အခန်း ၄၀
Vol. 2 Ch. 40
အပိုင်း(၄၀) လျှပ်စစ်သုံးဘီး၏ လျှို့ဝှက်ချက်
ချန်းရီက စခန်းချရာနေရာသို့ ရောက်ရှိလာသောအခါ။
လူအများအပြားက ချန်းရီအား အံ့ဩတကြီး လှမ်းကြည့်လိုက်ကြ၏။
စခန်းချ အနားယူသည့်အချိန်မှစ၍ ယခုအချိန်အထိ နောက်မှမီအောင် လိုက်လာနိုင်သော အသက်ရှင်ကျန်ရစ်သူဆို၍ ချန်းရီ တစ်ယောက်တည်းသာ ရှိသေးကြောင်း သိထားရမည်။
"ချန်းရီက တကယ်ကြီး နောက်ကနေ လိုက်မီလာမယ်လို့ ထင်မထားဘူး... သူက လူရော ဟုတ်သေးရဲ့လား"
ကျိုးရှောင်ရှောင်၏ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
"လမ်းစဉ် သဘာဝလွန်အစွမ်းပိုင်ရှင်ဆိုတာ တကယ်ပါပဲလား... သုံးဘီးဆိုင်ကယ် တစ်စီးတည်းနဲ့တောင် အသက်ရှင်လျက် ပြန်ရောက်လာနိုင်တယ်"
နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်သော ကျိုးလန်၏ မျက်နှာပေါ်တွင် ယခုအချိန်၌ ပင်ပန်းနွမ်းနယ်မှု အရေးအကြောင်းများ ဖုံးလွှမ်းနေပြီး ချန်းရီကို ကြည့်လိုက်သော သူမ၏ အကြည့်များတွင် အားကျမှုများ အပြည့် ပါဝင်နေ၏။
"အမ... ညီမသာ လမ်းစဉ်အစွမ်း နိုးထလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ... အနည်းဆုံးတော့ အသက်ဆက်ရှင်နိုင်သေးတာပေါ့"
"..."
...
ယန်ကျိုး သဲကန္တာရ၏ ရာသီဥတုက ချန်းရီကို အလွန် နေရထိုင်ရ ခက်စေသည်။
ယနေ့ အပူချိန်က အနည်းဆုံး ၃၆ ဒီဂရီအထက်မှာ ရှိလောက်မည်ဟု ချန်းရီ ခံစားလိုက်ရသည်။
ဤမျှ ပြင်းထန်သော အပူချိန်ကြီးအောက်တွင် သဲကန္တာရထဲ၌ နေပူဆာလှုံနေရသည့်အပြင် ပတ်ဝန်းကျင် တစ်ဝိုက်တွင်လည်း မျက်စိတစ်ဆုံး သစ်ပင်တစ်ပင်မျှပင် မရှိပေ။
ဤခံစားချက်သည် ငရဲကျနေသကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှု တစ်ရပ်ပင် ဖြစ်တော့သည်။
ယခုအချိန်သည် နိုဝင်ဘာလကုန်သို့ ရောက်နေပြီ ဆိုသည်ကိုပင် ယုံကြည်ရန် ခက်ခဲလှသည်။
ပုံမှန် ရာသီဥတုအရ ဆိုလျှင် ယခုလို အချိန်မျိုး၌ ယန်ကျိုးတွင် အနွေးထည်အထူကြီးများ ဝတ်ဆင်ထားရမည်သာ ဖြစ်သည်။
ထူးဆန်းသော ဖြစ်ရပ်များ ပေါက်ကွဲဖြစ်ပေါ်လာပြီးနောက်တွင် ရာသီဥတုများ ပြောင်းလဲသွားခဲ့ပြီး ဆောင်းရာသီက ဆောင်းရာသီနှင့် မတူတော့သလို နွေရာသီသည်လည်း နွေရာသီနှင့် မတူတော့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
"ဂလု... ဂလု... ဂလု"
ချန်းရီက ရေသန့်တစ်ဗူးကို ထုတ်ယူကာ နှစ်ငုံခန့် သောက်လိုက်ပြီးနောက် အဖုံးကို ကမန်းကတန်း ပြန်ပိတ်လိုက်၏။
နောက်တွဲယာဉ်ပေါ်တွင် ရေသန့်ဗူး ဖာပေါင်းများစွာ ရှိနေသေးသော်လည်း ထိုသို့ရှိနေသည့်တိုင် ချန်းရီသည် အဝသောက်ရန် မဝံ့ရဲပေ။
ဤသဲကန္တာရထဲမှ မည်သည့်အချိန်တွင် ထွက်ခွာနိုင်မည်ကို မည်သူျှ မသိနိုင်ပါချေ။
သဲကန္တာရထဲတွင် ရေသည် ရွှေထက်ပင် ပို၍ တန်ဖိုးကြီးမားလှသည်။
နောက်ထပ် မည်သည့်အချိန်ကျမှ ရေ ထပ်မံ ရှာတွေ့မည်ကို ဘုရားသာ သိပေလိမ့်မည်။
ယခင်က စိုရွှဲနေခဲ့သော အဝတ်အစားများမှာလည်း ယခုအခါ နေပူလွန်းသဖြင့် အကုန်လုံး ခြောက်ကပ်နေပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ ဘတ်စ်ကားကြီးနှင့် အခြားကားများကို သူ လှမ်းကြည့်လိုက်သည်။
ချန်းရီသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မတ်တတ်ထကာ ဘတ်စ်ကားကြီးရှိရာသို့ လျှောက်သွားလိုက်၏။
လူကွယ်ရာတွင် လုပ်ရမည့် ကိစ္စများ အားလုံးကို သူ လုပ်ဆောင်ပြီးသွားပြီ ဖြစ်ရာ ဤနေရာတွင်သာ အရူးတစ်ယောက်လို ဆက်ရပ်နေမည် ဆိုပါက မကြာမီ အပူရှပ်သွားနိုင်ချေ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဘတ်စ်ကားတွင် အနည်းဆုံးတော့ အမိုးပါရှိသဖြင့် အတိုင်းအတာ တစ်ခုအထိ အရိပ်ရနိုင်ပြီး ယခု သူ၏ ဟာလာဟင်းလင်းဖြစ်နေသော သုံးဘီးဆိုင်ကယ်ထက်တော့ အများကြီး ပိုမို ကောင်းမွန်နေသေးသည်။
သူ၏ ဆိုင်ကယ်အမိုးမှာ အဆင့်မြှင့်တင်မှု ပြီးဆုံးရန် အနည်းဆုံး လေးနာရီခန့် အချိန်ယူရဦးမည် ဖြစ်သည်။
ချန်းရီ၏ လှုပ်ရှားမှုက လူအချို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
ထိုအသက်ရှင်ကျန်ရစ်သူများသည် ချန်းရီကို တစ်ချက်မျှသာ မော့ကြည့်လိုက်ကြပြီး သူတို့၏ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြ၏။
ဘတ်စ်ကားဆီသို့ မသွားမီ ချန်းရီက ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားဆီသို့ အရင် သွားရောက်ခဲ့သည်။
ခေါင်းဆောင်ချူလည်း အနားယူနေသည်ဟူသော သတင်းကိုသာ သူ ရရှိခဲ့သည်။
ခြေတံရှည် ကောင်မလေး၏ ကားရှေ့သို့ ရောက်လာခဲ့သည်။
ထိုကောင်မလေးသည် အနားယူနေခြင်း မရှိသော်လည်း သူမ၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းများမှာလည်း ပြာနှမ်းနေ၏။
ချန်ရှုရွာရှိ မိုးမခပင်ကြီးနှင့် တိုက်ပွဲတွင် ကောင်မလေးသည်လည်း ခွန်အားများစွာ သုံးစွဲခဲ့ရသဖြင့် ယခုအချိန်အထိ ပြန်လည် နလန်မထူနိုင်သေးကြောင်း သိသာလှသည်။
ချန်းရီက သူကို ကောင်းကောင်း အနားယူရန်သာ ပြောခဲ့ပြီး ဘတ်စ်ကားရှိရာသို့ လှည့်ထွက်လာခဲ့သည်။
ဤဘတ်စ်ကားကြီးမှာ ထယ်ရှီး၏ ပိုင်ဆိုင်မှု ဖြစ်သည်။
ယခင်က ထယ်ရှီးနှင့် စကားပြောခဲ့စဉ်က ကမ္ဘာပျက်ကပ် မတိုင်မီတွင် ထယ်ရှီးသည် ဘတ်စ်ကားဆရာ တစ်ဦး ဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရသည်။
ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာပြီးနောက် ထယ်ရှီးသည် ဤဘတ်စ်ကားကြီးကို မောင်းနှင်ကာ တစ်လျှောက်လုံး ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဘတ်စ်ကား၏ အပြင်ဘက်တွင် ပွတ်တိုက်မိသော အရာများနှင့် သွေးကွက်များစွာ ရှိနေပြီး ဆေးသားများလည်း အတော်များများ ကွာကျနေပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ဤဘတ်စ်ကားကြီးသည် ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက သက်တမ်း အတော်ရနေပြီ ဖြစ်ကြောင်း သိသာလှ၏။
ကားခေါင်မိုးပေါ်တွင် မြင့်မားသော ပစ္စည်းတင်စင် တစ်ခု ပါရှိပြီး ထိုအပေါ်၌ ရိက္ခာပစ္စည်းများကို အများအပြား ကြိုးဖြင့် တုပ်နှောင်ထားသည်။ ယခင်က ချန်ရှုရွာမှ ထယ်ရှီး ယူဆောင်လာခဲ့သော တောင်ကုန်းငယ်အရွယ်အစားခန့်ရှိသည့် အထုပ်ကြီးကိုလည်း ကားခေါင်မိုးပေါ်တွင် ချည်နှောင်ထား၏။
အကယ်၍ ကမ္ဘာပျက်ကပ်ကြီး မတိုင်မီကသာ ဆိုလျှင် ကားခေါင်မိုးပေါ်တွင် ဤမျှများပြားသော ပစ္စည်းများကို တင်ဆောင်၍ လမ်းပေါ်ထွက်ရန် လုံးဝ မဖြစ်နိုင်သည်မှာ အသေအချာပင်။
ယခုမှာမူ ကမ္ဘာပျက်ကပ် ရောက်နေပြီ ဖြစ်သဖြင့် ဤကိစ္စများကို လိုက်လံ ဂရုစိုက်မည့်သူ တစ်ယောက်မျှ မရှိတော့ပေ။
ဘတ်စ်ကားရှေ့သို့ သူ ရောက်ရှိလာသည်။
ဘတ်စ်ကား၏ အပြင်ဘက် တစ်ဖက်ခြမ်းတွင် အသက်ရှင်ကျန်ရစ်သူ အချို့ လဲလျောင်းနေကြ၏။
နေရောင်ခြည် ကျရောက်လာသောအခါ ကားဘေးတွင် အရိပ်ကျနေသဖြင့် အတော်အသင့် ကောင်းမွန်သော အရိပ်ရရာ နေရာတစ်ခု ဖြစ်နေသည်။
လူတစ်ယောက် ရောက်လာသည်ကို သတိထားမိသွား၍လား မသိ၊ ထိုလူများသည် သူတို့၏ မျက်ခွံများကို ပင့်ကာ ချန်းရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မူးဝေထိုင်းမှိုင်းစွာဖြင့် ပြန်အိပ်ပျော်သွားကြသည်။
တကယ်တမ်းတွင် စခန်းချရာနေရာရှိ လူအများစုမှာ အိပ်ပျော်နေကြခြင်း ဖြစ်သည်။
မနေ့ညကတည်းက ယခုအချိန်အထိ အသည်းအသန် ပြေးလွှားလာခဲ့ရသဖြင့် လူအများစု၏ ခွန်အားများမှာ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်၏။
ဘတ်စ်ကား၏ ယာဉ်မောင်းမှာ အသက် သုံးဆယ်ခန့်အရွယ် မျက်မှန်တပ် လူငယ်တစ်ဦး ဖြစ်သည်။
အခြားသူများက ထိုမျက်မှန်တပ်လူငယ်ကို လောင်လီ ဟု ခေါ်ကြသည်ကို သူ ကြားခဲ့ရဖူးသည်။
လောင်လီက ချန်းရီကို အစောကတည်းက သတိထားမိနေခဲ့သည်။
ချန်းရီ ရောက်လာသည်ကို မြင်သောအခါ လောင်လီသည်လည်း ကားပေါ်မှ ဆင်းကာ ဆီးကြိုလိုက်သည်။
လမ်းစဉ် သဘာဝလွန်အစွမ်းပိုင်ရှင်များအပေါ် လောင်လီက အလွန် လေးစားမှု ရှိပေသည်။
"ချန်းရီ... ရောက်လာပြီလား"
"ဒီရာသီဥတုဆိုးကြီးက အရမ်းပူလွန်းလို့... အစ်ကိုတို့ကားထဲမှာ ခဏလောက် အရိပ်လာခိုတာပါ"
လောင်လီက ပြုံးလိုက်ပြီး ဘာမျှ မပြောတော့ဘဲ နောက်သို့လှည့်ကာ ချန်းရီကို ကားပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းသည် ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက် ချန်းရီ သူတစ်ပါးကားပေါ်သို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းပင် ဖြစ်သည်။
ကားပေါ်သို့ ရောက်ရှိသွားမှသာ ဤဘတ်စ်ကားကြီး၏ အတွင်းပိုင်း အခြေအနေကို ချန်းရီ တွေ့မြင်လိုက်ရသည်။
ကား၏ နောက်ဆုံးပိုင်းတွင် ဧရာမ ကုတင်ကြီး တစ်လုံး ရှိနေပြီး ကားနောက်ပိုင်း နေရာတစ်ခုလုံးနီးပါးကို နေရာယူထားလေသည်။
ကြံ့ခိုင်တောင့်တင်းသော လူတစ်ယောက်က ထိုကုတင်ပေါ်တွင် လှဲလျောင်းကာ ဟောက်သံကြီးပေး၍ အိပ်မောကျနေ၏။
ထိုသူမှာ အခြားသူဟုတ်ဘဲ ထယ်ရှီးပင် ဖြစ်သည်။
တိုက်တန် လမ်းစဉ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် အားကောင်းသော်လည်း လူ့ဘီလူးကြီး အဖြစ် ပြောင်းလဲ၍ တိုက်ခိုက်ရသည့် အကြိမ်တိုင်းတွင် စွမ်းအင်များကို များစွာ ကုန်ဆုံးစေသည်။
ထို့ကြောင့် တိုက်တန် လမ်းစဉ် အစွမ်းပိုင်ရှင်များသည် တိုက်ပွဲပြီးဆုံးတိုင်း အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတတ်ကြသည်။
ပထမအချက်မှာ ၎င်းတို့၏ ခန္ဓာကိုယ် ခွန်အားနှင့် စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ဖြစ်သည်။
ဒုတိယအချက်မှာ ၎င်းတို့၏ ဒဏ်ရာများကို ပြန်လည် ကုသရန်ပင် ဖြစ်၏။
ဤအချက်များကို ထိုလူ့ဘီလူးကြီး ထယ်ရှီးက ယခင်တုန်းက ချန်းရီကို ပြောပြခဲ့ဖူးခြင်း ဖြစ်သည်။
နာနာ ပြောခဲ့ဖူးသလိုပင် တိုက်တန် လမ်းစဉ် နိုးထလာသော အစွမ်းပိုင်ရှင်တိုင်း၏ ဉာဏ်ရည်မှာ အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခြင်း ခံရတတ်သည်။
ချန်းရီ သိထားသော လမ်းစဉ် သဘာဝလွန်အစွမ်းများနှင့် ပတ်သက်သည့် ဗဟုသုတ အများစုမှာ ထယ်ရှီး ပြောပြထားခြင်း ဖြစ်သည်။
ချန်းရီက စကားတစ်ခွန်း စလိုက်သည်နှင့် ထယ်ရှီးက သူ သိထားသမျှ အကြောင်းအရာ အားလုံးကို ပြောပြတတ်သည်။
ယခင်က ရှင်းဟွာမြို့တွင် ထယ်ရှီး၏ လက်တစ်ဖက် ပြတ်သွားခဲ့စဉ်ကလည်း ကားထဲ၌ အချိန်အတော်ကြာ အိပ်စက်ပြီးမှသာ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် ထိုလူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာမှာ အမာရွတ်များ စတင် ဖြစ်ပေါ်နေပြီကို ချန်းရီ မြင်တွေ့နေရသည်။
ကား၏ အတွင်းပိုင်း နေရာလွတ်မှာ အလွန် ကျယ်ဝန်းပြီး ရိုးရှင်းသော အဆင့်မြှင့်တင်မှု အချို့ကိုပင် ပြုလုပ်ထားသေးသည်။
အတွင်းဘက်ရှိ ပစ္စည်းတင်စင်များကို ဖြုတ်ချထားသဖြင့် ဘတ်စ်ကားကြီး တစ်ခုလုံးမှာ များစွာ ကျယ်ဝန်းသွားသကဲ့သို့ ထင်ရသည်။
ကားပေါ်တွင် အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေသေးပြီး ခန့်မှန်းချေ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိပေလိမ့်မည်။
ထိုလူများက ချန်းရီ ရောက်လာသည်ကို မြင်သောအခါ အချို့မှာ ကြောက်ရွံ့နေသည့် အကြည့်များဖြင့် ကြည့်ကြပြီး အချို့ကမူ အားကျနေကြသည်။
ချန်းရီက အံ့ဩတကြီးဖြင့် "လူကဒီလောက်လေးပဲ ကျန်တော့တာလား"
"ဟုတ်တယ်... ချန်ရှုရွာကနေ လူတော်တော်များများ ထွက်မလာနိုင်ခဲ့ဘူး... ပြီးတော့ ယာဉ်တန်းနဲ့အတူ မလိုက်ချင်တဲ့သူတွေလည်း ရှိသေးတယ်လေ"
လောင်လီ၏ အသံမှာ အလွန် တိုးညင်းလေးလံနေ၏။
ကားတစ်စီးတည်း အတူစီးလာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများမှာ ရုတ်တရက် အများအပြား လျော့နည်းသွားခဲ့ရာ မည်သူဆို စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်လာမည်မှာ အမှန်ပင်။
"လောင်လီ... အစ်ကို့အလုပ် အစ်ကိုသွားလုပ်ပါ... ကျွန်တော့်ဘာသာ တစ်နေရာမှာ ခဏနားလိုက်ပါ့မယ်"
လောင်လီက လှည့်ထွက်သွားပြီး ချန်းရီအတွက် ရေသန့်တစ်ဗူး ယူပေးကာ သူ၏ အလုပ်များကို ဆက်လုပ်ရန် ထွက်သွားခဲ့သည်။
ချန်းရီက အရိပ်ရသော ထိုင်ခုံတစ်ခုကို ရှာ၍ လှဲချလိုက်ရာ ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးက ချန်းရီ ရောက်လာသည်ကို မြင်သဖြင့် မတ်တတ်ထကာ အနောက်ဘက်သို့ ရွှေ့ထိုင်လိုက်ကြသည်။
ထိုင်ခုံ၏ နောက်မှီကို သက်တောင့်သက်သာရှိသော အနေအထားသို့ ချိန်ညှိလိုက်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ချန်းရီက ဇိမ်ကျကျ လှဲလျောင်းနေလိုက်၏။
ဆိုင်ကယ်အမိုး၏ အဆင့်မြှင့်တင်မှု အချိန်ရေတွက်စနစ်မှာ တစ်မိနစ်ပြီးတစ်မိနစ် လျော့ကျလာသည်ကို ကြည့်ရင်း ချန်းရီ၏ စိတ်ထဲတွင် များစွာ ပေါ့ပါးသွားခဲ့သည်။
ယခုအချိန်တွင် ခေါင်းဆောင်ချူ နိုးလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရပြီး သူနိုးလာမှသာ ရိက္ခာများကို ခွဲဝေယူ၍ ရနိုင်တော့မည်။
လူ့ဘီလူးကြီး၏ တောင်ကုန်းငယ်အရွယ်အစားခန့်ရှိသော ကျောပိုးအိတ်ကြီးထဲတွင် ပစ္စည်းကောင်းများ အများအပြား ပါလာမည်မှာ သေချာလှသည်။
နာနာနှင့် သူ၏ ကျောပိုးအိတ်များမှာ အနည်းငယ် သေးငယ်သော်လည်း ထိုအိတ်များထဲမှ ပစ္စည်းများကိုလည်း ထုတ်၍ ခွဲဝေရမည် ဖြစ်သည်။
ချန်းရီက ရှေ့ခုံ၏ နောက်မှီပေါ်သို့ ခြေထောက်နှစ်ဖက်ကို တင်ကာ အနားယူနေလိုက်သည်။
အဝေးဆီမှ သဲကန္တာရကြီးမှာ နေရောင်ခြည်၏ အပူဒဏ်ကြောင့် လှိုင်းထနေသကဲ့သို့ မြင်ကွင်းများ ဝေဝါးနေ၏။
ထိုအချိန်မှာပင် အဝေးဆီရှိ ကားလမ်းမ၏ အဆုံးသတ်နေရာမှ ဖြည်းဖြည်းမှန်မှန် မောင်းနှင်လာသော ယာဉ်တစ်စီးကို ချန်းရီ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ သက်ကြီးရွယ်အိုသုံး အမိုးပါ လျှပ်စစ်သုံးဘီး တစ်စီး ဖြစ်နေ၏။
ထိုသုံးဘီးမှာ ယိမ်းထိုးနေသော်လည်း အလွန် တည်ငြိမ်စွာဖြင့် ရှေ့သို့ မောင်းနှင်လာနေသည်။
ထိုယာဉ်မောင်းမှာ အခြားသူဟုတ်ဘဲ အဘိုးကျန်း ဖြစ်နေသည်။
လူတွေ အများကြီး သေဆုံးသွားခဲ့ကြသော်လည်း ဤအဘိုးကျန်းကတော့ ယခုအချိန်အထိ အသက်ရှင်နေဆဲပင်။
ကြည့်ရသည်မှာ ဤလျှပ်စစ်သုံးဘီးတွင် လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေပုံရသည်။
ဆက်ရန်...
နောက်တစ်အုပ်မှာဆိုရင်... ချန်းရီက ဘယ်လိုလမ်းစဉ် အစွမ်းမျိုး နိုးထလာမလဲ၊ သူ့ရဲ့သုံးဘီးဆိုင်ကယ်ကရော ဘယ်လိုပုံစံဖြစ်သွားမလဲ၊ သူတို့ယာဉ်တန်း ဘာတွေနဲ့ ထပ်ကြုံရဦးမလဲ၊ ဒီ အချိန်အခါမဟုတ် အရမ်းပူပြင်းနေတဲ့ ရာသီဥတုကရော ပုံမှန်ဟုတ်ရဲ့လား၊ ဘယ်လိုတိုက်ပွဲတွေ ကြုံရဦးမလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။