← Chapters

အခန်း ၂၇

Vol. 2 Ch. 27

အခန်း ၂၇

Vol. 2 Ch. 27

အပိုင်း(၂၇) ရိက္ခာများဆက်လက်ရှာဖွေခြင်း

သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးများထဲတွင် သတိထားမှုနှင့် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်များကို ကိုယ်စီ တွေ့မြင်လိုက်ရ၏။

ဒီတစ်ကြိမ် ချန်ရှုရွာ၏ အန္တရာယ် ကြီးမားမှု အတိုင်းအတာက ရှင်းဟွာမြို့ထက် အဆင့်များစွာ ပို၍ မြင့်မားနေသည်။

ဒါက ရွာလေးတစ်ရွာသာ ရှိသေးသည် မဟုတ်ပါလော။

"ဝင်ကြရအောင်... အချိန် သိပ်မရှိတော့ဘူး"

ချန်းရီက ဆေးလိပ်ပြာကို ခါချလိုက်ရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

ထယ်ရှီးက ဧရာမ ကျောပိုးအိတ်ကြီးကို လွယ်ထားရင်း စကားတစ်ခွန်းမျှ မဆိုဘဲ ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။

နာနာကလည်း သူမ၏ ရှည်လျားသော ခြေတံကြီးများဖြင့် လှမ်းကာ နောက်ကျောမှ မြင်းမြီးပုံ ဆံပင်လေး ယိမ်းထိုးနေလျက် အနောက်မှ ကပ်၍ လိုက်ပါသွား၏။

ချန်းရီက ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်လိုက်ပြီး လက်ကိုင်ဒူးလေးကို ပင့်မကာ သူတို့အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

ကျိုးလန် အထဲသို့ ဝင်ရန် ပြင်လိုက်ချိန်တွင် ခပ်ကိုင်းကိုင်း အရိပ်တစ်ခုက သူတို့ညီအမနှစ်ယောက်ထက်ပင် ပို၍ မြန်ဆန်စွာဖြင့် ချန်းရီ၏ အနောက်သို့ ကပ်ပါသွားသည်ကို တွေ့လိုက်ရ၏။

"ကောင်လေး... လူကြီးသူမတွေကို ဦးစားပေးရမယ်ဆိုတာ နားမလည်ဘူးလား"

ကျိုးရှောင်ရှောင် လှမ်းကြည့်လိုက်ရာ အစောပိုင်းက ချန်းရီနှင့် ပြဿနာတက်ခဲ့သော အဘွားအို ဖြစ်နေသဖြင့် ချက်ချင်းပင် ဒေါသထွက်ကာ အော်ဆဲချင်စိတ် ပေါက်သွားတော့သည်။

ကျိုးလန်က အဘွားအိုနှင့် ရန်တွေ့ရန် ပြင်နေသော ညီမဖြစ်သူကို လက်လှမ်းဆွဲလိုက်ပြီး ယခုအချိန်သည် ရန်ဖြစ်ရမည့် အချိန်မဟုတ်ကြောင်း အချက်ပြလိုက်၏။

ထိုအခါမှသာ ကျိုးရှောင်ရှောင်သည် ဒေါသများကို မျိုသိပ်ကာ ငြိမ်ကျသွားတော့သည်။

ရွာသူကြီး၏ အိမ်ကြီးသည် အပြင်ပန်းကိုသာ ကြည့်မည်ဆိုပါက အခြားရွာသားများ၏ အိမ်များထက် များစွာ ပို၍ ခမ်းနားထည်ဝါနေသည်။

အိမ်တွင်း အပြင်အဆင်ကလည်း အခြားရွာသားများထက် အများကြီး ပို၍ ဇိမ်ခံဆန်လှ၏။

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဥရောပစတိုင် သားရေဆိုဖာကြီး တစ်လုံးကို တွေ့ရပြီး အလွန် ကြီးကျယ်ခမ်းနားသည့် ပုံစံပေါက်နေသည်။

ဆိုဖာအလယ်တွင် စကျင်ကျောက် ကော်ဖီစားပွဲ တစ်လုံးရှိပြီး ကျောက်သား အနုစိတ် အကွက်များက သဘာဝကျကာ ရှင်းလင်းပြတ်သားနေ၏။

အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤဆိုဖာနှင့် ကော်ဖီစားပွဲအစုံသည် အတုဖြစ်စေ အစစ်ဖြစ်စေ တန်ဖိုး မသေးလှပေ။

ဓာတ်မီးရောင်က အခန်းတွင်းသို့ တစ်ပတ် လှည့်လည် ထိုးပြလိုက်သည်။

အခန်းတွင်းရှိ ပတ်ဝန်းကျင် အခြေအနေကို လူတိုင်း၏ မျက်လုံးများထဲတွင် မြင်တွေ့လိုက်ကြရ၏။

"အားလုံး ဟိုဟိုဒီဒီ လိုက်ရှာကြည့်ကြပါ... ရိက္ခာရှာတွေ့တဲ့သူ လှမ်းပြောပေးပါနော်"

"အချိန်သိပ်မရှိတော့ဘူး... မြန်မြန်လေး လုပ်ကြရအောင်"

နာနာ၏ ဓာတ်မီးရောင်က ပတ်ဝန်းကျင်သို့ မရပ်မနား ထိုးပြနေသည်။

လူအားလုံး ပထမဆုံး ရှာဖွေကြသည့် နေရာမှာ သေချာပေါက် မီးဖိုချောင်ပင် ဖြစ်သည်။

ရွာသူကြီးအိမ်၏ မီးဖိုချောင်က အလွန် ကြီးမားလှပြီး စတုရန်းပေ ၂၀၀ ကျော်ခန့် ကျယ်ဝန်းကာ မြို့ကြီးပြကြီးများတွင် သာမန်လူတန်းစားများ ငှားရမ်းနေထိုင်ရသည့် အခန်းများထက်ပင် ပို၍ ကြီးမားနေသေးသည်။

မကြာမီမှာပင် လူအုပ်ကြီးသည် မီးဖိုချောင်ထဲမှ ဂျုံမှုန့်နှင့် ဆန်များ၊ ခြောက်သွေ့သော ခေါက်ဆွဲထုပ်ကြီး နှစ်ထုပ်အပြင် အခြားသော ဟင်းချက်စရာ ပါဝင်ပစ္စည်း အချို့ကိုပါ ရှာဖွေတွေ့ရှိသွားကြ၏။

ရှာဖွေတွေ့ရှိမှု အချို့ ရှိခဲ့သော်လည်း ဤမျှလောက်သော ရိက္ခာလေးက လူအားလုံးအတွက် လုံလောက်မှု မရှိနိုင်ပေ။

ခိုးနားထောင်တဲ့ ရေဒီယို ထဲတွင် ပြောခဲ့ဖူးသည်မှာ မိုးမခပင်ကြီးစူပါမားကတ်နှင့် ရွာသူကြီးအိမ်တို့၌ လုံလောက်သော ရိက္ခာများ ရှိသည်ဟူ၍ ဖြစ်သည်။

အကယ်၍ ဤမျှသာ ရှိမည်ဆိုပါက လုံးဝ လုံလောက်မည် မဟုတ်ပေ။

လူအားလုံးက ဇွဲမလျှော့ဘဲ ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်သည်။

မကြာမီမှာပင် အချို့က ဒုတိယထပ်နှင့် တတိယထပ်သို့ တက်သွားကြ၏။

ဝမ်းနည်းစရာကောင်းသည်မှာ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် မည်သည့် ရိက္ခာမျှ မတွေ့ရှိခဲ့ရခြင်းပင်။

ဒုတိယထပ်သည် ဧည့်ခန်းကျယ်ကြီး တစ်ခုဖြစ်ပြီး ဧည့်ခန်းအလယ်တွင် ဘိလိယက်စားပွဲ တစ်လုံး ရှိကာ စားပွဲတစ်ဖက်တစ်ချက်စီတွင် ဆိုဖာတန်းများ ရှိပြီး အိပ်ခန်းနှစ်ခန်းလည်း ပါရှိသည်။

တတိယထပ်တွင်မူ လက်ဖက်ရည်သောက်သည့် အခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာ ရှိပြီး အခြား မည်သည့်အရာမျှ မရှိပေ။

ဤအထပ်နှစ်ထပ်လုံးတွင် ရိက္ခာပစ္စည်းဟူ၍ တစ်စက်ကလေးမျှ ရှာမတွေ့ခဲ့ပေ။

သို့သော် အဝတ်အစားများနှင့် အိတ်များကိုတော့ အများအပြား တွေ့ရှိခဲ့ရ၏။

ထိုအထဲတွင် ဇိမ်ခံပစ္စည်း အများအပြားပင် ပါဝင်သေးသည်။

ဤရွာသူကြီးသည် ရွာထဲတွင် ငွေညှစ်ထားသည်က မနည်းလှကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤအရာများသည် အလွန် တန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်ကြသည်။

သို့သော် ယခုအချိန်တွင်မူ ဤပစ္စည်းများကို မည်သူကမျှ စိတ်ဝင်စားခြင်း မရှိကြတော့ပေ။

အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးထဲတွင် ဤဇိမ်ခံပစ္စည်းများသည် ပေါင်မုန့်တစ်လုံးလောက်ပင် တန်ဖိုးရှိမည် မဟုတ်ချေ။

ချန်းရီကမူ တတိယထပ်ရှိ အဝတ်ဗီရိုထဲတွင် စမတ် နာရီတစ်လုံးကို ရှာတွေ့ခဲ့သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤကဲ့သို့သော စမတ် နာရီများသည် အလွန် ခေတ်စားခဲ့ပြီး လူငယ်အများစုက ၎င်းတို့ကို ဝယ်ယူကာ လက်ကောက်ဝတ်တွင် ဝတ်ဆင်လေ့ ရှိကြသည်။

သာမန် ရိုးရာ စက်ယန္တရား နာရီများနှင့် ယှဉ်လျှင် စမတ် နာရီများ၏ လုပ်ဆောင်ချက်များက ပို၍ စွမ်းရည်မြင့်မားကာ စိတ်ဝင်စားဖွယ် လုပ်ဆောင်ချက်များစွာ ပါဝင်ပြီး လက်ကိုင်ဖုန်းနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်သဖြင့် လူငယ်များ၏ နှစ်သက်သဘောကျမှုကို အထူး ရရှိခဲ့သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤစမတ် နာရီတစ်လုံးသည် အနည်းဆုံး ယွမ် ခုနစ်ထောင် ရှစ်ထောင်ခန့် တန်ကြေးရှိသဖြင့် ချန်းရီအနေဖြင့် လုံးဝ ဝယ်ယူရက်မည် မဟုတ်ပေ။

ထိုကဲ့သို့သော နာရီမျိုးကို ဤနေရာတွင် တွေ့လိုက်ရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"အရင်က ဒီလိုနာရီမျိုး ကျွန်မဆီမှာလည်း တစ်လုံး ရှိဖူးတယ်... ဒါပေမဲ့ အခုက ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီဆိုတော့ အားသွင်းဖို့ နည်းလမ်းမရှိရင် အမှိုက်သဘောမျိုးပဲ ဖြစ်သွားတော့မှာပါ"

နာနာက ချန်းရီ၏ လက်ထဲမှ စမတ် နာရီကို ကြည့်ကာ အနည်းငယ် နှမြောတသသော လေသံဖြင့် ပြောလိုက်သည်။

"ရပါတယ်... လူသားတွေရဲ့ ယဉ်ကျေးမှု အမှတ်တရ ပစ္စည်းတစ်ခုအနေနဲ့ပဲ ထားလိုက်မယ်"

ချန်းရီက ပခုံးတွန့်လိုက်ပြီး ထိုစမတ် နာရီကို ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်၏။

အချိန်တန်၍ ချူချယ်၏ လက်ထဲမှ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို လဲလှယ်ရရှိလာပါက ဤနာရီကို အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေလိမ့်မည်။

ကမ္ဘာပျက်ကပ်ထဲတွင် မည်သည့် ရိက္ခာပစ္စည်းမဆို ၎င်း၏ ကိုယ်ပိုင် အသုံးဝင်မှု ရှိစမြဲပင်။

အချိန်မှတ်သားနိုင်သော စမတ် နာရီတစ်လုံး ဆိုလျှင် ပို၍ပင် အသုံးဝင်သေးသည် မဟုတ်ပါလော။

လူအုပ်ကြီးမှာ ဒုတိယထပ်နှင့် တတိယထပ်တွင် မည်သည့်အရာမျှ ရှာမတွေ့ခဲ့သဖြင့် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ကြရသည်။

ယခုအချိန်တွင် နှစ်နာရီခွဲ ရှိနေပြီဖြစ်ပြီး ရွာထဲမှ ထွက်ခွာရန် အချိန် တစ်နာရီခွဲသာ ကျန်ရှိတော့သည်။

ပထမထပ်သို့ ရောက်သောအခါ လူအုပ်ကြီးမှာ လက်မလျှော့ချင်သေးသဖြင့် နောက်တစ်ကြိမ် ထပ်မံ ရှာဖွေကြပြန်၏။

"ဒီမှာ"

အံ့သြတကြီး အော်ဟစ်သံတစ်သံက လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

လူတိုင်းက ထိုနေရာသို့ အသီးသီး လှမ်းကြည့်လိုက်ကြ၏။

ထိုအခါ မျက်မှန်တပ်ထားပြီး သံပိုက်လုံး ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က လှေကားအနီးရှိ မြေအောက်တံခါးပေါက် တစ်ခုကို ဝမ်းသာအားရ လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် မြေအောက်တံခါးမှာ ပွင့်နေပြီဖြစ်ပြီး မှောင်မည်းနေသော အပေါက်ကြီးက လူငယ် လက်ညှိုးထိုးပြနေသော နေရာ၌ ရှိနေ၏။

"ဒီမှာ မြေအောက်ခန်း ရှိတယ်"

နာနာက တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လူငယ်ရှိရာသို့ ရောက်ရှိသွားသည်။

အခြားသူများကလည်း ဝိုင်းအုံလာကြ၏။

ဓာတ်မီးရောင် အချို့က မြေအောက်ခန်းဆီသို့ ထိုးပြလိုက်ကြရာ မှောင်မည်းနေသော မြေအောက်ခန်းထဲတွင် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရပေ။

"ရွာသူကြီးအိမ်မှာ ဘယ်လိုလုပ်ပြီး မြေအောက်ခန်း ရှိနေရတာလဲ"

"ဒါက ဘာဆန်းလို့လဲ... သာမန် အိမ်ကြီးတွေ အများစုမှာ မြေအောက်ခန်း ပါကြတာချည်းပဲကို"

"ရွာသူကြီးက ရိက္ခာတွေ အကုန်လုံးကို မြေအောက်ခန်းထဲ ဖွက်ထားတာများလား"

"ဖြစ်နိုင်တယ်... အောက်ဆင်းပြီး သွားကြည့်ကြမလား"

"မင်းက ဘာလို့ မဆင်းတာလဲ"

ခဏချင်းမှာပင် လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ငြင်းခုံနေကြသော်လည်း မည်သူကမျှ မြေအောက်ခန်းထဲသို့ မဆင်းရဲကြပေ။

ပုံမှန်အားဖြင့် မြေအောက်ခန်း ဆိုသည်မှာ လေလုံပြီး ပိတ်လှောင်နေသော နေရာမျိုး ဖြစ်သည်။

ထိတ်လန့်ကြောက်မက်ဖွယ် ရုပ်ရှင်ကားများထဲမှ ကြောက်စရာကောင်းသော ဇာတ်ဝင်ခန်း အများစုမှာ မြေအောက်ခန်းများထဲတွင်သာ ဖြစ်ပျက်လေ့ရှိကြသည်။

လူအားလုံးက ခန့်မှန်းချက် အမျိုးမျိုး ထုတ်နေကြသော်လည်း တကယ်တမ်း အောက်သို့ ဆင်းခိုင်းမည် ဆိုပါက မည်သူကမျှ မဆင်းရဲကြချေ။

ချန်းရီကလည်း မျက်မှောင်ကြုတ်လိုက်၏။

မြေအောက်ခန်းထဲတွင် တစ်ခုခု ရှိနေမည်မှာ အလွန် သိသာထင်ရှားနေသည်။

"ကျွန်မ အရင်ဆင်းပြီး ကြည့်လိုက်မယ်"

နာနာက စကားနှစ်ခွန်း မပြောတော့ဘဲ ဦးစွာ ခုန်ဆင်းသွားလေသည်။

ဓာတ်မီးရောင်က မြေအောက်ခန်းထဲတွင် ဟိုဟိုဒီဒီ ရွေ့လျားနေသည်ကို တွေ့မြင်နိုင်သည်။

မကြာမီမှာပင် အောက်ဘက်ဆီမှ မိန်းကလေး၏ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

"ချန်းရီ... ထယ်ရှီး... ဒီမှာ အာလူးတွေ နည်းတာမဟုတ်ဘူး"

"အများကြီးပဲ"

ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်လာကြသည်။

"ကျွန်တော်လည်း ဆင်းကြည့်လိုက်ဦးမယ်"

အစောပိုင်းက မြေအောက်တံခါးပေါက်ကို ရှာတွေ့ခဲ့သော လူငယ်က ကမန်းကတန်း ပြောလိုက်၏။

လူအုပ်ကြီး တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လူငယ်က ပထမဆုံးအဖြစ် ခုန်ဆင်းသွားခဲ့သည်။

"အမ... အပေါ်ကနေ ကြည့်ထားပေးနော်... ညီမလေး အောက်ဆင်းလိုက်မယ်"

ကျိုးရှောင်ရှောင်က လူငယ်၏ အနောက်မှ ကပ်၍ ဆင်းသွားသည်။

မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူများက တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ခုန်ဆင်းသွားကြ၏။

ထိုအဘွားအိုပင်လျှင် တုံ့ဆိုင်းမနေဘဲ ခုန်ဆင်းသွားခဲ့သည်။

သူမ၏ သွက်လက်သော လှုပ်ရှားမှုများက လူငယ်တစ်ယောက်ထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။

ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ရိက္ခာသည်သာ အရာအားလုံး ဖြစ်သည် မဟုတ်ပါလော။

"ချန်းရီ... ထယ်ရှီး... ရှင်တို့နှစ်ယောက် အောက်မဆင်းနဲ့တော့... အပေါ်ကနေပဲ စောင့်နေကြ... ကျွန်မ အာလူးတွေ ထည့်ပေးမယ်... ရှင်တို့က အပေါ်ကနေ လှမ်းယူပေး"

"သိပြီ"

မကြာမီမှာပင် အာလူးများ အပြည့်ထည့်ထားသော ကျောပိုးအိတ် တစ်လုံးကို မိန်းကလေးက မြေအောက်ခန်း အပေါက်ဝသို့ ကမ်းပေးလိုက်သည်။

ထယ်ရှီးက မြေအောက်ခန်း အပေါက်ဝတွင် မှောက်လျက် အနေအထားဖြင့် လက်တစ်ဖက်တည်း သုံးကာ ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်၏။

အကယ်၍ ဤကျောပိုးအိတ်ကိုသာ ချန်းရီ ဖမ်းယူရမည်ဆိုပါက ဤမျှ ပေါ့ပါးလွယ်ကူမည် မဟုတ်ပေ။

မကြာမီမှာပင် အာလူးများ အပြည့်ထည့်ထားသော အခြား အိတ်ကြီးတစ်လုံးကို ထယ်ရှီးက လက်တစ်ဖက်တည်းဖြင့် ဆွဲယူကာ အပေါ်သို့ တင်ပေးလိုက်ပြန်သည်။

ကျိုးလန်ကလည်း ဘေးမှနေ၍ ကူညီပေးနေ၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုထယ်ရှီး"

၎င်းမှာ ကျိုးရှောင်ရှောင်၏ ချိုသာသော ကျေးဇူးတင်စကားသံလေးပင် ဖြစ်သည်။

ချန်းရီက လက်ကိုင်ဒူးလေးကို ကိုင်ဆောင်ကာ ထယ်ရှီး၏ ဘေးတွင် စောင့်ကြပ်နေသည်။

ချွေးစေးတစ်ပေါက်က ချန်းရီ၏ နဖူးစွန်းမှနေ၍ မေးစေ့အထိ စီးကျလာပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ခေါက်ခနဲ ကျဆင်းသွား၏။

ယခုအချိန်တွင် ချန်းရီ၏ မျက်လုံးများထဲ၌ ခပ်ကိုင်းကိုင်း အရိပ်တစ်ခုက ပထမထပ်၏ တံခါးမကြီးဝတွင် ရပ်နေပြီး ထိုလူအုပ်ကြီးကို ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ရွှစ်"

လက်ထဲမှ ဒူးလေး မြှားတံက ပစ်ထွက်သွားခဲ့ပြီ။

ထယ်ရှီးက ချန်းရီ မြှားပစ်လိုက်သော အသံကို ကြားလိုက်ရသဖြင့် တစ်ကိုယ်လုံး တင်းမာသွားကာ လှည့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။

"ရှောင်ရီ... မင်း ဘာတွေ့လို့လဲ"

ဘေးနားရှိ ကျိုးလန်ကလည်း ထိတ်လန့်နေသော မျက်နှာဖြင့် ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုနေသည်။

"ဘာမှမဖြစ်ဘူး ထယ်ရှီး... မြန်မြန်လုပ်... ငါ့စိတ်ထဲ တစ်ခုခု လွဲချော်နေသလို ခံစားရတယ်... ဒီနေရာကနေ မြန်မြန် ထွက်သွားကြရအောင်"

ထယ်ရှီးက ဘယ်ညာ လှည့်ကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် ညည်းတွားလိုက်၏။

"ရှောင်ရီရာ... အချင်းချင်း ခြောက်လှန့်နေရင် လန့်သေကုန်တော့မှာပဲ"

စကားပြောပြီးသည်နှင့် ဤလူကောင်ကြီးက မြေအောက်ခန်းထဲမှ အာလူးများကို ဆက်လက် ဆွဲတင်နေသည်။

သို့သော် သူ၏ လှုပ်ရှားမှုများက များစွာ ပို၍ မြန်ဆန်လာ၏။

သို့သော်လည်း ချန်းရီ၏ မျက်နှာပေါ်ရှိ တင်းမာမှုများက တစ်စက်ကလေးမျှ လျော့ကျသွားခြင်း မရှိပေ။

စောစောက ဒူးလေးမြှားတံကို ပစ်ခတ်ပြီးနောက်...

ချန်းရီ၏ စနစ်ဆီမှ အသိပေးချက် တစ်ခု လက်ခံရရှိခဲ့သည်။

[သင်သည် ခါးကုန်းရုပ်သေးအဘိုးအိုကို ထိခိုက်ဒဏ်ရာ ရစေခဲ့သည့်အတွက် သတ်ဖြတ်မှတ် +၁၀၀ ရရှိပါသည်]

ဆက်ရန်...

All Chapters