← Chapters

အခန်း ၃၆

Vol. 2 Ch. 36

အခန်း ၃၆

Vol. 2 Ch. 36

အပိုင်း(၃၆) အထီးကျန်ဆန်သော အရိပ်

"၄:၂၈"

လေးနာရီခွဲတိတိ ဖြစ်ရန် နှစ်မိနစ်သာ လိုတော့၏။

ယာဉ်တန်းက အချိန်မရွေး ထွက်ခွာရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

လူအများအပြားက ကန့်ကွက်နေကြဆဲ ဖြစ်သော်လည်း ယာဉ်တန်း ထွက်ခွာမည့် ဆုံးဖြတ်ချက်ကိုမူ မည်သို့မျှ ပြောင်းလဲ၍ မရနိုင်တော့ပေ။

အချို့သော အသက်ရှင်ကျန်ရစ်သူများက ရမ်းကားသောင်းကျန်းလာကြပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ လုံးဝ မလိုက်တော့ဟုပင် ငြင်းဆန်နေကြ၏။

သို့သော် ထိုအရာများက ချူချယ်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ချေ။

ချူချယ်၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်အတိုင်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ အမြင်တွင် မည်သည့်အရာကမျှ ခေါင်းဆောင်ချူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

အသက်ရှင်ကျန်ရစ်သူ အများအပြားက ချူချယ်အား ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးလွန်းသည်ဟု စိတ်ထဲမှနေ၍ ကျိန်ဆဲနေကြသည်။

ယာဉ်တန်းအတွင်းမှ ထွက်ပေါ်လာသော ဆူပူအုံကြွမှုများမှာ ချူချယ်အတွက်မူ အရေးမပါသော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်သည်။

အမှန်တကယ်တွင်မူ ချူချယ်၏ ရင်ထဲ၌ အလွန်တရာ စိုးရိမ်ပူပန်နေမိ၏။

လမ်းပြသူလမ်းစဉ်၏ အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် သူ၏ အာရုံခံနိုင်စွမ်းက အလွန်တရာ ထက်မြက်နေသင့်သည် မဟုတ်ပါလော။

ချန်ရှုရွာထဲတွင် အမှန်တကယ် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သူ အာရုံခံကြည့်ရန် ကြိုးစားနေသည်။

သို့သော် ယခုအချိန်တွင်မူ သူ လုံးဝ အာရုံခံ၍ မရနိုင်ခဲ့ပေ။

အသက်ရှင်ကျန်ရစ်သူများ ချန်ရှုရွာထဲသို့ ဝင်ရောက်သွားပြီးကတည်းက သူ၏ အာရုံခံနိုင်စွမ်းများမှာ တစ်စုံတစ်ရာသော အတားအဆီးတစ်ခု၏ ပိတ်ဆို့မှုကို ခံထားလိုက်ရသည်။

ချန်ရှုရွာထဲတွင် မရေမတွက်နိုင်သော ထူးဆန်းသည့်အရာများ ရှိနေကြောင်းကိုသာ ဝေဝေဝါးဝါး အာရုံခံသိရှိနိုင်တော့၏။

ယခု သူ မျက်စိရှေ့တွင် မြင်တွေ့နေရသော ချန်ရှုရွာကြီးသည်ပင်လျှင် အတုအယောင်တစ်ခုသာ ဖြစ်ကြောင်း ချူချယ် ခံစားမိနေသည်။

ချန်ရှုရွာထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သူ အနည်းငယ်မျှပင် မသိနိုင်တော့ချေ။

အသက်ရှင်ကျန်ရစ်သူ အားလုံး ချန်ရှုရွာထဲတွင် ကျန်ရစ်နေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

မျက်စိရှေ့ရှိ မြင်တွေ့နေရသော အတုအယောင်များ၏ အောက်တွင် အသက်ရှင်ကျန်ရစ်သူများ၏ အလောင်းများ ပြည့်နှက်နေပြီလော။

သို့တည်းမဟုတ် ယခုအချိန်တွင် ရွာထဲ၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းလည်း ဖြစ်နိုင်သေးသည်။

ချူချယ်က ရွာထဲရှိ အခြေအနေများကို အာရုံခံနိုင်ရန် အစွမ်းကုန် ကြိုးစားကြည့်လိုက်သည်။

သို့သော် ယခုအချိန်တွင်မူ သူ လုံးဝ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။

ထိုအချိန်မှာပင် ချန်ရှုရွာ အဝင်ဝ၌ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တောင်ပို့ငယ်တစ်ခုက အတားအဆီး တစ်ခုခုကို ဖြတ်ကျော်လာပြီး လူအုပ်ကြီး၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ပေါက်လာ၏။

အခြားသော ကမ္ဘာတစ်ခုမှနေ၍ လက်တွေ့ကမ္ဘာထဲသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသကဲ့သို့ပင်။

ထိုတောင်ပို့ငယ်က ဧရာမ တိုင်လုံးကြီးတစ်တိုင် ပြိုကျသွားသကဲ့သို့ ဝုန်းခနဲ လဲကျသွားသည်။

ထိုတောင်ပို့ငယ် လဲကျသွားသည်နှင့်အတူ...

မျက်စိရှေ့ရှိ တောင်ပို့ငယ်ဆိုသည်မှာ အမှန်တကယ် မည်သည့်အရာ ဖြစ်ကြောင်းကို လူအုပ်ကြီး ရှင်းလင်းစွာ မြင်တွေ့သွားကြတော့သည်။

အမြင့် (၁၀) ပေခန့်ရှိသော ဧရာမ လူ့ဘီလူးကြီး တစ်ယောက်ဖြစ်ပြီး သူ၏ ကျောပြင်ထက်တွင် ကြီးမားလှသော ကျောပိုးအိတ်ကြီး တစ်လုံးကိုလည်း လွယ်ထားသေး၏။

ထိုလူ့ဘီလူးကြီးက မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း သေးငယ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် (၁၀) ပေခန့်ရှိသော အရပ်အမောင်းက (၇) ပေကျော်ခန့်သို့ ပြောင်းလဲသွားခဲ့သည်။

လူ့ဘီလူးကြီး လဲကျသွားသည်နှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါ လဲကျလာခဲ့သည်။

ထိုအမျိုးသားနှင့် အမျိုးသမီးတို့မှာလည်း အလွန်တရာ အခြေအနေ ဆိုးရွားနေကြ၏။

အမျိုးသမီး၏ မျက်နှာက စက္ကူတစ်ရွက်လို ဖြူရော်နေပြီး နှုတ်ခမ်းများကလည်း မွဲခြောက်နေကာ ရှည်လျားသော ဆံပင်များမှာ ဖုန်မှုန့်များ ပေကျံလျက် ရှုပ်ပွနေသည်။

အမျိုးသား၏ အခြေအနေမှာလည်း ပို၍ ကောင်းမွန်နေခြင်း မရှိပေ။ ကိုယ်ပေါ်ရှိ အဝတ်အစားများက စုတ်ပြတ်သတ်နေပြီး နဖူးပေါ်တွင် ချွေးစများနှင့် ဖုန်မှုန့်များ ပြည့်နှက်နေသည်။

ချူချယ်၏ တည်ငြိမ်နေသော မျက်လုံးများထဲတွင် ဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု သဲ့သဲ့လေး ပေါ်ထွက်လာသည်။

ထိုသူသုံးဦး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူများကြားတွင် ဆူညံပွက်လောရိုက်သွားတော့သည်။

ယာဉ်တန်းတစ်ခုလုံးမှာ ပို၍ပင် ဆူညံ ရှုပ်ထွေးသွားလေ၏။

"ဦးလေးအားပေါင်... လောင်လီ... သူတို့ ပြန်ရောက်လာကြပြီ"

"ယောက်ျား... ငါ့ယောက်ျားကိုရော မြင်မိကြလား"

"အစ်ကိုကြီး... အစ်ကိုကြီးရော ပြန်ရောက်လာပြီလား"

"သားလေး... သားလေး ဘယ်မှာလဲ"

"... "

ထိုနေရာတစ်ဝိုက်တွင် အလွန်တရာ ရှုပ်ထွေး ပရမ်းပတာ ဖြစ်သွားတော့သည်။

မကြာမီမှာပင် အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း ရွာထဲမှနေ၍ တလွှားလွှား ပြေးထွက်လာကြသည်။

ထိုသူများ၏ နောက်မှနေ၍ အသက်ရှင်ကျန်ရစ်သူ အများအပြား တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

"ယောက်ျား"

အမျိုးသမီးတစ်ဦးက အခြေအနေ ဆိုးရွားနေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ရည်များက ကြိုးပြတ်သွားသော ပုလဲလုံးများအလား မြေပြင်ပေါ်သို့ တောက်တောက်ကျလာပြီး ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အသံထွက်၍ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

အမျိုးသားဖြစ်သူ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာကြည်နူးသွားသော အပြုံးတစ်ခု ပေါ်လာပြီး သွေးများ ပေကျံနေသော လက်ဖြင့် ဇနီးဖြစ်သူ၏ ပခုံးကို ဖက်တွယ်ထားကာ ပျော်ရွှင်သော အပြုံးဖြင့် နှစ်သိမ့်ပေးနေသည်။

အစ်ကိုဖြစ်သူက ညီမလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ သူ အပြင်သို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပြီဖြစ်၍ မငိုရန် ပြုံး၍ ပြောဆိုနေသူများလည်း ရှိ၏။

ထို့ပြင် ပစ္စည်းများ အပြည့်ပါသော ကျောပိုးအိတ်ကြီးကို လွယ်ထားသည့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကမူ ဆိုင်ကယ်တစ်စီးအနီးသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။

သူ၏ မိသားစုဝင်များအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

လူအများအပြားက ခြေဖျားထောက်ကာ လည်ပင်းကို ဆန့်၍ ရွာထဲသို့ မျှော်ကြည့်နေကြဆဲ ဖြစ်သည်။

သို့သော် ရွာထဲတွင် မှိုင်းမှိုင်းမှုန်မှုန် မြင်ကွင်းကိုသာ မြင်တွေ့ရပြီး လူအရိပ်အယောင်တစ်ခုမျှပင် မရှိတော့ချေ။

ထိုသူများမှာ သူတို့ မျှော်လင့်စောင့်စားနေသော အရိပ်အယောင်များကို တွေ့မြင်ခွင့် မရလိုက်ကြတော့ပေ။

ကျိုးလန်နှင့် ကျိုးရှောင်ရှောင် ညီအစ်မနှစ်ယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက် တွဲကူရင်း အသက်ရှင်ကျန်ရစ်သူများထဲတွင် ပါဝင်လာခဲ့သည်။

ညီအစ်မနှစ်ယောက်စလုံးမှာ အလွန်တရာ အခြေအနေ ဆိုးရွားနေကြ၏။

ကျိုးလန် ယခင်က သေချာ စည်းနှောင်ထားခဲ့သော မြင်းမြီးဆန်ဆန် ဆံပင်များက ယခုအခါ ရှုပ်ပွပြီး ဖြန့်ကျနေကာ မျက်နှာပေါ်မှ ချွေးများကြောင့် စိုစွတ်နေသော ဆံနွယ်များက မျက်နှာနှင့် လည်ပင်းတို့တွင် ကပ်ငြိနေသည်။

ခြေထောက်ရှိ ဖိနပ်တစ်ဖက်မှာလည်း မည်သည့်အချိန်က ကျွတ်ကျန်ရစ်ခဲ့မှန်း မသိတော့ပေ။

ကျိုးရှောင်ရှောင်မှာလည်း အစ်မဖြစ်သူထက် ပိုမို ကောင်းမွန်နေခြင်း မရှိချေ။

ကျိုးရှောင်ရှောင်၏ ပေါင်နှင့် လက်မောင်းတို့တွင် နက်ရှိုင်းသော ဒဏ်ရာနှစ်ချက် ရှိနေပြီး သွေးများက အဝတ်အစားများပေါ်သို့ စီးကျလာကာ ခန္ဓာကိုယ် တစ်ခြမ်းလုံးကို စိုရွှဲသွားစေသည်။

ယခင်က ရွာထဲတွင် အလင်းရောင် အားနည်းသဖြင့် သေချာ မမြင်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ အလွန် ထင်ရှားစွာ မြင်တွေ့နေရသည်။

ထို့ပြင် ကျိုးရှောင်ရှောင်၏ အပေါ်ပိုင်း အဝတ်အစားမှာလည်း အပေါက်ကြီးတစ်ခု စုတ်ပြဲနေပြီး အတွင်းမှ ဆွဲဆောင်မှုရှိသော မြင်ကွင်းကိုပါ မြင်တွေ့နေရ၏။

အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ထိုအချိန်ကျမှသာ ဤအထာနပ်နပ် ကောင်လေးမှာ မိန်းကလေးတစ်ယောက် ဖြစ်နေကြောင်း သတိထားမိသွားကြတော့သည်။

ထိုအသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများထဲတွင် လောဘရမ္မက် အရိပ်အယောင်များ ပေါ်လာပြီး နှုတ်ခမ်းများကို သပ်ကာ သွားရည်ကျမတတ် ဖြစ်နေကြသည်။

ညီအစ်မနှစ်ယောက်အတွက် ဤတစ်ကြိမ် ခရီးစဉ်က အလွန်တရာ အန္တရာယ်များခဲ့သော်လည်း ရရှိလာသော အကျိုးအမြတ်များကလည်း မနည်းလှပေ။

သူတို့ ယူဆောင်သွားခဲ့သော ကျောပိုးအိတ်များ အပြည့်အမောက် ပါလာသည်သာမက လမ်းတွင် နောက်ထပ် ကျောပိုးအိတ် တစ်လုံးကိုပါ ကောက်ရခဲ့သေးသည်။

ညီအစ်မနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ကျောပိုးအိတ်များကို ဆွဲတိုက်ကာ သူတို့၏ ကားရှိရာသို့ လျှောက်သွားကြသည်။

အချိန် သိပ်မကျန်တော့ပေ။

ချူချယ်သည် ထူးဆန်းသည့်အရာများ နီးကပ်လာသည့် အနံ့ကိုပင် ရရှိနေပြီ ဖြစ်သည်။

ချန်ရှုရွာ အဝင်ဝတွင် ရပ်နားထားရသော အချိန်က ကြာမြင့်လွန်းနေပြီ ဖြစ်၏။

သူ၏ အာရုံခံနိုင်စွမ်းထဲတွင် ထူးဆန်းသည့်အရာ အကောင်ရေ အတော်များများက ဤဘက်ရှိ အခြေအနေကို သတိထားမိသွားကြပြီး တဖြည်းဖြည်း ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။

ယာဉ်တန်းက စနစ်တကျ လှုပ်ရှားနေကြပြီး လူအချို့က ထယ်ရှီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ဘတ်စ်ကားထဲသို့ ထမ်းတင်သွားကြသည်။

အခြားလူအချို့ကလည်း ထယ်ရှီး၏ တောင်ပို့ငယ်ပမာ ကြီးမားလှသော အထုပ်ကြီးကို ဘတ်စ်ကား၏ အောက်ခြေရှိ ကုန်ပစ္စည်းထည့်သည့် အခန်းထဲသို့ သွားရောက် ထည့်သွင်းလိုက်ကြသည်။

ဤရိက္ခာပစ္စည်းများကိုမူ လုံခြုံသော နေရာတစ်ခုသို့ ရောက်ရှိမှသာ ခွဲဝေမှုများ ပြုလုပ်ရတော့မည် ဖြစ်သည်။

အတွေ့အကြုံ မရှိသေးသော လူသစ်တစ်ယောက် မဟုတ်တော့သည့် ချန်းရီသည်လည်း ယခုအချိန်တွင် အခြေအနေ အလွန် အရေးကြီးနေပြီဖြစ်ကြောင်း နားလည်ထား၏။

သူက သုံးဘီးဆိုင်ကယ်အနီးသို့ လျှောက်သွားပြီး ကျောပိုးအိတ်ကို ဆိုင်ကယ်နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် အိတ်ကပ်ထဲမှ ဆေးလိပ်တစ်ဘူးကို ထုတ်ယူကာ မီးညှိရန် ပြင်လိုက်သည်။

"ချန်းရီ... ဒါက ရှောင်ချယ် မင်းကိုပေးခိုင်းလိုက်တဲ့ ဓာတ်ဆီ"

ဦးလေးအားပေါင်က ဓာတ်ဆီပုံးတစ်ပုံးကို ဆွဲကာ လျှောက်လာပြီး ချန်းရီအား ကမ်းပေးလိုက်သည်။

ချန်းရီ၏ ဆီတိုင်ကီထဲမှ နောက်ဆုံးကျန်နေသော ဓာတ်ဆီအနည်းငယ်မှာလည်း ကုန်ခန်းသွားခဲ့ပြီဖြစ်ရာ မူလက ချူချယ်ထံတွင် ဓာတ်ဆီ အနည်းငယ် သွားရောက် ငှားရမ်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ချူချယ်တွင် ကြိုတင်ပြင်ဆင်မှုများ မရှိဟု ချန်းရီ လုံးဝ မယုံကြည်ပေ။

ယာဉ်တန်းထဲတွင် ရှားပါးလှသော လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် ခေါင်းဆောင်ချူက သေချာပေါက် ငှားရမ်းမည် ဖြစ်သည်။

သို့သော် ချူချယ်က ဤမျှ အလိုက်သိလိမ့်မည်ဟု မထင်ထားခဲ့ဘဲ တိုက်ရိုက်ပင် လာရောက် ပို့ဆောင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ချန်းရီကလည်း အားနာမနေတော့ဘဲ လက်လှမ်းကာ ယူလိုက်ပြီး "ကျေးဇူးပါ... နောက်မှ သူ့ကို ပြန်ဆပ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

ဦးလေးအားပေါင်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။

တရားမျှတသော ယာဉ်တန်းထဲတွင် အလကားရသော အခွင့်အရေးဟူ၍ မရှိပေ။

ဤဓာတ်ဆီပုံးကို မဖြစ်မနေ ပြန်လည် ဆပ်ရမည်သာ ဖြစ်သည်။

ဤဓာတ်ဆီပုံး၏ ပမာဏမှာ (၄) ဂါလန်ခန့်သာ ရှိလိမ့်မည်။

သုံးဘီးဆိုင်ကယ်ကို အပြည့်ဖြည့်လိုက်လျှင်ပင် တစ်ဝက်ခန့်သာ ကုန်သွားသည်။

ဤသုံးဘီးဆိုင်ကယ်၏ ဆီတိုင်ကီ ပမာဏကို အတိအကျ တွက်ချက်ကြည့်ဖူးခြင်း မရှိသော်လည်း ခန့်မှန်းချေ (၂) ဂါလန်ခန့်သာ ရှိပေလိမ့်မည်။

နောင်တစ်ချိန် အဆင့်မြှင့်တင်သည့်အခါ ဆီတိုင်ကီ ပမာဏကိုပါ ထပ်မံ တိုးချဲ့ရမည် ဖြစ်သည်။ ပမာဏ သေးငယ်လွန်းပါက ခရီးရှည် သွားလာနိုင်စွမ်း လုံလောက်မည် မဟုတ်ပေ။

ခရီးရှည် သွားလာနိုင်စွမ်း မလုံလောက်ခြင်းသည် ဤကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေမျိုးတွင် တစ်ခါတစ်ရံ၌ အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။

အနည်းဆုံးတော့ နောင်တွင် ရိက္ခာရှာဖွေသည့် အချိန်၌ ဓာတ်ဆီပုံး အပိုအချို့ကို ရှာဖွေသိမ်းဆည်းထားခြင်းကလည်း မဆိုးလှချေ။

ယခုအချိန်တွင် ချန်းရီသည် ယာဉ်တန်းနှင့်အတူ လိုက်ပါထွက်ပြေးရန် အလျင်စလို ဖြစ်နေသဖြင့် ဤတစ်ကြိမ် ချန်ရှုရွာ ခရီးစဉ်မှ သတ်ဖြတ်မှတ် မည်မျှ ရရှိခဲ့သနည်း ဆိုသည်ကို စစ်ဆေးရန် အချိန်ပင် မရလိုက်ချေ။

သို့သော် ခန့်မှန်းကြည့်ရလျှင် နည်းပါးမည်တော့ မဟုတ်ပေ။

ဤတစ်ကြိမ် ယူဆောင်သွားခဲ့သော ခွေးနက်သွေး ဒူးလေးမြှားများမှာလည်း အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

ဆီဖြည့်ပြီးနောက် ယာဉ်တန်းကလည်း တဖြည်းဖြည်း စတင် ရွေ့လျားလာပြီ ဖြစ်သည်။

ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပြင်းပြင်းရှိုက်လိုက်ပြီး ဆေးလိပ်ငွေ့ ကွင်းလေးများကို မှုတ်ထုတ်လိုက်ပြီးနောက် သူ၏ သုံးဘီးဆိုင်ကယ်ကိုပါ စတင် စက်နှိုးလိုက်သည်။

ရွာအဝင်ဝတွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်က ရွာထဲသို့ မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ရှုနေကြဆဲ ဖြစ်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ သူတို့၏ မျက်လုံးများထဲမှ မျှော်လင့်ချက်များကလည်း တဖြည်းဖြည်း မှေးမှိန်လာတော့သည်။

အချို့ကမူ ပါးစပ်မှနေ၍ တစ်စုံတစ်ရာကို မရပ်မနား ရေရွတ်နေကြပြီး သူတို့ မျှော်လင့်နေသော အရိပ်အယောင်များ ပေါ်ထွက်လာရန် စောင့်စားနေကြဆဲပင်။

"တီ... တီ..."

ယာဉ်တန်း၏ အရှေ့ဆုံးမှ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားက နားကွဲမတတ် ကားဟွန်းသံကို အချက်ပေးလိုက်ပြီး ယာဉ်တန်းကြီး စတင် ထွက်ခွာသွားလေတော့သည်။

ကမ္ဘာပျက်ကပ်၏ နေဝင်ဆည်းဆာချိန်အောက်တွင် မှုန်ဝါးဝါး အလင်းရောင်က ချန်ရှုရွာ အဝင်ဝရှိ ကွေးညွှတ်နေသော အရိပ်အချို့ကို ရှည်လျားစွာ ဆွဲဆန့်ပေးထားလေသည်။

ဆက်ရန်...

All Chapters