အခန်း ၃၀
Vol. 2 Ch. 30
အပိုင်း(၃၀) ချန်ရှုရွာမှ အသက်လုပွဲ (၂)
ခါးကုန်းရုပ်သေးအဘိုးအို၏ ကျောကုန်းပေါ်မှ ခါးကုန်းကြီးသည် ဆံပင်ဖားလျားနှင့် အမျိုးသမီးခေါင်း တစ်ခေါင်း ဖြစ်နေလေသည်။
ဤမြင်ကွင်းကြောင့် ထိုနေရာရှိ လူအားလုံး ကျောချမ်းတုန်လှုပ်သွားကြသည်။
ခြေတံရှည် မိန်းကလေး၏ လက်ထဲမှ ဓားရှည်ကပင် အနည်းငယ် တန့်သွားပြီး သူမ၏ တိုက်ခိုက်မှု အရှိန် အနည်းငယ် ပျက်ယွင်းသွားရ၏။
"ကယ်ပါ... ကျွန်မကို... ကယ်ကြပါဦး"
ထိုခါးကုန်းပေါ်ရှိ အမျိုးသမီးခေါင်းသည် လန့်နိုးသွားပုံရကာ လူအုပ်ကြီးရှိရာသို့ အားယူ၍ ခေါင်းလှည့်လာပြီး ပါးစပ်မှ သဲ့သဲ့လေး အကူအညီတောင်းနေခြင်း ဖြစ်သည်။
အစောပိုင်းက ကြားခဲ့ရသော အကူအညီတောင်းသံသည် ဤအမျိုးသမီးခေါင်းဆီမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ချန်းရီ ရုတ်တရက် နားလည်သွားတော့သည်။
သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါ... ထိုအမျိုးသမီးခေါင်းက...
သူတို့နှင့်အတူ ချန်ရှုရွာထဲသို့ ဝင်ရောက်လာခဲ့သော အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ယောက် ဖြစ်နေသည်။
ထိုအမျိုးသမီးသည် ကြောက်တတ်သူဖြစ်၍ အစောကြီးကတည်းက ယာဉ်တန်းမှ ခွဲထွက်ကာ အခြားရိက္ခာများရှာဖွေပြီး ရွာထဲမှ ထွက်သွားခဲ့ပြီ မဟုတ်ပါလော။
ယခု ဘာကြောင့်များ ခါးကုန်းရုပ်သေးအဘိုးအို၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ဖြစ်နေရသနည်း။
ချန်းရီက ခြေဖျားမှနေ၍ ခေါင်းအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျောတစ်ပြင်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။
ချန်းရီသည် ဘာကိုမျှ ထပ်မစဉ်းစားတော့ဘဲ လက်ကိုင်ဒူးလေးကို မြှောက်ကာ ခါးကုန်းရုပ်သေးအဘိုးအို၏ ကျောပေါ်ရှိ အမျိုးသမီးခေါင်းကို ချိန်ရွယ်၍ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
သို့သော် ခါးကုန်းရုပ်သေးအဘိုးအိုသည် ထိုမြှားကို လုံးဝ ဂရုမစိုက်ဘဲ ကိုယ်ကိုလှည့်ကာ ဘေးနားရှိ လူနေအိမ်ထဲသို့ ပြေးဝင်သွားလေသည်။
ဒူးလေးမြှား လွဲချော်သွား၏။
ခြေတံရှည် မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားသည်။
သူမ၏ လက်ချောင်းကို ဓားရှည်ဖြင့် ခြစ်ချလိုက်ရာ လက်ချောင်းထိပ်မှ နီရဲသော သွေးတစ်စက် ထွက်ပေါ်လာပြီး ထိုသွေးစက်ကို ဓားရှည်က လျင်မြန်စွာ စုပ်ယူမျိုချသွားသည်။
ထိုအခါ ဓားရှည်သည် အသက်ဝင်နေသော အရာတစ်ခုကဲ့သို့ တုန်ခါသွားပြီး ဓားမြည်သံများ တဝီဝီ ထွက်ပေါ်လာတော့သည်။
ထို့နောက် ခြေတံရှည် မိန်းကလေး၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။
"သွေးနီစက်က သစ္စာ... ဓားဝိညာဉ်က ခန္ဓာ... ငါ၏သွေးကို သောက်သုံး၍ ဝိညာဉ်သုံးပါးကို နိုးထစေ... အတုအယောင်တွေကို ဖျက်ဆီးပြီး မိစ္ဆာတွေကို ခုတ်ထစ်... နဂါးဟိန်းဟောက်သံနဲ့အတူ ဓားသွားတစ်သောင်း ပေါင်းစည်းစေ"
"သေလိုက်စမ်း"
စကားလုံး တစ်လုံးချင်းစီ ရွတ်ဆိုလိုက်တိုင်း ဓားရှည်သည် ပိုမို ထက်မြက်လာကြောင်းကို ချန်းရီ သတိပြုမိလိုက်သည်။
ထိုအချိန်မှာပင် ခြေတံရှည် မိန်းကလေးသည် ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခါးကုန်းရုပ်သေးအဘိုးအို ပြေးဝင်သွားသော အိမ်ကို ဦးတည်၍ အားကုန် ခုတ်ချလိုက်လေသည်။
ဓားသွားဆီမှ ဓားစွမ်းအင်တစ်ခု လွင့်ထွက်သွား၏။
ဖြူလွှလွှ ဓားစွမ်းအင်ထဲတွင် သွေးရောင်အငွေ့အသက် အနည်းငယ် ရောယှက်နေပြီး မြင်ရသူအပေါင်းကို ရင်ထိတ်ကြောက်ရွံ့သွားစေသည်။
ဒါက ဒဏ္ဍာရီထဲက ဓားစွမ်းအင် ဆိုတာများလား။
ချန်းရီ၏ စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားမိသည်။
ထိုဓားစွမ်းအင်၏ ပစ်မှတ်မှာ သူ မဟုတ်ခဲ့သော်ငြားလည်း။
ချန်းရီသည် သူ၏ မျက်လုံးများ အနည်းငယ် စူးရှနာကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်းရီ ထိတ်လန့်စွာ ကြည့်နေစဉ်မှာပင် ထက်မြက်သော ဓားစွမ်းအင်သည် ပဲပြားကို လှီးဖြတ်လိုက်သကဲ့သို့ လူနေအိမ်၏ အလယ်တည့်တည့်မှ ဖြတ်သန်းသွားကာ အဝေးဆီသို့ တရှိန်ထိုး လွင့်စင်သွားလေသည်။
လူနေအိမ်၏ အလယ်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားခုတ်ရာကြီး တစ်ခု ထင်ကျန်ရစ်ခဲ့သည်။
"ဝုန်း"
ဆူညံသော ပြိုကျသံများနှင့်အတူ ထိုလူနေအိမ်သည် အောက်ခြေပြုတ်ထွက်သွားသော ဒိုမီနိုတုံးများကဲ့သို့ တဖြည်းဖြည်း ပြိုကျသွားတော့သည်။
အသက်ရှင်ကျန်ရစ်သူများအားလုံး မျက်လုံးပြူးကာ အံ့သြမှင်သက်သွားကြပြီး မလှုပ်မရှားနိုင်သော ဂါထာ အတိုက်ခံလိုက်ရသကဲ့သို့ ရပ်တန့်နေကြသည်။
ထယ်ရှီး တစ်ယောက်တည်းကသာ ၎င်းက ပုံမှန်ကိစ္စတစ်ခုကဲ့သို့ အမူအရာမျိုး ဖြစ်နေ၏။
မိန်းကလေးသည် ပြိုကျသွားသော လူနေအိမ်၏ အလယ်တွင် ရောက်ရှိနေပြီဖြစ်ပြီး ပြတ်ရှနေသော အုတ်ကျိုးအုတ်ပဲ့များကြားတွင် သူမ၏ စူးရှသော အကြည့်များဖြင့် ရှာဖွေနေသည်။
ဓားရှည်ပေါ်တွင် ဓားစွမ်းအင် အရိပ်အယောင် အနည်းငယ် ကျန်ရစ်နေသေးရာ သူမ၌ ခွန်အား အကြွင်းအကျန် ရှိနေသေးကြောင်း သိသာလှသည်။
ချန်းရီကလည်း လက်ကိုင်ဒူးလေးကို မြှောက်ကာ သတိအနေအထားဖြင့် ပြင်ဆင်ထားလိုက်သည်။
ခဏကြာပြီးနောက် မိန်းကလေး၏ မျက်နှာမှာ ပိုမို ဆိုးရွားလာသည်။ အစောပိုင်းက ခါးကုန်းရုပ်သေးအဘိုးအို၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ပေ။
မိန်းကလေး၏ အမူအရာမှာ အလွန် ကြည့်ရဆိုးနေ၏။
ခါးကုန်းရုပ်သေးအဘိုးအို ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူအားလုံးက ခြေတံရှည် မိန်းကလေးကို ကြောက်ရွံ့လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ယခင်က လမ်းစဉ် အစွမ်းပိုင်ရှင် ဆိုသည်ကို သတင်းစကားအဖြစ်သာ ကြားဖူးခဲ့ကြခြင်း ဖြစ်သည်။
ယခုမူ လမ်းစဉ် အစွမ်းပိုင်ရှင်ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်းကို လူတိုင်း ကောင်းစွာ နားလည်သွားကြပြီ ဖြစ်၏။
ဤကဲ့သို့သော စွမ်းရည်မျိုးသည် လူသားတို့၏ စွမ်းဆောင်နိုင်စွမ်း နယ်ပယ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ချန်းရီ အပါအဝင်ပင် ဖြစ်သည်။ ယခင်က ရှင်းဟွာမြို့တွင် ထယ်ရှီး၏ တိုက်တန် လမ်းစဉ်ကို သူ မြင်တွေ့ခဲ့ဖူးသည်။
အမြင့် ဆယ်ပေခန့်ရှိသော ကြွက်သားတောင့်တင်းသည့် လူ့ဘီလူးကြီးအဖြစ် ပြောင်းလဲနိုင်ခြင်းက ချန်းရီကို အလွန် အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။
သို့သော် ဤခြေတံရှည် မိန်းကလေးက ဓားစွမ်းအင်ကိုပါ အသုံးပြုနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
လမ်းချိုးလေးကို ထပ်မံ ဖြတ်လျှောက်သွားသောအခါ။
ထိုထူးဆန်း ကျောချမ်းဖွယ် မိုးမခပင်ကြီးသည် လူအုပ်ကြီး၏ မြင်ကွင်းထဲသို့ နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာပြန်သည်။
ဧရာမ မိုးမခပင်ကြီးသည် ရွာလယ်ပြင်ကွင်း၏ အလယ်တည့်တည့်တွင် မားမားမတ်မတ် ရပ်တည်နေ၏။
ကောင်းကင်ယံမှ တွဲလောင်းကျနေသော မိုးမခကိုင်းများသည် အဆိပ်ပြင်း မြွေဟောက်များကဲ့သို့ သစ်ကိုင်းအဖျားရှိ အလောင်းများကို ရစ်ပတ်ထားကြသည်။
အလောင်း တစ်ရာကျော်ခန့်သည် သစ်ပင်အောက်တွင် ဆွဲကြိုးချခံထားရပြီး မိုးမခပင်ကြီး၏ အသီးများအလား ဖြစ်နေသည်။
ဤအလွန်တရာ ထူးဆန်းသော မိုးမခပင်ကြီးကို နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်လိုက်ရချိန်တွင် လူအုပ်ကြီး၏ ရင်ထဲ၌ ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာဆဲပင်။
လူအများစုသည် ခြေတံရှည် မိန်းကလေးအနားသို့ တဖြည်းဖြည်း တိုးကပ်သွားကြသည်။
အစောပိုင်းက မိန်းကလေး၏ ဓားချက်သည် လူအများအပြားကို သူမအပေါ် ယုံကြည်ကိုးစားမှုများ ဖြစ်ပေါ်စေခဲ့ပုံရသည်။
အချို့သော သူများကလည်း လူကောင်ထွားကျိုင်းသည့် ထယ်ရှီး၏ အနီးသို့ စုရုံးသွားကြ၏။
သို့သော် ချန်းရီ၏ အနောက်တွင်မူ လူတစ်ယောက်မျှ မရှိပေ။
ချန်းရီ၏ အထောက်အပံ့ လမ်းစဉ်သည် ယုံကြည်အားထားလောက်သည့် အဆင့်တွင် မရှိကြောင်း သိသာထင်ရှားနေသည်။
"အလောင်းတွေ ပိုများလာသလိုပဲ"
ချန်းရီက အကြည့်များကို စူးစိုက်လိုက်ပြီး အနည်းငယ် အေးစက်နေသော လေသံဖြင့် ပြောလိုက်သည်။
ယခင်က ဤမိုးမခပင်ကြီးဆီသို့ ရောက်ခဲ့စဉ်က သစ်ပင်အောက်ရှိ အလောင်းများမှာ ဤမျှလောက် မများပြားခဲ့ကြောင်း သူ မှတ်မိနေသည်။
ယခုမူ သိသိသာသာ ပို၍ များပြားနေ၏။
မဟုတ်သေးဘူး။
ဒီအလောင်းတွေက... ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ။
အသစ်ထပ်တိုးလာသော အလောင်းများတွင် ကျောပိုးအိတ် အမျိုးမျိုး လွယ်ထားသည်ကို မြင်လိုက်ရချိန်၌ ချန်းရီ၏ ရင်ထဲတွင် အေးစိမ့်သွားသည်။
ဒီအလောင်းတွေက... သူတို့ ယာဉ်တန်းထဲက လူတွေပဲ။
အစောပိုင်းက သူတို့နှင့်အတူ ချန်ရှုရွာထဲသို့ ဝင်လာခဲ့သူများ ဖြစ်သည်။
"အလောင်းတွေ များလာတာ မဟုတ်ဘူး... ချန်ရှုရွာထဲကို စဝင်လာကတည်းက ဘယ်သူမှ ပြန်ထွက်မသွားနိုင်ကြတာပါ"
"ဒီလူတွေက အစောပိုင်းတုန်းက ထွက်သွားချင်ခဲ့ကြတဲ့ သူတွေလေ... အခုတော့... သူတို့အားလုံး ဒီမှာ ရောက်နေကြပြီ"
ခြေတံရှည် မိန်းကလေး၏ အေးစက်ကြည်လင်သော အသံ ထွက်ပေါ်လာသည်။
"ဟိုမှာ... လောင်လျူ မဟုတ်လား... သူက ထွက်သွားပြီ မဟုတ်ဘူးလား"
"ဘုရားရေ... ရှောင်ကျန်း... ရှောင်ချန်တို့လည်း ပါတယ်... သူတို့တွေ တကယ်ပဲ"
"ဒီမိုးမခပင်ကြီးက ဘာကြီးလဲကွ"
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ အသံများတွင် ကြောက်ရွံ့မှုနှင့် ဘာလုပ်ရမှန်းမသိသော ကစဉ့်ကလျား ဖြစ်မှုများ ပြည့်နှက်နေသည်။
အသစ်ပေါ်လာသော အလောင်းများထဲတွင် လွန်ခဲ့သော နာရီအနည်းငယ်ကမှ သက်ရှိထင်ရှား ရှိနေခဲ့သူများ ပါဝင်ပြီး အချို့မှာ သူတို့နှင့် ရင်းနှီးကျွမ်းဝင်သူများပင် ဖြစ်ကြသည်။
မိမိနှင့် ရင်းနှီးသူများ ဤကဲ့သို့သော အဖြစ်ဆိုးနှင့် ကြုံတွေ့ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ။
မကြောက်ဘဲနေရန်မှာ မဖြစ်နိုင်သလောက်ပင်။
အစောပိုင်းက ချန်ရှုရွာ ခရီးစဉ်သည် အလွန် လွယ်ကူလွန်းနေသလားဟု ချန်းရီ ထင်မှတ်နေခဲ့မိသေးသည်။
ယခု ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင်မူ။
ချန်ရှုရွာ၏ ပြင်းထန်မှု အဆင့်သည် ရှင်းဟွာမြို့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း ချန်းရီ ခံစားလိုက်ရတော့သည်။
သူတို့ ချန်ရှုရွာထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ မည်သည့် သက်ရှိလူသားမျှ ရွာထဲမှ ထွက်ခွာသွားနိုင်ခြင်း မရှိခဲ့ပေ။
"ဒေါသထွက်စရာကောင်းလိုက်တာ"
ခြေတံရှည် မိန်းကလေးက အံကို တင်းတင်းကြိတ်ထားပြီး လက်ထဲမှ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
"ခွေးမသား... နတ်လိုလို တစ္ဆေလိုလို လာလုပ်နေတယ်... အဲဒီအပင်ကို သွားပြီး ရိုက်ချိုးပစ်မယ်"
ထယ်ရှီးက သူ၏ ကျောပေါ်ရှိ တောင်ပို့ငယ်လေးနှင့်တူသော အထုပ်ကြီးကို ချလိုက်ပြီး မိုးမခပင်ကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထယ်ရှီး၏ မူလကတည်းက ကြီးမားထွားကျိုင်းနေသော ခန္ဓာကိုယ်ကြီးသည် ပိုမို ကြီးထွားဖောင်းကားလာ၏။
ပထမဆုံးအနေဖြင့် သူ၏ ပေါင်တံများ အလျင်အမြန် ကြီးထွားလာပြီး ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီရှည်မှာ ဘောင်းဘီတိုအဖြစ်သို့ စုတ်ပြဲသွားသည်။
ခြေထောက်ရှိ ဘွတ်ဖိနပ်များမှာလည်း ညှပ်ဖိနပ်များအလား ဖြစ်သွား၏။
ကိုယ်ပေါ်ရှိ တီရှပ်မှာလည်း ခန္ဓာကိုယ်နှင့် အလွန် တင်းကျပ်စွာ ကပ်နေသော အင်္ကျီအဖြစ်သို့ ပြောင်းလဲသွားသည်။
ခြေလှမ်း အနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် မူလက ၇ ပေခန့်ရှိသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် ပို၍ပင် ဧရာမ အရွယ်အစားသို့ ရောက်ရှိသွားတော့သည်။
ချန်းရီသည် ထယ်ရှီး၏ ကြမ်းတမ်းသော လုပ်ရပ်ကို တားဆီးခြင်း မရှိခဲ့ပေ။
မိုးမခပင်ကြီးက သူတို့ကို ထွက်သွားခွင့် မပေးမှတော့ ဤမိုးမခပင်ကြီးကို ဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။
ထယ်ရှီးလို လူကောင်ထွားပြီး ဉာဏ်နည်းသူကို စမ်းသပ်ခိုင်းခြင်းကလည်း နည်းလမ်းတစ်ခုပင် ဖြစ်၏။
ထိုစဉ် အဝေးဆီရှိ အလောင်းတစ်လောင်း ရုတ်တရက် လှုပ်ရှားသွားပြီး တောင့်တင်းနေသော ခေါင်းကြီးသည် လူကောင်ထွားကြီးရှိရာသို့ တဖြည်းဖြည်း လှည့်လာသည်ကို ချန်းရီ မြင်လိုက်ရသည်။
ထယ်ရှီး၏ လုပ်ရပ်သည် ရေကန်ထဲသို့ ပစ်ပေါက်လိုက်သော ကျောက်ခဲတစ်လုံးအလား ဖြစ်သွား၏။
"လူသန်ကြီး... သတိထား"
ချန်းရီက လက်ကိုင်ဒူးလေးကို မြှောက်လိုက်ပြီး လှုပ်ရှားနေသော အလောင်းတစ်လောင်းကို ချိန်ရွယ်လိုက်လေသည်။
ဆက်ရန်...