အခန်း ၂၁
Vol. 2 Ch. 21
အပိုင်း(၂၁) ဒီရွာမှာ အသက်ရှင်တဲ့သူမရှိဘူး
ကြီးမားသော တဲကြီးထဲမှ ထွက်ခွာလာချိန်တွင် ခေါင်းဆောင်ချူ၏ ဘယ်ညာ မျက်လုံးနှစ်ဖက်စလုံး၌ ပန်ဒါမျက်ကွင်းညိုကြီးများ ဖြစ်နေသည်။
ဓားနတ်ဘုရား မိန်းကလေး နာနာက ချန်းရီနှင့် ထယ်ရှီးတို့ကို ဆောင့်တွန်းလိုက်ပြီး ဒေါသတကြီး ခြေလှမ်းကျဲကြီးများဖြင့် တဲထဲမှ ထွက်ခွာသွားလေ၏။
ချန်းရီက ခေါင်းဆောင်ချူအား နည်းသေးတယ် ဟူသော အကြည့်မျိုးဖြင့် တစ်ချက်ကြည့်လိုက်ပြီး တဲထဲမှ တိုက်ရိုက် ထွက်သွားသည်။
မကြာမီမှာပင် ယာဉ်တန်းကြီးက စတင် ထွက်ခွာသွား၏။
ခေါင်းဆောင်ချူ စီးနင်းလိုက်ပါလာသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားက ယာဉ်တန်း၏ အရှေ့ဆုံးတွင် ရှိနေသည်။
၎င်း၏နောက်တွင်မူ ဓားနတ်ဘုရား မိန်းကလေး၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား လိုက်ပါလာသည်။
ထိုကားနောက်တွင်တော့ ချန်းရီ၏ သုံးဘီးဆိုင်ကယ် ဖြစ်၏။
ထယ်ရှီး၏ ဘတ်စ်ကားကြီးကမူ နောက်ဆုံးတွင် ရှိနေသည်။
ဘတ်စ်ကားကြီး၏နောက်၌ လိုက်ပါလာသူများမှာ အခြားသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
ချန်ရှုရွာသို့ စောစောရောက်ရှိရန် ရည်ရွယ်ထားပုံရသဖြင့် ယနေ့ ခရီးသွားနှုန်းမှာ အနည်းငယ် ပိုမြန်နေသည်။
ယာဉ်တန်းကြီးမှာ မကြာမီမှာပင် မြွေရှည်ကြီးတစ်ကောင်အလား ရှည်လျားစွာ တန်းစီသွားလေသည်။
ယာဉ်တန်း၏ အနောက်ဘက် အစွန်ဆုံးတွင် မည်သည့် ယာဉ်မျှ မရှိဘဲ ခြေလျင်လျှောက်၍ လိုက်ပါလာကြသော အသက်ရှင်ကျန်ရစ်သူအချို့ ရှိနေသည်။
ထိုလူများထဲမှ အချို့မှာ ကျောပိုးအိတ်များ လွယ်ထားကြပြီး အချို့မှာမူ ဘာတစ်ခုမျှ မပါဘဲ ယာဉ်တန်းနောက်မှ လိုက်ပါလာကြခြင်း ဖြစ်၏။
ထိုအထဲတွင် မိမိအား မုန်းတီးရွံရှာသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်ဟု ချန်းရီ အမြဲတမ်း ခံစားနေရသည်။
သို့သော် သူ နောက်လှည့်ကြည့်လိုက်တိုင်း မည်သည့်အရာကိုမျှ မတွေ့ရချေ။
အကြိမ်အနည်းငယ် ကြုံတွေ့ပြီးနောက်တွင်တော့ ချန်းရီလည်း ဂရုမစိုက်တော့ပေ။
သူက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရာ မွှေးပျံ့သော ဆေးလိပ်နံ့က နှာခေါင်းဝတွင် ပြန့်လွင့်လာသည်။
ချန်းရီက ဆေးလိပ်ငွေ့များကို အရှည်ကြီး မှုတ်ထုတ်လိုက်၏။
စောစောက တဲကြီးထဲတွင် ရှိနေစဉ်က ခေါင်းဆောင်ချူ ညည်းညူနေသည်ကို ခိုးနားထောင်သည့် ရေဒီယိုမှ ပြန်လည် ထုတ်လွှင့်ခဲ့ရာတွင် တိုက်တန် လမ်းစဉ်၏ ပေးဆပ်ရမည့် တန်ဖိုးမှာ ဉာဏ်ရည်ကျဆင်းသွားခြင်း ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။
ထိုစကားအရ ဆိုရလျှင်။
လမ်းစဉ်တိုင်း၌ မိမိတို့ ပေးဆပ်ရမည့် တန်ဖိုးကိုယ်စီ ရှိနေကြသည်လား။
ဒါဆိုလျှင် ဓားနတ်ဘုရား လမ်းစဉ်မှ နာနာ ပေးဆပ်ရမည့် တန်ဖိုးက ဘာဖြစ်မည်နည်း။
ခေါင်းဆောင်ချူ ပေးဆပ်ရမည့် တန်ဖိုးကရော ဘာဖြစ်နိုင်သနည်း။
ခေါင်းဆောင်ချူ၏ တန်ဖိုးက ပါးစပ်သရမ်းခြင်းများ ဖြစ်နေမလား။
အကယ်၍ ထိုသို့သာဆိုလျှင် တကယ်ပဲ ဖြစ်နိုင်ချေ ရှိနေသည်။
ထို့ပြင် ထိုခိုးနားထောင်သည့် ရေဒီယိုကလည်း အလွန် အသုံးဝင်လှပြီး ချန်ရှုရွာနှင့် ပတ်သက်သည့် အချက်အလက်များကို ဤမျှ ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤသို့ဆိုလျှင် အလုပ်များစွာ သက်သာသွားစေသည်။
ရိက္ခာပစ္စည်းများ ရှာဖွေစုဆောင်းရာတွင်လည်း ပို၍ လုံခြုံမှု ရှိလာပေလိမ့်မည်။
သို့သော် စောစောက ထိုရေဒီယိုက လူအများကြီးရှေ့တွင် ခေါင်းဆောင်ချူကို အရှက်ကွဲသွားစေခဲ့သည်။
သေချာသည်မှာ ထိုခိုးနားထောင်သည့် ရေဒီယိုတွင်လည်း ဘေးထွက်ဆိုးကျိုး ရှိနေခြင်းပင် ဖြစ်၏။
ထူးဆန်းသော ပစ္စည်းတိုင်း၌ ဘေးထွက်ဆိုးကျိုး ကိုယ်စီ ရှိနေကြသည်လား။
ချန်းရီသည် စုဆောင်းရရှိထားသော အချက်အလက်များကို စိတ်ထဲမှ တွက်ဆနေရင်း တိတ်တဆိတ် မှတ်သားထားလိုက်သည်။
သဘာဝလွန် လမ်းစဉ်များနှင့် ပတ်သက်၍ သူ၏ နားလည်ထားမှု အားလုံးမှာ ဤနှစ်ရက်အတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သဘာဝလွန် လမ်းစဉ်များနှင့် ပတ်သက်သည့် အချက်အလက်တိုင်းသည် အလွန်တရာ အရေးကြီးလှပေသည်။
လက်တစ်ဖက်တည်းဖြင့် ဆိုင်ကယ်လက်ကိုင်ကို ကိုင်ထားရင်း ချန်းရီသည် အတိုငုတ်သာ ကျန်တော့သည့် ဆေးလိပ်ကို လွှင့်ပစ်လိုက်ကာ နောက်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်သည်။
ချန်းရီသည် ဆေးလိပ် အလွန်စွဲသူ တစ်ယောက်ဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က ရှင်းဟွာမြို့မှ ရှာဖွေစုဆောင်းလာခဲ့သော ဆေးလိပ်များမှာ မနည်းမနော ကျန်ရှိနေသေးသည်။
ထို့ကြောင့် ချန်းရီ၏ စိတ်ထဲတွင် ဆေးလိပ်ကို ချွေတာသောက်ရမည် ဟူသော အတွေးမျိုး လုံးဝ မရှိခဲ့ချေ။
ဆိုင်ကယ် ဒက်ရှ်ဘုတ်ပေါ်ရှိ အချက်ပြ ဒိုင်ခွက်ကို ကြည့်လိုက်ရာ ဆီတိုင်ကီထဲတွင် ဆီပြတ်လုနီးပါး ဖြစ်နေပြီကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ယာဉ်တန်းထဲမှ ကျယ်လောင်သော အံ့သြတကြီး အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရ၏။
"ရွာ... အရှေ့မှာ ရွာတစ်ရွာ ရှိတယ်"
"ဘုရားရေ... အဲ့ဒါ ရွာပဲ... ဒီလောက် ရက်တွေအကြာကြီး ဖြတ်သန်းပြီးမှ နောက်ဆုံးတော့ ရွာကို တွေ့ရပြီ"
"..."
နားထဲသို့ ဝင်ရောက်လာသော ဆူညံသံများကို ချန်းရီ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ယခင်က ရှင်းဟွာမြို့ကို တွေ့ရှိခဲ့စဉ်ကလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ရဖူးသည်။
ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားက ရုတ်တရက် အရှိန်မြှင့်သွားသည်။
နာနာ၏ ကားကလည်း ၎င်းနောက်မှ ကပ်လျက် လိုက်ပါသွား၏။
ချန်းရီက လီဗာကို တစ်ချက် ဆွဲတင်လိုက်သော်လည်း သုံးဘီးဆိုင်ကယ်မှာ ရှေ့သို့ ဖြည်းဖြည်းမှန်မှန်သာ သွားနေသေးသည်။
ဆီတိုင်ကီထဲတွင် ဆီတကယ်ကုန်သွားပြီ ဖြစ်ကြောင်း ချန်းရီ သတိပြုမိလိုက်သည်။
အနောက်ဘက်ရှိ ဘတ်စ်ကားကြီးက အရှိန်မြှင့်လိုက်ကာ ချန်းရီကို ကျော်တက်သွားပြီး ထယ်ရှီး၏ အူကြောင်ကြောင် ရယ်မောနေသော မျက်နှာကိုပင် ချန်းရီ မြင်လိုက်ရသေးသည်။
ထို့နောက် အခြား ကားနှစ်စီးကလည်း အလျင်အမြန် ကပ်ပါလာသည်။
ဤရက်ပိုင်းအတွင်း ခရီးကြမ်းနှင်လာခဲ့ရသဖြင့် လူတိုင်း၏ ရိက္ခာပစ္စည်းများမှာ လုံးဝ ပြတ်လပ်လုနီးပါး ဖြစ်နေကြပြီ။
ချန်းရီသည် လူတိုင်း၏အနောက်တွင် ကျန်ရစ်နေခဲ့ပြီးမှ ရွာထိပ်သို့ ရောက်ရှိသွားတော့သည်။
ဤရွာကြီးကို ကြည့်ရင်း ချန်းရီ၏ ရင်ထဲတွင် တဆစ်ဆစ် အေးစက်လာသလို ခံစားလိုက်ရ၏။
ယောက်ျား မိန်းမ အိုမင်းရွယ်ရွယ် မရွေး အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ ရွာထိပ်တွင် ရပ်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသလို တစ်ဖက်တွင်လည်း ဝင်ရောက်စမ်းသပ်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
နေရောင်ခြည် တောက်ပနေသော မွန်းတည့်ချိန်ကြီး ဖြစ်နေပါလျက်နှင့်။
မျက်စိရှေ့ရှိ ရွာကြီးက လူများကို မှိုင်းညို့အေးစက်နေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
နေရောင်ခြည်သည် ချန်ရှုရွာထဲသို့ လုံးဝ ဖြာကျနိုင်ခြင်း မရှိသကဲ့သို့ပင်။
ကမ္ဘာတစ်ခုတည်း ဖြစ်နေပါလျက်နှင့် ဤချန်ရှုရွာကြီးမှာ အခြားသော မတူညီသည့် ကမ္ဘာတစ်ခုတွင် တည်ရှိနေသကဲ့သို့ ချန်းရီ ခံစားလိုက်ရသည်။
ဤရွာကြီးကို ကြည့်ရင်း ချန်းရီ၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
ဤချန်ရှုရွာကြီးက ရှင်းဟွာမြို့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းကာ အန္တရာယ်များနေသကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း။
"အမ... ဘာဖြစ်လို့ကျွန်တော် ဒီလိုမျိုး"
ကျိုးရှောင်ရှောင်က မျက်စိရှေ့ရှိ ချန်ရှုရွာကြီးကို ကြည့်ရင်း ရင်ထဲမှ အေးစိမ့်သော ခံစားချက်များ တရစပ် ထွက်ပေါ်နေသည်ဟုသာ ခံစားရသည်။
ခေါင်းငုံ့ကြည့်လိုက်ရာ သူ့၏ လက်ခုံပေါ်တွင် ကြက်သီးများ တဖြန်းဖြန်း ထနေသည်ကို တွေ့လိုက်ရ၏။
"ဒီရွာက... ရှောင်ရှောင်... ငါတို့ မသွားဘဲ နေလိုက်ရင် ကောင်းမလား"
ကျိုးလန်သည်လည်း မောင်ဖြစ်သူ ကျိုးရှောင်ရှောင်နည်းတူ ခံစားနေရပြီး ဤချန်ရှုရွာကို ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် မသက်မသာ ဖြစ်နေမိသည်။
"အမ... ကျွန်တော်တို့မှာ ရိက္ခာလည်း မကျန်တော့ဘူး... ဒီနေ့မနက်တုန်းကတောင် ကျွန်တော်တို့ နှစ်ယောက် ခေါက်ဆွဲပြုတ် တစ်ထုပ်ကိုပဲ စားခဲ့ရတာ... ဓာတ်ဆီလည်း သိပ်မကျန်တော့ဘူး"
"ချန်ရှုရွာက ကျွန်တော်တို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"
"တကယ်လို့ ကျွန်တော်တို့သာ ရိက္ခာ မရှာနိုင်ဘူးဆိုရင်..."
ကျိုးရှောင်ရှောင်၏ စကားများပင် မဆုံးသေးချေ။
ကျိုးလန်သည်လည်း ငြင်းဆန်ခြင်း မရှိပေ။ မောင်ဖြစ်သူ ပြောဆိုနေသည်များမှာ အားလုံး အမှန်တရားများသာ ဖြစ်သည်။
အကယ်၍ ဓာတ်ဆီ ထပ်မရှာနိုင်ပါက သူတို့ မောင်နှမအတွက် စောင့်ကြိုနေမည်မှာ သေမင်းသာ ဖြစ်သည်။
မျက်စိရှေ့ရှိ ရွာကြီးမှာ ဓာတ်ဆီဆိုင် ရှိမည့်ပုံ မပေါ်သော်လည်း။
သို့တိုင်အောင် ဝင်ရောက်ရှာဖွေ စမ်းသပ်ကြည့်ရမည်သာ ဖြစ်သည်။
ကျိုးလန်သည် မလှမ်းမကမ်းတွင် ရပ်နေသော ချန်းရီကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ ချန်းရီသည်လည်း သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
အကယ်၍ သူမတို့ မောင်နှမကို သူသာ စောင့်ရှောက်ပေးမည်ဆိုပါက ချန်ရှုရွာမှ လုံခြုံစွာ ပြန်ထွက်လာနိုင်မည့် အခွင့်အရေး ပိုများနိုင်ပေသည်။
သို့သော် သူမတို့ မောင်နှမသည် ချန်းရီကို အကြီးအကျယ် ပြစ်မှားစော်ကားမိခဲ့ပြီး ဖြစ်၏။
"အခုအချိန်က မနက် (၁၁) နာရီ ရှိပြီ"
"ညနေ (၄) နာရီမထိုးခင် ချန်ရှုရွာထဲကနေ မဖြစ်မနေ ပြန်ထွက်လာခဲ့ကြရမယ်"
"အချိန်ကျော်သွားရင်တော့ ဘယ်သူ့ကိုမှမစောင့်ဘူး"
ခေါင်းဆောင်ချူက နေကာမျက်မှန်ကို တပ်ထားပြီး လက်ထဲတွင် အသံချဲ့စက်ကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တစ်ယောက်နှင့်တစ်ယောက် တူညီမှု မရှိကြပေ။
အချို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာသည်။
အချို့၏ မျက်နှာပေါ်တွင်မူ တွေဝေတုံဆိုင်းမှုများ ပေါ်လာကြ၏။
အချို့ဆိုလျှင် မေးရိုးများ တဆက်ဆက် တင်းမာလာပြီး ချန်ရှုရွာ ရှိရာဘက်သို့ ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ချန်းရီ လက်ရှိ ရပ်နေသော နေရာမှနေ၍ ချန်ရှုရွာ အလယ်ဗဟိုရှိ အလွန်တရာ ကြီးမားမြင့်မားလှသော မိုးမခပင်ကြီး တစ်ပင်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဤမိုးမခပင်ကြီးမှာ အလွန် ကြီးမားလှပြီး ပုံမှန်မဟုတ်ဘဲ အလွန်အကျွံ ကြီးမားနေခြင်းပင် ဖြစ်သည်။
အောက်သို့ တွဲလောင်းကျနေသော မိုးမခကိုင်းများမှာ မိန်းမတစ်ယောက်၏ ဆံပင်များအလား ရှုပ်ပွစွာ တွဲကျနေသည်။
ရုတ်တရက် ချန်းရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
ချန်ရှုရွာထိပ်တွင် မည်သည့်အချိန်က ရောက်လာမှန်းမသိသော လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ခါးကုန်းနေသော လူတစ်ယောက်ဖြစ်ပြီး လက်ထဲတွင် တုတ်ကောက်တစ်ချောင်းကို ထောက်ထားကာ ချန်းရီတို့ လူအုပ်ကြီးရှိရာဘက်သို့ သူ၏ မျက်နှာကို ကြိုးစားပမ်းစား မော့ကြည့်နေသည်။
ခါးကုန်းနေသောကြောင့်လား မသိပေ။ ထိုသူမှာ အသက်ရှင်ကျန်ရစ်သူများ ရှိရာဘက်သို့ သေချာစွာ မြင်ရစေရန် အလွန်အားစိုက်နေရပုံပေါ်သည်။
ထိုခါးကုန်းကြီးက လူအုပ်ကြီးကို ကြည့်ကာ တဟီးဟီး ရယ်မောနေ၏။
ရယ်မောပုံမှာ သွေးပျက်စရာကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
"အဲ့ဒါ... လူပဲ"
"ရွာထိပ်မှာ လူရှိနေတယ်"
"အမလေး... ရွာထဲမှာ အသက်ရှင်နေတဲ့သူ ရှိနေသေးတာလား"
ရုတ်တရက် ပေါ်လာသော ဤလူရိပ်ကြောင့် အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
သက်ရှိလူ မရှိနိုင်တော့မည့် နေရာမျိုးတွင် အသက်ရှင်နေသူ တစ်ယောက် ရှိနေခြင်းက။
ထို့အပြင် အဘိုးအို တစ်ဦးပင် ဖြစ်နေသေးသည်။
ဤမြင်ကွင်းကို မည်သို့ပင် ကြည့်စေကာမူ အလွန် ထူးဆန်းကျောချမ်းဖွယ် ကောင်းနေ၏။
ချန်းရီက ဘေးနားရှိ နာနာ့ထံသို့ လှည့်ကြည့်လိုက်သည်။
ဓားနတ်ဘုရား မိန်းကလေး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပိုမို ထင်ဟပ်လာပြီး "ဒီရွာမှာ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ခိုးနားထောင်တဲ့ ရေဒီယိုက ပြောခဲ့တာ"
ဆက်ရန်...