← Chapters

အခန်း ၃၅

Vol. 2 Ch. 35

အခန်း ၃၅

Vol. 2 Ch. 35

အပိုင်း(၃၅) ထွက်လာပြီ

"၄:၂၁"

ချူချယ်က လက်ကောက်ဝတ်ရှိ နာရီကို ကြည့်လိုက်ပြီး ရွာအဝင်ဝဆီသို့ မော့ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အမူအရာက ရှိနေဆဲပင် ဖြစ်သည်။

ရွာအဝင်ဝဘက်သို့ လှမ်းကြည့်လိုက်သော အကြည့်များကလည်း လေပြေလေညင်းသဖွယ် အေးချမ်းနေပြီး လုံးဝ အလျင်လိုနေသည့်ပုံ မပေါ်ပေ။

အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် မျက်လုံးချင်း ဆုံမိချိန်တွင်လည်း ချူချယ်၏ အကြည့်များက ထူးကဲစွာ တည်ငြိမ်နေ၏။ ထိုကဲ့သို့ တည်ငြိမ်နေသော ချူချယ်ကို မြင်တွေ့ရသည့်အခါ အခြားအသက်ရှင်ကျန်ရစ်သူများမှာလည်း စိတ်အေးသက်သာ ရှိသွားကြသည်။

သို့သော် ချူချယ်၏ မျက်ဝန်းနက်ရှိုင်းရာ အောက်ခြေတွင်မူ အလွန်တရာ မှေးမှိန်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုကို ဖုံးကွယ်ထားလေသည်။

ယခုအချိန်အထိ ချန်းရီဖြစ်စေ၊ နာနာနှင့် ထယ်ရှီးတို့ဖြစ်စေ၊ အခြားသော အသက်ရှင်ကျန်ရစ်သူများဖြစ်စေ မည်သူမျှ ချန်ရှုရွာထဲမှ ထွက်ပြေးလွတ်မြောက်လာခြင်း မရှိသေးပေ။

ယခင်က ထိုမျှများပြားသော အသက်ရှင်ကျန်ရစ်သူများ ရွာထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ယခုအခြေအနေကို ကြည့်ရသည်မှာ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။ အသံသဲ့သဲ့လေးပင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ချိန်းဆိုထားသော အချိန်ထက် (၂၁) မိနစ် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ အစီအစဉ်အတိုင်းသာဆိုလျှင် ဤအချိန်၌ ယာဉ်တန်းသည် ထွက်ခွာမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသင့်ပြီ ဖြစ်၏။

လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်လာပြီးနောက်ပိုင်းတွင် ချူချယ်က အချိန်တိုင်းလိုလို အန္တရာယ်ကို ခံစားနေရသည်။ ယာဉ်တန်းထဲရှိ သာမန် အသက်ရှင်ကျန်ရစ်သူများ အနေဖြင့် ရှန်ဟိုင်းကဲ့သို့ မြို့ကြီးပြကြီးပင် ကျဆုံးသွားခဲ့ရပြီ ဖြစ်ပါလျက် ဤယာဉ်တန်းထဲတွင် နေထိုင်ရသော အချိန်ကာလများ၌ အဘယ်ကြောင့် ဤမျှလောက် လုံခြုံအေးချမ်းနေရသနည်းဟု သံသယ ဝင်ကောင်း ဝင်မိကြပေလိမ့်မည်။

တစ်ခါတစ်ရံ၌ ဤကမ္ဘာပျက်ကပ်ကြီးသည် လူလိမ်လူညာများ ဖန်တီးထားသော ကောလာဟလတစ်ခုသာ ဖြစ်သည်ဟုပင် ထင်မှတ်မိတတ်ကြသည်။ ယာဉ်တန်းက တစ်ခါတစ်ရံတွင် ရူးကြောင်ကြောင်ဖြင့် လမ်းကြောင်းများကို ရမ်းသန်း ရွေးချယ်တတ်သည်မှလွဲ၍ ပေါ့လေ။ ဥပမာအားဖြင့် မနက်ပိုင်းတွင် ရှေ့သို့ ၄ မိုင်၊ ၅ မိုင်ခန့် ရုတ်တရက် ချီတက်သွားပြီး ညနေပိုင်းတွင် မူလနေရာသို့ ၄ မိုင်၊ ၅ မိုင်ခန့် ပြန်လည် ဆုတ်ခွာလာခြင်းမျိုး ဖြစ်သည်။

မနက်ခင်းက အရှေ့ဘက်သို့ သွားရန် သေချာပေါက် ဆုံးဖြတ်ထားသော်လည်း ထွက်ခွာမည့်အချိန် နီးကပ်လာသောအခါ တောင်ဘက်သို့ ရုတ်တရက် ပြောင်းလဲသွားတတ်သည်။

ယာဉ်တန်း ခေါင်းဆောင်၏ ရူးကြောင်ကြောင် နိုင်လှသော အပြုအမူများကို သိပ်ပြီး နားမလည်နိုင်ကြသော်လည်း ယာဉ်တန်းထဲတွင် ဖြတ်သန်းရသော နေ့ရက်များသည် ရိက္ခာပစ္စည်း ရှားပါးပြတ်လပ်မှုမှလွဲ၍ မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။ ယာဉ်တန်းထဲရှိ သာယာအေးချမ်းသော နေ့ရက်များကို ကြာရှည်စွာ ဖြတ်သန်းလာရပြီးနောက် တစ်ခါတစ်ရံတွင် ဤထူးဆန်းသော ကမ္ဘာပျက်ကပ်ကြီး တကယ်ရော ရှိနေပါသလားဟုပင် သံသယ ဝင်မိတတ်ကြသည်။

သို့သော် ချူချယ်၏ အမြင်တွင်မူ ယာဉ်တန်း၏ နေ့ရက်များသည် ထိုမျှလောက် လုံခြုံမှု မရှိခဲ့ပေ။ အချိန်တိုင်း၊ စက္ကန့်တိုင်းတွင် အန္တရာယ်၏ အစွန်းအဖျား၌ ရပ်တည်နေရသည်ဟုပင် ဆိုနိုင်သည်။

သူ လမ်းပြသူလမ်းစဉ် ဖြစ်လာသည့် ထိုနေ့မှစ၍ ချူချယ်သည် ထူးဆန်းသော အရာများ၏ အငွေ့အသက်ကို အလွန်တရာ အာရုံခံစား သိရှိနိုင်စွမ်း ရှိလာခဲ့သည်။ သူ၏ အာရုံခံစားမှုထဲတွင် ယာဉ်တန်းကြီးသည် အချိန်တိုင်းလိုလို အန္တရာယ်များကြား၌ ကျရောက်နေခဲ့၏။

အပြင်ပန်းအားဖြင့် လုံခြုံနေပုံရသော ရှေ့တည့်တည့်၌...

ချူချယ်၏ အာရုံထဲတွင်မူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာကြီး တစ်ခု ရှိနေလေသည်။

အပြင်ပန်းအားဖြင့် အေးချမ်းနေပုံရသော ဖြတ်သန်းလာခဲ့သည့် လမ်းကြောင်းပေါ်၌...

ချူချယ်၏ အာရုံထဲတွင်မူ ယာဉ်တန်းမှ ကျန်ရစ်ခဲ့သော အငွေ့အသက်များကို ခြေရာခံကာ လိုက်ပါလာနေသည့် ထူးဆန်းသော အငွေ့အသက်များစွာ ရှိနေလေသည်။

ထူးဆန်းသော အရာများသည် လူသားများ ရပ်နားခဲ့သော အငွေ့အသက်များမှတစ်ဆင့် ခြေရာခံကာ လူသားများကို ရှာဖွေ သတ်ဖြတ်တတ်ကြသည်။

၎င်းသည်ပင်လျှင် ယာဉ်တန်းကြီး အနေဖြင့် လမ်းမပေါ်၌ အမြဲတမ်း ရှိနေရပြီး မိမိတို့၏ တည်နေရာကို မရပ်မနား ရွှေ့ပြောင်းနေရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ထူးဆန်းသောအရာများက သူတို့၏ တည်နေရာ အတိအကျကို မခြေရာခံနိုင်စေရန် ဖြစ်သည်။

လမ်းပြသူ တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်မှာ မရေမတွက်နိုင်သော ထူးဆန်းသည့် အရာများ ပြည့်နှက်နေသည့် ကမ္ဘာပျက်ကပ်ကြီးထဲတွင် ယာဉ်တန်းအတွက် လုံခြုံသော လမ်းကြောင်းတစ်ခုကို ရှာဖွေပေးရန်နှင့် ယာဉ်တန်းရှိ အဖွဲ့ဝင်များ၏ လုံခြုံရေးကို အာမခံချက် ပေးနိုင်ရန်ပင် ဖြစ်သည်။

ချူချယ်က လူစုရမည့်အချိန်ကို လေးနာရီတိတိဟု သတ်မှတ်လိုက်ရခြင်းမှာ သူ၏ အာရုံခံနိုင်စွမ်း အရ ချန်ရှုရွာတွင် လေးနာရီမထိုးမီ အချိန်အထိသာ နေထိုင်ရန် လုံခြုံသောကြောင့် ဖြစ်သည်။ လေးနာရီ ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ယာဉ်တန်းကြီးသည် အမည်မသိ ထူးဆန်းသော အရာများ၏ အချိန်မရွေး လိုက်မီခြင်းကို ခံရနိုင်ချေ အလွန် များပြားလာမည် ဖြစ်သည်။

ချူချယ်၏ အာရုံထဲတွင် အနောက်တောင်ဘက် ၆ မိုင်ခန့် အကွာတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပိုင်ဆိုင်ထားသည့် ထူးဆန်းသောအရာ တစ်ခုက တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ ထိုထူးဆန်းသောအရာသည် ယာဉ်တန်း၏ အငွေ့အသက်ကို ရိပ်မိသွားဟန်တူပြီး ဤဘက်သို့ အရှိန်တင်ကာ လာနေပြီ ဖြစ်သည်။

ယခင်တစ်ခေါက် ရှင်းဟွာမြို့တွင် ရှိစဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ ထိုအချိန်က ချူချယ်သည် ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် အငွေ့အသက်များ လာနေသည်ကို ခံစားလိုက်ရသဖြင့် ယာဉ်တန်းကို ဦးဆောင်ကာ တစ်လမ်းလုံး အသေအလဲ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ယခုအခြေအနေက ယခင်တစ်ခေါက် ရှင်းဟွာမြို့က အခြေအနေနှင့် အလွန်တရာ ဆင်တူလှပေသည်။

ချူချယ်က လက်ကောက်ဝတ်ရှိ နာရီကို နောက်တစ်ကြိမ် ထပ်မံ ကြည့်လိုက်သည်။

"၄:၂၂"

"သူတို့ကို နောက်ထပ် (၈) မိနစ် အချိန်ပေးလိုက်မယ်... လေးနာရီခွဲ... လေးနာရီခွဲအထိ သူတို့ ထွက်မလာကြသေးဘူး ဆိုရင် ငါ သူတို့ကို ဆက်စောင့်နေပေးလို့ မရတော့ဘူး... မဟုတ်ရင် ယာဉ်တန်း တစ်ခုလုံး သေကုန်ကြလိမ့်မယ်"

ချူချယ်၏ မျက်ဝန်းနက်ရှိုင်းရာ အောက်ခြေတွင် ဖုံးကွယ်ထားသော ထိုစိုးရိမ်ပူပန်မှု အရိပ်အယောင်လေးမှာ အနည်းငယ် ပိုမို နက်ရှိုင်းလာခဲ့သည်။

"ရှောင်ချယ်"

ဦးလေးအားပေါင်၏ အသံက နားထဲသို့ ဝင်ရောက်လာသည်။

ချူချယ်က ဦးလေးအားပေါင်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲမှနေ၍ စိုးရိမ်ပူပန်မှုများနှင့် ပျာယာခတ်နေမှုများကို မြင်တွေ့လိုက်ရသည်။

ချူချယ်က တည်ငြိမ်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်၏။

"မလောပါနဲ့... ဦးလေးအားပေါင်... နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်ကြည့်လိုက်ပါဦး... လေးနာရီခွဲရင် ထွက်မယ်"

ဦးလေးအားပေါင်သည် ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားကာ ထွက်ခွာရန် ပြင်ဆင်လေတော့သည်။ ချက်ချင်း ထွက်ခွာရတော့မည် ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ယာဉ်တန်းတစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားသည်။

"သူတို့ ထွက်မလာကြသေးဘူးလေ... ငါတို့က ဘယ်ကို သွားကြမှာလဲ"

"မဖြစ်ဘူး... ငါ့ယောက်ျား ပြန်မလာသေးဘူး... ငါ မသွားဘူး"

"အဖွား... ဝါး... ဝါး"

"အစ်ကိုကြီး... ငါ့အစ်ကိုကြီးက အထဲမှာ ရှိနေသေးတယ်လေ... ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ"

...

ယခုအချိန်တွင် ရွာအဝင်ဝနှင့် အကွာအဝေးမှာ ပေ (၃၀၀) ပင် မပြည့်တော့ချေ။ ထယ်ရှီး၏ လက်ရှိ အရှိန်နှင့်ဆိုလျှင် စက္ကန့်အနည်းငယ်မျှ အချိန်ယူရုံဖြင့် ရွာထဲမှ ဖောက်ထွက်နိုင်ပေလိမ့်မည်။

ချန်းရီသည် သူ၏ ကျောပိုးအိတ်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်ဝန်းများက စိုးရိမ်ပူပန်နေသော်လည်း အေးစက်တည်ငြိမ်နေ၏။

ယခုအခါ ရွာ၏ အရပ်မျက်နှာ အသီးသီးတွင် သရဲတစ္ဆေ အရိပ်များဖြင့် ပြည့်နှက်နေသည်။ ထိုအရိပ်များသည် ရုပ်သေကောင်များလား သို့မဟုတ် အခြားသော ထူးဆန်းသည့် အရာများလား ဆိုသည်ကို ချန်းရီ မခွဲခြားနိုင်တော့ပေ။ နားထဲတွင် မြွေတစ်ကောင်၏ လျှာသံကဲ့သို့ တိုးညင်းသော စကားသံများက ဝင်ရောက်လာသည်။

"ငါ့ကို ထားမသွားပါနဲ့... မသွားပါနဲ့"

"ဟီးဟီး... ငါနဲ့အတူ ကစားဖို့ နေခဲ့ပေးပါလား"

"အဟင့်ဟင့်... မင်းတို့ တကယ်ပဲ ထွက်သွားကြတော့မှာလား"

"ငါ အရမ်း ချမ်းနေပြီ... ရွာကြီးက အရမ်း ချမ်းစိမ့်နေတာပဲ... မင်းတို့ နေခဲ့ပေးကြပါလားဟင်"

...

မရေမတွက်နိုင်သော အသံပေါင်းများစွာက ချန်းရီ၏ နားထဲတွင် ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုအသံများထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ်များ၏ အသံများလည်း ပါဝင်နေ၏။ အချို့သော အသံများဆိုလျှင် အလွန် ရင်းနှီးနေသကဲ့သို့ပင် ထင်မှတ်ရသည်။ ယာဉ်တန်းထဲမှ အဖွဲ့ဝင်များ၏ အသံနှင့်ပင် တူနေသေး၏။

အချို့အသံများကမူ အလွန်တရာ စိမ်းသက်နေပြန်သည်။

ချန်းရီ၏ စိတ်အာရုံများမှာ ရုတ်တရက် ဝေဝါးသွားသည်။ ရွာထဲမှ ထွက်ပြေးရန် ဟန်ပြင်နေသော လူငယ်တစ်ဦးသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တွေဝေနေသော မျက်လုံးများဖြင့် ဘေးဘက်ရှိ အမှောင်ထုထဲသို့ လှည့်ဝင်သွားကာ အရိပ်အယောင်ပင် ပျောက်ကွယ်သွားတော့သည်။

"ဝှစ်"

ချန်းရီက လက်ကို မြှောက်ကာ အမှောင်ထုထဲရှိ အရိပ်မည်းတစ်ခုဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

"အား"

အသည်းခိုက်မတတ် စူးရှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ချန်းရီ၏ နားထဲရှိ ဆူညံသံများမှာ တစ်စက္ကန့်ခန့် ရပ်တန့်သွားကာ သူ၏ သတိအာရုံ အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့သည်။

ခြေတံရှည် ကောင်မလေး၏ မျက်ဝန်းများက အေးစက်သွားပြီး အမှောင်ထုထဲသို့ ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်သည်။ ဓားစွမ်းအင် တစ်ခုက လေထုကို ခွဲခြမ်းကာ အမှောင်ထုထဲသို့ ထိုးဖောက် ဝင်ရောက်သွား၏။

"အား"

စူးစူးဝါးဝါး အော်ဟစ်သံကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီးနောက် ခြေတံရှည် ကောင်မလေး၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး လူသန်ကြီး၏ ကျောပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရသည်။

ယခုအချိန်တွင် ကောင်မလေး၏ မျက်နှာလေးမှာ စက္ကူတစ်ရွက်လို ဖြူဖျော့နေပြီး သုံးရက်ခန့် သေဆုံးနေသော အဘိုးအို တစ်ခုကဲ့သို့ပင် ဖြူရော်နေလေသည်။ နီထွေးနေတတ်သော သူမ၏ နှုတ်ခမ်းလေးများပင်လျှင် ပြာနှမ်းနေ၏။

"လူသန်ကြီး... ရပ်မနေနဲ့... မြန်မြန်သွား"

ချန်းရီက အလျင်စလို သတိပေးလိုက်သည်။

"သောက်ခွေးမသား"

"မြဲမြဲ ကိုင်ထားကြ"

ထယ်ရှီး၏ (၁၀) ပေ ခန့် မြင့်မားသော ခန္ဓာကိုယ်ကြီးမှ အနီရောင် မြူခိုးများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါ တစ်ခုလုံးက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ယခုအခါ ထယ်ရှီးသည် ချန်းရီ၏ အာရုံထဲ၌ ရှေးဟောင်း အမွေးရှည်ဆင်ကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

ချန်းရီက သူ၏ လက်မောင်းကို ကျောပိုးအိတ်ကြိုးဖြင့် ရစ်ပတ်ချည်နှောင်လိုက်ပြီး အခြားလက်တစ်ဖက်နှင့် ခြေထောက်ကို အသုံးပြုကာ ဒူးလေးကို ကြိုးတင်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့် ဒူးလေးကြိုးတင်သည့် ဤကျွမ်းကျင်မှုကို ချန်းရီသည် ပုံမှန်အချိန်များတွင် အကြိမ်ကြိမ် လေ့ကျင့်ထားခဲ့ဖူးသဖြင့် ယခုလို အချိန်မျိုးတွင် အတိအကျ အသုံးဝင်လာခဲ့သည်။

ခွေးနက်သွေး စိမ်ထားသော ဒူးလေးမြှား တစ်စင်းမှာ ကြိုးတင်ပြီးသား ဖြစ်နေပြီ ဖြစ်သည်။

ချန်းရီ ကြိုးတင်ပြီးသွားသည့် ထိုစက္ကန့်လေးမှာပင် သူ၏ ဘေးနား၌ လူရိပ်တစ်ခု ပေါ်လာသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။ ထိုလူရိပ်၏ မြန်ဆန်မှုက ယှဉ်ပြစရာ မရှိလောက်အောင် လျင်မြန်လှပြီး တောင်ပေါ်မှ မျောက်အိုကြီး တစ်ကောင်နှင့်ပင် တူနေသေး၏။

ခါးကုန်းရုပ်သေးအဘိုးအိုလား။

ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်သွားသည်။ ဤခါးကုန်းရုပ်သေးအဘိုးအိုက ဘာကြောင့် ဒီအချိန်ကျမှ ရုတ်တရက် ပေါ်လာရတာလဲ။

ချန်းရီက ထိုခါးကုန်းရုပ်သေးအဘိုးအိုကို ကြည့်လိုက်ရာ ထိုအဘိုးအိုကလည်း သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ နှုတ်ခမ်းထောင့်များက ပုံမှန်မဟုတ်သော အကွေးအကောက်တစ်ခုအဖြစ် ကွေးတက်သွားပြီး သူ့ကို ပြုံးပြနေသကဲ့သို့ ရှိနေ၏။

သို့သော် ထိုခါးကုန်းရုပ်သေးအဘိုးအို၏ ကျောပြင်နောက်မှ လူခေါင်းကြီးကမူ သူ့အား အလွန်တရာ မုန်းတီးရွံရှာသော အကြည့်များဖြင့် စိုက်ကြည့်နေပြီး တိုးညင်းသော အသံတစ်ခုက ထွက်ပေါ်လာသည်။

"ဘာလို့ ငါ့ကို မကယ်တာလဲ... ဘာလို့ ငါ့ကို မကယ်ရတာလဲ"

"သေပြီ... မင်းတို့အားလုံး... သေရတော့မယ်... အားလုံး သေရတော့မယ်"

"ငါက နောက်ထပ် ဖြစ်လာမယ့် မင်းပဲ... ငါက မင်းပဲ"

ချန်းရီက လက်မြှောက်ကာ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုခါးကုန်းရုပ်သေးအဘိုးအိုသည် ရှောင်တိမ်းခြင်း မရှိဘဲ ထိုဒူးလေးမြှားကို သူ၏ မျက်လုံးအိမ်ထဲသို့ အစိုက်ခံလိုက်သည်။

ယခင်ကဆိုလျှင် ထိုခါးကုန်းရုပ်သေးအဘိုးအိုသည် ချန်းရီ၏ မြှားအပစ်ခံရပါက ကြောက်ရွံ့တုံ့ဆိုင်းသွားတတ်သေးသည်။ သို့သော် ယခုအခါတွင်မူ ချန်းရီ၏ မြှားသည် အခြားတစ်နေရာသို့ ရောက်သွားသကဲ့သို့ပင် ဖြစ်နေ၏။

မျက်လုံးအိမ်တွင် မြှားစိုက်နေလျက်နှင့်ပင် ထိုခါးကုန်းရုပ်သေးအဘိုးအိုက ဆက်လက် ပြေးလွှားနေဆဲ ဖြစ်ပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ချေ။ ၎င်း၏ လှုပ်ရှားမှုများက မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်ဖြတ်လတ်နေဆဲပင် ဖြစ်သည်။

ချန်းရီ၏ ရင်ထဲတွင် အေးစိမ့်သွားသည်။

ကြီးမားလှသော ဘေးဒုက္ခကြီးတစ်ခု ကျရောက်လာတော့မည့် ခံစားချက်က သူ၏ ရင်ထဲသို့ ရိုက်ခတ်လာခဲ့၏။ သို့သော် ထိုအချိန်လေးမှာပင် ချန်းရီက သူ၏ တစ်ကိုယ်လုံး နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။

မျက်စိရှေ့ရှိ အမှောင်ထုသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းထိန်သွားလေသည်။ မှိန်ဖျော့ဖျော့ ဝါကြင့်ကြင့် အလင်းရောင်များက သူ၏ မျက်စိရှေ့သို့ ဖြာကျလာခဲ့၏။

နွေးထွေးပြီး တောက်ပနေသည်။

သူ... ထွက်လာနိုင်ခဲ့ပြီပဲ။

ချန်းရီက ထိုခါးကုန်းရုပ်သေးအဘိုးအိုကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ သို့သော် ထိုခါးကုန်းရုပ်သေးအဘိုးအိုသည် ရွာ၏ အမှောင်ထုထဲတွင် ရပ်နေခဲ့ပြီဖြစ်ပြီး မျက်လုံးအိမ်တွင် မြှားစိုက်လျက်သားဖြင့် သူ့ကို ထူးဆန်းစွာ ပြုံးပြနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရလေသည်။

ဆက်ရန်...

All Chapters