← Chapters

အခန်း ၃၃

Vol. 2 Ch. 33

အခန်း ၃၃

Vol. 2 Ch. 33

အပိုင်း(၃၃) ကျေးဇူးပြုပြီး ကယ်ပါ

ခြေတံရှည်မိန်းကလေးနှင့် ထယ်ရှီးတို့နှင့် နှိုင်းယှဉ်လျှင် အထောက်အပံ့ လမ်းစဉ်ဖြစ်သော ချန်းရီက ယာဉ်တန်းထဲ၌ လူသိနည်းလှသည်။

နာနာက ဓားနတ်ဘုရား လမ်းစဉ်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ဓားရှည်တစ်လက်ကို လွယ်ကာ ယာဉ်တန်းထဲတွင် လူးလာခေါက်တုံ့ သွားလာနေတတ်၏။

စောစောကပင် သူမသည် ရွာသားတစ်ဦး၏ အိမ်ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းပြခဲ့သေးသည်။

အသက်ရှင်ကျန်ရစ်သူများ၏ အမြင်တွင် ထိုခြေတံရှည်မိန်းကလေးသည် စူပါမင်းတစ်ဦးပင် ဖြစ်နေတော့သည်။

ထို့ပြင် လူ့ဘီလူးကြီး ထယ်ရှီးဆိုလျှင်လည်း သူ၏ အရပ် ခြောက်ပေကျော်ရှိသော ခန္ဓာကိုယ်ထွားထွားကြီးကပင် လူတို့ကို ပြင်းထန်သော ဖိအားများ ပေးစွမ်းနိုင်လေသည်။

နက်နဲဆန်းကြယ်လှသော ခေါင်းဆောင်ချူချယ်ဆိုလျှင်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အစွမ်းရှိသူမှန်း သိသာလှသည်။

လမ်းစဉ် အသစ်နိုးကြားလာသော ချန်းရီ တစ်ယောက်သာလျှင် အခြားသော သာမန် အသက်ရှင်ကျန်ရစ်သူများနှင့် ဘာမှ ကွာခြားပုံမပေါ်ချေ။

အကယ်၍သာ လမ်းစဉ်ကို တိုင်းတာနိုင်သည့် စက်ကိရိယာမျိုး ရှိခဲ့မည်ဆိုလျှင် ချန်းရီ၏ မက္ကန်းနစ်လမ်းစဉ်သည် အတုအယောင်ဖြစ်ကြောင်း သိရှိသွားကြပေလိမ့်မည်။

သို့သော် အထင်ကြီးစရာမရှိလှသော ထိုအထောက်အပံ့ လမ်းစဉ်သည် ယခုအချိန်တွင် အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက် အသက်ကယ် ကောက်ရိုးတစ်မျှင် ဖြစ်လာခဲ့လေပြီ။

သာမန် အသက်ရှင်ကျန်ရစ်သူများသည် ရုပ်သေးအလောင်းများနှင့် ရင်ဆိုင်ရချိန်တွင် အရွယ်ရောက်ပြီးသော လူသန်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့် သုံးနှစ်အရွယ် ကလေးငယ်များအလား ဖြစ်နေကြသည်။

အသက်ရှင်ကျန်ရစ်သူများ ကိုင်ဆောင်ထားသော သံပိုက်လုံးများနှင့် ဘေ့စ်ဘောရိုက်တံများက ရုပ်သေးအလောင်းများအပေါ် မည်သည့် ထိရောက်မှုမှ မရှိပေ။

သေနတ်ကဲ့သို့သော ယမ်းလက်နက်များမှာ နိုင်ငံတော်က တင်းကျပ်စွာ ထိန်းချုပ်ထားသော လက်နက်များဖြစ်၍ သာမန်လူများအနေဖြင့် လုံးဝ ရှာဖွေနိုင်မည် မဟုတ်ချေ။

ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်တွင်မူ ထိုသေနတ်လက်နက်များမှာ ပို၍ပင် ရှားပါးသွားခဲ့သည်။

သေနတ်နှင့် ကျည်ဆန်များ ရှိနေလျှင်တောင်မှ ထူးဆန်းသောအရာများအပေါ် ထိခိုက်နိုင်စွမ်းမှာ အလွန် အကန့်အသတ် ရှိနိုင်သည်။

ချန်းရီ၏ လက်ထဲရှိ ခွေးနက်သွေး စိမ်ထားသော လက်ကိုင်ဒူးလေးကသာ ရုပ်သေးအလောင်းများအပေါ် အနည်းငယ် ထိရောက်မှု ရှိနေလေသည်။

သို့သော် စောစောက အဘွားကျောက်ကို လူသားဒိုင်းကာအဖြစ် အသုံးချရာတွင် ချန်းရီ၏ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့သော ရက်စက်မှုက အချို့သော သူများကို စိုးရိမ်ထိတ်လန့်သွားစေခဲ့သည်။

ထိုအချိန်တွင် နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် ကျိုးလန်သည် ရုပ်သေးအလောင်း၏ ဖိလှဲခြင်းကို ခံလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သေဆုံးသွားမည့်သူမှာ ဤနာမည်ကြီး သရုပ်ဆောင်ပင် ဖြစ်သွားနိုင်ချေရှိသည်။

ရုပ်သေးအလောင်း၏ မသေနိုင်သော လူ့မိစ္ဆာမျက်နှာကြီးကို ရင်ဆိုင်လိုက်ရချိန်တွင် ကျိုးလန်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထောင်းခနဲ ထသွားတော့သည်။

သူမသည် လက်ထဲရှိ တုတ်ဖြင့် အရှေ့မှ ရုပ်သေးအလောင်းကို အသည်းအသန် ကာကွယ်နေရှာသည်။

"ရှောင်ရှောင်"

ကျိုးလန်က မနေနိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ကျိုးရှောင်ရှောင်က သူမ၏ အမဖြစ်သူ ရုပ်သေးအလောင်း၏ ဖိလှဲခံလိုက်ရသည်ကို မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားပြီး ချန်းရီထံသို့ အသံကျယ်ကြီးဖြင့် အကူအညီ လှမ်းတောင်းလိုက်သည်။

"အစ်ကိုချန်းရီ... ကျွန်မ အမကို ကယ်ပါဦး"

ချန်းရီက လက်ကို မြှောက်ကာ ဒူးလေးမြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

ဒူးလေးမြှားသည် ရုပ်သေးအလောင်းတစ်ကောင်၏ ခေါင်းပေါ်သို့ စိုက်ဝင်သွားပြီး မီးခိုးဖြူများ ထောင်းခနဲ ထွက်ပေါ်လာ၏။

ရုပ်သေးအလောင်းက အူသံပေးလျက် နောက်သို့ ဆုတ်သွားသည်။

ချန်းရီသည် ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအမနှစ်ယောက်ကို လှမ်းကြည့်လိုက်သော်လည်း သူ၏ မျက်ဝန်းများတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ လက်ထဲမှလည်း မရပ်တန့်ဘဲ နောက်ထပ် မြှားတစ်စင်းကို လျင်မြန်စွာ ဆွဲထုတ်ကာ ချိန်ရွယ်ပစ်ခတ်လိုက်သည်။

ထိုမြှားဖြင့် ပြေးဝင်လာရန် ပြင်နေသော အခြား ရုပ်သေးအလောင်း တစ်ကောင်ကို နောက်ဆုတ်သွားစေလိုက်သည်။

ချန်းရီက အမှန်တကယ်ပင် သေတော့မည့် အခြေအနေကို လျစ်လျူရှုထားသည်ကို ကျိုးရှောင်ရှောင် မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့သော် ယခုအချိန်တွင် ကျိုးရှောင်ရှောင်အနေဖြင့် များများစားစား တွေးမနေနိုင်တော့ဘဲ လက်ထဲရှိ တုတ်ကို ဆွဲယူကာ ကူညီရန် ပြေးသွားလိုက်သည်။

ရုပ်သေးအလောင်းများ၏ စွမ်းရည်မှာ အလွန် ရိုးရှင်းလှသည်။ သူတို့၏ ခွန်အားနှင့် သွက်လက်မှုမှာ သာမန် အရွယ်ရောက်ပြီးသော လူသန်ကြီးတစ်ယောက်နှင့်သာ ဆင်တူလေသည်။

မိုးမခကိုင်းများ၏ ဆွဲတင်မှုကြောင့်သာ ကောင်းကင်သို့ ပျံသန်းနိုင်စွမ်း ရှိနေသယောင် ထင်ရခြင်း ဖြစ်သည်။

ထို့ပြင် သာမန် တိုက်ခိုက်မှုများက သူတို့အပေါ် မည်သည့် ထိရောက်မှုမျှ မရှိပေ။

သာမန် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးသည် ရုပ်သေးအလောင်း တစ်ကောင်၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

ထို့ပြင် အရေအတွက်ကလည်း များပြားလွန်းလှရာ မိုးမခပင်ကြီး၏ အောက်တွင် ရုပ်သေးအလောင်း ကောင်ရေ ရာနှင့်ချီ၍ ရှိနေသည်။

ရုပ်သေးအလောင်း တစ်ကောင်ကသာ ပစ်မှတ်ကို အမိဖမ်းလိုက်နိုင်ပါက အခြားသော ရုပ်သေးအလောင်းများကိုပါ အမြန်ဆုံး ဆွဲဆောင်နိုင်ပြီး တစ်ပြိုင်နက်တည်း ဝိုင်းအုံလာကြမည် ဖြစ်သည်။

ထို့ကြောင့် သာမန် ထူးဆန်းသောအရာများထက် ပို၍ ဒုက္ခပေးနိုင်စွမ်း ရှိလှသည်။

ကံကောင်းသည်မှာ ထယ်ရှီးနှင့် နာနာတို့က မိုးမခပင်ကြီး၏ အာရုံစိုက်မှု အများစုကို ဆွဲဆောင်ထားနိုင်သဖြင့်သာ ချန်းရီတို့လို မိုးမခပင်ကြီး၏ အပြင်ဘက်အစွန်အဖျားရှိ အသက်ရှင်ကျန်ရစ်သူများ ယခုအချိန်ထိ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

ချန်းရီတို့လူစုက မိုးမခပင်ကြီး၏ နယ်မြေထဲမှ ထွက်မပြေးချင်၍ မဟုတ်ပေ။

လုံးဝ ထွက်ပြေးစရာလမ်း မရှိခြင်းကြောင့်သာ ဖြစ်သည်။

မိုးမခပင်ကြီး၏ ကိုင်းများသည် အဆုံးအစမရှိ ရှည်ထွက်လာနိုင်သကဲ့သို့ ဖြစ်နေပြီး ရွာတစ်ရွာလုံးက မိုးမခပင်ကြီး၏ စစ်တလင်းပြင် ဖြစ်နေတော့သည်။

အမဖြစ်သူ၏ အကူအညီတောင်းသံကို ကြားလိုက်ရသဖြင့် ကျိုးရှောင်ရှောင်က အလျင်အမြန် ပြေးသွားကာ အမဖြစ်သူ၏ ကိုယ်ပေါ်သို့ ဖိလှဲနေသော ရုပ်သေးအလောင်းကို လက်ထဲရှိ သစ်သားတုတ်ဖြင့် ထိုးဖယ်လိုက်သည်။

အမဖြစ်သူကို ဆွဲထူလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးရှောင်ရှောင်သည် ပတ်ဝန်းကျင်တွင် ရုပ်သေးအလောင်း အတော်များများ စုရုံးရောက်ရှိနေပြီ ဖြစ်ကြောင်း မျှော်လင့်ချက်မဲ့စွာ တွေ့လိုက်ရလေသည်။

ရုပ်သေးအလောင်း တစ်ကောင်ကို ရင်ဆိုင်ရသည်ကပင် ညီအမနှစ်ယောက်ကို အလွန် လက်ဝင်စေခဲ့ပြီ ဖြစ်သည်။

ယခုတော့ ပတ်ဝန်းကျင်တွင် ရုပ်သေးအလောင်းများစွာ ဝိုင်းရံနေခဲ့ပြီ။

နောက်ကျိနေသော မျက်လုံးအစုံများက ညီအမနှစ်ယောက်ကို စိုက်ကြည့်နေကြပြီး ထိုအထဲမှ မျက်နှာအတော်များများမှာ အလွန် ရင်းနှီးကျွမ်းဝင်နေကြသည်။

သေမင်း၏ ခြိမ်းခြောက်မှုက ရင်ထဲသို့ ဆောင့်တက်လာ၏။

ဒါဆို... သူမနဲ့ အမဖြစ်သူက ဒီနေ့ ဒီနေရာမှာပဲ သေရတော့မှာလား။

ညီအမနှစ်ယောက် ကျောချင်းကပ်လိုက်ကြပြီး လက်ထဲတွင် ထိပ်ချွန်ထားသော သံပိုက်လုံးများကို အသီးသီး ကိုင်ဆောင်ထားကြသည်။

ဤမျှ ရိုးရှင်းသော လက်နက်မျိုးက သာမန်လူများအတွက် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။

သို့သော် ရုပ်သေးအလောင်းများအပေါ်တွင်မူ မည်သည့် ထိရောက်မှုမှ မရှိပေ။

ကျိုးလန်သည် သံပိုက်လုံးကို ကိုင်ထားရင်း ခြေနှစ်ဖက်လုံး တုန်ယင်နေရှာသည်။

ညီအမနှစ်ယောက်၏ ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများနှင့် ရုပ်သေးအလောင်း လေးငါးကောင် ရှိနေသည်။

အဝေးမှ ရုပ်သေးအလောင်းများကလည်း ဤဘက်သို့ ပြေးလာနေကြဆဲပင်။

နောက်ကျိနေသော မျက်လုံးများ၊ ပြဲဟနေသော ပါးစပ်ကြီးများ၊ ပုပ်သိုးနေသော ခန္ဓာကိုယ်များနှင့်အတူ အလွန် ဆိုးရွားသော ပုပ်ဟောင်နံစော်သည့် အနံ့ဆိုးများက မျက်နှာဆီသို့ ရိုက်ခတ်လာသည်။

ကျိုးရှောင်ရှောင်ဆိုလျှင် ရုပ်သေးအလောင်းများ၏ မျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေသော လောက်ကောင်များကိုပင် မြင်တွေ့နေရသည်။

ဤရုပ်သေးအလောင်းများသည် လူ့ပုံစံ ရှိနေသေးသော်လည်း လူ့သဘာဝတော့ လုံးဝ မရှိကြတော့ပေ။

"ညီမလေး... ခဏနေရင် နင် အရင် ထွက်ပြေးနော်... ချန်းရီရဲ့ အနားကို ရောက်သွားတာနဲ့ သူ နင့်ကို မကယ်ချင်ရင်တောင် အများကြီး ပိုလုံခြုံသွားလိမ့်မယ်"

ကျိုးလန်က အံကြိတ်ကာ ညီမဖြစ်သူကို မှာကြားလိုက်သည်။

ကျိုးရှောင်ရှောင်က တင်းတင်းကြပ်ကြပ် အံကြိတ်လိုက်ပြီး...

"အမ ဘာတွေ လျှောက်ပြောနေတာလဲ... ညီမ သေရရင်တောင် ချန်းရီဆီကို သွားပြီး အကူအညီ မတောင်းဘူး"

ကျိုးရှောင်ရှောင်က အံကို တင်းတင်းကြိတ်ထားသဖြင့် နှုတ်ခမ်းများမှ သွေးစများ စိမ့်ထွက်လာကာ ချွေးများက နဖူးပေါ်ရှိ ဆံပင်ရှည်များကို စိုရွှဲစေပြီး အလွန် သနားစရာကောင်းသော အသွင်ကို ဆောင်နေသည်။

ဤစကားကို ပြောထွက်သွားချိန်တွင် ကျိုးရှောင်ရှောင် ကိုယ်တိုင်ပင် အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိသည်။

"အား"

စူးစူးဝါးဝါး အော်ဟစ်သံတစ်သံနှင့်အတူ ထွက်ပြေးရန် ပြင်နေသော အမျိုးသား အသက်ရှင်ကျန်ရစ်သူ တစ်ဦး၏ ကျောပေါ်သို့ ရုပ်သေးအလောင်း တစ်ကောင်က ခုန်တက်သွားပြီး ပါးစပ်ကြီးကို ဟကာ အမျိုးသား၏ လည်ပင်းနောက်ဘက်သို့ ကိုက်ချလိုက်လေသည်။

သွေးစက်များနှင့်အတူ ထိုအမျိုးသားသည် မိုးမခပင်ကြီး၏ အကိုင်းအခက်များကြားသို့ လွင့်ပျံသွားတော့သည်။

ထိုအဖြစ်ဆိုးကြီးသည် ညီအမနှစ်ယောက်နှင့် ၁၅ပေခန့်သာ ကွာဝေးသော နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုအမျိုးသား ပြောပြချက်အရဆိုလျှင် သူသည် ကမ္ဘာပျက်ကပ် မရောက်မီက ကုမ္ပဏီကြီးတစ်ခုမှ အရာရှိကြီးတစ်ဦး ဖြစ်ခဲ့ပြီး တစ်ချိန်က ကျိုးလန်ကိုပင် လိုက်ခဲ့ဖူးသူ ဖြစ်သည်။

ယခုတော့ မျက်စိရှေ့တွင်ပင် ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ချေ။

ကျိုးရှောင်ရှောင်၏ မျက်ဝန်းအိမ်များ ပြင်းထန်စွာ တုန်ရီသွားပြီး လှပသော မျက်လုံးဝိုင်းဝိုင်းကြီးများထဲမှ မျက်ရည်များ စီးကျလာသည်။

ဤသည်မှာ ကြောက်ရွံ့မှုကြောင့် ကျဆင်းလာသော မျက်ရည်များပင် ဖြစ်သည်။

သေမင်းက မျက်စိရှေ့တွင်ပင် ရောက်ရှိနေပြီ မဟုတ်ပါလော။

ကျိုးရှောင်ရှောင်က မလှမ်းမကမ်းတွင် ရှိနေသော ချန်းရီကို လှမ်းကြည့်လိုက်သည်။

"ချန်းရီ"

ကျိုးရှောင်ရှောင်က မကျေမချမ်းဖြင့် အော်ဟစ်လိုက်သည်။

အသံထဲတွင် ပထမဆုံးအကြိမ်အဖြစ် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေခဲ့သည်။

ဤသည်မှာ အမြဲတမ်း ခေါင်းမာတတ်သော ကျိုးရှောင်ရှောင်အတွက် အလွန် ရှားပါးသော အခြေအနေပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ ယခုအချိန်အထိ ကျိုးရှောင်ရှောင်သည် မည်သူ့ကိုမျှ အကူအညီ မတောင်းခဲ့ဖူးချေ။

သို့သော် ယခုမူ... သူမနှင့် အမဖြစ်သူ ကျိုးလန်တို့သည် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ချန်းရီ၏ လက်ရှိ အခြေအနေကလည်း သိပ်ကောင်းလှသည်တော့ မဟုတ်ပေ။

သို့သော် ကံကောင်းသည်မှာ ယခင်က ခွေးနက်သွေးစိမ်ထားသော ဒူးလေးမြှားများကို လုံလောက်စွာ စုဆောင်းထားခဲ့သဖြင့် အနိုင်နိုင် တောင့်ခံထားနိုင်သေးခြင်း ဖြစ်သည်။

ခွေးနက်သွေး ဒူးလေးမြှားများသည် ရုပ်သေးအလောင်းများကို မသတ်ဖြတ်နိုင်လျှင်တောင် အနည်းဆုံးတော့ ဖယ်ရှားပစ်နိုင်စွမ်း ရှိနေသေးသည်။

စနစ်၏ သတိပေးချက်စာကြောင်းများက ချန်းရီ၏ မျက်စိရှေ့တွင် တဖျတ်ဖျတ် ပေါ်လာနေသော်လည်း ချန်းရီကမူ အသေးစိတ် ရေတွက်နေရန်ပင် စိတ်မဝင်စားနိုင်တော့ပေ။

ယခုအချိန်တွင် ချန်းရီသည် နာနာနှင့် ထယ်ရှီးတို့နှစ်ဦး လှုပ်ရှားမှု ပိုမြန်လာရန်သာ ဆုတောင်းနေမိတော့သည်။

ထို့သို့ မဟုတ်ပါက ဤအတိုင်းသာ ဆက်သွားနေလျှင် သူကိုယ်တိုင်လည်း ကြာကြာ တောင့်ခံထားနိုင်မည် မဟုတ်ချေ။

အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက်တော့ ချန်းရီက လုံးဝ ဂရုစိုက်နေမည် မဟုတ်ပေ။

ရုတ်တရက် သူ၏ နာမည်ကို ခေါ်လိုက်သံ ကြားလိုက်ရသည်။

ချန်းရီ အနည်းငယ် ကြောင်သွားပြီးနောက် ကျိုးညီအမနှစ်ယောက်ကို ရုပ်သေးအလောင်း လေးငါးကောင် ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။

ကျိုးညီအမနှစ်ယောက် လက်ထဲရှိ သံပိုက်လုံးများသည် ထိုရုပ်သေးအလောင်းများအတွက် ကလေးကစားစရာများအလား ဖြစ်နေသည်။

စက္ကန့်အနည်းငယ်သာ ကြာလျှင် ထိုညီအမနှစ်ယောက်သည် ရုပ်သေးအလောင်းများ၏ ကိုက်ဖြတ်စုတ်ဖြဲခြင်းကို ခံရတော့မည် ဖြစ်သည်။

ကျိုးညီအမနှစ်ယောက်က သူ့ကို လှမ်းကြည့်နေသော မျက်ဝန်းများထဲတွင် တောင်းပန်တိုးလျှိုးမှုများနှင့် သနားစရာကောင်းမှုများက အပြည့်အနှက် ပါဝင်နေသည်။

ဆောင်းလေအေးထဲမှ ခွေးပေါက်စလေးများက သခင်ဖြစ်သူကို အသနားခံ ကြည့်နေသည့် အကြည့်မျိုးနှင့်ပင် တူနေတော့သည်။

ချန်းရီ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ...

ညီအမနှစ်ယောက်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာသည်။

ထိုအခိုက်အတန့်တွင် ကျိုးရှောင်ရှောင်၏ မျက်လုံးဝိုင်းဝိုင်းကြီးများထဲ၌ မျက်ရည်များ ပြည့်လျှံနေပြီး အဆုံးမရှိသော နောင်တတရားများနှင့် မျှော်လင့်ချက်များ ရောယှက်ကာ...

"ချန်းရီ... တောင်းပန်ပါတယ် ကျွန်မတို့ကို ကယ်ပါဦး"

စက္ကန့်ပိုင်းလေး အလိုကမှ သေရလျှင်တောင် အကူအညီ မတောင်းဘူးဟု ပြောနေခဲ့သေးသည်။

နောက်တစ်စက္ကန့်တွင်မူ တကယ်သေရတော့မည့် အခြေအနေသို့ ရောက်ရှိလာပြီး သေမင်းက သူမနှင့် အလွန် နီးကပ်လာခဲ့လေပြီ။

ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု ကျိုးရှောင်ရှောင် ကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ချေ။

ဆက်ရန်...

All Chapters