်းနယ်မြေကနေ ထွက်သွားရမယ်နော်"
စာကြောင်းများကြားတွင် ရှန်ဝမ်နင်၏ စိုးရိမ်ပူပန်နေသော အမူအရာကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
သို့သော် ချင်လော့ မမျှော်လင့်ထားခဲ့သည့် အရာမှာ အခြား ထောက်လှမ်းရေး အရင်းအမြစ်တစ်ခု ရှိနေခြင်းပင် ဖြစ်ပေ၏။
"အရှင်မင်းသားကို ဂါရဝပြုပါတယ်"
ကျိုးယွမ်ဟု အမည်ရသော လူငယ်တစ်ဦးသည် ချင်လော့ ကို မတွေ့မချင်း စကားမပြောဘဲ ဇွဲရှိရှိ စောင့်နေခဲ့သည်။ ချင်လော့၏ အထောက်အထားကို အတည်ပြုပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်သည်။
"ကျွန်တော့်ဆရာ တွမ့်မုလင်က အရေးကြီးတဲ့ ထောက်လှမ်းရေးသတင်းကို အရှင်မင်းသားဆီ ပို့ဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ"
လူငယ်လေး၏ နာမည်မှာ ကျိုးယွမ် ဖြစ်လေသည်။ လွန်ခဲ့သော လဝက်ခန့်က သူ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် တွမ့်မုလင်၏ အဝေးမှနေ၍ စွမ်းအားလွှဲပြောင်းပေးမှုကို ရရှိခဲ့သည်။ သူ၏ ကျင့်ကြံမှုက ချက်ချင်း မြင့်တက်သွားပြီး ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်ရှိ ကျင့်ကြံသူ အနည်းငယ်ကို သတ်ဖြတ်နိုင်ခဲ့ပေ၏။
တွမ့်မုလင်က ဤအရာအားလုံးကို လုပ်ဆောင်ခဲ့ရသည့် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိလေသည်။ ကျိုးယွမ်ကို ဖန်ရှောက်ပင်က ချင်လော့အား သတ်ဖြတ်တော့မည်ဟူသော သတင်းကို ပေးပို့စေရန် ဖြစ်ပေသည်။
လူငယ်လေးသည်လည်း ကျေးဇူးတရားကို တန်ဖိုးထားပြီး ကျေးဇူးဆပ်တတ်သော လူတစ်ဦး ဖြစ်လေသည်။ သူက မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ပြီး လမ်းတစ်လျှောက်တွင် လုယက်ကာ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ပြီးနောက် နောက်ဆုံးတွင် ချင်လော့နှင့် တွေ့ဆုံရန် ထိုက်ရွှီးခံတပ်သို့ အမြန်ဆုံး ရောက်ရှိလာခဲ့၏။
"အို... ဘာထောက်လှမ်းရေးသတင်းလဲ"
တွမ့်မုလင်က ဘယ်သူမှန်း ချင်လော့ မသိသော်လည်း သူက ထောက်လှမ်းရေးသတင်းကိုတော့ ကြားချင်နေသေးလေသည်။
"ကျွန်တော့်ဆရာ ပြောတာကတော့ မြောက်ပိုင်းကာကွယ်ရေးဘုရင်ရဲ့ မြေး ဖန်ရှောက်ပင်နဲ့ မဟာချင်အင်ပါယာရဲ့ မင်းသမီး ချင်ကျင်းတို့က အရှင်မင်းသားကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်နေကြတယ်တဲ့"
"ဖန်ရှောက်ပင်ကို အထူး သတိထားဖို့ သူက ပြောလိုက်တယ်... ကျွန်တော့်ဆရာက သဲလွန်စတချို့ကို ခံစားမိတယ်လို့ ပြောတယ်... ဖြစ်နိုင်တာက လက်ရှိ ဖန်ရှောက်ပင်က အရင်က ဖန်ရှောက်ပင် မဟုတ်တော့ဘူး"
"ခန္ဓာကိုယ်လုယူခံရတာများလား"
ဤအတွေးက ချင်လော့၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့၏။
"ဆရာက ချူဖုန်းနဲ့ အတူရှိနေတယ်လို့ ပြောတယ်... ပြီးတော့ အရေးကြီးတဲ့ အချိန်ကျရင် အရှင်မင်းသားက ချူဖုန်း၊ ဖန်ရှောက်ပင်နဲ့ တခြားသူတွေကို သတ်ဖို့ ကူညီပေးနိုင်မယ့်
ထောက်လှမ်းရေးသတင်းကို ထပ်ပို့ပေးမယ်လို့ ပြောပါတယ်"
‘ချူဖုန်းနဲ့ အတူတူလား…’
ချင်လော့ အံ့အားသင့်သွားခဲ့သည်။
"ဒါဆို ချူဖုန်းက အခု ချင်ကျင်းဘက်မှာပေါ့"
"တွမ့်မုလင်ကော"
နောက်ထပ် ဝေါဟာရတစ်ခုက ချင်လော့၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
"အစွန်းရောက်နတ်ဆိုးများ!"
"ကြည့်ရတာ ချူဖုန်းက သူ့ကို ဖိနှိပ်ထားတာဖြစ်နိုင်တယ်... ဒါကြောင့် ငါ့ဆီ အကူအညီတောင်းတဲ့ နည်းလမ်းကိုပြောင်းလာတာလား"
"ဖန်ရှောက်ပင်ရဲ့ ဘက်မှာ အနည်းဆုံး မဟာသူတော်စင်အဆင့်ရှိတဲ့ တန်ခိုးရှင် နှစ်ယောက် ပေါ်လာလိမ့်မယ်လို့လည်း ကျွန်တော့်ဆရာက ပြောပါတယ်... ပြီးတော့ သူတို့က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က လူတွေနဲ့ ပူးပေါင်းနေကြတယ်... အရှင်မင်းသား မြန်မြန် ဆုံးဖြတ်ချက်ချဖို့ သူ မျှော်လင့်နေတယ်... တကယ်လို့ မဖြစ်နိုင်ရင် ခဏလောက် ရှောင်နေလိုက်ပါတဲ့"
"ကောင်းပြီလေ... ငါ သိပါပြီ"
ချင်လော့က သူ့ရှေ့ရှိ ကောင်လေးကို ကြည့်လိုက်၏။ ဤကောင်လေး၏ ခန္ဓာကိုယ်က တစ်ဝက်လောက် ပျက်စီးနေပြီဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။ တွမ့်မုလင် သင်ပေးခဲ့သော ကျင့်စဉ်က သူ၏ သက်တမ်းမူလအဆီအနှစ်ကို လောင်ကျွမ်းစေခြင်းဖြင့်သာ မြင့်တက်လာခဲ့ခြင်း ဖြစ်လေသည်။
အလွန် နတ်ဆိုးဆန်လှပေ၏။
"မင်း ပြန်သွားသင့်ပြီ" ချင်လော့က လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
ကျိုးယွမ်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောဆိုလိုက်၏။
"အရှင်မင်းသား... ကျွန်တော် ချင်စစ်တပ်ထဲကို ဝင်ချင်ပါတယ်... ကျွန်တော့်အတွက် နာမည်တစ်ခု ဖန်တီးချင်ပါတယ်"
သူ ကလဲ့စားချေချင်ခဲ့သည်။ သူ၏ ရန်သူများက သူတော်စင်အဆင့်ရှိ တန်ခိုးရှင်များကို ပိုင်ဆိုင်ထားပြီး အလွန် ကြောက်စရာကောင်းလေသည်။ ချင်လော့နှင့် သူ၏ ဆရာတို့က မဟာသူတော်စင်အဆင့်အကြောင်း ပြောဆိုနေတာကို ကြားခဲ့သည်။ သူက အလွန် အဆင့်မြင့်သော အသိုင်းအဝိုင်း တစ်ခုနှင့် ထိတွေ့မိနေပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး ဤသည်မှာ သူ၏ အခွင့်အရေးပင် ဖြစ်လေသည်။
တွမ့်မုလင်က သူ့ကို တပည့်အဖြစ် လက်ခံမည်ဟု ဘယ်တုန်းကမှ မပြောခဲ့သော်လည်း သူက တွမ့်မုလင်၏ တပည့်ဟု မိမိကိုယ်ကိုယ် ခေါ်ဝေါ်ခဲ့ပြီး တွမ့်မုလင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် မျှော်လင့်နေခဲ့ပေသည်။
ချင်လော့၏ ဘေးတွင် နေမှသာလျှင် သူ့အတွက် အနာဂတ် ရှိနိုင်ပေမည်။
လောင်းကြေးထပ်လိုက်လျှင် စက်ဘီးကနေ မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်သည်။
ချင်လော့က ကျိုးယွမ်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်၏။ ကျိုးယွမ်၏ စိတ်ခံစားမှု အတက်အကျများကိုလည်း သူ ခံစားသိရှိနိုင်ပြီး ဤလူငယ်လေး၏ ခရီးစဉ်မှာ အခက်အခဲများစွာဖြင့် ပြည့်နှက်နေခဲ့ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ဤသို့သော လူမျိုးက ကံကြမ္မာသားတော်၏ အရင်ဘဝနှင့် အလွန် ဆင်တူလှပေ၏။
"ကောင်းပြီလေ... မင်းက စစ်တပ်ထဲ ဝင်ချင်တယ်ဆိုတော့ ငါ မင်းကို လက်ခံပေးမယ်"
"တစ်ယောက်ယောက်... သူ့ကို ခေါ်သွားပြီး စီစဉ်ပေးလိုက်... မှတ်ထား... သူ့ကို ဘာအထူး အခွင့်အရေးမှ မပေးနဲ့... ရှေ့တန်းတပ်ဖွဲ့ကို သွားခိုင်းလိုက်"
ချင်လော့လည်း အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး ဤကောင်လေးက သူ့ရဲ့ ကံကြမ္မာကို ကောင်းကင်ကိုဆန့်ကျင်ပြီး ပြောင်းလဲနိုင်မလားဆိုတာ ကြည့်ရန် စမ်းသပ်မှုတစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
ကျိုးယွမ်က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခေါင်းတိုက်ကာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ကာ လူသစ်နှင့်အတူ ထွက်သွားခဲ့၏။
ချင်လော့အတွက်တော့ ကျိုးယွမ်က အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာ ဖြစ်လေသည်။ လာမည့် တိုက်ပွဲတွင် နှစ်ဖက်စလုံး၏ အင်အား နှိုင်းယှဉ်ချက်ကို သူ စတင် အကဲဖြတ်လိုက်ပေသည်။
သူက စုချန်ချန်၊ ယဲ့လန်၊ ထိုပါယန်၊ လီမို၊ စစ်သူကြီး ကျန်းတိုနှင့် လျိုကျင်းကျင်းတို့ကို တိုက်ပွဲမတိုင်မီ အစည်းအဝေးတစ်ခုအတွက် ခေါ်ယူလိုက်၏။
သူ့ဘက်တွင် နောက်ဆုံးမဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးသမား နှစ်ယောက်ဖြစ်သည့် နင်တင့်ဖန်နှင့် စုချန်ချန်တို့ ရှိလေသည်။
အလယ်အလတ်မဟာသူတော်စင်အဆင့်ရှိ အဓိက တိုက်ခိုက်ရေးသမားများမှာ ယဲ့လန်နှင့် ဟွင်ယွဲ့တို့ ဖြစ်ပေ၏။
ကနဦးမဟာသူတော်စင်အဆင့်ရှိ အဓိက တိုက်ခိုက်ရေးသမားများမှာ ထိုပါယန်၊ လီမိုနှင့် ထန်ကျင်းတို့ ဖြစ်လေသည်။
သူတော်စင်အဆင့် အသိုင်းအဝိုင်းတွင် အဖွဲ့ဝင် ခုနစ်ဦး ရှိပြီး လက်ရှိ ရှုပ်ထွေးသော အခြေအနေများ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။
"တစ်ဖက်မှာ မြူခိုးမြင့်မြတ်နယ်မြေ၊ ရွှမ်ထျန်းတာအိုဂိုဏ်း၊ ပြီးတော့ ဖန်ရှောက်ပင်နဲ့ဆို မဟာသူတော်စင်အဆင့် နှစ်ယောက်... အားလုံးပေါင်း လေးပါး ရှိပြီ"
"ချင်ဖန်က မလှုပ်ရှားဘူးဆိုတာကို ငါ မယုံဘူး... သူက မဟာသူတော်စင်အဆင့် တန်ခိုးရှင် တစ်ယောက်ကို သေချာပေါက် စေလွှတ်လိမ့်မယ်"
"ပြီးတော့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကလည်း အဲဒီလောက် အသုံးမကျတာ မဖြစ်နိုင်ဘူး... မဟာသူတော်စင် နှစ်ယောက်တည်း ရှိတာ မဖြစ်နိုင်ဘူး... ဖြစ်နိုင်တာက မဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးသမား သုံးယောက် ရှိလာနိုင်တယ်"
"ဒီတွက်ချက်မှုအရဆိုရင် နှစ်ဖက်စလုံးရဲ့ အထွတ်အထိပ် တိုက်ခိုက်ရေးအင်အား အရေအတွက်က တူသလောက်နီးပါးပဲ"
"ဒါပေမဲ့ ဒီတွက်ချက်မှုမှာ ငါ့ဆီမှာရှိတဲ့ လူသားဧကရာဇ်အလံနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ရုပ်သေးရုပ်တွေ အားလုံး မပါသေးဘူး... ငါတို့က မဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးသမား နှစ်ယောက် ထပ်ပေါင်းထည့်လို့ ရသေးတယ်"
“ငါတို့ရဲ့ မဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအား - ၉ ယောက်။”
“ပြိုင်ဘက်ရဲ့ မဟာသူတော်စင်အဆင့် အင်အား - ၆ ယောက် ကနေ ၈ ယောက်။”
"ဒါဆို တွက်ချက်မှုအရ လက်ရှိ အသာစီးရနေတာက ငါ့ဆီမှာပဲပေါ့"
ချင်လော့က ဤသို့ ပြောဆိုလိုက်ပြီး သူ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့လေသည်။
စုချန်ချန်က ဘေးမှနေ၍ တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"အခုလောလောဆယ် နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်ရေး အင်အားက ရှင်းရှင်းလင်းလင်း မရှိသေးဘူး... ဒါကြောင့် ငါတို့ ခန့်မှန်းရုံပဲ တတ်နိုင်တယ်... ဒါကြောင့် ဒီတိုက်ပွဲက အန္တရာယ် နည်းနည်း ရှိနေတယ်"
"မှန်တယ်... ဒီတိုက်ပွဲက ရန်သူကို တစ်ခါတည်း မဖျက်ဆီးနိုင်တာလည်း ဖြစ်နိုင်တယ်။”
ယဲ့လန်ကလည်း စကားကို ဖြတ်ပြောလိုက်သည်။
သူတို့က အမြစ်ဖြတ်ဖျက်ဆီးနေကျ ဖြစ်သည့်အတွက် မဖျက်ဆီးနိုင်လျှင်ပင် အန္တရာယ်တစ်မျိုးဟု သတ်မှတ်နေကြသည်။
"စစ်ကူတောင်းမယ်!"
ချင်လော့က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"ငါက အခု တောင်တန်းကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးချုပ်လေ...
အခု ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က လူတွေက ငါ့ကို တိုက်ခိုက်နေပြီဆိုတော့ ငါက သဘာဝကျကျ အကူအညီ တောင်းသင့်ပြီး စစ်သေနာပတိချုပ်ကို အထူးတပ်ဖွဲ့တွေ လွှတ်ပေးဖို့ တောင်းဆိုသင့်တယ်"
ဘယ်လိုပဲဖြစ်ဖြစ် ဤတိုက်ပွဲ ပြီးသွားရင် ချင်လော့က သူ၏ စစ်မှန်သော အင်အားကို ထုတ်ဖော်ပြသတော့မည် ဖြစ်ရာ စောစောစီးစီး ပေါ်လွင်သွားမည်ကို သူ ဂရုမစိုက်တော့ချေ။
သူက ချင်ရှောင်အပေါ် အလွန် ကောင်းမွန်သော အမြင် ရှိခဲ့၏။ သူ၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ချင် ရှောင်၏ အင်အားကြီးမားခြင်းမှာ မဟာချင်အင်ပါယာရဲ့ ကြီးမားတဲ့ အင်အား မဟုတ်ဘူးလား။
ချင်ရှောင်ကလည်း မလိုအပ်သော
မေးခွန်းများ မေးမယ့်လူ မဟုတ်ပေ။
တောင်စောင့်ဘုရင် စံအိမ်သည် တောင်တန်းတစ်သောင်းနယ်မြေ၏ အစွန်အဖျားတွင် တည်ရှိပြီး ယခုအချိန်တွင် တောင်တန်းကာကွယ်ရေးစစ်သူကြီး၏ နေအိမ်လည်း ဖြစ်ပေ၏။
"အရေးပေါ် စစ်ရေးသတင်း!"
ပျံသန်းနေသော ယောင်သားရဲတစ်ကောင်ပေါ်မှ မျက်နှာတစ်ခုလုံး သွေးများ ပေကျံနေသော အမျိုးသားတစ်ဦး ခုန်ဆင်းလာခဲ့လေသည်။
"ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ပုန်ကန်နေပြီး ထိုက်ရွှီးခံတပ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတယ်"
သတင်းပို့သူက လေးနက်သော အသံဖြင့် အော်ဟစ်လိုက်ပြီး မဟာစစ်သူကြီးစံအိမ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရ၏။
"အစောင့်တွေ... တားထား!" သက်လတ်ပိုင်းအရွယ် အမျိုးသားက သတင်းပို့သူကို အော်ဟစ်လိုက်ရာ အားကောင်းသော အငွေ့အသက်က သူ့ကို အလိုအလျောက် ရပ်တန့်သွားစေခဲ့လေသည်။
"ငါက စစ်သေနာပတိချုပ် လက်အောက်က ဒုစစ်သူကြီး ချောင်ယဲ့ပဲ... ထောက်လှမ်းရေးသတင်းကို ငါ့ဆီ ပေးပြီး မင်း ထွက်သွားလို့ ရပြီ"
သတင်းပို့သူ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
"အရင်က စစ်သေနာပတိချုပ် ပြောခဲ့တာက နဝမမင်းသားနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်း ဘယ်အရာကိုမဆို စစ်သေနာပတိချုပ်ဆီ ကိုယ်တိုင် ပေးပို့ရမယ်လို့ ပြောခဲ့ပါတယ်"
"ဟမ့်!" အားကောင်းသော အငွေ့အသက်တစ်ခုက ချောင်ယဲ့၏ ခန္ဓာကိုယ်မှ မြင့်တက်လာပြီး သူ့ဆီသို့ ဖိနှိပ်လာခဲ့လေသည်။
'ဘုန်း!' သတင်းပို့သူက မြေပြင်ပေါ်သို့ အလိုအလျောက် ဒူးထောက်ကျသွားခဲ့၏။
"မင်းက သာမန် တပ်မှူးလေး တစ်ယောက်ပဲလေ... ပြီးတော့ ငါ့အမိန့်ကို မနာခံရဲဘူးပေါ့"
"ငါ ပြောပြီးပြီလေ... ထောက်လှမ်းရေးသတင်းကို ငါက စစ်သေနာပတိချုပ်ဆီ တင်ပြမယ်"
သူက တစ်ဖက်လူကို အော်ဟစ်လိုက်သည်။ "သွားစမ်း!"
တစ်ဖက်လူကို မဟာစစ်သူကြီးစံအိမ် အပြင်ဘက်သို့ လွင့်စင်သွားစေရန် အားကောင်းသော အငွေ့အသက်ကို အသုံးပြုလိုက်လေသည်။
သူ၏ လက်အောက်ငယ်သားများက ချက်ချင်း ရောက်လာကြ၏။
"သခင်ကြီး... ဒီထောက်လှမ်းရေးသတင်းကကော"
"စစ်သေနာပတိချုပ်က တံခါးပိတ်ကျင့်ကြံနေတာ ဆယ်ရက်ကျော်ပြီ... အခု အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ... စစ်ရေးကိစ္စ အားလုံးကို အပြည့်အဝ လုပ်ပိုင်ခွင့်နဲ့ ကိုင်တွယ်ဖို့ သူက ငါ့ကို အမိန့်ပေးထားပြီးသား... အရေးကြီးတဲ့ စစ်ရေးကိစ္စတွေကလွဲရင် သူ့ကို မနှောင့်ယှက်ရဘူး"
"ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်တာကို ဘယ်ခံတပ်က မခံရဖူးလို့လဲ... ချင်လော့က မင်းသားတစ်ယောက် ဖြစ်နေရင်တောင်မှ သူ့ကို ခွဲခြားဆက်ဆံလို့ မရဘူး"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းသားတစ်ယောက်လေ... ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ကြီးမားတဲ့ အင်အားနဲ့ လာနေတာဆိုတော့ သဘာဝကျကျ သူ့ကို ကူညီဖို့ တပ်ဖွဲ့တွေ လွှတ်သင့်တာပေါ့"
"မဟာစစ်သူကြီးစံအိမ်ကနေ ရှန်ဝူစစ်သူကြီးနဲ့ ထျန်းဝူစစ်သူကြီးကို ထိုက်ရွှီးခံတပ်ကို သွားရောက်ကူညီဖို့ အမိန့်ပေးလိုက်...
"တကယ်လို့ ထိုက်ရွှီးခံတပ်မှာ တစ်ခုခု မှားယွင်းသွားရင် မင်းတို့ နှစ်ယောက် ကိုယ်တိုင် စစ်သေနာပတိချုပ်ဆီ လာပြီး တောင်းပန်ခိုင်းလိုက်"
ချောင်ယဲ့က အရာအားလုံးကို အမှားအယွင်းမရှိဘဲ လုပ်ဆောင်ခဲ့၏။ ရှန်ဝူစစ်သူကြီးနှင့် ထျန်းဝူစစ်သူကြီးတို့ နှစ်ဦးစလုံးမှာ မဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင်များ ဖြစ်ကြပြီး သူတို့၏ အကူအညီဖြင့် အခြား မည်သူကမျှ မကျေမနပ် ပြောဆိုနိုင်မည် မဟုတ်ချေ။
‘ရှန်ဝူစစ်သူကြီးက သူတို့ အဖွဲ့အစည်းက မဟုတ်ပေ။ သူ့မှာ စုချန်ချန်နဲ့ ရန်ငြိုး ရှိတယ်... ပြီးတော့ သူက သူ့ကို တကယ် ကူညီနိုင်မယ်လို့လား... ’
တကယ်လို့ ချင်လော့မှာ တစ်ခုခု ဖြစ်သွားရင် ရှန်ဝူစစ်သူကြီးက တာဝန်ယူရလိမ့်မည် ဖြစ်လေသည်။
ထျန်းဝူစစ်သူကြီးနဲ့ ပတ်သက်ပြီးတော့ သူက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ သူလျှို ဖြစ်ဖို့ အလွန် ဖြစ်နိုင်ချေများပြီး အချို့သော အစိုးရရုံးများ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်နေပြီး ဖြစ်ပေ၏။
လက်အောက်ငယ်သားက ချောင်ယဲ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်ပြီး စိတ်ထဲမှ တွေးလိုက်လေသည်။ "တကယ်တော်တာပဲ!"