အခန်း ၂၀၂၁
Vol. 138 Ch. 2021
အပိုင်း ( 2021 ) တိုက်ပွဲ။
"သခင်လေး၊ ဒီလူတွေက နတ်ဆိုးဓားတောင်က လူတွေပါ။ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
တိမ်တိုက်ထဲတွင်၊ လူငယ်တစ်ယောက်ကို အဘိုးအိုတစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။
လူငယ်က ပန်းထိုးထားသော ပိုးဝတ်စုံကို ဝတ်ဆင်ထားပြီး သာလွန်မြင့်မြတ်သူတစ်ဦးကဲ့သို့ အမူအရာမျိုး ရှိလေသည်။
"အဲဒါက လွယ်ပါတယ်။ နတ်ဆိုးဓားတောင်ကလူတွေကို တောင်ကြားထဲက ဝံပုလွေတွေနဲ့ အရင် တိုက်ခိုက်ကြပါစေ။ ပြီးတော့မှ ကျုပ်တို့က အကျိုးအမြတ်ကို ရိတ်သိမ်းလိုက်ရုံပဲ"
လူငယ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
"သခင်လေးက ဉာဏ်ပညာကြီးမားပါပေတယ်"
သူ့ဘေးနားမှ လူများက ချီးကျူးကြလေရာ လူငယ်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နောက်ထပ် နေ့တစ်ဝက်ကုန်ဆုံးသွားပြန်ပြီ။
"တိုက်ခိုက်ကြ"
တောင်ကြားဝင်ပေါက်တွင်၊ နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် တောင်ကြားထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကြ၏။
"ဝေါင်း..."
သူတို့က တောင်ကြားထဲကို ဝင်လိုက်သည်နှင့် တောင်ကြားထဲမှ ဝံပုလွေများက ရှာဖွေတွေ့ရှိသွားကြသည်။ ချက်ချင်းပင်၊ ဧရာမဝံပုလွေဘုရင်၏ ဦးဆောင်မှုအောက်မှာ ဧရာမဝံပုလွေရာပေါင်းများစွာက နတ်ဆိုးဓားတောင်၏လူများကို တိုက်ခိုက်လာကြတော့သည်။
"ဝှစ်..." ဝှစ်"
ဧကရာဇ်တစ်ပိုင်းအဆင့် လူနှစ်ဦးက နတ်ဆိုးဓားတောင်မှ ဧရာမဝံပုလွေဘုရင်ထံ ပြေးဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြား ဧကရာဇ်တစ်ပိုင်း တစ်ဦးက နတ်ဆိုးဓားတောင်မှ ကျန်ရှိသော ဧရာမဝံပုလွေများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၏။
တောင်ကြားတွင်း၌ ရှုပ်ထွေးသော တိုက်ပွဲတစ်ခု စတင်လာတော့သည်။
နတ်ဆိုးဓားတောင်တွင် လူအင်အားနည်းသော်လည်း ၎င်းတို့က သိသိသာသာ ပိုအားကောင်းကြသည်။
သူတို့ထဲတွင် အားအနည်းဆုံးက မဟာသူတော်စင်နယ်ပယ် ဖြစ်သည်။ တစ်ဝက်ခန့်က အန္တိမသူတော်စင်များ ဖြစ်၏။ ထို့ပြင်၊ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဦးဆောင်မှုအောက်တွင် ဧရာမဝံပုလွေ အမြောက်အများ သတ်ဖြတ်ခံနေရတော့သည်။
ဧကရာဇ်တစ်ပိုင်းနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုများအောက်တွင် ဧရာမဝံပုလွေဘုရင်သည်လည်း လုံးဝအားနည်းချက်ရှိနေခဲ့သည်။
သဘာဝအတိုင်းပင် လုမင်က အပြင်ဘက်ရှိ ဆူညံသံများကို ကြားရပေသည်။
သို့သော်လည်း လုမင်က မထွက်သွားခဲ့ပေ။ ထိုအစား၊ သူဟာ နတ်ဆိုးချီကို စုပ်ယူရန် ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ကို ဆက်လက်ထိန်းချုပ်ခဲ့သည်။
မကြာမီ၊ အပြင်ဘက်မှ တိုက်ခိုက်သံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ဧကရာဇ်တစ်ပိုင်း နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဧရာမဝံပုလွေဘုရင် သေဆုံးသွား၏။
အခြား ဧရာမဝံပုလွေအများစုလည်း သေဆုံးခဲ့ကြသည်။ ကျန်ရှိနေသော ဝံပုလွေများမှာတော့ ကြောက်လန့်တကြားဖြင့် ဤနေရာမှ ထွက်ပြေးသွားကြတော့သည်။
"ဟားဟားဟား၊ နတ်ဆိုးရင်းမြစ်သစ်သီး"
နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က လုမင်ရှိနေသော ဂူကို ကြည့်ရင်း လောဘအရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
"မင်းတို့လောက်နဲ့ နတ်ဆိုးရင်းမြစ်သစ်သီးကို ရနိုင်မယ်လို့ ထင်နေတာလား"
ထိုအချိန်တွင်၊ တောင်ကြားအပြင်ဘက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ လူတစ်စုက တောင်ကြားထဲသို့ အပြေးအလွှား ဝင်လာကြ၏။ ၎င်းမှာ အစောပိုင်းက တိမ်တိုက်များထဲမှ လူအုပ်စု ဖြစ်သည်။
နတ်ဆိုးဓားတောင်မှ ခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက လူငယ်၏ အဖွဲ့ကို သတိထားကြည့်ပြီး မေးလိုက်၏။
"ခင်ဗျားတို့က ဘယ်သူလဲ"
"ဒါကို မင်းသိလား"
အနက်ရောင် တံဆိပ်တော်တစ်ခုက လူငယ်၏ လက်ထဲတွင် ပေါ်လာသည်။
နတ်ဆိုးဓားတောင်မှ လူများက တံဆိပ်ပြားကို မြင်လိုက်ရပြီးနောက် သူတို့၏ မျက်နှာအမူအရာများ သိသိသာသာပြောင်းလဲသွားတော့သည်။
"ခင်ဗျားတို့... ထာဝရနတ်ဆိုးတိုင်းပြည်ကပဲ"
နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က အော်ပြောလိုက်သည်။
ထာဝရနတ်ဆိုးတိုင်းပြည်က အထူး နတ်ဆိုးတိုင်းပြည်တစ်ခု ဖြစ်၏။
အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး တစ်ခုလုံးတွင် အထူးနတ်ဆိုးတိုင်းပြည် နှစ်ခုသာရှိကြောင်း လူတိုင်းသိကြသည်။ တစ်ခုချင်းစီက အံ့သြစရာကောင်းလောက်အောင် အင်အားကြီးကြပြီး နတ်ဆိုးဓားတောင်က သူတို့ရှေ့တွင် ဝံ့ကြွားရန် အရည်အချင်းမရှိပေ။
"လက်စသတ်တော့ ထာဝရနတ်ဆိုးတိုင်းပြည်က ပညာရှင်တွေပဲ။ တောင်းပန်ပါတယ်...၊ ခင်ဗျားတို့က နတ်ဆိုးရင်းမြစ်သစ်သီးကို သဘောကျနေပြီဆိုမှတော့ ကျုပ်တို့ လက်ရှောင်လိုက်ပါမယ်"
နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က အပြုံးတုတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်သည်။
"လက်ရှောင်လိုက်မှာလား၊ ငါ့ ထာဝရနတ်ဆိုးတိုင်းပြည်က မင်းတို့ လက်ရှောင်ပေးမှ ရနိုင်တာလား။ ငါလိုချင်ရင် ရကိုရတယ်၊ တိုက်ခိုက်ကြ... ဒီအမှိုက်တွေအားလုံးကို သတ်ပစ်လိုက်တော့"
လူငယ်က လျစ်လျူရှုစွာ ပြောလိုက်၏။
"သတ်"
လူငယ်၏ ပတ်ဝန်းကျင်မှ လူများက နတ်ဆိုးဓားတောင်၏ လူများဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
"ပြေး... ပြေးကြ"
နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က အော်ဟစ်ပြီး နတ်ဆိုးဓားအဖြစ်သို့ ပြောင်းလဲကာ ပြေးထွက်သွားလိုသည်။
သို့သော်လည်း နောက်အခိုက်တွင် ပုံရိပ်နှစ်ခုက သူ့ကို ပိတ်ရပ်လိုက်၏။
ဧကရာဇ်တစ်ပိုင်းများ... နှစ်ယောက်စလုံးက ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။
သူ့ကို ပိုစိတ်ဓာတ်ကျစေသည်က နတ်ဆိုးဓားတောင်၏ တခြားဧကရာဇ်တစ်ပိုင်းနှစ်ယောက်လည်း သူကဲ့သို့ တူညီသောအခြေအနေမျိုး ရင်ဆိုင်နေရခြင်းပင်။ သူတို့ကို ဧကရာဇ်တစ်ပိုင်း နှစ်ယောက်စီက တားဆီးထားခဲ့သည်။
လူငယ်က ကျွမ်းကျင်သူအများအပြားကို ခေါ်ဆောင်လာခဲ့ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ခြောက်ဦးပင် ပါဝင်သေးသည်။
"ငါတို့က နတ်ဆိုးရင်းမြစ်သစ်သီးကို ပေးပြီးသားပဲ။ ဘာဖြစ်လို့ မင်းက ဒီလောက်ရက်စက်ရတာလဲ"
နတ်ဆိုးဓားတောင်၏ ခေါင်းဆောင်က မလိုလားဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဟားဟားဟား၊ ရယ်စရာတွေပြောတတ်တယ်။ မင်းက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးမှာ မွေးဖွားလာတာတောင် ဒီလိုမေးခွန်းမျိုး မေးနေတုန်းပဲ။ သတ်လိုက်တော့"
လူငယ်က အမိန့်ပေးလိုက်၏။ သူ့လက်အောက်မှ လူများကလည်း နတ်ဆိုးဓားတောင်၏ လူများထံ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
လူငယ်၏ဘက်မှ အင်အားက သိသိသာသာ ပိုအားကောင်းသည်။ ချက်ချင်းပင်၊ နတ်ဆိုးဓားတောင်မှ လူများက တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရ၏။
ဤတိုက်ပွဲတွင် စိတ်လှုပ်ရှားစရာ ဘာမှမရှိပါ။ မကြာမီ၊ နတ်ဆိုးဓားတောင်မှ လူများက ဧရာမဝံပုလွေများ၏ ခြေရာနင်းခဲ့ကြရသည်။ ဆိုရလျှင်၊ သူတို့က ဧရာမဝံပုလွေများထက်ပင် ပို၍ အခြေအနေဆိုးသေးသည်။ သူတို့ထဲမှ တစ်ဦးမျှ မလွတ်မြောက်ဘဲ အားလုံး သေဆုံးခဲ့ရသည်။
အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးတွင် ထိုကဲ့သို့သော တိုက်ပွဲများက အလွန်အဖြစ်များပေသည်။
အထူးသဖြင့် ရတနာများ ပါဝင်ပတ်သက်နေသည့်အခါတွင် တိုက်ပွဲက ပို၍ပင် ရက်စက်ကြမ်းကြုတ်သည်။
ထို့ကြောင့် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး၏ နတ်ဆိုးကျင့်ကြံသူများက ယေဘုယျအားဖြင့် ပိုမိုအားကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ တူညီသောအဆင့်တိုက်ပွဲတွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက ယွမ်တောင်မှ ကျင့်ကြံသူများထက် ပိုမိုအားကောင်းဖွယ်ရှိသည်။
လူငယ်က နတ်ဆိုးဓားတောင်မှ လူများ၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက်တွင်၊ သူက လူအုပ်ကို ဂူထဲသို့ ဦးဆောင်ခေါ်သွား၏။
ဂူထဲသို့ ဝင်သွားပြီးနောက် သူတို့၏ မျက်လုံးများ တောက်ပသွားကြသည်။
"နတ်ဆိုးရင်းမြစ်သစ်သီးသုံးလုံး...၊ မမှည့်သေးပေမဲ့ နာရီဝက်အတွင်း မှည့်လာလိမ့်မယ်"
အဘိုးအိုတစ်ဦးက ပြောလိုက်သည်။
"ဟမ်၊ ဘာဖြစ်လို့ နတ်ဆိုးချီတွေက ဂူထဲကို စီးဝင်နေရတာလဲ"
ရုတ်တရက်၊ လူအချို့က ထူးခြားမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤနေရာရှိ နတ်ဆိုးချီများက ဂူအတွင်းပိုင်းသို့ စုဝေးသွားနေကြ၏။
ဒါက ပုံမှန်မဟုတ်ကြောင်း ထင်ရှားသည်။ သူတို့က ကျွမ်းကျင်သူများကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့ဖူးသောကြောင့် ဂူ၏နက်နဲရာတွင် နတ်ဆိုးရေကန်တစ်ခုရှိကြောင်း သိရှိထားကြသည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် နတ်ဆိုးချီများက အပြင်ဘက်ကို ပျံ့နှံ့နေသင့်သည်။
'အထဲမှာ တစ်ယောက်ယောက်ရှိတယ်'
လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အထူးသဖြင့် လူငယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ တောက်ပလာတော့သည်။
"သွားကြည့်ရအောင်"
လူငယ်က အေးစက်စွာ ပြောလိုက်သည်။ လူတိုင်းက ဂူထဲသို့ လျှောက်ဝင်လာကြ၏။ မကြာမီတွင်၊ သူတို့က နတ်ဆိုးရေကန်သို့ ရောက်ရှိလာပြီး လုမင်ကို တွေ့လိုက်ရသည်။
ယခုအချိန်တွင်၊ စီးဆင်းနေသော နတ်ဆိုးချီများက ကောင်းကင်ဧကရာဇ်၏ခန္ဓာဆီသို့ အဆက်မပြတ် စုဝေးနေပေသည်။
ဆယ်ရက်ကျော် စုပ်ယူပြီးနောက် နတ်ဆိုးရေကန်ထဲမှ နတ်ဆိုးချီများ ခန်းခြောက်လုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။
"ဒီကျောက်ရုပ်သေးက အတော်လျှို့ဝှက်ဆန်းကြယ်တာပဲ။ တကယ်ကြီး နတ်ဆိုးချီတွေကို အဆက်မပြတ် စုပ်ယူနိုင်တယ်"
"နတ်ဆိုးရေကန်ထဲက နတ်ဆိုးချီတွေ ခန်းခြောက်တော့မယ်။ ဒါက ကျောက်ရုပ်သေးက အားလုံးကို စုပ်ယူနေတာ ဖြစ်နိုင်မလား။ ရတနာတစ်ခုပဲ"
လူတိုင်းက ဆွေးနွေးပြောဆိုလိုက်ကြသည်။
လူငယ်၏ မျက်လုံးများမှာလည်း လောဘဖြင့် တလက်လက်တောက်ပနေ၏။
"ကောင်လေး၊ မင်းက ဒီနေရာမှာ နတ်ဆိုးချီကို တိတ်တိတ်လေး စုပ်ယူရဲတယ်။ မင်း သေချင်နေတာပဲ"
လူငယ်က အေးစက်စွာ ပြောလိုက်သည်။
ဤအချိန်တွင် လုမင်က မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သူက တစ်ခွန်းသာ တုံ့ပြန်လိုက်၏။
"ထွက်သွား"
ဤစကားများက လူငယ်၏ မျက်နှာအား ချက်ချင်း မည်းမှောင်သွားစေခဲ့သည်။
"ကောင်လေး၊ မင်း သေချင်နေတာပဲ။ သခင်လေး၊ ကျုပ် သူ့ကိုသွားသတ်မယ်"
အန္တိမသူတော်စင်နယ်ပယ်မှ လူထွားကြီးတစ်ဦးက ပြောလိုက်၏။
"သူ့ကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင် လုပ်ပြီးတော့ သူ့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိလဲ ကြည့်လိုက်ပါ"
လူငယ်က အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ"
အန္တိမသူတော်စင်နယ်ပယ်မှ လူထွားကြီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက်၊ သူ့ခန္ဓာကိုယ်က လှုပ်ရှားလာပြီး သားကောင်ကို ထိုးသုတ်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ လုမင်ထံ ခုန်ဝင်သွား၏။ သူ့လက်သည်းများက ဓားများကဲ့သို့ဖြစ်ပြီး လုမင်ထံ အံ့မခန်း အမြန်နှုန်းဖြင့် ကုပ်ဆွဲလိုက်တော့သည်။
"သတ်"
လုမင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှ ဓားအလင်းနှစ်ခု ဖြာထွက်လာပြီး အန္တိမသူတော်စင်နယ်ပယ် လူထွားကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။
ထိုသူက နာကျင်စွာ အော်ဟစ်ရင်း မြေပေါ် ဘုန်းခနဲ ပစ်လဲသွားသည်။ ထို့နောက်မှာတော့ နှစ်ကြိမ်သာ အကြောဆွဲနိုင်ပြီး မလှုပ်ရှားတော့ပေ။
သေပြီ။
လူငယ်လေးနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ငေါက်ငမ်းသံတစ်ချက်နှင့်အတူ အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွား၏။ ဒါက မည်သို့သော နည်းလမ်းဖြစ်သနည်း။
"သခင်လေး၊ သတိထားပါ။ ဒီကောင်လေးက မရိုးရှင်းဘူး"
ဧကရာဇ်တစ်ပိုင်းတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။