အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) ထျန်းဝူစစ်သူကြီးက ဘက်ပြောင်းသွားပြီး ချူဖုန်းရဲ့ ကံကြမ္မာက အခြေအနေကို ဆန့်ကျင်ပြီး ကြီးထွားလာတယ်
"အိမ်ရှေ့စံမင်းသားက ငါ့ကို ထောင်ချောက်ဆင်ထားတာလား"
ဖန်ရှောက်ပင်က ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်လုံးများ ဒေါသကြောင့် တောက်လောင်နေခဲ့လေသည်။
"ချင်လန်... ကောင်းပြီလေ... အရမ်းကောင်းတယ်... ချင်လန်... မင်းလို လူယုတ်မာက ချင်လော့နဲ့ ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့... ကျစ်... မင်း သေဖို့ ထိုက်တန်တယ်"
ဖန်ရှောက်ပင်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။ လက်ရှိ အခြေအနေက သူ၏ ထိန်းချုပ်မှုထက် အနည်းငယ် ကျော်လွန်နေပြီ ဖြစ်ပေသည်။
သူ့ဘက်တွင် ကျန်ရှိနေသော မဟာသူတော်စင်၏ အမူအရာက အထူးပင် မှုန်ကုပ်နေခဲ့လေသည်။ ယခုလေးတင် သူတို့က သုံးယောက်နဲ့ နှစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါ သူက တစ်ပြိုင်နက်တည်း သုံးယောက်ကို တိုက်ခိုက်ရသည့် အခြေအနေသို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေ၏။
"ကျစ်"
သူ၏ စိတ်ထဲတွင် မြင်းကောင်ရေ တစ်သောင်းခန့် ရူးသွပ်စွာ ပြေးလွှားသလို ဖြစ်နေခဲ့လေသည်။
ယနေ့သည် အနိုင်ရမည့် ပွဲစဉ်တစ်ခု မဟုတ်ဘဲ အသက်ရှင်သန်ရေး ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပြီ။
ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ထိုသုံးဦးမှာလည်း စိုးရိမ်ပူပန်မှု အခြေအနေသို့ ကျရောက်နေပြီး အောင်ပွဲ၏ ချိန်ခွင်လျှာက ချင်လော့၏ ဘက်သို့ ယိမ်းယိုင်နေခဲ့လေသည်။
"ဒါအကုန်ပဲလား"
ချင်လော့၏ အသံက ကမ္ဘာကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
အသံထဲတွင် ပါဝင်နေသော နက်ရှိုင်းသည့် သရော်မှုများက လူအများအပြား၏ မျက်နှာများကို အထူးပင် မှုန်ကုပ်သွားစေခဲ့ပေသည်။
ဤအခိုက်အတန့်တွင် ထိုက်ရွှီးခံတပ် အနီးသို့ ရောက်ရှိနေပြီဖြစ်သော ထျန်းဝူစစ်သူကြီးသည် မြူခိုးမြင့်မြတ်နယ်မြေ၏ သူတော်စင်မလေး သေဘေးမှ သီသီလေး လွတ်မြောက်သွားသည်ကို မြင်တွေ့လိုက်ရပြီး သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။
"ဟေး"
ထို့နောက် သူက သူ၏ လူများကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"စတင်ကြစို့!"
လူအချို့သည် ဘာကိုဆိုလိုမှန်း နားမလည်မီမှာပင် တစ်ချိန်က ရင်းနှီးခဲ့သော ရဲဘော်ရဲဘက်တစ်ဦး၏ နှလုံးကို ဓားဖြင့် ထိုးခြင်း ခံလိုက်ရပေသည်။
"ဘာလို့... ဘာလို့လဲ"
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
ယန်ကျန်ဟု ခေါ်သည့် ထျန်းဝူစစ်သူကြီး၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
"ငါ့မှာ ရွေးချယ်စရာ မရှိဘူး... သူမက မမွေးသေးတဲ့ ငါ့ကလေးနဲ့ ငါ့ကို ခြိမ်းခြောက်ခဲ့တယ်"
"ဒီဘဝမှာ ငါ့အတွက် ဒီကလေး တစ်ယောက်တည်းပဲ ကျန်တော့တာ ဖြစ်နိုင်တယ်... ဒါကြောင့် ငါလုပ်နိုင်တာက မင်းတို့ကို သေဖို့ တောင်းဆိုရုံပဲ"
ဤသို့ပြောဆိုပြီးနောက် သူက ခုန်တက်ကာ စစ်တပ်တစ်ခုလုံးကို အမိန့်ပေးလိုက်၏။
"မဟာချင်အင်ပါယာရဲ့ မိုက်မဲတဲ့ အုပ်စိုးသူက တရားမျှတမှု မရှိဘူး.! နဝမမင်းသား ချင်လော့က အဆင်အခြင်မဲ့ ပြုမူပြီး အပြစ်မဲ့ ပြည်သူတွေကို ရမ်းကား သတ်ဖြတ်နေတယ်!"
"ငါ ထျန်းဝူစစ်သူကြီး ယန်ကျန်က ဒီလို မဟာချင်ကို သစ္စာခံရတာကို ရွံရှာတယ်... ဒီနေ့ ငါ ယန်ကျန် ပုန်ကန်ပြီ! အားလုံးပဲ မဟာချင်အင်ပါယာရဲ့ မင်းသားတွေကို သတ်ဖို့ ငါနဲ့ ပူးပေါင်းကြစို့!"
ယန်ကျန်၏ တပ်ဖွဲ့များထဲမှ အချို့မှာ ကြက်သေသေသွားကြသော်လည်း အခြားလူအများအပြား၏ ဖိအားပေးမှုအောက်တွင် သူတို့က ထိုက်ရွှီးခံတပ်ဆီသို့ ပြေးဝင်သွားကြလေသည်။
"ယန်ကျန် ပုန်ကန်တယ်!" တပ်ဖွဲ့များကို ခေါ်ဆောင်လာပြီး မဝေးလှသော နေရာမှ အခြေအနေကို စောင့်ကြည့်နေသော ရှန်ဝူစစ်သူကြီး ဝေ့ရှောင်လင်က လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"သူက တကယ်ပဲ ပုန်ကန်ရဲတာလား"
ချင်လော့က အခြေအနေကို လုံးဝ ထိန်းချုပ်ထားပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိတော့ပုံရလေသည်။
ယန်ကျန်က နောက်ဆုံးမဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင် တစ်ယောက်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သူ့ထက် မနိမ့်ကျချေ။
"ညီအစ်ကိုလင်း... စုချန်ချန် သေကို သေရမယ်"
ဝေ့ရှောင်လင်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တိုးတိတ်စွာ ပြောဆိုလိုက်၏။
ချင်လော့၏ အင်အားက အလွန် ကြီးမားလွန်းလာခဲ့ပြီ။ ဤမျှလောက် များပြားသော မဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင်များက ချင်လော့၏ ဘေးတွင် ဘယ်လိုလုပ် စုရုံးလာကြသနည်း။ သူက မတွေးချင်သော်လည်း စုချန်ချန် သေကို သေရမည်ဆိုသည်ကိုတော့ သူ သိရှိထားပေသည်။
မဟုတ်လျှင် အနာဂတ်တွင် သေရမည့်သူမှာ သူ ဖြစ်လာနိုင်လေသည်။ ယနေ့ ဤအခွင့်အရေးကို လက်လွတ်လိုက်ပါက အနာဂတ်တွင် အခွင့်အရေး ရှိတော့မည်မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။
"ကောင်းပြီလေ"
သူ၏ ဘေးရှိ အမှောင်ထဲတွင် ပုန်းအောင်းနေသော အမျိုးသားတစ်ဦးက လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်ပြီးနောက် ရှေ့သို့ တိတ်တဆိတ် သွားကာ စုချန်ချန်ဆီသို့ ပြေးဝင်သွားခဲ့လေသည်။
ဝှစ်...
သူက အောက်မှ အပေါ်သို့ခုန်တက်သွားပြီး စုချန်ချန်ဆီသို့ တည့်မတ်စွာ ညွှန်ပြနေသော ဓားဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် ယန်ကျန်လည်း နီးကပ်လာခဲ့သည်။ အားကောင်းသော အငွေ့အသက်က ထိုပါယန်နှင့် ဝင်တိုက်မိပြီး ထိုပါယန်ကို တစ်ချက်တည်းဖြင့် လွင့်စင်သွားစေကာ မြူခိုးမြင့်မြတ်နယ်မြေ သူတော်စင်မလေး၏ အကျပ်အတည်းကို ဖြေရှင်းပေးလိုက်ပေသည်။
"အကူအညီ ရောက်လာပြီ... အတူတူ တိုက်ကြစို့!"
မြူခိုးမြင့်မြတ်နယ်မြေ၏ နတ်ဘုရားမ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။
သူမက ယန်ကျန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ ချစ်ခင်မြတ်နိုးဖွယ် အကြည့်က သူ၏ အမူအရာကို အထူးပင် ရှုပ်ထွေးသွားစေခဲ့၏။ သူ၏ မျက်လုံးများတွင် လွန်ဆွဲနေမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း သူ ချက်ချင်းပင် ခိုင်မာပြတ်သားသွားခဲ့ပေသည်။
'ဘုန်း!' အားကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာမှုနှင့်အတူ သူက လီမိုနှင့် ထိုပါယန်တို့ကို တစ်ကိုယ်တော် ဖိနှိပ်ထားလိုက်လေသည်။
အခြေအနေက တစ်ဖန် ပြောင်းပြန် ဖြစ်သွားခဲ့ပြန်ပြီ။
"လီတောက်ယွမ်!... သွားပြီး ချင်လော့ကို ဖမ်းလိုက်စမ်း!"
အသံတစ်ခုက လီတောက်ယွမ်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။ တုံ့ဆိုင်းမနေဘဲ သူက ချင်လော့ဆီသို့ တည့်မတ်စွာ ပြေးဝင်သွားခဲ့လေသည်။
ဂုဏ်သိက္ခာရှိသော ထျန်းဝူစစ်သူကြီးသည် စစ်မြေပြင်တွင် ရန်သူထံသို့ အမှန်တကယ် ဘက်ပြောင်းသွားလိမ့်မည်ဟု ချင်လော့ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
သူ၏ ကိုယ်ပိုင် စစ်တပ်က အသတ်ခံနေရသည်ကို မြင်တွေ့လိုက်ရပြီးနောက် ချင်လော့က တုံ့ဆိုင်းမနေဘဲ သူ၏ ရုပ်သေးရုပ်စစ်တပ်ကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။
ဤစစ်ပွဲကို သူ၏ တပ်ဖွဲ့များကို လေ့ကျင့်ပေးရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသော်လည်း သူ၏ လူများ အသတ်ခံရခြင်းကို ခွင့်ပြုမည့် အကျင့် သူ့တွင် မရှိချေ။
ရုပ်သေးရုပ်စစ်တပ်က အကြောက်အလန့်ကင်းမဲ့စွာ တိုက်ခိုက်ခဲ့ပြီး အရေအတွက်များပြားကာ ကျဆင်းနေမှုကို ယာယီ ပြောင်းပြန်လှန်နိုင်ခဲ့လေသည်။ သို့သော် စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို မဟာသူတော်စင်အဆင့်မှ အစွမ်းအထက်ဆုံး သူရဲကောင်းများကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ပုံမှန်လူတိုင်း သိရှိကြပေ၏။
"ကျစ်... ဘာလို့ ဘယ်သူကမှ ငါ့ကို မကူညီတာလဲ... ငါ အကူအညီ တကယ် လိုအပ်နေတယ်"
ယဲ့လန်နှင့် အခြားသူများ၏ ဖိနှိပ်ခြင်းကို ခံရပြီးနောက် သေလုနီးပါး ဖြစ်နေသော မဟာသူတော်စင်က စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။
သူက ထွက်ပြေးချင်သော်လည်း ယခု ပြေး၍ မရတော့ချေ။ အံကြိတ်ထားရင်တောင်မှ သူ မနိုင်နိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ဝေ့ရှောင်လင်က သူ၏ စစ်တပ်ကို ဦးဆောင်ကာ ပြေးဝင်လာခဲ့၏။
"ငါ့ရဲ့ မဟာချင်အင်ပါယာ ပိုင်နက်ကို ကျူးကျော်ရဲတဲ့သူ ဘယ်သူမဆို သတ်ခံရမယ်"
ဝေ့ရှောင်လင်က ဟိန်းဟောက်လိုက်ရာ သူက အကူအညီပေးရန် တကယ် ရောက်လာသကဲ့သို့ ပုံပေါ်နေခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် သူက ခုန်တက်ကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီး ယဲ့လန်နှင့် အခြားသူများကို လွှမ်းမိုးလိုက်၏။
မဟာသူတော်စင်က စိတ်ထဲမှ အာမေဍိတ်သံ ပြုလိုက်သည်။
"ပြီးပြီ... ပြီးပြီ"
သို့သော် နောက်တစ်စက္ကန့်တွင် ဝေ့ရှောင်လင်က အစွမ်းကုန် မတိုက်ခိုက်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။ သူ့အပေါ် တိုက်ခိုက်နေသကဲ့သို့ ပုံပေါ်သော်လည်း တကယ်တမ်းတွင် ယဲ့လန်နှင့် အခြားသူများ သူ့ကို မသတ်နိုင်အောင် တားဆီးနေခြင်း ဖြစ်ပေ၏။
ချင်လော့က အခြေအနေကို စောင့်ကြည့်နေပြီး လှောင်ပြောင်လိုက်သည်။
"ရှန်ဝူစစ်သူကြီး... မင်းက သေဒဏ်ပေးခံရမယ့် အဆင့်ကို ရောက်နေပြီပဲ... ဒီနေ့ မင်းက ဒီနေရာကို ရောက်လာပြီဆိုမှတော့ ထွက်မသွားနဲ့တော့"
ချင်လော့၏ ဘက်က နောက်ကျန်နေသကဲ့သို့ ပုံပေါ်နေပြီး လီမိုနှင့် ထိုပါယန်တို့ကို ယန်ကျန်က တစ်ကိုယ်တော် ဖိနှိပ်ထားလေသည်။
စုချန်ချန်သည် ကျန်ရစ်သူများ၏ တိုက်ခိုက်မှုများကို ခဲယဉ်းစွာ ခံနိုင်ရည်ရှိနေပေ၏။ သုံးယောက်နဲ့ လေးယောက် ရင်ဆိုင်ရချိန်တွင် ရှုံးနိမ့်မှုက ရှောင်လွှဲ၍ မရနိုင်ချေ။
အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော သော့ချက်မှာ ယဲ့လန်နှင့် သူ၏ အဖွဲ့အပေါ်တွင် မူတည်နေသော်လည်း ယဲ့လန်မှာ ဝေ့ရှောင်လင်၏ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့် တိုက်ပွဲက ချင်လော့အတွက် အဆင်မပြေ ဖြစ်သွားခဲ့လေသည်။
"ချင်လော့... မင်းဆီမှာ ဘယ်လို လျှို့ဝှက်ဖဲချပ်တွေ ရှိသေးလဲ... မင်း အခု သုံးသင့်ပြီ"
ဖန်ရှောက်ပင်က ချင်လော့ရှိရာသို့ ကြည့်ကာ သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
သူမျှော်လင့်ထားသည့်အတိုင်းပင် သူ စကားပြောပြီးသည်နှင့် အမျိုးသမီးတစ်ဦးက ချင်လော့၏ နောက်မှ ထွက်လာခဲ့လေသည်။
"သွား... သူ့ကို သတ်လိုက်!"
ချင်လော့က ယဲ့လန်နှင့် အခြားသူများကို အနှောင့်အယှက်ပေးနေသော မဟာသူတော်စင်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
"အမိန့်အတိုင်းပါ"
ဟွင်ယွဲ့၏ မျက်လုံးများတွင် နီရဲသော အရောင်တစ်ခု လင်းလက်သွားပြီး သူမက မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်သွားခဲ့လေသည်။
"နောက်ထပ် မဟာသူတော်စင် တစ်ယောက်... ဝိုး... ဒီချင်လော့ဆီမှာ လျှို့ဝှက်ဖဲချပ် တော်တော်များများ ရှိတာပဲ"
"ဒါပေမဲ့ အခုတော့ မင်းဆီမှာ လှည့်ကွက်တွေ ကုန်သွားလောက်ပြီ မဟုတ်လား"
စုမုက အနည်းငယ် စိုးရိမ်ပူပန်နေသော်လည်း သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။ သို့သော် ယခုက သင့်လျော်သော အချိန်မဟုတ်သေးဟု သူ ခံစားနေရဆဲပင် ဖြစ်လေသည်။
"ချင်လော့... မင်းက သေသင့်တယ်"
လီတောက်ယွမ်နှင့် သူတော်စင်ဘုရင်အဆင့်ရှိ တန်ခိုးရှင် အများအပြားက ချင်လော့ဆီသို့ ဟိန်းဟောက်ရင်း ပြေးဝင်သွားကြပြီး လမ်းတစ်လျှောက်တွင် ချေမှုန်းနိုင်သော အင်အားတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြပေ၏။
"သွား!... သူတို့ကို တားလိုက်!"
ချင်လော့၏ အမိန့်ပေးမှုနှင့်အတူ ကျိုးဟုန်ယွီ၊ လျိုကျင်းကျင်းနှင့် သူ သန့်စင်ထားသော သူတော်စင်ဘုရင်အဆင့် ရုပ်သေးရုပ် အချို့က ပြေးထွက်သွားကြလေသည်။
‘အင်အားချင်း မျှတနေတယ်... အင်အားချင်း မျှတနေတယ်’
အောက်ဘက်တွင် ချူဖုန်းက ရှေ့သို့ ပြေးဝင်သွားပြီး သူ၏ နတ်ဆိုးဓားက ပြင်းထန်သော သွေးစွန်းသည့် ချီစွမ်းအင်များကို ထုတ်လွှတ်နေခဲ့၏။ သူက လီရှောင်၊ ယဲ့လင်းရွှမ်နှင့် အခြားသူများ၏ ပူးပေါင်းတိုက်ခိုက်မှုများကို တွန်းလှန်လိုက်ပြီး သူ၏ အမူအရာက ဒေါသကြောင့် ရှုံ့မဲ့သွားကာ ချင်လော့၏ ဦးတည်ရာကို စိုက်ကြည့်လိုက်လေသည်။
"ချင်လော့! မင်း သေသင်တဲ့ကောင်! ငါ မင်းကို သတ်မယ်"
‘ဝှစ်!’
သူက ခုန်တက်သွားပြီး ချင်လော့ဆီသို့ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ပြေးဝင်သွားခဲ့၏။
ချင်လော့က ခပ်ဖွဖွ ပြုံးလိုက်သည်။
"လင်းယွဲ့... မင်းရဲ့ ဂျူနီယာညီလေး ရောက်နေပြီ... သွားတွေ့လိုက်ပါဦး"
လင်းယွဲ့၏ အမူအရာက ရှုပ်ထွေးနေပြီး သူမက ရှေ့သို့ ထွက်လာကာ ပြင်းပြင်းရှူလိုက်ပြီး ချူဖုန်းကို ကြည့်ကာ ပြောဆိုလိုက်၏။
"ဂျူနီယာညီလေး... ရပ်လိုက်တော့!"
"မင်း မနိုင်နိုင်ပါဘူး... အခု မြေပြင်ပေါ်မှာ ဒူးထောက်ပြီး အရှင်မင်းသားကို ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်ပါ... အရှင်မင်းသား ရှေ့မှာ မင်းအတွက် ငါ တောင်းပန်ပေးနိုင်ပါတယ်"
လင်းယွဲ့၏ စကားများက ချူဖုန်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားခဲ့လေသည်။
သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက လင်းယွဲ့ကို ကြည့်ကာ အော်ဟစ်လိုက်၏။
"တောင်းပန်မယ်... အိပ်ရာပေါ်မှာ ဒူးထောက်ပြီး ငါ့အတွက် တောင်းပန်ပေးမယ် ဟုတ်လား"
"မင်းလို မိန်းမပျက်က ငါ့ရဲ့ စီနီယာအစ်မ ဖြစ်ဖို့ မထိုက်တန်ဘူး... ဒီနေ့ ငါ ချူဖုန်းက မင်းနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပြီ"
သူ၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ နတ်ဆိုးဓား၏ အနက်ရောင် ချီစွမ်းအင်များက ပို၍ပင် အားကောင်းလာပြီး ချူဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကာ သူ့ကို ရူးသွပ်သော ချီအငွေ့အသက်တစ်ခု ထုတ်လွှတ်သွားစေခဲ့ပေသည်။
[ခံစားချက်တွေနဲ့ သစ္စာတရားတွေကို ဖြတ်တောက်လိုက်ခြင်း... ချူဖုန်းက ဓားတာအိုအဖြစ်ကို ပြောင်းလဲနေတယ်... ရူးသွပ်သော နတ်ဆိုး အတိုကောက် - ဓားနတ်ဆိုး... လူက ဓားဖြစ်ပြီး ဓားက လူဖြစ်တယ်... ဓားဆန္ဒ ပြီးပြည့်စုံမှုကို နားလည်သဘောပေါက်ခြင်း... ကံကြမ္မာတန်ဖိုး အမှတ် ၁၀၀,၀၀၀ ပေါင်းထည့်ခြင်း]
"ဟင်" ချင်လော့ အံ့အားသင့်သွားခဲ့၏။
"ဒီကောင်က ငါ့ရှေ့မှာတင် ကံကြမ္မာတန်ဖိုးတွေကို ပေါ်ပေါ်တင်တင် ထပ်ပေါင်းထည့်နေတာလား... ငါ့ကို ရန်စနေတာပဲ... သူက ငါ့ကို ရန်စနေတာ"