← Chapters

အခန်း ၂၈

Vol. 2 Ch. 28

အခန်း ၂၈

Vol. 2 Ch. 28

အပိုင်း(၂၈) အလျှံအပါယ်ရိက္ခာများ

မြေအောက်ခန်း သို့မဟုတ် မြေအောက်လှိုဏ်ခေါင်းထဲတွင် သိုလှောင်ထားသော ရိက္ခာပစ္စည်းများ၏ ပေါများကြွယ်ဝမှုက လူတိုင်း၏ မျှော်လင့်ထားမှုထက် အများကြီး ပိုမို လွန်ကဲနေခဲ့သည်။

ချန်းရီက ချန်ရှုရွာသူကြီးသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ကြိုတင်သိရှိထားခဲ့ပြီး သူ၏အိမ်ရှိ မြေအောက်ခန်းထဲတွင် ရိက္ခာအချို့ကို သိုလှောင်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်၏။

အောက်သို့ဆင်းသွားသူများထံမှ ပြန်ကြားရသော သတင်းများအရ မြေအောက်ခန်းထဲတွင် အာလူးနှင့် ကန်စွန်းဥများသာမက စည်သွပ်ဘူးများ၊ ဆန်နှင့် ဂျုံမှုန့်များကိုပါ အများအပြား တွေ့ရှိခဲ့ရသည်။

ထိုအချိန်ကျမှသာ ချန်းရီက ခေါင်းဆောင်ချူ၏ ထိုခိုးနားထောင်တဲ့ ရေဒီယိုသည် အလွန်တရာ ရှားပါးပြီး အဖိုးတန်သော ရတနာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

အကယ်၍ ခိုးနားထောင်တဲ့ ရေဒီယိုထံမှ သတင်းအချက်အလက်သာ မရခဲ့လျှင်။

ဤမျှများပြားသော ရိက္ခာများကို ရှာဖွေတွေ့ရှိရန်မှာ တစ်ရက်နှစ်ရက်နှင့် လုံးဝ မဖြစ်နိုင်ပေ။

မြေအောက်ခန်းထဲမှ အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သော အသံများက မကြာခဏ ထွက်ပေါ်လာနေ၏။

"အဒေါ်ကြီးကျောက်... မြန်မြန်တက်ခဲ့တော့... အချိန်မီမှာ မဟုတ်တော့ဘူး"

မျက်မှန်တပ်ထားသော လူငယ်က ကျင်းဝတွင် ဝပ်ကာ မြေအောက်ခန်းထဲ၌ အာလူးများ ထည့်နေဆဲဖြစ်သော အဘွားအိုအား အလောတကြီး လှမ်းပြောလိုက်သည်။

ထိုအချိန်ကျမှသာ ချန်းရီက မိမိနှင့် ပြဿနာဖြစ်ခဲ့သော ထိုအဘွားနှင့်မြေး နှစ်ယောက်တွင် အဘွားဖြစ်သူ၏ မျိုးရိုးနာမည်မှာ ကျောက် ဖြစ်ကြောင်း သိလိုက်ရတော့၏။

"ရှောင်ဖူ... အဒေါ်ကြီးကို ခဏလောက် ထပ်စောင့်ပေးပါဦး... ဒီလောက်များတဲ့ ရိက္ခာတွေကို မနည်း ရှာတွေ့ထားတာ... ဒီတစ်ခါ များများမထည့်သွားရရင် နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်"

မြေအောက်ခန်းထဲမှ အဘွားအို၏ အသံ ထွက်ပေါ်လာသည်။

မျက်မှန်တပ်ထားပြီး သံပိုက်လုံးကို ကိုင်ဆောင်ထားသော လူငယ်လေးသည် အသက် (၂၀) ဝန်းကျင်ခန့်သာ ရှိသေးပြီး တက္ကသိုလ်မှ ဘွဲ့မရသေးသည့်ပုံ ပေါက်နေကာ သူ၏ မျက်ဝန်းများထဲတွင် တက္ကသိုလ်ကျောင်းသားများ၌သာ ရှိတတ်သော ဖြူစင်မှုမျိုးက မကြာခဏ ပေါ်လွင်နေတတ်သည်။

ယခင်က ဤမြေအောက်ခန်းကို ရှာဖွေတွေ့ရှိခဲ့သူမှာလည်း ဖူ မျိုးရိုးရှိသော ဤတက္ကသိုလ်ကျောင်းသားပင် ဖြစ်၏။

ယခုအခါ ယာဉ်တန်းထဲတွင် ထိုအဘွားနှင့်မြေးကို မြင်သူတိုင်းက ရွံရှာမုန်းတီးနေကြပြီ ဖြစ်သော်လည်း ဤတက္ကသိုလ်ကျောင်းသားလေး တစ်ယောက်သာလျှင် သူတို့ကို အဖက်လုပ်၍ စကားပြောဆိုနေသေးသည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများမှာမူ မြေအောက်ခန်းထဲမှ တွားသွားကာ တက်လာခဲ့ကြပြီ ဖြစ်သည်။

အရင်က ကုန်စုံဆိုင်ငယ်လေးထဲမှ ထွက်လာစဉ်က လူအများစု၏ ကျောပိုးအိတ်များတွင် ပစ္စည်းတစ်ဝက်ခန့်သာ ပါရှိသော်လည်း ယခုအခါတွင်မူ လူတိုင်း၏ ကျောပိုးအိတ်များမှာ ပြည့်အစ်ဖောင်းကားနေပြီး သူတို့၏ မျက်နှာများထက်တွင်လည်း ကျေနပ်အားရသော အပြုံးများက ဖုံးလွှမ်းနေကြသည်။

လူအများအပြားက ဤရိက္ခာများကို ထည့်သယ်နိုင်ရန်အတွက် ယခင် ကုန်စုံဆိုင်ငယ်လေးထဲမှ ရရှိခဲ့သော သရေစာမုန့်များကိုပင် အပြင်သို့ သွန်ချလိုက်ကြပြီး အာလူး၊ ကန်စွန်းဥ၊ ဆန်နှင့် ဂျုံမှုန့်များကိုသာ အပြည့်အသိပ် ထည့်သွင်းခဲ့ကြ၏။

မည်သို့ပင်ဆိုစေ အာလူးကြော်နှင့် အစပ်ချောင်းများထက်စာလျှင် သူကြီးအိမ်မှ ရရှိသော ရိက္ခာများက ပို၍ ဗိုက်ဝစေပြီး ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်သန်ရန်အတွက် ပိုမို သင့်တော်ပေသည်။

အချို့သူများက သူတို့၏ အပေါ်ဝတ်အင်္ကျီများကိုပင် ချွတ်ကာ ရိက္ခာများ အပြည့်ထည့်ပြီး ရင်ခွင်ထဲ၌ ပိုက်ထားကြသေး၏။

ထယ်ရှီး၏ ကျောဘက်ရှိ အလွန်တရာ ကြီးမားလှသော ကျောပိုးအိတ်ကြီးမှာလည်း ယခုအခါ ပြည့်သိပ်နေအောင် အထည့်ခံထားရပြီ ဖြစ်သည်။

ထယ်ရှီးက ဤကျောပိုးအိတ်ကြီးကို လွယ်ထားရသည်မှာ တောင်ကုန်းငယ်လေး တစ်ခုကို ထမ်းထားရသကဲ့သို့ ဖြစ်နေပြီး မြင်ရသူတိုင်းကို အံ့သြမှင်သက်သွားစေသည်။

ထိုကဲ့သို့သော ကျောပိုးအိတ်မျိုးကို ထယ်ရှီးကဲ့သို့သော လူ့ဘီလူးကြီးမှလွဲ၍ အခြားမည်သူကမျှ လွယ်နိုင်မည် မဟုတ်ပေ။

ဤလူ့ဘီလူးကြီးသည် ကျောပေါ်တွင် တောင်ကုန်းလေးနှင့်တူသော ကျောပိုးအိတ်ကြီးကို လွယ်ထားရုံသာမက ရင်ခွင်ထဲတွင်လည်း အထုပ်ကြီး အတော်များများကို ပိုက်ထားသေးရာ ထိုအထုပ်များထဲတွင်လည်း ရိက္ခာများ အများအပြား ပါဝင်နေမည်မှာ သေချာလှသည်။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မနှစ်ယောက်၏ ကိုယ်ပေါ်တွင်လည်း ရိက္ခာများဖြင့် ပြည့်နှက်နေ၏။

ကျိုးလန်က ရင်ဘတ်နှင့် ကျောဘက်တို့တွင် အိတ်တစ်လုံးစီကို လွယ်ထားပြီး လက်ထဲတွင်လည်း အိတ်တစ်လုံးကို ဆွဲကိုင်ထားသေးသည်။

ကျိုးရှောင်ရှောင်၏ ကိုယ်ပေါ်ရှိ ရိက္ခာများသည်လည်း အစ်မဖြစ်သူ ကျိုးလန်ထက် လျော့နည်းခြင်း မရှိပေ။

လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ လွှမ်းခြုံနေကြသည်။

ဆန့်ကျင်ဘက်အားဖြင့် နာနာနှင့် ချန်းရီတို့ နှစ်ယောက်၏ ကိုယ်ပေါ်ရှိ ရိက္ခာများကသာ အနည်းဆုံးဟု ဆိုရပေမည်။

"အချိန်သိပ်မစောတော့ဘူး... ကျွန်တော်တို့ ဒီကနေ မြန်မြန် ထွက်သွားကြရအောင်"

ချန်းရီက အလျင်စလို တိုက်တွန်းလိုက်သည်။

နာနာက သူမ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာလည်း စိုးရိမ်တကြီး ဖြစ်လာခဲ့၏။

"(၄) နာရီထိုးဖို့ မိနစ် (၄၀) ပဲ လိုတော့တယ်... ကျွန်မတို့ ဒီမိနစ် (၄၀) အတွင်း ရွာထဲကနေ မဖြစ်မနေ ထွက်သွားရမယ်"

"သွားကြမယ်"

လူအုပ်ကြီးက သူကြီးအိမ်ထဲမှ ထွက်ခွာရန် ခြေလှမ်းများကို အသီးသီး ခပ်သုတ်သုတ် ပြင်လိုက်ကြသည်။

ချန်းရီ တစ်ယောက်သာလျှင် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့၏။

ဤတစ်ခေါက် ခရီးစဉ်သည် အလွန် ချောမွေ့နေခဲ့သည်။

ဤကဲ့သို့ ချောမွေ့နေမှုက ချန်းရီ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု တစ်ရပ်ကို အစဉ်အမြဲ ဖြစ်ပေါ်စေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက ရှေ့တွင် သူတို့ကို စောင့်ကြိုနေသကဲ့သို့ ခံစားနေရသည်။

"နင်တို့... နင်တို့ ငါ့ကိုလည်း စောင့်ကြပါဦး"

မြေအောက်ခန်းထဲရှိ အဘွားအိုသည် လူအုပ်ကြီး ထွက်ခွာသွားတော့မည်ကို ကြားလိုက်ရပုံပေါ်ပြီး မြေအောက်ခန်းထဲမှ အလောတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

ရှောင်ဖူ ဟုခေါ်သော တက္ကသိုလ်ကျောင်းသားလေးမှလွဲ၍ မည်သူကမျှ ထိုအဘွားအိုကို ဂရုမစိုက်ကြချေ။ အချို့သူများ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်နေသော အမူအရာများပင် ပေါ်လွင်နေကြသေး၏။

ဒုက္ခပေးတတ်သူများက အသက်ပိုရှည်တတ်သည် ဆိုသည့်စကားက မှန်ကောင်း မှန်ပေလိမ့်မည်။

ထိုအဘွားအိုသည် သဘောကောင်းသော တက္ကသိုလ်ကျောင်းသားလေး၏ အကူအညီဖြင့် မြေအောက်ခန်းထဲမှ တက်လာနိုင်ခဲ့သည်။

ထိုအဘွားအို၏ ကိုယ်ပေါ်ရှိ ရိက္ခာများကို ချန်းရီ မြင်လိုက်ရသောအခါ သူ တစ်ကိုယ်လုံး မှင်သက်သွားခဲ့ရ၏။

ထိုအဘွားအို၏ တစ်ကိုယ်လုံးတွင် ရိက္ခာများဖြင့် ပြည့်နှက်နေသည်။

ကျောဘက်တွင် ကြီးမားလှသော ကျောပိုးအိတ်ကြီးကို လွယ်ထားသည်မှာ မပြောနှင့်ဦး၊ လက်နှစ်ဖက်စလုံးတွင်လည်း အထုပ်ကြီး တစ်ထုပ်စီကို ဆွဲကိုင်ထားပြီး လည်ပင်းတွင်ပါ အထုပ်တစ်ထုပ်ကို ချိတ်ဆွဲထားသေးသည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် နှိုင်းယှဉ်ပါက ဤအဘွားအို စုဆောင်းရရှိခဲ့သော ရိက္ခာများက အများဆုံးပင် ဖြစ်နေ၏။

အခြားသူများက သူမအား ကြည့်နေကြသည်ကို မြင်သောအခါ ထိုအဘွားအိုမှာ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေသေးသည်။

အဘိုးအို၊ အဘွားအိုများ၏ ခွန်အားက မကောင်းဘူးဟု မထင်လိုက်လေနှင့်။

နေ့မအား ညမနား အလုပ်လုပ်နေရသော သနားစရာ လူငယ်လေးများနှင့် ယှဉ်ပါက ဤအဘိုးအို၊ အဘွားအိုများ၏ ခွန်အားက သုံး၍မကုန်နိုင်လောက်အောင်ပင် ဖြစ်သည်ဟု ဆိုရပေမည်။

မယုံလျှင် ကုန်တိုက်ကြီးများ၌ ကြက်ဥ လုဝယ်ကြသည့် နေရာများတွင်ဖြစ်စေ၊ အချို့သော ကမ္ဘာလှည့်ခရီးသည်များ သွားရောက်ရာ နေရာများတွင်ဖြစ်စေ သွားရောက် ကြည့်ရှုနိုင်သည်။

သို့သော်လည်း ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ဤမျှများပြားသော ရိက္ခာများကို သယ်ဆောင်သွားခြင်းက သေလမ်းရှာနေသည်နှင့် ဘာမျှမကွာခြားကြောင်း သေချာလှပေသည်။

ချန်းရီက ထိုအဘွားအိုကို ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်ကိုသာ သတိကြီးစွာဖြင့် အကဲခတ်နေလိုက်သည်။

စောစောက ခါးကုန်းရုပ်သေးအဘိုးအိုမှာ ယခုအခါတွင် အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"ကျွန်မတို့ သွားကြရအောင်"

ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ဓားနတ်ဘုရား မိန်းကလေး နာနာက ရှေ့ဆုံးမှ ထွက်သွားသည်။

သူမ၏ နောက်တွင်တော့ လူ့ဘီလူးကြီး ထယ်ရှီးက ကပ်ပါလာ၏။

သို့သော် ထယ်ရှီး၏ ကျောပိုးအိတ်ကြီးမှာ အလွန်တရာ ကြီးမားလွန်းနေသဖြင့် တံခါးပေါက်မှ ထွက်ချိန်တွင် အနည်းငယ် အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးတွင် သူကြီးအိမ်၏ တံခါးကို အကြမ်းပတမ်း ဖျက်ဆီးပစ်လိုက်ပြီးမှသာ ကျောပိုးအိတ်ကြီးကို အခန်းထဲမှ အဆင်ပြေပြေ သယ်ထုတ်လာနိုင်တော့၏။

ခြံဝင်းထဲတွင် သူတို့ ဝင်လာစဉ်က အခြေအနေနှင့် ဘာမျှ ကွာခြားသွားခြင်း မရှိပေ။

ထို အနက်ရောင် ဇိမ်ခံကားကြီးက ခြံဝင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နားနေဆဲ ဖြစ်သည်။

ချန်းရီအနေဖြင့် ထိုကားကြီးကို သယ်ထုတ်သွားချင်စိတ် ရှိနေသည်။ အကယ်၍သာ သယ်ထုတ်သွားနိုင်ပါက သူ၏ သုံးဘီးဆိုင်ကယ်ကို အဆင့်မြှင့်တင်ရာတွင် သေချာပေါက် အများကြီး အသုံးဝင်လာမည် ဖြစ်၏။

သို့သော် သူ၏ စွမ်းဆောင်နိုင်ရည်က ကန့်သတ်ချက် ရှိနေသဖြင့် နောင်မှသာ အခွင့်အရေး ရှာရတော့မည် ဖြစ်သည်။

လူအုပ်ကြီးက သူတို့ လာခဲ့သော လမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ရန် စတင်လိုက်ကြသည်။

ကောင်းကင်ယံသည် ယခင်အတိုင်း မီးခိုးရောင် သမ်းနေဆဲပင်။

ရွာ၏ အပြင်ဘက်ရှိ ကောင်းကင်ယံ၌ မီးခိုးရောင် သမ်းနေသော နေမင်းကြီး တစ်စင်းက ထိုအတိုင်းပင် မြင့်မားစွာ တွဲခိုနေ၏။

မည်သူကမျှ စကားမပြောကြသော်လည်း လေထုအခြေအနေမှာ အရင်ကထက် သိသိသာသာကို ပိုမို ကောင်းမွန်နေခဲ့သည်။

နာနာ တစ်ယောက်သာလျှင် လမ်းလျှောက်နေရင်းနှင့် သူမ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီကို အဆက်မပြတ် ကြည့်ရှုစစ်ဆေးနေခဲ့သည်။

ဓားနတ်ဘုရား မိန်းကလေး၏ စိတ်ထဲတွင် သူမ၏ ကြိုတင်ခံစားသိမြင်မှုကလည်း ချန်းရီနည်းတူပင် ဖြစ်နေပြီး တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားနေရ၏။

ရိက္ခာရှာဖွေတိုင်း အမြဲတမ်း သေဘေးနှင့် နီးကပ်စွာ ရင်ဆိုင်ရစမြဲ ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ထူးခြားစွာပင် အလွန် ချောမွေ့နေခဲ့၏။

"တစ်ခုခု မှားနေပြီ"

ရုတ်တရက် ထိုရှည်လျားလှပသော ခြေတံကြီးများက ရပ်တန့်သွားခဲ့သည်။

ထယ်ရှီးမှာလည်း အလောတကြီး ရပ်တန့်လိုက်ရသဖြင့် သူ၏ ကျောဘက်ရှိ ဧရာမ ကျောပိုးအိတ်ကြီးမှာ ယိုင်ထွက်သွားခဲ့ရသော်လည်း ဤကောင်ကြီး၏ အံ့မခန်း ခွန်အားများကြောင့်သာ လဲမကျသွားအောင် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်းရီ၏ လက်ထဲမှ လက်ကိုင်ဒူးလေးမှာလည်း ချက်ချင်းပင် မြှောက်ထားပြီးသား ဖြစ်သွား၏။

"ဘာဖြစ်လို့လဲ"

"ဒီလမ်းကို... ကျွန်မတို့ ဖြတ်လျှောက်ခဲ့ပြီးပြီ"

မိန်းကလေးက လမ်းဘေးရှိ တံခါးဖွင့်ထားသော လူနေအိမ်တစ်လုံးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

ထိုလူနေအိမ်မှာ အလွန် ရင်းနှီးနေပြီး ယခင်က လူတစ်ယောက် ဤအိမ်ထဲသို့ ဝင်သွားခဲ့ကာ ပြန်ထွက်မလာခဲ့ချေ။

ထိုနေရာရှိ လူအားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခဏတာမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။

ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရာ မီးရောင်လေး သဲ့သဲ့လင်းလာပြီး သူ၏ မျက်ဝန်းအစုံကို လင်းလက်သွားစေသည်။

သူက မျက်မှောင်ကြုတ်ကာ ရှေ့ရှိ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။

ချန်းရီသည် လမ်းမျက်စိ အနည်းငယ် လည်တတ်သူ ဖြစ်သော်လည်း ရှေ့ရှိ ပတ်ဝန်းကျင်မှာ မည်သို့ပင် ကြည့်ကြည့် အလွန် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။

"ရှေ့မှာရှိတာ... မိုးမခပင်ကြီး မဟုတ်လား"

တုန်ယင်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအသံထဲတွင် အဆုံးအစမရှိသော အကြောက်တရားများ ရောယှက်နေ၏။

လူအုပ်ကြီးမှာ လန့်ဖျပ်သွားကြပြီး အလျင်အမြန် ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။

အလွန်တရာ ကြီးမားလှသော မိုးမခပင်ကြီး တစ်ပင်က မလှမ်းမကမ်းတွင် ထိုအတိုင်း ရပ်တည်နေသည်ကို တွေ့လိုက်ရပြီး လမ်းကွေ့တစ်ခုကို ကျော်လိုက်သည်နှင့် မိုးမခပင် ကုန်စုံဆိုင်ငယ်လေးကို မြင်တွေ့ရတော့မည် ဖြစ်သည်။

ယုတ္တိအရဆိုလျှင် ဤမိုးမခပင်ကြီးက လူအုပ်ကြီး၏ နောက်ကျောဘက်တွင် ရှိနေသင့်သော်လည်း မည်သို့ဖြစ်၍ လူအုပ်ကြီး၏ အရှေ့ဘက်သို့ ရုတ်တရက် ရောက်ရှိလာရသနည်း။

လူတိုင်း၏ မျက်နှာပေါ်ရှိ သွေးရောင်များမှာ ဖြူရော်လာတော့သည်။

ရိက္ခာများ စုဆောင်းရရှိခဲ့သော ပျော်ရွှင်စိတ်လှုပ်ရှားမှုများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"ကျွန်မတို့ လမ်းမှားနေပြီ"

နာနာက သူမ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်နှာလေးပေါ်ရှိ အမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်သွားခဲ့သည်။

"မိနစ် (၃၀) ပဲ ကျန်တော့တယ်... ကျွန်မတို့ နောက်ကြောင်းပြန်လှည့်ရမယ်... ခပ်မြန်မြန် သွားရင် အချိန်မီနိုင်သေးတယ်"

ဆက်ရန်...

All Chapters