← Chapters

အခန်း ၃၁

Vol. 2 Ch. 31

အခန်း ၃၁

Vol. 2 Ch. 31

အပိုင်း(၃၁) သူ လက်ပိုက်ကြည့်နေမယ်လို့ မယုံဘူး

"ဘာလို့ ဘယ်သူမှ ထွက်မလာကြသေးတာလဲ"

"အခု သုံးနာရီကျော်နေပြီ... လေးနာရီထိုးဖို့ နာရီဝက်တောင် မလိုတော့ဘူး"

"ဒီရွာက အခြေအနေ ဘယ်လိုဖြစ်နေတာလဲ"

"သူတို့အားလုံး... သေကုန်ကြပြီလား"

"မဖြစ်နိုင်တာ... သူတို့ဆီမှာ သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင် သုံးယောက်တောင် ပါတာ... ဘယ်လိုလုပ် သေနိုင်မှာလဲ"

ချန်းရီတို့ သုံးယောက်က ရိက္ခာရှာဖွေမည့် အခြားသော အသက်ရှင်ကျန်ရစ်သူများကို ခေါ်ဆောင်ကာ ချန်ရှုရွာထဲသို့ ဝင်ရောက်သွားချိန်မှစ၍ ရွာထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်ထွက်ခွာလာခြင်း မရှိသေးပေ။

ဤအခြေအနေက အလွန် ပုံမှန်မဟုတ်ချေ။

ယခင် ရှင်းဟွာမြို့တွင် ရှိစဉ်ကမူ အသက်ရှင်ကျန်ရစ်သူအချို့ တဖွဲဖွဲ ထွက်ပြေးလွတ်မြောက်လာခဲ့ကြဖူးသည်။

အသက်ရှင်ကျန်ရစ်သူအချို့က လုံလောက်သော ရိက္ခာများ ရရှိပြီးသည်နှင့် စောစီးစွာ ပြန်လာတတ်ကြသည်။

ရိက္ခာရရန် နောက်ကျသူများကလည်း နောက်ကျမှ ပြန်ထွက်လာတတ်ကြစမြဲ ဖြစ်သည်။

သို့သော် ချန်ရှုရွာထဲသို့ အသက်ရှင်ကျန်ရစ်သူများ ဝင်ရောက်သွားပြီးချိန်မှစ၍ ယခုတိုင် တစ်ယောက်မျှ ထွက်မလာကြတော့ပေ။

ဤထူးဆန်းကျောချမ်းဖွယ် အခြေအနေက လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှု အရိပ်မည်းကြီးကို ကျရောက်သွားစေသည်။

အမြဲတစေ ယုံကြည်မှုအပြည့်ရှိတတ်သော ခေါင်းဆောင်ချူ ခေါ် ချူချယ်ပင်လျှင် ယခုအချိန်၌ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေမိ၏။

ချန်ရှုရွာအပြင်ဘက်တွင် ကျန်ရစ်နေခဲ့သော အသက်ရှင်ကျန်ရစ်သူများကြားတွင်လည်း ဆူပူလှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာသည်။

ရိက္ခာသွားရောက်ရှာဖွေရန် သတ္တိမရှိသော ထိုအသက်ရှင်ကျန်ရစ်သူများထဲမှ အချို့မှာ မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသဖြင့် ရိက္ခာရှာနိုင်မည်မဟုတ်ဟု မိမိကိုယ်ကိုယ် သိနေကြသူများ ဖြစ်သည်။

အချို့ကမူ ထူးဆန်းသောအရာများကို ရင်မဆိုင်ရဲကြသဖြင့် အခြားသူများထံမှ ရိက္ခာရရှိရန်သာ မျှော်လင့်နေကြခြင်း ဖြစ်၏။

တစ်စုံတစ်ယောက်က လုံလောက်သော ရိက္ခာများ ရရှိလာပါက ထိုလူများက ၎င်းတို့နှင့် တန်ဖိုးညီမျှသော အရာများကို ထုတ်ပေးကာ ရိက္ခာများနှင့် လဲလှယ်ကြလိမ့်မည်။

ဤကဲ့သို့သော အဖြစ်အပျက်များက ယာဉ်တန်းထဲတွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။

နှစ်ဦးနှစ်ဖက် သဘောတူညီမှုရှိသရွေ့ ချူချယ်က ဤကိစ္စများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

၎င်းမှာ ယာဉ်တန်းထဲရှိ အခြားသူများ၏ အသက်ရှင်သန်ရေး ဥပဒေသတစ်ခုလည်း ဖြစ်လေသည်။

ရွာထဲသို့ ဝင်ကာ ရိက္ခာသွားရှာကြသူများသည် ထိုသူများ၏ မျှော်လင့်ချက်များပင် ဖြစ်ကြသည်။

သို့သော် မနက်ပိုင်းကတည်းက စတင်၍ မည်သူကမျှ ရိက္ခာများသယ်ဆောင်ကာ ရွာထဲမှ ထွက်လာခြင်း မရှိတော့ချေ။

ထိုအချက်က လူများစွာ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေသည်။

ချူချယ်က မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသော ရွာကြီးကို လှမ်းကြည့်လိုက်သည်။

မနက်ဆယ့်တစ်နာရီခန့် ဤနေရာသို့ စတင်ရောက်ရှိချိန်ကမူ ရွာထဲမှ အခြေအနေများကို ချူချယ် ဝိုးတဝါး မြင်နိုင်သေးသည်။

ယခုအခါတွင်မူ ရွာထဲရှိ အခြေအနေများကို လုံးဝမမြင်ရတော့ဘဲ မည်းမှောင်ဝေဝါးနေသော မြင်ကွင်းကိုသာ မြင်တွေ့နေရတော့၏။

အသံတစ်သံကိုပင် သဲ့သဲ့မျှ မကြားရတော့ပေ။

ဤအခြေအနေက ချူချယ်ကို အလွန် ဂနာမငြိမ် ဖြစ်စေသည်။

မလှမ်းမကမ်းရှိ အမျိုးသမီးတစ်ဦး၏ မျက်ဝန်းများမှာမူ ရူးသွပ်မတတ် တဖျပ်ဖျပ် လက်နေသည်။

ထိုအမျိုးသမီးမှာ ရွှီကျောင်းကျောင်းပင် ဖြစ်၏။

ပြီးခဲ့သည့်အကြိမ်က ချူချယ်၏ ဆုံးမခြင်းကို အနည်းငယ် ခံလိုက်ရပြီးနောက် ရွှီကျောင်းကျောင်းမှာ ယာဉ်တန်းထဲတွင် အတော်လေး ငြိမ်သက်သွားခဲ့သည်။

သို့သော် ထိုမိန်းမ ဘာမျှ မလုပ်ဘဲ နေလိမ့်မည်ဟု ထင်မှတ်ထားလျှင်မူ မှားယွင်းပေလိမ့်မည်။

ဤအချိန်ကာလတိုလေးအတွင်းမှာပင် ရွှီကျောင်းကျောင်းက အမျိုးသမီး အများအပြားနှင့် အချိတ်အဆက် ပြုလုပ်ထားပြီး ဖြစ်သည်။

အကယ်၍ ချန်ရှုရွာထဲမှ မည်သူမျှ ပြန်ထွက်မလာပါက အသေခံ၍ ထိုင်စောင့်နေမည် မဟုတ်ကြောင်း သူမ၏ စိတ်ထဲတွင် အစီအစဉ်ဆွဲထားပြီး ဖြစ်၏။

သူမ၏ နားလည်ထားမှုအရ ထို ခေါင်းဆောင်ချူ ခေါ် ချူချယ်သည် သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိလှပေ။

ရွှီကျောင်းကျောင်းက စိတ်ထဲမှ တိတ်တဆိတ် အကြံအစည် ထုတ်နေသည်။

အကယ်၍ လေးနာရီတိတိ ထိုးသွားချိန်အထိ ဘယ်သူမှ ထွက်မလာသေးဘူးဆိုလျှင်တော့...

...

ရွာအပြင်ဘက်ရှိ ယာဉ်တန်းကြီးက သိုသိုသိပ်သိပ် စိုးရိမ်ပူပန်နေကြချိန်၌။

ရွာထဲရှိ အခြေအနေမှာ အလွန်တရာ အန္တရာယ်ကြီးမားသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာလှသည်။

မိုးမခပင်ကြီးသည် ဒေါသဆွခံလိုက်ရသော ဘီလူးသတ္တဝါကြီးတစ်ကောင်နှင့် တူနေ၏။

မိုးမခကိုင်းများဖြင့် တုပ်နှောင်ခံထားရသော မရေမတွက်နိုင်သည့် အလောင်းကောင်များက စတင် အသက်ဝင်လှုပ်ရှားလာကြသည်။

မိစ္ဆာဆန်သော ရမ္မက်များဖြင့် ပြည့်နှက်နေသည့် နောက်ကျိကျိ မျက်လုံးအစုံများက အသက်ရှင်ကျန်ရစ်သူများကို ကြည့်လာကြရာ အရသာရှိလှသော ကြက်ကင်များကို ကြည့်နေသည့်အလားပင်။

ရာနှင့်ချီသော အလောင်းကောင်များက တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်ဝင်လာကြသဖြင့် ဇွန်ဘီရုပ်ရှင်များထဲမှ မြင်ကွင်းကို ကြည့်နေရသကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားစေသည်။

လည်ပင်းတွင် မိုးမခကိုင်းများ ရစ်ပတ်ခံထားရသော အလောင်းကောင်တစ်လောင်းသည် ကြိုးဆွဲရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ထယ်ရှီးထံသို့ ပြေးဝင်လာသည်။

အလောင်းတစ်လောင်း စတင် လှုပ်ရှားလိုက်သည်နှင့် အခြားအလောင်းကောင်များလည်း လိုက်ပါ လှုပ်ရှားလာကြတော့သည်။

ဤအလောင်းကောင်များကို မိုးမခကိုင်းများက ထိန်းချုပ်ထားပြီး ကလေးငယ်တစ်ယောက်၏ လက်ထဲမှ လေယာဉ်ပျံအရုပ်လေးများအလား လေထဲမှနေ၍ တိုက်ခိုက်လာကြ၏။

"ဖယ်စမ်း"

ထယ်ရှီးက သူ၏ ခွန်အားကို အသုံးပြု၍ ဤထူးဆန်းသော မိုးမခပင်ကြီးကို ဖျက်ဆီးပစ်ရန် မူလက ရည်ရွယ်ထားခဲ့သည်။

၎င်းကသာ ချန်ရှုရွာမှ ထွက်ခွာနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ပေမည်။

သို့သော် သူ့ရှေ့ရှိ အလောင်းကောင်များမှာ ပိုမို များပြားလာသည်။

ကြီးမားလှသော လက်သီးချက်က အလောင်းတစ်လောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး လေထဲသို့ လွင့်စင်ထွက်သွားစေသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအလောင်းကောင်က သူ့ထံသို့ ထပ်မံ ပြေးဝင်လာပြန်၏။

ထယ်ရှီး၏ လက်သီးချက်က ထိုအလောင်းကောင်အပေါ် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ဘူးလား။

ထယ်ရှီး၏ လက်သီးတစ်ချက်သည် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ကိုပင် အသေအကြေ ထိုးနှက်နိုင်စွမ်းရှိသည်ကို သိထားရမည်။

သို့ပါလျက် ထိုအလောင်းကောင်ကိုမူ မည်သို့မျှ ထိခိုက်စေခြင်း မရှိခဲ့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသော ချန်းရီသည် ရင်ထဲ၌ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤအလောင်းကောင်များသည် ခါးကုန်းရုပ်သေးအဘိုးအိုနှင့် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမတို့လောက် အစွမ်းမထက်ကြောင်း သိသာလှသည်။

သို့သော် ဤမျှအထိ ရှင်းလင်းရ ခက်ခဲနေဆဲပင် ဖြစ်၏။

ထိုအချက်က ချန်းရီ၏ စိတ်ကို တဖြည်းဖြည်း လေးလံထိုင်းမှိုင်းလာစေသည်။

သို့သော် မကြာမီမှာပင် အခြားသော အလောင်းကောင်များက ပြေးဝင်လာကြပြန်သည်။

အလောင်းကောင်တစ်လောင်းက ထယ်ရှီး၏ ကျောပေါ်သို့ ခုန်တက်သွားပြီး ပါးစပ်ကြီးကို ဟကာ ဂုတ်ပိုးကို ကိုက်ရန် ပြင်လိုက်သည်။

"ဝှစ်"

ခွေးနက်သွေး စိမ်ထားသော ဒူးလေးမြှားတစ်စင်းက ထိုအလောင်းကောင်၏ ကျောပြင်ထဲသို့ စိုက်ဝင်သွားသည်။

"ရှဲ"

အဖြူရောင် အခိုးအငွေ့များ ထောင်းခနဲ ထွက်ပေါ်လာသည်။

အလောင်းကောင်မှာ နာကျင်စွာဖြင့် ထယ်ရှီး၏ ကျောပေါ်မှ လွတ်ထွက်သွား၏။

[သင် ရုပ်သေးအလောင်းအပေါ် ထိခိုက်မှု ဖြစ်စေခဲ့သဖြင့် သတ်ဖြတ်မှတ် +၁၀၀ ရရှိပါသည်]

အလုပ်ဖြစ်တယ်ပေါ့။

သူတို့ကို ရုပ်သေးအလောင်းတွေလို့ ခေါ်တာကိုး။

ချန်းရီ ဝမ်းသာအားရ ဖြစ်ချိန်ပင် မရလိုက်ဘဲ မြှားစိုက်ဝင်နေသော ထိုရုပ်သေးအလောင်းက သူ့ထံသို့ ထပ်မံ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ရုပ်သေးအလောင်းက အနားသို့ မရောက်လာမီမှာပင် ချန်းရီသည် ရွံရှာဖွယ် အပုပ်နံ့ကြီးကို ရှူရှိုက်လိုက်ရလေသည်။

ခြေတံရှည်ကောင်မလေးက သူမ၏ ဘယ်ဘက်လက် ဓားလက်ဟန်ဖြင့် ဓားနတ်ဘုရားကို ပွတ်သပ်လိုက်ပြီး ပါးစပ်မှလည်း မန္တန်ရွတ်ဆိုနေ၏။

"တောက်ပတဲ့အလင်းရောင်နဲ့ သွေးစွန်းနေတဲ့ဓားသွား... မှောင်မိုက်နေတဲ့ ကမ္ဘာမြေကို လင်းထိန်စေ"

"ဖွင့်"

ကောင်မလေး၏ ရှည်လျားသော ဓားရှည်ကြီးမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ရုပ်သေးအလောင်းထံသို့ ပိုင်းချလိုက်သည်။

ရုပ်သေးအလောင်းမှာ နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သို့တိုင်အောင် နှစ်ပိုင်းပြတ်သွားသော ရုပ်သေးအလောင်းသည် ချန်းရီထံသို့ ရုန်းကန်တွားသွားနေဆဲပင် ဖြစ်သည်။

"သေစမ်း"

ချန်းရီ ဆဲဆိုချင်စိတ်ပင် ပေါက်သွားသည်။

ရုပ်သေးအလောင်းက ဤမျှအထိ ရင်ဆိုင်ရ ခက်ခဲလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"အား... "

ထိတ်လန့်တကြား အော်ဟစ်လိုက်သော စူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

ချန်းရီနှင့် မလှမ်းမကမ်းရှိ အသက်ရှင်ကျန်ရစ်သူတစ်ဦးမှာ ရုပ်သေးအလောင်းအချို့၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ကောင်းကင်ပေါ်သို့ ဆွဲတင်ခံလိုက်ရသည်။

သွေးများက မြေပြင်အနှံ့ လျင်မြန်စွာ ပေကျံသွားတော့၏။

ရုပ်သေးအလောင်းများမှာ မူလက မပျံသန်းနိုင်သော်လည်း မိုးမခကိုင်းများ၏ ဆွဲငင်မှုကြောင့် ပျံသန်းနိုင်နေခြင်း ဖြစ်သည်။

"ရှောင်ဖူ... ရှောင်ဖူ... ငါ့ကို ကယ်ပါဦး"

ရိက္ခာများ အပြည့်ထမ်းပိုးထားသော အဘွားအိုမှာ ယခုတိုင် မသေသေးပေ။ သို့သော် ရိက္ခာများ အလွန်အကျွံ သယ်ဆောင်ထားသဖြင့် လှုပ်ရှားမှုများမှာမူ အနည်းငယ် နှေးကွေးနေ၏။

သို့တိုင်အောင် သူမသည် ရုပ်သေးအလောင်းများ၏ တိုက်ခိုက်မှုအောက်တွင် ဘယ်ညာ ရှောင်တိမ်းကာ ကြိုးစားပမ်းစား ရုန်းကန်နေဆဲပင် ဖြစ်သည်။

စောစောက ထိုရုပ်သေးအလောင်းများသည် မူလက သူမကို တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူတစ်ဦး သတိလက်လွတ်ဖြစ်နေခိုက် အဘွားအိုက သူ့ကို တွန်းပို့ကာ အသေခံခိုင်းလိုက်ခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူ အတော်များများ မြင်တွေ့လိုက်ရပြီး အဘွားအိုအပေါ် ပို၍ပင် ရွံရှာမုန်းတီးသွားကြလေသည်။

ထို တုံးအအ တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်သာ မမြင်လိုက်ခြင်း ဖြစ်၏။

သို့သော် ယခုအချိန်တွင် ရှောင်ဖူဟုခေါ်သော ထိုတက္ကသိုလ်ကျောင်းသားလေးမှာလည်း မိမိကိုယ်ကိုပင် မကာကွယ်နိုင်တော့ပေ။ လက်ထဲမှ သံပိုက်လုံးကို ဝှေ့ယမ်းကာ ရုပ်သေးအလောင်းတစ်ကောင်နှင့် လုံးထွေးသတ်ပုတ်နေရပြီး နောက်တစ်စက္ကန့်တွင် အသက်ရှင်ရန်ပင် မသေချာတော့ချေ။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအမနှစ်ယောက်မှာလည်း ယခုအခါ အလွန်တရာ အခြေအနေဆိုးရွားနေကြသည်။

ရုပ်သေးအလောင်း တစ်ကောင်ပြီးတစ်ကောင်က မည်သည့်အရပ်မျက်နှာမှမဆို အသက်ရှင်ကျန်ရစ်သူများကို ဝင်ရောက်တိုက်ခိုက်နိုင်ကြသည်။

ကျိုးလန်၏ နာမည်ကြီးမင်းသမီးဆိုသော ဂုဏ်ပုဒ်မှာ ဤရုပ်သေးအလောင်းများရှေ့တွင် မည်သို့မျှ အသုံးမဝင်ချေ။

စောစောကမှ မိမိတို့အနားတွင် ရှိနေခဲ့သော အသက်ရှင်ကျန်ရစ်သူများမှာ ရုပ်သေးအလောင်းများ၏ ဆွဲငင်ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်သွားကြသည်ကို မြင်လိုက်ရသောအခါ။

ညီအမနှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

အစောပိုင်းက ညီအမနှစ်ယောက်သည် ထယ်ရှီးနှင့် နာနာတို့၏ အကာအကွယ်ကို အားကိုး၍ အသက်ရှင်သန်ရန် ရည်ရွယ်ထားခဲ့ကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ယခုအခါ ထယ်ရှီးသည် မိုးမခပင်ကြီးဆီသို့ ပြေးဝင်သွားပြီဖြစ်ရာ ညီအမနှစ်ယောက်နှင့် ပေရာချီမျှ ကွာဝေးသွားခဲ့ပြီ ဖြစ်သည်။

ခြေတံရှည်ကောင်မလေးကလည်း ၎င်းတို့ ညီအမနှစ်ယောက်ကို ကာကွယ်ပေးနိုင်မည် မဟုတ်သည်မှာ သေချာလှသည်။

ယခုအချိန်တွင် ခြေတံရှည်ကောင်မလေးမှာ တစ်ဖက်တွင် ထယ်ရှီးကို အကာအကွယ်ပေးရသလို တစ်ဖက်တွင်လည်း ချန်းရီကို ကာကွယ်ပေးနေရသဖြင့် ၎င်းတို့ ညီအမနှစ်ယောက်ကို ဂရုစိုက်ရန် ခွန်အား မရှိတော့ချေ။

မိုးမခကိုင်းကို တွဲခိုလျက် ရုပ်သေးအလောင်းတစ်ကောင်က ကောင်းကင်မှ ကျဆင်းလာပြီး ကျိုးလန်ထံသို့ တည့်တည့် ပြေးဝင်လာသည်။

"အမ... သတိထား"

ကောင်မလေးမှာ ထိုအချိန်တွင် အများကြီး မစဉ်းစားနိုင်တော့ဘဲ ကျောပေါ်ရှိ ကျောပိုးအိတ်ကို ဆွဲယူကာ ရုပ်သေးအလောင်းထံသို့ အားကုန် ပစ်ပေါက်လိုက်ရာ ကျိုးလန်မှာ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

သို့သော် မကြာမီမှာပင် ပိုမိုများပြားသော ရုပ်သေးအလောင်းများက ပြေးဝင်လာကြပြန်သည်။

"ရှောင်ရှောင်... "

ချန်းရီ ပစ်လွှတ်လိုက်သော ဒူးလေးမြှားက ရုပ်သေးအလောင်းတစ်ကောင်ထံ စိုက်ဝင်သွားပြီးနောက် အဆိုပါ ရုပ်သေးအလောင်းမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာကာ အမြန်ဆုတ်ခွာသွားသည်ကို ကျိုးရှောင်ရှောင် မြင်လိုက်ရသည်။

ကျိုးရှောင်ရှောင်က အံကြိတ်လိုက်သည်။ "အမ... ညီမတို့ ချန်းရီဆီ သွားကြမယ်... ကျွန်မတို့သေမယ့်အဖြစ်ကို သူ လက်ပိုက်ကြည့်နေမယ်လို့ ကျွန်မ မယုံဘူး"

ဆက်ရန်...

All Chapters