← Chapters

အခန်း ၂၆

Vol. 2 Ch. 26

အခန်း ၂၆

Vol. 2 Ch. 26

အပိုင်း(၂၆) ထူးဆန်းကျောချမ်းဖွယ် ရွာကလေး

"အခု နေ့လယ် တစ်နာရီ လေးဆယ့်ခြောက်မိနစ် ရှိပြီ... ကျွန်မတို့ ရိက္ခာရှာဖို့ အချိန် နှစ်နာရီကျော်ပဲ ကျန်တော့တယ်"

"ညနေ လေးနာရီမထိုးခင် ဒီရွာကနေ မဖြစ်မနေ ထွက်သွားရမယ်"

"အချိန်ကို လုရမယ်... မဟုတ်ရင် မှောင်သွားတာနဲ့ ကျွန်မတို့ ဘယ်တော့မှ ထွက်သွားလို့ရတော့မှာ မဟုတ်ဘူး"

နာနာက လက်ကောက်ဝတ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး ရှိနေသူအားလုံးကို မျက်နှာထားတည်တင်းစွာဖြင့် ပြောလိုက်သည်။

လူတိုင်း၏ မျက်နှာအမူအရာများမှာ အခြေအနေ မကောင်းလှပေ။

အချိန်ကုန်လွန်မှုက အလွန် မြန်ဆန်လွန်းလှသည်။

ရွာကို ရောက်လာချိန်က မနက် ဆယ့်တစ်နာရီကျော်သာ ရှိသေးသော်လည်း ယခုဆိုလျှင် အချိန် နှစ်နာရီပင် ကျော်လွန်သွားခဲ့ချေပြီ။

ချန်းရီ၏ ရင်ထဲတွင်လည်း အချိန်လုရမည့် ဖိအားများကို ခံစားလိုက်ရ၏။

လူအုပ်ကြီးက စူပါမားကတ်လေးထဲမှ ထွက်လာချိန်တွင် ထိုထူးဆန်းကျောချမ်းဖွယ် မိုးမခပင်ကြီးကို မြင်လိုက်ရသဖြင့် ရိက္ခာများ စုဆောင်းရရှိထားသော ပျော်ရွှင်မှုများမှာ စက္ကန့်ပိုင်းအတွင်းမှာပင် ထိတ်လန့်တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လူ့ဘီလူးကြီး ထယ်ရှီးပင်လျှင် အလွန်တရာ သတိထားနေသည့် ပုံပေါက်နေသည်။

လူတိုင်းက အသက်ရှူအောင့်ထားကြပြီး မိုးမခပင်ကြီး၏ ဘေးမှ ခြေဖွနင်းကာ တိတ်ဆိတ်စွာဖြင့် ဖြတ်လျှောက်သွားကြ၏။

ချန်းရီသည်လည်း တံတွေးကို မသိမသာ မျိုချလိုက်မိပြီး လက်ထဲရှိ ဒူးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

မိုးမခကိုင်းများတွင် တွဲလောင်းကျနေသော အလောင်းများအပေါ်သို့ သူ၏ အကြည့်များ ရောက်သွားချိန်တွင်မူ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရ၏။

ဒီအလောင်းတွေက တစ်ခုခု မှားယွင်းနေသလိုပဲ။

ရွာကို စတင်ရောက်ရှိချိန်တုန်းက ထိုအလောင်းများသည် ဤဘက်သို့ မျက်နှာမူနေခြင်း မရှိခဲ့သည်ကို သူ သေချာ မှတ်မိနေသည်။

သို့သော် ယခုတော့...

ထားလိုက်ပါတော့... အခုချိန်မှာ အဲဒီလောက်အထိ အာရုံစိုက်နေလို့ မရဘူး။

ရိက္ခာများကို အမြန်ဆုံး စုဆောင်းပြီး ဤရွာမှ ထွက်ခွာသွားနိုင်ရေးကသာ အရေးအကြီးဆုံး ဖြစ်ပြီး ကျန်သည့်အရာများက အရေးမကြီးပေ။

ထိုအချိန်မှာပင် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"အား"

ထိုအော်သံမှာ အလွန်တရာ စူးရှပြီး အသည်းခိုက်မတတ် ဖြစ်သည်။

ဤနေရာနှင့် သိပ်ဝေးပုံ မပေါ်ချေ။

ရှိနေသူအားလုံး၏ မျက်နှာများ ဖြူရော်သွားကြ၏။

"ဒါ... ဒါက"

ကျိုးရှောင်ရှောင်က ဤအော်သံကို မှတ်မိသွားပုံရပြီး တစ်စုံတစ်ရာ ပြောရန် ကြိုးစားလိုက်သည်။

ချန်းရီက အေးစက်စွာဖြင့် လှမ်းအော်လိုက်သည်။ "ပါးစပ်ပိတ်ထား... မြန်မြန်သွား"

ကျိုးရှောင်ရှောင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး လက်ရှိအချိန်၌ သူမ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြောင်း သိသာထင်ရှားလှသည်။

ချန်းရီနှင့် မတူသည်မှာ ကျိုးရှောင်ရှောင်သည် ယာဉ်တန်းထဲတွင် လူချစ်လူခင် ပေါများသူဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အများစုကို သူမ သိကျွမ်းလေသည်။

ယခုလေးတင် ကြားလိုက်ရသော အော်သံက ကျိုးရှောင်ရှောင်အတွက် အလွန် ရင်းနှီးနေသလို ခံစားလိုက်ရ၏။

ထိုအချက်ကပင် ကျိုးရှောင်ရှောင်၏ ရင်ထဲမှ ကြောက်ရွံ့မှုကို အဆမတန် မြင့်တက်သွားစေသည်။

ကံကောင်းသည်မှာ ချန်းရီ၏ အေးစက်သော အော်ဟစ်သံကြောင့် သူမ၏ သတိတရားများ အနည်းငယ် ပြန်လည် ဝင်ရောက်လာခြင်းပင်။

အဖွဲ့သားများသည် မိုးမခပင်ကြီး၏ ဧရိယာထဲမှ အမြန်ဆုံး လွတ်ကင်းအောင် ထွက်ခွာသွားကြသည်။

ထိုအခါမှသာ ချန်းရီသည် သက်ပြင်းကို ခပ်ဖွဖွ ချလိုက်နိုင်တော့၏။

ချန်းရီက အလိုအလျောက်ပင် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ယခုလေးတင် စူပါမားကတ်လေးထဲမှ ထွက်လာစဉ်က သူ့နောက်တွင် လူတစ်ယောက် ကျန်နေသေးသည် မဟုတ်ပါလော။

သို့သော် ထိုသို့ နောက်သို့ လှည့်ကြည့်လိုက်မိချိန်တွင် ချန်းရီ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရပြန်သည်။

သူ၏ အနောက်ဘက်တွင်... မည်သူ တစ်ဦးတစ်ယောက်မျှ မရှိနေပေ။

ထိုအချိန်မှာပင် ကျိုးရှောင်ရှောင်သည် သူမ၏ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးအစုံဖြင့် ချန်းရီအား ကြည့်နေသည်ကို တွေ့လိုက်ရ၏။

တိတိကျကျ ပြောရလျှင် ချန်းရီ၏ အနောက်ဘက်ဆီသို့ ကြည့်နေခြင်း ဖြစ်သည်။

"ရှင်... ရှင်"

ထိုအခါ ချန်းရီသည် ခြေဖျားမှ ခေါင်းထိပ်အထိ အေးစိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရှေ့သို့ ခြေနှစ်လှမ်းခန့် အမြန် ခုန်ဆုတ်လိုက်ကာ လက်ထဲရှိ ဒူးလေးဖြင့် နောက်ဘက်သို့ ချိန်ရွယ်လိုက်သည်။

လူ့ဘီလူးကြီး ထယ်ရှီးနှင့် နာနာတို့သည်လည်း ချက်ချင်း သတိဝီရိယ အပြည့်ဖြင့် အသင့်အနေအထား ပြင်လိုက်ကြ၏။

သို့သော် ချန်းရီ၏ နောက်ဘက်တွင် အလောင်းများ တွဲလောင်းကျနေသော မိုးမခပင်ကြီးမှလွဲ၍ မည်သည့် ထူးခြားမှုမျှ မရှိပေ။

"ရှင်... ရှင်တို့ ကြည့်လိုက်"

"အဲဒါ... အဲဒါ... ရှောင်ကျွမ်းပဲ... ရှောင်ကျွမ်း"

ကျိုးရှောင်ရှောင်က တုန်ယင်နေသော လက်ညှိုးလေးဖြင့် မိုးမခပင်ကြီး၏ နေရာတစ်နေရာကို ညွှန်ပြနေသည်။

အားလုံးက ကျိုးရှောင်ရှောင် ညွှန်ပြရာဘက်သို့ လိုက်ကြည့်လိုက်ကြ၏။

မိုးမခပင်ကြီးအောက်တွင် အလောင်းတစ်လောင်း တွဲလောင်း ကျနေသည်။

ဤကိစ္စမှာ ထူးဆန်းသည့် အရာတော့ မဟုတ်ပေ။ မိုးမခပင်ကြီးအောက်တွင် အလောင်းပေါင်း ရာနှင့်ချီ၍ ရှိနေသည် မဟုတ်ပါလော။

သို့သော် လူအုပ်ကြီးက ထိုအလောင်းကို သေချာစွာ မြင်တွေ့လိုက်ရချိန်တွင်မူ လူတိုင်း၏ နှလုံးခုန်နှုန်းများမှာ အဆမတန် မြန်ဆန်လာတော့သည်။

ချန်းရီ၏ မျက်လုံးအိမ်များမှာလည်း အပ်ပေါက်အရွယ်မျှသာ ကျုံ့ဝင်သွားလေ၏။

ဤလူသည်... ယခုလေးတင် သူတို့နှင့်အတူ စူပါမားကတ်လေးထဲသို့ ဝင်ရောက်ခဲ့သော အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ဦးပင် ဖြစ်သည်။

ချန်းရီသည် ထိုသူနှင့် သိပ်မရင်းနှီးလှသော်လည်း မှတ်မိနေသေးသည်။ ဤသူမှာ စူပါမားကတ်လေးထဲသို့ လိုက်ပါလာခဲ့သူများထဲမှ တစ်ယောက် ဖြစ်နေသည်။

ခုနက ချန်းရီ၏ အနောက်မှ ကပ်၍ လိုက်ပါလာသူမှာလည်း ဤသူပင် ဖြစ်သည်။

မိုးမခပင်ကြီးအောက်တွင် တွဲလောင်းကျနေသော ထိုအလောင်းတွင် ဖောင်းကားနေသော ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားဆဲပင်။

သူတို့အားလုံး စူပါမားကတ်လေးထဲမှ ထွက်လာသည်မှာ တစ်မိနစ်ပင် မပြည့်သေးချေ။

ရလဒ်အနေဖြင့် သူသည် မိုးမခပင်အောက်ရှိ မြောက်မြားစွာသော အလောင်းများထဲမှ တစ်လောင်းအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ချန်းရီသည် သူ၏ စိတ်ဓာတ်ကို ခိုင်မာသည်ဟု မှတ်ယူထားသော်လည်း ယခုအခါတွင်မူ ရင်ထဲ၌ ကျောချမ်းဖွယ် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရတော့၏။

ဒီ... မိုးမခပင်ကြီးက သေချာပေါက် တစ်ခုခု မှားယွင်းနေပြီ။

ဒီလူက ဘယ်လိုလုပ်ပြီး မိုးမခပင်ကြီးအောက်မှာ တွဲလောင်း ဖြစ်သွားရတာလဲ။

ဘာလို့ အသံတစ်သံမှတောင် မထွက်လာခဲ့ရတာလဲ။

တကယ်တော့ ဘာတွေများ ဖြစ်ပျက်သွားခဲ့တာလဲ။

ချန်းရီက ဘာကိုမှ ဆက်မတွေးနေတော့ဘဲ စကားတစ်ခွန်းမျှပင် မဟတော့ဘဲ ချက်ချင်း လှည့်ထွက်လာခဲ့သည်။

လူကယ်မယ် ဟုတ်လား။

လာနောက်မနေနဲ့။

ယနေ့သည် ကမ္ဘာပျက်ကပ်၏ ပထမဆုံးနေ့ မဟုတ်တော့ပေ။

ကမ္ဘာကြီးတစ်ခုလုံး ထူးဆန်းကျောချမ်းဖွယ် အရာများဖြင့် ပြည့်နှက်နေပါစေဦး... လူသားများမှာမူ ထိုအရာများအပေါ် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေဆဲပင် ဖြစ်သည်။

လွန်ခဲ့သော တစ်မိနစ်ခန့်ကမှ အဖော်ဖြစ်ခဲ့သော ထိုအလောင်းကို မည်သူကမျှ လှည့်မကြည့်ရဲကြတော့ပေ။

ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားနိုင်ရန်အတွက် လူတိုင်းက ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ချန်းရီ၏ ရင်ထဲ၌ သဘာဝလွန်အစွမ်း လမ်းစဉ် နိုးကြားလာစေလိုသည့် ဆန္ဒက ပိုမို ပြင်းပြလာခဲ့၏။

သတ်ဖြတ်မှတ် (၃၀၀၀) သာ ရှိမည်ဆိုပါက ချန်းရီသည် စနစ်ဆီမှ သဘာဝလွန်လမ်းစဉ် နိုးကြားလာစေမည့် နည်းလမ်းကို သေချာပေါက် လဲလှယ်ယူမည် ဖြစ်သည်။

ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် သဘာဝလွန်လမ်းစဉ် နိုးကြားလာခြင်းကသာလျှင် အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။

ထိုအချိန်တွင် နာနာ၏ မျက်နှာမှာလည်း ကြည့်ကောင်းမနေပေ။

ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် သူမ၏ အာရုံခံစားနိုင်စွမ်းများမှာ သာမန်လူများထက် အများကြီး ပိုမို သာလွန်နေခဲ့သည် မဟုတ်ပါလော။

သို့တိုင်အောင် ထိုအသက်ရှင်ကျန်ရစ်သူ ဘယ်အချိန်က မိုးမခပင်ကြီးပေါ်တွင် တွဲလောင်း သွားဖြစ်နေမှန်း သူမ လုံးဝ သတိမထားမိခဲ့ချေ။

ရွာကလေး တစ်ရွာလုံးကို ပြာမှုန့်များ ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။

ဤအချိန်တွင် ရွာအပြင်ဘက်၌ နေရောင်ခြည်များ တောက်ပနေဆဲ ဖြစ်သော်လည်း ရွာအထဲတွင်မူ အုံ့မှိုင်းပိတ်လှောင်ကာ မှောင်မိုက်နေ၏။

၎င်းမှာ လုံးဝ မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ပင်။

လူအုပ်ကြီးသည် မိုးမခပင်ကြီးအောက်ရှိ စူပါမားကတ်လေးထဲမှနေ၍ အလျင်စလို ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့ကြသည်။

"ကျွန်တော်... ကျွန်တော့် ရိက္ခာတွေ လုံလောက်သွားပြီ... ဆက်ပြီး မရှာချင်တော့ဘူး... ခင်ဗျားတို့ဘာသာပဲ ဆက်သွားကြပါတော့"

အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။

ထိုစကားကို ပြောပြီးသည်နှင့် သူသည် ရွာအဝင်ဝဘက်သို့ အသည်းအသန် ပြေးထွက်သွားလေတော့၏။

ထိုသူ၏ ကျောပိုးအိတ်ထဲတွင် ရိက္ခာ တစ်ဝက်ခန့်သာ ပါရှိသည်ကို ချန်းရီ အထင်အရှား မြင်လိုက်ရသည်။

"ကျွန်တော်... ကျွန်တော်လည်း လုံလောက်ပြီ"

မကြာမီမှာပင် အခြားသော အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကလည်း ရှေ့မှလူ၏ အနောက်သို့ လိုက်ပါ ပြေးလွှားသွားခဲ့သည်။

လူ့ဘီလူးကြီး ထယ်ရှီး၊ နာနာနှင့် ချန်းရီတို့ သုံးယောက်မှာမူ စကားတစ်ခွန်းမျှ မဟကြပေ။

ဖြတ်ခနဲ တစ်ချက်သာ လှမ်းကြည့်လိုက်ကြပြီး ခြေလှမ်းများကို ဆက်လက် ခပ်သွက်သွက် လျှောက်လိုက်ကြ၏။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအမ နှစ်ယောက်သည်လည်း အလွန်ပင် လိုက်သွားချင်နေမိသည်။ ချန်ရှုရွာက အလွန်တရာ အန္တရာယ် များလွန်းနေပြီး ယခင် ရှင်းဟွာမြို့ကထက်ပင် ပို၍ အန္တရာယ် များနေသေးသည် မဟုတ်ပါလော။

နောက်တစ်စက္ကန့် အကြာမှာပင် ဤနေရာမှ ဘယ်တော့မှ ထွက်မရနိုင်တော့သည့် အခြေအနေမျိုးသို့ ရောက်သွားနိုင်ခြေ ရှိလေသည်။

သို့သော် ညီအမနှစ်ယောက်သည် သူတို့ စုဆောင်းရရှိထားသော ရိက္ခာများကို ပြန်ကြည့်လိုက်ကြသည်။ အကယ်၍ ယခုအချိန်တွင် ပြန်ထွက်သွားမည်ဆိုပါက ဤရိက္ခာလေးများဖြင့် ရက်အနည်းငယ်ပင် ခံမည် မဟုတ်ပေ။

ညီအမနှစ်ယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် ချိတုံချိတုံဖြစ်မှုများနှင့် ထိတ်လန့်ကြောက်ရွံ့မှုများကို တွေ့မြင်လိုက်ကြရ၏။

"အမ... ကျွန်မတို့လည်း... သူတို့နောက် လိုက်သွားကြရအောင်"

"ဘာပဲဖြစ်ဖြစ်... ကိုယ့်ဘာသာ ထွက်သွားတာထက် သူတို့နောက်ကနေ လိုက်သွားတာက ပိုကောင်းလိမ့်မယ်"

ကျိုးရှောင်ရှောင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျိုးလန်က ဘာမှ ပြန်မပြောသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို တွေ့မြင်နေရ၏။

ချန်ရှုရွာမှာ ရွာကြီးတစ်ရွာ မဟုတ်သဖြင့် ရွာသူကြီး၏ အိမ်ကို ရှာဖွေရသည်မှာလည်း သိပ်မခက်ခဲလှပေ။

ရွာထဲရှိ အကြီးမားဆုံးနှင့် အကောင်းမွန်ဆုံးသော အိမ်ကို ရှာလိုက်ရုံဖြင့် ရနိုင်ပေသည်။

ထို့အပြင် ခိုးနားထောင်တဲ့ ရေဒီယိုထဲမှ ကြားခဲ့ရသော သတင်းအချက်အလက်များကလည်း များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

"ဒီနေရာပဲ"

နောက်ဆုံးတွင်တော့ သူတို့အားလုံး အိမ်ကြီးတစ်လုံး၏ အရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအိမ်ကြီးမှာ အခြားအိမ်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာကို ခမ်းနားထည်ဝါနေသည်။

သုံးထပ်တိုက် အဆောက်အအုံလေး ဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်တပ်ဆင်ထားသော မှန်ပြတင်းပေါက်ကြီးများက အခြားသော ရွာသူရွာသားများ၏ အိမ်များနှင့် လုံးဝ ကွာခြားနေသည်။

ကျယ်ဝန်းလှသော ခြံဝင်းကြီးတစ်ခု ရှိနေပြီး ခြံဝင်းထဲတွင် အနက်ရောင် ကားတစ်စီးကိုလည်း ရပ်နားထား၏။

သို့သော် ဤခြံဝင်းကြီးထဲသို့ လူသူအရောက်အပေါက် မရှိသည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ပုံ ရသည်။

အိမ်၏ အပြင်ဘက် နံရံများတွင် အစိမ်းရောင် နွယ်ပင်များက တွယ်ကပ်နေပြီး ထိုမှန်ပြတင်းပေါက် အကြီးကြီးများဆီသို့ နေရောင်ခြည်များ ဖြာကျနေသင့်သည် မဟုတ်ပါလော။

သို့သော် ယခုအချိန်တွင်မူ မီးခိုးရောင် အုံ့မှိုင်းနေပြီး လူကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည်။

ထိုအုံ့မှိုင်းနေသော ပြတင်းပေါက်ကြီးများ၏ အနောက်ဘက်တွင် ထူးဆန်းကျောချမ်းဖွယ် သတ္တဝါတစ်ကောင်က ပုန်းကွယ်နေပြီး သူတို့အဖွဲ့ကို ချောင်းမြောင်းကြည့်ရှုနေသကဲ့သို့ ခံစားနေရ၏။

သာမန်လူ တစ်ယောက်သာဆိုလျှင် ဤကဲ့သို့ ကျောချမ်းဖွယ်ကောင်းလှသော အိမ်ကြီးမျိုးကို မြင်လိုက်သည်နှင့် အဝေးဆုံးသို့သာ ပြေးထွက်သွားချင်မိကြမည်မှာ သေချာလှသည်။

ဆက်ရန်...

All Chapters