← Chapters

အခန်း ၂၉

Vol. 2 Ch. 29

အခန်း ၂၉

Vol. 2 Ch. 29

အပိုင်း(၂၉) ချန်ရှုရွာမှ အသက်လုပွဲ (၁)

လူအုပ်ကြီးက မိုးမခပင်ကြီးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ရွာအဝင်ဝဘက်သို့ လှည့်ကာ ခပ်သုတ်သုတ် ထွက်ခွာသွားကြ၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများက များစွာ တည်ကြည်လေးနက်နေကြသည်။

ယခင်က တီးတိုး စကားပြောဆိုနေသူများ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အားလုံးက နှုတ်ဆိတ်သွားကြပြီ ဖြစ်သည်။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မ နှစ်ယောက်ကလည်း တစ်ယောက်မျက်လုံးကို တစ်ယောက် ကြည့်ကာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို မြင်တွေ့နေရ၏။

သူတို့၏ ခြေလှမ်းများက အလိုအလျောက် မြန်ဆန်သွားပြီး ချန်းရီတို့ အစွမ်းပိုင်ရှင်အဖွဲ့နှင့် အနီးဆုံးတွင် ရှိနေနိုင်ရန် ကြိုးစားလိုက်ကြသည်။

ကမ္ဘာပျက်ကပ် အခြေအနေအောက်တွင် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် အစွမ်းပိုင်ရှင်များထံမှသာ လုံခြုံမှု အနည်းငယ်ကို ရရှိနိုင်မည် မဟုတ်ပါလော။

ဤအချိန်၌ အသက်ရှင်ကျန်ရစ်သူ တစ်ဦးစီ၏ စိတ်ထဲတွင်လည်း ကိုယ်ပိုင် တွေးတောမှု အသီးသီး ရှိနေကြသည်။

ချန်းရီ၏ စိတ်ထဲတွင်လည်း အလွန်တရာ လေးလံထိုင်းမှိုင်းနေ၏။

ယခု ချန်ရှုရွာ ခရီးစဉ်သည် ထင်သလောက် ရိုးရှင်းမည် မဟုတ်ကြောင်း သူ ခံစားနေရသည်။

မကြာမီမှာပင် ချန်းရီ၏ ခန့်မှန်းချက်က မှန်ကန်ကြောင်း သက်သေပြလိုက်လေသည်။

လူအုပ်ကြီးသည် ထိုအလွန် မြင့်မားလှသော မိုးမခပင်ကြီးကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လိုက်ရသောအခါ အားလုံးမှာ တစ်ခဏမျှ ဆွံ့အသွားကြသည်။

အချို့သူများ၏ အသံများတွင် ငိုသံများပင် စွက်နေပြီ ဖြစ်သည်။

"ဒီနေရာပဲ ပြန်ရောက်လာပြန်ပြီလား... ငါတို့တွေ ဆန့်ကျင်ဘက်ကို လျှောက်လာခဲ့တာလေ"

"တစ္ဆေတွေများ မျက်လှည့်ပြနေတာလား"

"မဟုတ်ဘူး... ငါတို့က မိုးမခပင်ကြီးကို ကျောခိုင်းပြီး ထွက်လာခဲ့ကြတာလေ... ဘာလို့ ဒီကိုပဲ ပြန်ရောက်လာရတာလဲ"

"တောက်... ငါက လုမြို့မှာတောင် မသေခဲ့တာ... ဒီရွာစုတ်လေးထဲမှာ ဘယ်လိုလုပ်ပြီး ပိတ်မိနေရမှာလဲ"

တစ်ခဏအတွင်းမှာပင် လူအုပ်ကြီးထံမှ ဆူညံပွက်လောရိုက်သွားပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့် ရှိနေသည်။

အားလုံး၏ အကြည့်များက အစွမ်းပိုင်ရှင် သုံးဦးထံသို့ ကျရောက်သွားကြ၏။

ထယ်ရှီးက တံတွေးတစ်ချက် မျိုချလိုက်ပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာသည်။

"တောက်... ဟိုမိုးမခပင်ကြီးက တစ်ခုခု လုပ်နေတာ သေချာတယ်... ငါတို့တွေ အဲ့ဒီသစ်ပင်ကို သွားခုတ်ပစ်လိုက်ကြရအောင်"

တိုက်တန် လမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် ပုံမှန်အချိန်တွင် သာမန်လူများနှင့် မည်သို့မျှ ကွဲပြားခြားနားမှု မရှိပေ။

သို့သော် တိုက်ပွဲဝင်ရတော့မည် ဆိုပါက သူတို့သည် အလွန်တရာ ကြမ်းကြုတ်ရက်စက်ကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာတတ်ကြသည်။

"လူသန်ကြီး... မလောပါနဲ့... အခြေအနေကို သေချာ မသိရသေးဘဲ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

"ချန်းရီ... ရှင် ဘယ်လိုမြင်လဲ"

ခြေတံရှည်ကောင်မလေးက ချန်းရီထံသို့ အကြည့်လွှဲကာ မေးလိုက်သည်။

ဤအချိန်တွင် ထိုကောင်မလေး၏ စိတ်ထဲ၌လည်း ကောင်းမွန်သော နည်းလမ်း မရှိတော့ပေ။ သူတို့အတွက် အချိန်သိပ်မကျန်တော့ချေ။ အကယ်၍သာ ဤနေရာမှ ထွက်မသွားနိုင်ပါက အလွန် အန္တရာယ်များသော ကိစ္စများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။

သူတို့ အထဲသို့ ဝင်မလာမီက ချူချယ်က လေးနာရီ မထိုးခင် မဖြစ်မနေ ပြန်ထွက်လာခဲ့ရန် မှာကြားထားခဲ့သည်။

ယာဉ်တန်း၏ စည်းမျဉ်းများအရ အကယ်၍ သူမတို့ လေးနာရီ တိတိအထိ ပြန်မရောက်နိုင်ပါက။

သူသည် ယာဉ်တန်းကို ဦးဆောင်ပြီး ထွက်ခွာသွားရန် အလားအလာ အလွန်များသည်။

ထူးဆန်းသောအရာများကို ရှောင်ကွင်းနိုင်ရန် လမ်းပြပေးမည့်သူ မရှိတော့ပါက ချန်းရီတို့ လူစုအနေဖြင့် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်သန်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ချန်းရီက ဆေးလိပ်ကို အားပါးတရ တစ်ဖွာ ဖွာရှိုက်လိုက်ပြီး မိမိကိုယ်ကိုယ် တည်ငြိမ်စေရန် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

"အချိန်ဘယ်လောက် ကျန်သေးလဲ"

နာနာက လက်ကောက်ဝတ်ရှိ စက်သုံးလက်ပတ်နာရီကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။

"မိနစ်နှစ်ဆယ်ပဲ ကျန်တော့တယ်"

"ငါတို့ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မယ်... အဆင်မပြေဘူးဆိုရင်တော့ အဲ့ဒီ မိုးမခပင်ကြီးဆီကို သွားကြတာပေါ့"

"လောလောဆယ်တော့ ဒီလိုလုပ်ဖို့ပဲ ရှိတာပေါ့"

ယခုတစ်ကြိမ်တွင်မူ လူအုပ်ကြီးသည် မိုးမခပင်ကြီးနှင့် ဆန့်ကျင်ဘက်သို့ နောက်တစ်ဖန် ဦးတည် ထွက်ခွာသွားကြပြန်သည်။

ယခုအကြိမ်တွင် အားလုံး၏ ခြေလှမ်းများက များစွာ ပိုမို မြန်ဆန်နေကြ၏။

အလွန်တရာ မြင့်မားလှသော မိုးမခပင်ကြီးက လူအုပ်ကြီးရှေ့တွင် ထပ်မံ ပေါ်လာသောအခါ လူအများအပြား၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ အပြည့်အဝ ဖြစ်တည်နေပြီ ဖြစ်သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မိုးမခပင်ကြီး... မိုးမခပင်ကြီးပဲ... ဘာလို့လဲ... ဘာလို့ ငါတို့ ထွက်သွားလို့ မရတာလဲ"

"ဒါတွေ... ဒါတွေ အားလုံးက မိုးမခပင်ကြီး လုပ်နေတာများလား"

အသက်ရှင်ကျန်ရစ်သူ တစ်ဦးက မျက်လုံးများ နီရဲနေလျက် ချန်းရီကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းက မိုးမခပင်ကြီးကို ကျောခိုင်းပြီး လျှောက်ရင် ထွက်သွားလို့ ရမယ်လို့ ပြောခဲ့တယ် မဟုတ်လား... ဘာလို့ ငါတို့ ဒီမှာပဲ ရှိနေသေးတာလဲ... ဘာလို့လဲ"

ယခင်က ခြေတံရှည်ကောင်မလေးကို ချန်းရီ ပြောခဲ့သော စကားများကို ထိုလူက ကြားသွားခဲ့ခြင်း ဖြစ်သည်။

ယခု ဤနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသောအခါ ထိုသူက အပြစ်အားလုံးကို ချန်းရီအပေါ်သို့ ပုံချတော့သည်။

"မင်းတို့လို အစွမ်းပိုင်ရှင်တွေက အရမ်းစွမ်းတယ်ဆို... ဘာလို့ ငါတို့ကို ဒီကနေ ခေါ်မထုတ်ပေးနိုင်တာလဲ"

"အသုံးမကျတဲ့ကောင်တွေ... ငါ့ကို အမြန် ခေါ်ထုတ်သွားပေးစမ်း... ငါ မသေချင်သေးဘူးကွ"

မျက်လုံးများ နီရဲနေသော ထိုလူမှာ စကားပြောရင်း နောက်ပိုင်းတွင် ရူးသွပ်မတတ် ဖြစ်လာသည်။

ရူးသွပ်လုနီးပါး ဖြစ်နေသော ထိုလူက ချန်းရီကို အသေအလဲ စိုက်ကြည့်ရင်း ချန်းရီဆီသို့ တစ်လှမ်းချင်း တိုးလာ၏။

အကယ်၍ နောက်တစ်စက္ကန့်တွင် ချန်းရီက သူ့ကို ဤနေရာမှ ခေါ်မထုတ်သွားပေးနိုင်ပါက သူက ချန်းရီကို တိုက်ခိုက်တော့မည့်ဟန် ရှိသည်။

ချန်းရီ၏ မျက်ဝန်းများက အေးစက်သွားပြီး ဘယ်ဘက်လက်က ခါးရှိ ထင်းခုတ်ဓားဆီသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။

အသိတရား လွတ်နေသော ဤလူကို သွေးထွက်သံယို သင်ခန်းစာ အနည်းငယ် ပေးလိုက်ရမည်ကို သူ ဝန်လေးနေမည် မဟုတ်ပေ။

"ဒုန်း"

တုတ်ခိုင်သော ခြေထောက်ကြီး တစ်ချောင်းက ရူးသွပ်နေသော ထိုလူကို အားကုန် ကန်ထုတ်လိုက်ရာ တော်တော်အသင့်အတင့် သန်မာလှသော ထိုလူမှာ ပေငါးဆယ်ကျော်ခန့် လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ပွတ်တိုက်ရာကြီး တစ်ခုကို ဖြစ်ပေါ်သွားစေကာ အသေအရှင်ကိုပင် မသိနိုင်တော့ချေ။

ဝင်ရောက် တိုက်ခိုက်လိုက်သူမှာ အရပ်မောင်း ကောင်းမွန်သော ထယ်ရှီးပင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ရိက္ခာပစ္စည်းများ အပြည့် သယ်ဆောင်ထားရသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမူ မည်သို့မျှ ထိခိုက်မှု မရှိခဲ့ပေ။

၎င်းသည်ပင်လျှင် အစွမ်းပိုင်ရှင်တို့၏ စွမ်းရည် ဖြစ်သည်။

အမြဲတမ်း ရိုးအကာ အနိုင်ကျင့်ခံရလွယ်ပုံ ပေါက်နေသော ထယ်ရှီးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"မင်း သေချင်တယ်ဆိုရင်လည်း ငါ ဖြည့်ဆည်းပေးလို့ ရတယ်"

ခြင်္သေ့တစ်ကောင်ကဲ့သို့သော ထိုမျက်လုံးများက အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်၏။

ကျန်လူများအားလုံးမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြပြီး ထယ်ရှီး၏ အကြည့်ကို အသီးသီး ရှောင်လွှဲသွားကြသည်။

ချန်းရီသည် အထောက်အကူပြု လမ်းစဉ်မှ အစွမ်းပိုင်ရှင် တစ်ဦးသာ ဖြစ်ပြီး တိုက်ခိုက်ရေးသည် သူ ကျွမ်းကျင်သော အရာမဟုတ်ကြောင်း ထယ်ရှီး သိထားသည်။

ထို့ကြောင့် သူက ချန်းရီအတွက် ဝင်ရောက် ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။

ခြေတံရှည်ကောင်မလေးကမူ သူမရှေ့မှ မြင်ကွင်းကို လုံးဝ မမြင်လိုက်သကဲ့သို့ လျစ်လျူရှုထားပြီး ရှေ့ရှိ မိုးမခပင်ကြီးကိုသာ တည်ကြည်လေးနက်သော မျက်ဝန်းများဖြင့် အလွန်တရာ သတိထား၍ စောင့်ကြည့်နေ၏။

"ကြည့်ရတာ ငါတို့ အဲ့ဒီ မိုးမခပင်ကြီးဆီကို မသွားလို့ မဖြစ်တော့ဘူး ထင်တယ်... မဟုတ်ရင် ငါတို့ ဒီကနေ ထွက်နိုင်မှာ မဟုတ်ဘူး"

"ဟီးဟီး... နောက်ဆုံးတော့ တိုက်ပွဲဝင်ရမယ့် အချိန် ရောက်လာပြီပဲ... အရမ်း အဆင်ပြေချောမွေ့နေရင် ပျင်းစရာ ကောင်းနေမှာပေါ့"

ထယ်ရှီးက နှုတ်ခမ်းကို သပ်လိုက်သည်။

တိုက်တန် လမ်းစဉ်မှ အစွမ်းပိုင်ရှင်တိုင်းသည် တိုက်ပွဲအကြောင်း ကြားလိုက်ရချိန်တွင် အမြဲလိုလို အလွန်အမင်း စိတ်လှုပ်ရှားလာတတ်ကြသည်။

ချန်းရီကလည်း စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူ့လက်ထဲရှိ လက်ကိုင်ဒူးလေးကိုသာ နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်၏။

ဤအရာကသာ သူ၏ အကြီးမားဆုံးသော အားကိုးရာ ဖြစ်သည်။

ထယ်ရှီးက မိုးမခပင်ကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေပြီး ယခင်က ရိုးအကာ လူသန်ကြီးသော ပုံစံနှင့် လုံးဝ ခြားနားနေတော့သည်။

ထိုကြီးမားသော ခန္ဓာကိုယ်ကြီးထဲတွင် ကိုယ်ရည်ကိုယ်သွေး နှစ်မျိုး ခိုအောင်းနေသကဲ့သို့ပင်။

ခြေတံရှည်ကောင်မလေးကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွား၏။

ခြေဖြင့် အကန်ခံရကာ လွင့်စင်သွားသော ထိုသူကိုမူ မည်သူကမျှ လှည့်ပင် မကြည့်ကြတော့ချေ။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မ နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို တွေ့မြင်လိုက်ကြရသည်။

အစွမ်းပိုင်ရှင်များမှာ ထင်သလောက် သဘောမကောင်းကြောင်းကိုလည်း ညီအစ်မ နှစ်ယောက်လုံး သဘောပေါက်သွားကြပြီ ဖြစ်သည်။

ယခင်က ချန်းရီကို စော်ကားမိခဲ့ခြင်းသည် သူတို့ ညီအစ်မ နှစ်ယောက် လုပ်ခဲ့ဖူးသမျှထဲတွင် အမှားဆုံးသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

"ဟီးဟီး... မင်းတို့တွေ... မိုးမခပင်ကြီးဆီ မသွားကြနဲ့... အန္တရာယ်များတယ်"

"ဟီးဟီး... "

ထိုအချိန်မှာပင် ခါးကုန်းကုန်းနှင့် လူရိပ်တစ်ခုက လူအုပ်ကြီး၏ အရှေ့တွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိဘဲ ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထိုသူမှာ ယခင်က ခါးကုန်းရုပ်သေးအဘိုးအို ဖြစ်နေသည်။

"ခင်ဗျားက ဘယ်သူလဲ... ဘာလို့ မိုးမခပင်ကြီးဆီ သွားလို့ မရတာလဲ"

ချန်းရီက တိုက်ခိုက်ရန် ပြင်နေသော ခြေတံရှည်ကောင်မလေးကို တားဆီးလိုက်သည်။

ခါးကုန်းလူရိပ်က ဟီးဟီးဟားဟား ရယ်မောလိုက်ပြီး ပြောသည်။

"ဟီးဟီး... မင်းတို့က ငါ့အိမ်ကနေ ရိက္ခာတွေ အများကြီး ခိုးလာခဲ့သေးတယ်... အခု ငါက ဘယ်သူလဲလို့ လာမေးနေတာလား"

"ခင်ဗျားက... ရွာသူကြီးလား"

ဤခါးကုန်းရုပ်သေးအဘိုးအိုက ချန်ရှုရွာ၏ ရွာသူကြီး ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

"ငါပဲ... ဒါပေမဲ့ ငါလည်း မဟုတ်ဘူး... ဟီးဟီး... "

"ဘာလို့ မိုးမခပင်ကြီးဆီ သွားလို့ မရတာလဲ"

ချန်းရီက ဆက်၍ မေးလိုက်သည်။

ထူးဆန်းသောအရာ မျိုးစုံ ရှိပြီး အများစုမှာ လူသားတို့၏ ပုံမှန် စိတ်ခံစားချက်များ လုံးဝ မရှိကြတော့ဘဲ သတ်ဖြတ်လိုစိတ် တစ်ခုသာ ကျန်ရှိတော့သည်။

သို့သော် အချို့သော ထူးဆန်းသည့် အရာများတွင်မူ လူသားတို့၏ စိတ်ခံစားချက် အချို့ ကျန်ရှိနေသေးတတ်သည်။

စကားပြော၍ရသော ထူးဆန်းသည့် အရာတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် ချန်းရီအနေဖြင့် သတင်းအချက်အလက် အချို့ ရရှိနိုင်ရန်အတွက် စကားအနည်းငယ် ပြောဆိုရမည်ကို ဝန်မလေးပေ။

"မသွားရဘူးဆိုရင် မသွားနဲ့ပေါ့... ကောင်လေး... မင်းက ငါ့ကို အန္တရာယ်ပေးနိုင်မယ်လို့ ထင်နေတာလား"

ခါးကုန်းရုပ်သေးအဘိုးအိုက သူ၏ ခေါင်းကို အားယူကာ မော့လိုက်ပြီး နောက်ကျိနေသော မျက်လုံးဖြူဖြူကြီးများဖြင့် ချန်းရီကို စိုက်ကြည့်နေ၏။

ထိုမျက်လုံးများထဲတွင် အဆုံးအစမရှိသော ကြောက်မက်ဖွယ်ရာများ ကိန်းအောင်းနေသကဲ့သို့ပင်။

စကားပြောဆိုနေစဉ်အတွင်း ချန်းရီ၏ နားထဲတွင် ကယ်ပါယူပါ တောင်းခံသံများကို သဲ့သဲ့လေး ကြားနေရသည်။

"ငါတို့ ဘယ်လို ထွက်သွားရမလဲဆိုတာ ပြောပြစမ်း"

"ဟီးဟီး... မင်းတို့တွေ... ထွက်သွားလို့ မရတော့ဘူး... ငါ့အဖော်အဖြစ် ဒီမှာပဲ နေခဲ့ကြတော့... ဟီးဟီး... "

"တစ္ဆေလိုလို သရဲလိုလိုနဲ့... "

ခြေတံရှည်ကောင်မလေးက ဓားရှည်ကို အိမ်မှ ဆွဲထုတ်လိုက်ပြီး ပါးစပ်မှ ဂါထာမန္တန်များကို ရွတ်ဆိုကာ ဘယ်ဘက်လက်ဖြင့် ဓားလက်ဟန်ပြ၍ ဓားရှည်ပေါ်တွင် တစ်ချက် ပွတ်ဆွဲလိုက်သည်။

သာမန် ဓားရှည်လေး၏ မျက်နှာပြင်ပေါ်တွင် ချက်ချင်းပင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက ဓားကိုယ်ထည်ပေါ်တွင် လှည့်ပတ်နေသည်ကို မြင်တွေ့လိုက်ရ၏။

"သေလိုက်စမ်း"

ဓားအလင်းတန်း တစ်ခုက ခါးကုန်းရုပ်သေးအဘိုးအိုထံသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားလေသည်။

"ဟီးဟီး... "

ခါးကုန်းရုပ်သေးအဘိုးအိုက အေးစက်စက် တစ်ချက် ရယ်မောလိုက်သည်။ ကြိုတင် ပြင်ဆင်ထားပုံရပြီး သူ၏ လူရိပ်က မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာဖြင့် ထိုဓားအလင်းတန်းကို ရှောင်တိမ်းသွား၏။

သို့သော် ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့်၏ ဓားအလင်းတန်းမှာ ထိုမျှ လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်သော အရာမျိုး မဟုတ်ပေ။

ဓားအလင်းတန်းက ခါးကုန်းရုပ်သေးအဘိုးအို၏ ခါးကုန်းနေသော နေရာပေါ်သို့ ခုတ်ချလိုက်သည်။

ရုပ်သေးအဘိုးအို၏ ခန္ဓာကိုယ် အပေါ်ပိုင်းရှိ အဝတ်အစားများမှာ အပိုင်းပိုင်း အစစ ပြဲစုတ်လွင့်စဉ်သွားတော့သည်။

ထိုအချိန်ရောက်မှသာ လူအုပ်ကြီးမှာ ထိုခါးကုန်းရုပ်သေးအဘိုးအို၏ ခါးကုန်းနေသော အရာကြီးက... ဆံပင်များ ဖရိုဖရဲ ကျနေသော အမျိုးသမီး ခေါင်းတစ်လုံး ဖြစ်နေကြောင်းကို သတိပြုမိသွားကြတော့သည်။

ဆက်ရန်...

All Chapters