← Chapters

အခန်း ၃၄

Vol. 2 Ch. 34

အခန်း ၃၄

Vol. 2 Ch. 34

အပိုင်း(၃၄) ရွာအဝင်ဝဆီသို့ ထွက်ပြေးခြင်း

ကျိုးရှောင်ရှောင်က ချန်းရီ၏ အကူအညီကို တောင်းခံနေချိန်တွင်ပင်။

ကောင်းကင်နှင့် မြေကြီးကိုပါ တုန်ဟည်းသွားစေသော ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

ထိုနောက်တွင်တော့ မြေကြီးများတုန်ခါကာ တောင်တန်းများ ယိမ်းယိုင်သွားပြီး မြေအောက်ထဲတွင် ဧရာမ နဂါးကြီးတစ်ကောင် ဟိန်းဟောက်လူးလွန့်နေသကဲ့သို့ ဖြစ်သွားသည်။

မိုးမခကိုင်းများ၏ ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံထားရသော ရုပ်သေးအလောင်းများမှာလည်း ကစဉ့်ကလျား ယိမ်းထိုးလှုပ်ရမ်းသွားကြသည်။

အသက်ရှင်ကျန်ရစ်သူ အားလုံးကလည်း ထိုဘက်သို့ အလုအယက် လှည့်ကြည့်လိုက်ကြ၏။

ထိုဧရာမ မိုးမခပင်ကြီး၏အောက်တွင် အရပ် (၁၀) ပေခန့်ရှိသော လူ့ဘီလူးကြီးက တစ်ကိုယ်လုံးရှိ ကြွက်သားများကို ဖောင်းကြွစေလျက် ကြီးမားလှသော လက်သီးဆုပ်ကြီးများဖြင့် မြို့ရိုးဖျက်တုံးကြီးအလား မိုးမခပင်စည်ကြီးကို ထိုးနှက်လိုက်ရာ သစ်သားစများ လွင့်စင်သွားပြီး မိုးမခပင်ကြီးဆီမှ နီရဲသော သွေးများ စီးကျလာသည်။

ခြေတံရှည်ကောင်မလေးက လက်ထဲမှ ဓားရှည်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားပြီး ပါးစပ်မှ ထူးဆန်းသော ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုနေသည်။ သူမလက်ထဲရှိ ဓားရှည်၏ စွမ်းအားက ပိုမိုပြင်းထန်လာကာ တစ်ကိုယ်လုံးတွင် ဓားစွမ်းအင်များ ရစ်ပတ်နေပြီး ရှည်လျားသော ဆံပင်များက လေမတိုက်ဘဲ လွင့်ဝဲနေရာ နတ်သမီးတစ်ပါးအလား ထင်မှတ်ရ၏။

သို့သော် ကောင်မလေး၏ မျက်နှာက ပို၍ ဖြူရော်လာပြီး သွေးရောင်ဟူ၍ တစ်စက်မျှပင် မရှိတော့ချေ။

၎င်းသည် ယခင်က ခါးကုန်းရုပ်သေးအလောင်းအိုကြီးကို ရင်ဆိုင်စဉ်က သုံးခဲ့သော ဓားစွမ်းအင်ကွက်ပင် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ယခင်တစ်ချက်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်။

"ဖြတ်"

ကောင်မလေးက ပြတ်သားစွာ အော်ဟစ်လိုက်ပြီး လက်ထဲမှ ဓားရှည်ဖြင့် ရှေ့ရှိ ဧရာမ မိုးမခပင်ကြီးကို ပေါ့ပါးစွာ ခုတ်ချလိုက်သည်။

မျက်စိကျိန်းမတတ် တောက်ပသော ဓားစွမ်းအင်တစ်ခုက ဓားရှည်ပေါ်တွင် တွယ်ကပ်သွားသည်။ မူလက (၃) ပေကျော်သာ ရှိသော ဓားသွားသည် ယခုအခါတွင် ပေ (၄၀) ကျော်အထိ ရှည်လျားသွားခဲ့၏။

ဤမျှ အလှမ်းဝေးနေသည်တိုင် ချန်းရီက ရင်ထဲမှ ကျောချမ်းသွားသည်ကို ခံစားလိုက်ရသည်။

ဓားရှည်က ခုတ်ပိုင်းကျဆင်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားရာကြီးတစ်ခုက မိုးမခပင်ကြီးပေါ်တွင် ထွက်ပေါ်လာပြီး နီရဲသော သွေးအမြောက်အမြားက ပင်စည်မှတစ်ဆင့် စီးကျလာ၏။

ထူးဆန်းကျောချမ်းဖွယ်ကောင်းသော ရှိုက်ငိုသံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများက မြေအောက်မှ ထွက်ပေါ်လာသည်။

ဤဓားချက်က မိုးမခပင်ကြီးကို ပြင်းထန်စွာ ထိခိုက်သွားစေခဲ့သည်မှာ သိသာလှသည်။ ပင်စည်ကြီးက အရူးအမူး လူးလွန့်လိမ်ကောက်နေပြီး ရွာလယ်ကွင်းပြင်ကိုပါ ရိုက်ခတ်သွားစေသည်။

ဤအချိန်တွင် တစ်ရွာလုံး ငလျင်လှုပ်သွားသကဲ့သို့ ဖြစ်သွား၏။

ဤအခိုက်အတန့်သည် ကျိုးရှောင်ရှောင်က ချန်းရီကို အကူအညီတောင်းခံနေချိန်နှင့် အတိအကျ တိုက်ဆိုင်နေခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများက မိုးမခပင်ကြီးကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်ကြသည်။

ရုပ်သေးအလောင်းများပင်လျှင် တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရာကြီးတစ်ခု ရောက်လာတော့မည့်ဟန် ရှိနေသည်။

"ပြေး"

ချန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ လန့်နိုးသွားကြပြီး ကျောပိုးအိတ်များကို လွယ်ကာ ရွာအဝင်ဝဆီသို့ အရူးအမူး လှည့်ပြေးကြတော့၏။

ချန်းရီကလည်း ဤအချိန်တွင် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ မိုးမခပင်ကြီး ဒဏ်ရာရသွားမှုကြောင့် ရွာထဲရှိ တားမြစ်ချက်တစ်ခုခု၏ အက်ကြောင်း ပွင့်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ကျောပေါ်ရှိ ကျောပိုးအိတ်က ချန်းရီအတွက် မည်သည့် အဟန့်အတားမျှ မဖြစ်စေခဲ့ပေ။ ဤအချိန်တွင် ချန်းရီသည် မိဘများက သူ့ကို ခြေထောက်နှစ်ချောင်း ပိုမမွေးပေးခဲ့သည်ကိုပင် နောင်တရနေမိပြီး ရွာအဝင်ဝဆီသို့ အရူးအမူး ပြေးလွှားသွားတော့သည်။

ချန်းရီ၏ အော်ဟစ်သံက ရူးသွပ်နေသော လူ့ဘီလူးကြီးကို အသိဝင်မလာစေခဲ့ပေ။ အရပ် (၁၀) ပေကျော်ရှိသော ကြွက်သားဘီလူးကြီးသည် မျက်လုံးများ နီရဲနေဆဲဖြစ်ပြီး သံမဏိလက်သီးများကို တူကြီးများအလား အသုံးပြုကာ မိုးမခပင်စည်ကြီးပေါ်သို့ အဆက်မပြတ် ရိုက်နှက်နေလေသည်။

တိုက်တန် လမ်းစဉ်သည် လမ်းစဉ်အားလုံးထဲတွင် အစွမ်းထက်သော တိုက်ခိုက်ရေး လမ်းစဉ်တစ်ခု ဖြစ်သည်။

သို့သော် လုံးဝ ပေးဆပ်ရမှု မရှိသည်တော့ မဟုတ်ပေ။

ဥပမာအားဖြင့် တိုက်တန် လမ်းစဉ်ကို နိုးကြားလာသည်နှင့် လူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားတတ်သည်။

တိုက်ခိုက်ရေးအခြေအနေသို့ ဝင်ရောက်သွားသော တိုက်တန် အစွမ်းပိုင်ရှင်သည် ရူးသွပ်ကြမ်းတမ်းသော အခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားတတ်ပြီး မိမိကိုယ်တိုင် လဲကျသွားခြင်း သို့မဟုတ် ရန်သူ လဲကျသွားခြင်း မရှိသရွေ့ အသိစိတ် ပြန်လည်ဝင်လာရန် အလွန် ခဲယဉ်းသည်။

"လူသန်ကြီး... သွားမယ်"

ခြေတံရှည်ကောင်မလေး၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေသော်လည်း ကျန်ရှိနေသေးသော အသိစိတ်က လူ့ဘီလူးကြီးကို အသိစိတ်ပြန်ဝင်လာအောင် လုပ်ရမည်မှန်း သူမကို သိစေခဲ့သည်။

သို့မဟုတ်ပါက အားလုံး ဒုက္ခရောက်ကြပေတော့မည်။

သို့သော် လူ့ဘီလူးကြီးက ဤအချိန်တွင် ခြေတံရှည်ကောင်မလေး၏ သတိပေးချက်ကို လုံးဝ ဂရုမစိုက်ဘဲ ဒေါသထွက်နေသော ခြင်္သေ့ထီးတစ်ကောင်အလား မိုးမခပင်ကြီးကိုသာ ဆက်လက် တိုက်ခိုက်နေသည်။

"ချန်းရီ"

ခြေတံရှည်ကောင်မလေးမှာ ဤအချိန်တွင် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသဖြင့် ချန်းရီထံမှ အကူအညီ တောင်းခံရုံသာ ရှိတော့သည်။

ချန်းရီ၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ တိုက်တန် လမ်းစဉ်အကြောင်းကို နားမလည်လျှင်တောင် ဤအချိန်၌ လူ့ဘီလူးကြီးမှာ စိတ်ခံစားမှု တစ်ခုခုထဲသို့ နစ်မွန်းနေကြောင်း သူ သိလိုက်သည်။

ခြေတံရှည်ကောင်မလေး၏ အကူအညီတောင်းခံမှုက ကျိုးလန်နှင့် ကျိုးရှောင်ရှောင်တို့နှင့် မတူပေ။ ဤလူနှစ်ယောက်က လမ်းစဉ် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

ထို့အပြင် ထိုလူ့ဘီလူးကြီးက သူ့အပေါ်တွင် အလွန် ရင်းနှီးဖော်ရွေသည်။

ကယ်မလား... မကယ်ဘူးလား...

၎င်းက မေးခွန်းထုတ်စရာ တစ်ခု ဖြစ်လာသည်။

အကယ်၍ ကျိုးလန် သို့မဟုတ် ကျိုးရှောင်ရှောင်သာ ဖြစ်နေမည်ဆိုပါက ချန်းရီသည် လုံးဝ ကယ်တင်မည် မဟုတ်ပေ။

သို့သော် မျက်မှောက်ရှိ ဤနှစ်ယောက်မှာ လမ်းစဉ် အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ သူတို့တွင် ကယ်တင်ခံရမည့် တန်ဖိုး ရှိနေသည်။

(ဝ.၀၁) စက္ကန့်အတွင်းမှာပင် ချန်းရီက ဆုံးဖြတ်ချက်ချလိုက်ပြီး အံကြိတ်ကာ နောက်ဆုတ်နေသော ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

လက်ထဲရှိ ဒူးလေးဖြင့် လူ့ဘီလူးကြီး၏ လက်မောင်းကို ချိန်ရွယ်ကာ တစ်ချက် ပစ်ခတ်လိုက်၏။

ဤအချိန်တွင် ချန်းရီက သူ၏ ခွေးနက်သွေးစိမ်ထားသော မြှားတံသည် အမှန်တကယ် အသုံးဝင်မည်၊ မဝင်မည်ကို မသေချာသော်လည်း နာကျင်မှုက လူ့ဘီလူးကြီး၏ အသိစိတ်ကို အနည်းငယ် ပြန်လည်နိုးကြားလာစေရန်သာ မျှော်လင့်မိသည်။

မြှားတံက လူ့ဘီလူးကြီး၏ ကျယ်ပြန့်တုတ်ခိုင်သော ကျောပြင်ကြွက်သားများထဲသို့ ထိပ်ဖျားလေးသာ စိုက်ဝင်သွားသည်။

အလွန်အမင်း ထွားကြိုင်းနေသော ကြွက်သားတစ်ရှူးများက ချန်းရီ၏ မြှားတံကို တားဆီးလိုက်ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ချန်းရီက ရင်ထဲမှ တိတ်တဆိတ် အံ့သြသွားသည်။ ဤလူ့ဘီလူးကြီးသည် ကြွက်သားများကို အားကိုးရုံဖြင့်ပင် ဤမျှလောက်သော ကာကွယ်နိုင်စွမ်း ရှိနေသည်။

တိုက်တန် လမ်းစဉ်သည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

"ယားးးးးးးးး"

ဒေါသထွက်ရူးသွပ်နေသော ထယ်ရှီးက နောက်ကျောမှ တိုက်ခိုက်ခံလိုက်ရသည်ကို ခံစားမိသွားပြီး လှည့်ကြည့်လိုက်ရာ ပုသေးသေး လူသားတစ်ယောက် ထွက်ပြေးနေသည်ကို မြင်လိုက်ရသည်။

ထယ်ရှီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ချန်းရီနောက်သို့ လိုက်လာတော့သည်။

ချန်းရီက စိတ်ထဲမှနေ၍ ဒုက္ခပဲဟု ကြိတ်အော်လိုက်မိ၏။

"သေလိုက်ပါတော့... လူသန်ကြီး... မင်းရဲ့ အဲ့ဒီအကြည့်က ငါ့ကို သတ်ပစ်ဖို့ ရည်ရွယ်ထားတာတော့ မဟုတ်ပါဘူးနော"

ဤအချိန်တွင် ထယ်ရှီး၏ မျက်လုံးများက နီရဲနေပြီး ဒေါသထွက်နေသော မာမွတ်ဆင်ကြီး တစ်ကောင်နှင့် တူနေသည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ခြေတံရှည်ကောင်မလေးမှာ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး ခြေထောက်များကို အားပြုကာ ထယ်ရှီး၏ ပခုံးပေါ်တွင် ပေါ့ပါးစွာ ရပ်လိုက်သည်။

အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေသော ခြေတံရှည်ကောင်မလေးအတွက်ပင် ဤမျှလောက် လုပ်ဆောင်ရန်မှာ အခက်အခဲ မရှိလှပေ။

တောင်ပူစာလေးအလား ကြီးမားသော ရိက္ခာထုပ်ကြီးနားမှ ဖြတ်သွားချိန်တွင် ခြေတံရှည်ကောင်မလေးက ကြိုးတစ်ချောင်းကို ပစ်လွှတ်ကာ ထိုအထုပ်ကြီးကို ချိတ်ဆွဲလိုက်ပြီး ကြိုး၏ အခြားတစ်ဖက်ကို ထယ်ရှီး၏ လက်မောင်းတွင် ချည်နှောင်လိုက်သည်။

ဤသို့ဖြင့် သူတို့တစ်စုသည် ဖုန်တလုံးလုံး ထစေလျက် ချန်ရှုရွာ၏ အဝင်ဝဆီသို့ တရှိန်ထိုး ပြေးသွားကြသည်။

ဤအချိန်တွင် အမြင့်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက မြွေရှည်ကြီးတစ်ကောင် အဝင်ဝဆီသို့ တရှိန်ထိုး ပြေးသွားနေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး မြွေ၏ အမြီးပိုင်းတွင်လည်း ဖုန်တလုံးလုံး ထနေမည် ဖြစ်သည်။

ချန်းရီကမူ ဤအချိန်တွင် သူ၏ ဘဝတစ်သက်တာလုံးစာ အားအင်များကို ထုတ်သုံးကာ အရူးအမူး ပြေးလွှားနေသည်။

ထိုအချိန်မှာပင် ချန်ရှုရွာ တစ်ရွာလုံး အိပ်မောကျနေရာမှ နိုးထလာခဲ့၏။

ရွာလယ်ခေါင်မှ စတင်ကာ မရေမတွက်နိုင်သော မိုးမခကိုင်းများက ထွက်ပြေးနေကြသော အသက်ရှင်ကျန်ရစ်သူများဆီသို့ အရူးအမူး ဝင်ရောက်လာကြသည်။

"အား... ကယ်ကြပါဦး... ကျွန်တော် မသေချင်သေးဘူး... ကယ်ပါဦး"

အပြေးနှေးသွားသော အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း မိုးမခကိုင်းများက သူ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ အမှောင်ထုထဲသို့ ဆွဲခေါ်သွားကြသည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အသည်းငယ်မတတ် လန့်ဖျပ်သွားကြပြီး ပို၍ အရူးအမူး ပြေးလွှားကြတော့သည်။

နောက်ထပ် အသက်ရှင်ကျန်ရစ်သူ နှစ်ယောက် သုံးယောက်ခန့်မှာလည်း မိုးမခကိုင်းများ၏ ရစ်ပတ်မှုကို ခံလိုက်ရပြီး အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရပြန်သည်။

မိုးမခကိုင်း အများအပြားက အိမ်များကို ပတ်ကျော်ကာ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အမှောင်ထုထဲမှနေ၍ ချန်းရီ၏ ရှေ့လမ်းဆီသို့ တိတ်တဆိတ် ဖြာထွက်လာကြသည်။

ချန်းရီက လက်မြှောက်ကာ တစ်ချက် ပစ်ခတ်လိုက်သည်။

ခွေးနက်သွေး စိမ်ထားသော မြှားတံက မိုးမခကိုင်းကို ဖောက်ထွင်းသွား၏။

သဲ့သဲ့လေး ကြားရသော အသနားခံအော်ဟစ်သံနှင့်အတူ မိုးမခကိုင်းက အမှောင်ထုထဲသို့ လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားသည်။

ရုတ်တရက်။

ချန်းရီ၏ ခြေကျင်းဝတ်တွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး ဘာမျှပင် ဆက်မတွေးနိုင်ခင်မှာပင် ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားကာ တစ်ကိုယ်လုံး ဇောက်ထိုး တွဲလွဲဆွဲခံလိုက်ရသည်။

နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီပေါ့။

ဤအချိန်တွင် ချန်းရီ၏ လက်ထဲရှိ ဒူးလေးမှာလည်း မြှားကုန်သွားပြီဖြစ်ရာ မည်သည့် နည်းလမ်းမျှ မရှိတော့ချေ။

ခြေတံရှည်ကောင်မလေးက ချန်းရီကို ကူညီချင်ပါလျှင်တောင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးက အနည်းငယ် ဝေးကွာလွန်းနေသည်။

ချန်းရီက ခါးမှ ဓားမကို ဆွဲထုတ်လိုက်ပြီး မိုးမခကိုင်းကို ချိန်ရွယ်ကာ အားကုန် ခုတ်ချလိုက်သည်။

ဤဓားမကို ချန်းရီ ရရှိပြီးကတည်းက ခွေးနက်သွေးထဲတွင် မကြာခဏ စိမ်ထားခဲ့ခြင်း ဖြစ်သည်။

မြှားတံကို ခွေးနက်သွေး စိမ်ထားပြီး ဓားမကို မစိမ်ထားစရာ အကြောင်းမရှိပေ။

တကယ်တော့ ဓားမကို ခွေးနက်သွေး စိမ်ထားခြင်းက အမှန်တကယ် အသုံးဝင်မည်၊ မဝင်မည်ကို ချန်းရီကိုယ်တိုင်လည်း မသိခဲ့ဘဲ စမ်းကြည့်မည့် သဘောဖြင့်သာ လုပ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤဓားချက်အောက်တွင် မိုးမခကိုင်းထံမှ သဲ့သဲ့လေး ကြားရသော စူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာမည်ဟု သူ မထင်ထားခဲ့ပေ။

ချန်းရီက အလွန် ဝမ်းသာသွားပြီး လက်ထဲမှ ဓားမဖြင့် နှစ်ချက် သုံးချက်ခန့် ဆက်တိုက် ခုတ်ချလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများထဲတွင် သေနတ်ကဲ့သို့သော ခေတ်မီလက်နက်များ မရှိသော်လည်း လူအများစု၏ လက်ထဲတွင် ချွန်ထက်သော လက်နက်အချို့ ရှိနေခဲ့သည်ကို သိထားရမည်။

ယခင်က ထိုအသက်ရှင်ကျန်ရစ်သူများသည် သူတို့လက်ထဲရှိ လက်နက်များဖြင့် မိုးမခကိုင်းများကို ရင်ဆိုင်ခဲ့ကြသော်လည်း အနည်းငယ်မျှပင် အသုံးမဝင်ခဲ့ပေ။

သို့သော် ယခုအခါ ခွေးနက်သွေး စိမ်ထားသော ဓားမက အသုံးဝင်နေသည်။

ဤအချက်က ချန်းရီကို မည်သို့ ဝမ်းမသာစေဘဲ နေမည်နည်း။

မိုးမခကိုင်း ပြတ်တောက်သွားပြီး ချန်းရီ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လိမ့်ဆင်းသွားပြီးနောက် မတ်တပ်ပြန်ရပ်လိုက်ကာ ချန်းရီက တစ်ကိုယ်လုံး မည်မျှ ဖုန်ပေနေပါစေ ဂရုမစိုက်နိုင်တော့ဘဲ အရူးအမူး ဆက်လက် ပြေးလွှားတော့သည်။

"ရှောင်ရီ... တက်ထိုင်လိုက်"

လက်အကြီးကြီးတစ်ခုက ချန်းရီကို တိုက်ရိုက် ဆွဲမလိုက်ပြီး ပျော့အိအိ အရာဝတ္ထုတစ်ခုပေါ်သို့ တင်ပေးလိုက်သည်။

၎င်းမှာ တောင်ပူစာလေးအလား ကြီးမားသော ကျောပိုးအိတ်ကြီး ဖြစ်သည်။

လူ့ဘီလူးကြီး ထယ်ရှီး လွယ်ထားသော ကျောပိုးအိတ်ကြီးပင်တည်း။

သူ၏ မျက်လုံးများမှ နီရဲသော အရောင်များ ပျောက်ကွယ်သွားပြီဖြစ်ပြီး တောင်ပူစာလေးအလား ကြီးမားသော ကျောပိုးအိတ်ကြီးကိုလည်း သူ၏ ကျောပေါ်တွင် ပြန်လည် လွယ်ပိုးထားလိုက်ပြီ ဖြစ်သည်။

ဤအချိန်တွင် ချန်းရီက ထိုကျောပိုးအိတ်ကြီးပေါ်သို့ ပစ်တင်ခံလိုက်ရခြင်း ဖြစ်သည်။

"သေချာကိုင်ထား... ငါ အားကုန်သုံးတော့မယ်"

ထိုသို့ ပြောပြီးနောက် ထယ်ရှီး၏ အမြန်နှုန်းက ရုတ်တရက် အလွန် မြင့်တက်သွားရာ ချန်းရီမှာ ကပျာကယာဖြင့် ကျောပိုးအိတ်ကို လှမ်းကိုင်လိုက်ရသဖြင့်သာ လွင့်စင်မကျသွားခြင်း ဖြစ်သည်။

ရွာအဝင်ဝက မျက်စိရှေ့မှာတင် ရှိနေပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters