← Chapters

အခန်း ၂၅

Vol. 2 Ch. 25

အခန်း ၂၅

Vol. 2 Ch. 25

အပိုင်း(၂၅) ရိက္ခာမလုံလောက်ခြင်း

ကုန်စုံဆိုင်ငယ်လေးထဲရှိ ရိက္ခာများက အတော်လေး ပေါများလှသည်။ ခေါက်ဆွဲခြောက်များနှင့် ဖျော်ရည်များ အများအပြား ရှိနေသည့်အပြင် စင်၏ အောက်ဆုံးထပ်တွင် ဆန်၊ ဂျုံနှင့် ဆီများလည်း မနည်းမနော ရှိနေသေး၏။

ဤအရာများသည် ယခုလက်ရှိ အသက်ရှင်ကျန်ရစ်သူများအတွက် အလွန်တရာ ရှားပါးလှသော အရာများဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

အရှေ့ဘက်ရှိ မှန်ကောင်တာထဲတွင်လည်း ဆေးလိပ်နှင့် အရက် အတော်များများ ရှိနေသေးသည်။

ချန်းရီက ဘာမှထပ်မစဉ်းစားတော့ဘဲ ဆေးလိပ်များကို သူလွယ်လာသည့် အိတ်ထဲသို့ တိုက်ရိုက် ကောက်ထည့်လိုက်သည်။

သို့သော်လည်း ယခုတစ်ကြိမ် ရရှိသော ဆေးလိပ်အရေအတွက်မှာ ယခင်တစ်ခေါက် ရှင်းဟွာမြို့တွင် ရရှိခဲ့သည်ကိုတော့ မမီပေ။

ဆေးလိပ်ကတ်အချို့ကို ထည့်ပြီးနောက် ချန်းရီက အခြားရိက္ခာများကို စတင် စုဆောင်းတော့သည်။

သူ အဦးဆုံး ရွေးချယ်ထည့်သွင်းသည်က ဆန်ဖြစ်ပြီး၊ ထို့နောက်တွင်တော့ ဂျုံမှုန့်များ ဖြစ်သည်။

အာလူးကြော်လို မုန့်မျိုးများကိုတော့ သူ လျစ်လျူရှုထားလိုက်သည်။ ထိုအရာများက နေရာယူလွန်းပြီး အကျိုးရှိမှု အလွန်နည်းပါးသောကြောင့်ပင်။

ကုန်စုံဆိုင်ထဲတွင် အခြားသော နေ့စဉ်သုံး ပစ္စည်းများဖြစ်သည့် တံမြက်စည်း၊ မျက်နှာသစ်ဇလုံနှင့် မျက်နှာသုတ်ပုဝါ စသည်တို့လည်း ရှိနေသေး၏။

သို့သော် ထိုအရာများကိုမူ မည်သူကမျှ လှည့်မကြည့်ကြပေ။

ယခုတစ်ကြိမ် ချန်းရီ ယူဆောင်လာသော ကျောပိုးအိတ်မှာ နှစ်လုံးတိတိ ဖြစ်သည်။

ချန်းရီက ကျောဘက်တွင် တစ်လုံးလွယ်ကာ၊ ရင်ဘတ်တွင် တစ်လုံးလွယ်ရန် စီစဉ်ထားခြင်း ဖြစ်၏။

ကျောဘက်မှ ကျောပိုးအိတ်က အနည်းငယ် ပိုကြီးပြီး အပြည့်ထည့်လိုက်ပါက ဆယ်ပိဿာခန့် အလေးချိန် ရှိပေမည်။

ရင်ဘတ်မှ ကျောပိုးအိတ်မှာမူ အနည်းငယ် သေးငယ်သည်။ ၎င်းမှာ လက်နှစ်ဖက် လှုပ်ရှားမှုကို အဟန့်အတား မဖြစ်စေရန်အတွက် ဖြစ်သည်။

ဤနေရာက ကျေးရွာကုန်စုံဆိုင်လေး ဖြစ်နေ၍လားမသိ၊ အတွင်းတွင် ကောင်းမွန်သော ပစ္စည်းများ သိပ်မရှိသော်လည်း ရွာသူရွာသားများ ပြုလုပ်ထားသော တောထွက်ပစ္စည်းများကမူ အလွန် ပေါများနေသည်။

ဝက်သားဆားနယ်ခြောက်များနှင့် ငါးဆားနယ်ခြောက်များလည်း အများအပြား ရှိနေသေးရာ ချန်းရီက ဘာမှထပ်မစဉ်းစားတော့ဘဲ ထိုအသားခြောက်များကို ကျောပိုးအိတ်ထဲသို့ ထည့်ရန် ပြင်လိုက်ချိန်တွင်...

အိုမင်းနေသော လက်တစ်ဖက်က ချန်းရီ၏ လက်ထဲမှ အသားခြောက်နှင့် ငါးခြောက်များကို လှမ်းဆွဲယူလိုက်သည်။

၎င်း၏ အမြန်နှုန်းမှာ ချန်းရီထက် အနည်းငယ်မျှသာ နှေးကွေးလေသည်။

ချန်းရီက မျက်လုံးပင့်ကြည့်လိုက်ရာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေသော အဘွားအိုတစ်ဦး၏ မျက်နှာကို မြင်လိုက်ရ၏။

ချန်းရီ ချက်ချင်း မှတ်မိသွားသည်။ ဤအဘွားအိုမှာ လွန်ခဲ့သော အချိန်အတန်ကြာက သူ ပညာပေးခဲ့ဖူးသည့် မြေးအဘွား နှစ်ယောက်ထဲမှ အဘွားဖြစ်သူပင် မဟုတ်ပါလော။

ချန်းရီ၏ မျက်ဝန်းများ အေးစက်သွားပြီး ဘာမှထပ်မစဉ်းစားတော့ဘဲ ခါးတွင်ချိတ်ထားသော ဓားမကို ဆွဲထုတ်ကာ ခုတ်ချလိုက်တော့သည်။

ဤကဲ့သို့သော အချိန်တွင် စက္ကန့်တိုင်းက အလွန် အရေးကြီးလှသဖြင့် ချန်းရီက ထိုအဘွားအိုနှင့် စကားများ ငြင်းခုံနေရန် အစီအစဉ် မရှိပေ။

ထိုအဘွားအိုမှာ အစပိုင်းက တစ်ဖက်လူအား ရိုင်းရိုင်းစိုင်းစိုင်း ပြုမူကာ အတင်းအဓမ္မ လုယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမနှင့် လုနေသူမှာ ချန်းရီ ဖြစ်နေမှန်း သိလိုက်ရသောအခါ ရင်ထဲမှ အတင့်ရဲမှုများ ချက်ချင်း လွင့်စင်ပျောက်ကွယ်သွားရ၏။

ချန်းရီက ဓားမကို ဆွဲထုတ်ကာ တိုက်ရိုက် ခုတ်ချလာသည်ကို မြင်လိုက်ရသောအခါ။

အဘွားအိုမှာ ကြောက်လန့်တကြား တုန်ရီသွားပြီး လက်ကို အမြန် ပြန်ရုပ်လိုက်သည်။ ထို့နောက် ချန်းရီအား အငြိုးတကြီး တစ်ချက် စိုက်ကြည့်ပြီးမှသာ တစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။

ဓားနတ်ဘုရား မိန်းကလေးက ဤဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့သွားပြီး ချန်းရီအား ချီးကျူးသည့် အကြည့်တစ်ချက် ပေးကာ သူမ၏ အလုပ်ကို အမြန် ပြန်ဆက်လုပ်နေလေသည်။

ချန်းရီနှင့် အဘွားအိုတို့၏ ကြားဖြတ်ဇာတ်လမ်းလေးကို အခြားသူ အတော်များများလည်း မြင်တွေ့သွားကြသည်။

ထို့ကြောင့် လူအများအပြားမှာ ချန်းရီအပေါ် ထိတ်လန့်ကြောက်ရွံ့မှုများ ပိုမို တိုးပွားသွားကြ၏။

ဤအချိန်တွင် ဓားနတ်ဘုရား မိန်းကလေးမှာလည်း ချန်းရီနည်းတူ အလုပ်များနေသည်။

မိန်းကလေး၏ ကျောဘက်တွင် သူမအရပ်ထက်ပင် မြင့်နေသော ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားပြီး ယခုဆိုလျှင် တစ်ဝက်နီးပါးခန့် အပြည့်အမောက် ဖြစ်နေချေပြီ။

သူမ၏ ဂရုမစိုက်သကဲ့သို့ ဖြစ်နေသော ပုံစံကို ကြည့်ရလျှင် ထိုကျောပိုးအိတ်ကြီးက သူမအတွက် မည်သည့် ဝန်ထုတ်ဝန်ပိုးမျှ ဖြစ်စေပုံမပေါ်ပေ။

ဓားနတ်ဘုရား မိန်းကလေး၏ ပစ္စည်း သယ်ဆောင်နိုင်စွမ်း တစ်ခုတည်းကပင် ချန်းရီထက် များစွာ သာလွန်နေသည်။

တကယ်ကို ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့် အစွမ်းပိုင်ရှင် ပီသပေသည်။

ထယ်ရှီး ဆိုလျှင်တော့ ထိုကောင်ကြီးက ယခုအချိန်တွင် ရွေ့လျား ရိက္ခာဖြည့်တင်းရေး စခန်းကြီး တစ်ခုနှင့်ပင် တူနေတော့သည်။

ယခင်က ရှင်းဟွာမြို့တွင် ရှိစဉ်တုန်းက ချန်းရီအနေဖြင့် သူ မည်သို့ ရိက္ခာစုဆောင်းသည်ကို မမြင်တွေ့ခဲ့ရပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရရာ ချန်းရီမှာ အလွန်တရာ အံ့အားသင့်သွားရတော့၏။

ထိုလူ့ဘီလူးကြီးက အလွန်တရာ ကြီးမားလှသော အိတ်ကြီးတစ်လုံးကို ကိုင်ဆောင်ထားသည်။

ထိုအိတ်ကြီး၏ အရွယ်အစားမှာ ချန်းရီ သုံးယောက်စာလောက်ကိုပင် အေးအေးဆေးဆေး ဆံ့လောက်ပေသည်။

ဤအိတ်ကြီးက ယခုကဲ့သို့သော အချိန်မျိုးတွင် အသုံးပြုရန် အထူး ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ထိုလူ့ဘီလူးကြီးက တွေ့ရာပစ္စည်းမှန်သမျှကို အိတ်ထဲသို့ အတင်း ပစ်ထည့်နေပြီး လုံးဝ ရွေးချယ်နေခြင်း မရှိပေ။

ကြက်ခြေထောက်များ၊ အစပ်ချောင်းများ၊ ငရုတ်ဆီပုလင်းများ သို့မဟုတ် ခေါက်ဆွဲခြောက်နှင့် ဝက်အူချောင်း စသည်တို့ကို ထိုလူ့ဘီလူးကြီးက သူ၏ လက်ကြီးများဖြင့် တိုက်ရိုက် သိမ်းကျုံးကာ အိတ်ထဲသို့ လောင်းထည့်နေလေသည်။

ဆန် ၅ ပြည်ဝင်အိတ်ကြီးများဆိုလျှင် ထိုလူ့ဘီလူးကြီး၏ လက်ထဲ၌ အာလူးကြော် တစ်ထုပ်ကဲ့သို့ပင် ပေါ့ပါးနေတော့သည်။

လူတိုင်းမှာ မျက်လုံးများ အရောင်လက်နေကြပြီး ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များနေကြသည်။

အချို့သူများမှာ သူတို့ ယူဆောင်လာသော ကျောပိုးအိတ်များ အပြည့်အမောက် ဖြစ်နေပြီ ဖြစ်သော်လည်း မကျေနပ်နိုင်သေးဘဲ အင်္ကျီအိတ်ကပ်များနှင့် ရင်ခွင်ထဲတွင်ပါ စားစရာမျိုးစုံကို အတင်း ထည့်သွင်းထားကြသေး၏။

ချန်းရီက ထိုလူများ၏ လောဘရမ္မက် ကြီးမားနေသော ပုံစံကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ဤနေရာက လုံခြုံစိတ်ချရသည် မဟုတ်ပေ။ ဤလူများအနေဖြင့် ပစ္စည်းများကို ဤမျှလောက် အများကြီး ထည့်ထားပါက အကယ်၍များ အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့လာလျှင် ထွက်ပြေးနိုင်ရန်ပင် ခက်ခဲသွားပေလိမ့်မည်။

ဥပမာအားဖြင့် ခုနက ချန်းရီနှင့် ပြဿနာဖြစ်ခဲ့သော အဘွားအိုပင် ဖြစ်သည်။

ထိုအဘွားအိုမှာ ယခုအချိန်တွင် ကျောပိုးအိတ် နှစ်လုံးကို လွယ်ထားပြီး ချန်းရီကဲ့သို့ပင် ရင်ဘတ်တွင် တစ်လုံး၊ ကျောဘက်တွင် တစ်လုံး လွယ်ထားရန် ရည်ရွယ်ထားပုံရ၏။

ကျောပိုးအိတ် နှစ်လုံးစလုံးမှာလည်း အဘွားအို၏ ထည့်သွင်းမှုကြောင့် နေရာလပ် မရှိသလောက်ပင် ပြည့်နှက်နေချေပြီ။

သို့သော် ထိုအဘွားအိုမှာ ယခုအချိန်တွင် ကြမ်းပြင်ပေါ်၌ ထိုင်ကျနေပြီး မည်သို့မျှ ပြန်ထ၍ မရနိုင်တော့ပေ။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မ နှစ်ယောက်မှာမူ...

အမျိုးသမီးသရုပ်ဆောင်မှာ ယခုအခါ ယခင်က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်၏ တောက်ပမှုများ မရှိတော့ဘဲ ရိက္ခာစုဆောင်းရာတွင်သာ အာရုံစိုက်နေလေသည်။ သူမ၏ ကျောဘက်ရှိ ကျောပိုးအိတ်မှာ ပြည့်သွားပြီဖြစ်ပြီး လက်ထဲမှ အိတ်မှာမူ တစ်ဝက်ခန့်သာ ပြည့်သေး၏။

ကျိုးရှောင်ရှောင်မှာမူ ရိက္ခာများကို တစ်ဝက်ပင် မစုဆောင်းရသေးပေ။

ဤချန်ရှုရွာရှိ ကုန်စုံဆိုင်လေးမှာ သာမန် ကျေးရွာကုန်စုံဆိုင်များထက် အနည်းငယ် ပိုကြီးသော်လည်း ယခုတစ်ကြိမ် ရိက္ခာလာရောက် စုဆောင်းသည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်က အလွန် များပြားလွန်းနေသည်။

မကြာမီမှာပင် ဤကုန်စုံဆိုင်ငယ်လေးမှာ ပြောင်သလင်းခါသွားပြီး စင်များပေါ်တွင် ဟင်းခတ်အမွှေးအကြိုင် တစ်ပုလင်းပင် ကျန်ရစ်ခြင်း မရှိတော့ပေ။

တစ်စုံတစ်ယောက်က တမင်သက်သက် သန့်ရှင်းရေး လုပ်ထားသကဲ့သို့ပင် ပြောင်စင်သွား၏။

လူတိုင်းမှာ အနည်းနှင့်အများ ဆိုသလို ရိက္ခာများ ကိုယ်စီ ရရှိသွားကြသည်။

"ဒါ... ဒါနဲ့တင် ကုန်သွားပြီလား"

လူတစ်ယောက်က အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ သူ၏ ကျောပိုးအိတ်ထဲတွင် နောက်ထပ် အနည်းငယ် ထည့်၍ ရနိုင်သေးသည် မဟုတ်ပါလော။

"ကုန်စုံဆိုင်လေး တစ်ဆိုင်ဆိုတော့... ဒီလောက်ရိက္ခာရတာပဲ တော်လှပြီပေါ့"

"ဒီဆိုင်မှာ ဂိုဒေါင်များ ရှိမလား လိုက်ရှာကြည့်ရအောင်... ဂိုဒေါင်ထဲမှာ ပစ္စည်းတွေ ရှိချင်ရှိနေဦးမှာ"

"ဟက်... ဒါက ရွာဆိုင်လေးကွ... မြို့ပေါ်က ဂိုဒေါင်ကြီးတွေလိုများ ထင်နေသလား"

ထယ်ရှီး၏ ကျောဘက်မှ အလွန်တရာ ကြီးမားလှသော ကျောပိုးအိတ်ကြီးမှာလည်း တစ်ဝက်ခန့်သာ ပြည့်သေးပြီး သူ၏ ရည်မှန်းချက် ပြည့်မီရန် အများကြီး လိုနေသေးသည်။

ဓားနတ်ဘုရား မိန်းကလေး၏ ကျောဘက်မှ ကျောပိုးအိတ်မှာလည်း ၇၀ ရာခိုင်နှုန်းခန့်သာ ပြည့်သေးပြီး အသုံးပြုရန် နောက်ထပ် ကျောပိုးအိတ် တစ်လုံး ကျန်နေသေးသည်။

"ဘယ်လိုလုပ်ကြမလဲ... ဒီလောက်ရိက္ခာလေးနဲ့တော့ ဘယ်လိုမှ မလောက်ဘူးနော်"

နာနာက ကျောဘက်ရှိ ကျောပိုးအိတ်ကို တစ်ချက်ပုတ်ကာ အလွန် မကျေမနပ်ဖြစ်နေပုံဖြင့် ပြောလိုက်သည်။

ယခုတစ်ကြိမ် ရရှိသည့် ပမာဏမှာ သူမ မျှော်မှန်းထားသည်ထက် အများကြီး နည်းပါးနေသည်။

ထယ်ရှီးက ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ငါလည်း ထပ်ထည့်လို့ ရသေးတယ်... ဒါပေမဲ့ ဒီမှာက ဘာမှမရှိတော့ဘူး... ငါတို့ ရွာလူကြီးအိမ်ကို သွားကြည့်ကြမလား"

"ဒီရိက္ခာလောက်နဲ့ကတော့ လုံးဝကို မလုံလောက်သေးတာ အမှန်ပဲ"

ချန်းရီကလည်း အနည်းငယ် တွေဝေနေမိသည်။

ရိက္ခာလိုအပ်သည့် အချိန်တိုင်းတွင် သင့်တော်သော ရိက္ခာဖြည့်တင်းရေး စခန်းများကို အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဤအတိုင်းကြီး ပြန်လှည့်သွားရမည်ကိုတော့ သူ တကယ်ပင် မကျေနပ်နိုင်ပေ။

"ဒီအထိရောက်လာမှတော့... ရွာလူကြီးအိမ်ကို သွားကြည့်လိုက်ရအောင်"

"ရေဒီယိုထဲက သတင်းအရတော့ ရွာလူကြီးအိမ်မှာ ရိက္ခာတွေ အများကြီး ရှိသေးတယ်တဲ့... မှားနိုင်စရာ အကြောင်းမရှိဘူး"

သူတို့ သုံးယောက် အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် ရွာလူကြီးအိမ်သို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ခုနကပင် မလှမ်းမကမ်းတွင် ခမ်းနားထည်ဝါသော လုံးချင်းအိမ်ကြီး တစ်လုံးကို သူတို့ မြင်တွေ့ခဲ့ရသည်။ ထိုနေရာက ရွာလူကြီး၏ အိမ်ဖြစ်နိုင်ပြီး ကုန်စုံဆိုင်လေးနှင့်လည်း သိပ်မဝေးလှပေ။

အစွမ်းပိုင်ရှင် သုံးဦးက ရွာလူကြီးအိမ်သို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ကြားလိုက်ရသောအခါ။

ရိက္ခာ လုံလုံလောက်လောက် ရရှိထားပြီးသော အသက်ရှင်ကျန်ရစ်သူ အချို့မှာ အလွန် မကျေမနပ် ဖြစ်သွားကြသည်။

"မသွားကြပါနဲ့တော့... ဒီရွာကြီးက ဘယ်လိုကြည့်ကြည့် တစ်ခုခု မှားယွင်းနေသလိုပဲ... စောစောစီးစီး ပြန်လှည့်ကြတာ ပိုမကောင်းဘူးလား"

"ဟုတ်တယ်... ဒီလောက်ရိက္ခာနဲ့တင် လုံလောက်နေပါပြီ... အရမ်း အန္တရာယ်များလွန်းတယ်"

အခြား လက်နှေးသွားသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်တွင်မူ မကျေနပ်မှုများ ပေါ်လွင်လာသည်။ "ခင်ဗျားတို့ကတော့ ရိက္ခာတွေ ပြည့်နေပြီပေါ့... ကျွန်တော်တို့က ဘာမှတောင် သေချာ မရသေးဘူး... ပြန်ချင်ရင် ခင်ဗျားတို့ဘာသာ ပြန်ကြ"

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မ နှစ်ယောက်ကတော့ ချန်းရီတို့နှင့်အတူ ရိက္ခာများကို ဆက်လက် စုဆောင်းရန် သေချာနေသည်။

ဤညီအစ်မ နှစ်ယောက် ယာဉ်တန်းထဲတွင် ကောင်းမွန်စွာ ရပ်တည်နိုင်နေခြင်းမှာလည်း အကြိမ်ကြိမ် ရဲဝံ့စွာ စွန့်စားခဲ့မှုများကြောင့်ပင် ဖြစ်သည်။

ထပ်မံ ငြင်းခုံကြတော့မည်ကို မြင်လိုက်ရသောအခါ နာနာက ရှေ့ထွက်ကာ ဟောက်လိုက်သည်။ "ငြင်းနေကြတုန်းပဲလား... အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာ ရှင်တို့ မေ့သွားကြပြီလား"

နာနာ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကြ၏။

ကုန်စုံဆိုင် အပြင်ဘက်ရှိ မိုးမခပင်များပေါ်တွင် ရာနှင့်ချီသော အလောင်းများ ဆွဲကြိုးချခံထားရသည် မဟုတ်ပါလော။

အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ နာနာက အေးစက်စွာ ပြောလိုက်သည်။ "ပြန်ချင်တဲ့သူတွေ ကိုယ့်ဘာသာကို ပြန်ကြ... လာခဲ့တဲ့လမ်းကို ရှင်တို့ မှတ်မိလောက်မှာပါ... မပြန်ချင်တဲ့သူတွေကတော့ ကျွန်မတို့နောက်လိုက်ပြီး ရိက္ခာဆက်ရှာကြမယ်"

"ဒါပေမဲ့ မှတ်ထားနော်... ကျွန်မတို့နောက်က လိုက်ချင်ရင် စကားနားထောင်ရမယ်... အဲဒီလိုမှ မဟုတ်ရင် တစ်ခုခု ဖြစ်လာတဲ့အခါ ကျွန်မတို့လည်း တာဝန်မယူနိုင်ဘူး"

ထိုသို့ပြောပြီးနောက် မိန်းမပျိုလေးက သူမ၏ သွယ်လျရှည်လျားသော ခြေတံရှည်ကြီးများဖြင့် ကုန်စုံဆိုင်အပြင်ဘက်သို့ လျှောက်သွားလေတော့သည်။

ကုန်စုံဆိုင် တံခါးဝရှိ ရာနှင့်ချီသော အလောင်းကြီးများက ဇာတ်ပွဲကြည့်နေသော ပရိသတ်များအလား ရွာထဲသို့ ခိုးဝင်လာသော ဤလူအုပ်ကြီးကို တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။

ဆက်ရန်...

All Chapters