← Chapters

အခန်း ၂၀၂၅

Vol. 138 Ch. 2025

အခန်း ၂၀၂၅

Vol. 138 Ch. 2025

အပိုင်း ( 2025 ) ကန်ထုတ်လိုက်ခြင်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့ပြီ။

ဤဆယ်ရက်အတွင်း လုမင်က မင်းသမီးကြီးအိမ်တော်တွင် အေးချမ်းစွာ လေ့ကျင့်နေခဲ့သည်။

ယခုအခါ သူ၏ ကစဉ့်ကလျားနိယာမက ကိုးဆယ့်ခုနစ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီ။ အစီရင်နိယာမက ကိုးဆယ့်ကိုးရာခိုင်နှုန်းသို့ပင် ရောက်ရှိခဲ့သည်။

သူက ပြီးပြည့်စုံခြင်းအဆင့်နှင့် များစွာ မဝေးတော့ပေ။ သို့ရာတွင်... ပြီးပြည့်စုံခြင်းနှင့် နီးစပ်လေလေ၊ တိုးတက်ရန် ပိုခက်ခဲလေပင်။

လူအတော်များများက သူတို့၏နိယာမများ ပြည့်စုံလုနီးအခြေအနေတွင် ရာစုနှစ်၊ ထောင်စုနှစ်နှင့် နှစ်ပေါင်းသောင်းနှင့်ချီကာ ရပ်တန့်ခဲ့ကြသည်။

ဟန်ရှင်းဟဲသည်ပင် ထိုအဆင့်မှာ နှစ်အတော်ကြာ ရှိနေခဲ့ရပေသည်။

ဤအဆင့်တွင် ဖောက်ထွက်ရန်အတွက် ကောင်းမွန်စွာ စုဆောင်းရန် လိုအပ်သည်။ နိယာမအပေါ် နားလည်မှုက လုံလောက်သည့်အခါ သဘာဝအတိုင်း ထိုးဖောက်နိုင်လိမ့်မည်။

ယနေ့၊ လုမင် လေ့ကျင့်နေစဉ်တွင်... ကျီးဖျင်က မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် လူအနည်းငယ်ကို ခေါ်ဆောင်လျက် မင်းသမီးကြီး၏ အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ သူက လုမင်၏ခြံဝင်းသို့ တိုက်ရိုက် လှမ်းလာခဲ့၏။

ကျီးဖျင်၏ အထောက်အထားက ထူးခြားသောကြောင့် သူ့ကို မည်သူမျှ မတားဆီးနိုင်ပေ။

လုမင်၏ခြံဝင်းသို့ ရောက်လာပြီးနောက် ကျီးဖျင်က ခြံတံခါးကို ကန်ဖွင့်ပြီး ဝင်ရောက်ခဲ့သည်။

"လုမင်၊ အခုထွက်လာခဲ့စမ်း"

ကျီးဖျင်က အေးစက်စွာ အော်ဟစ်လိုက်၏။

အခန်းထဲတွင် လေ့ကျင့်နေသော လုမင်လည်း မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးတွင် စူးရှသော အလင်းရောင်တစ်ခုက ဖြတ်သန်းသွားတော့သည်။

လုမင်က အခန်းထဲမှ ထွက်လိုက်သောအခါ ကျီးဖျင်က သူ့အား အေးစက်စက်ဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။

လွန်ခဲ့သော ဆယ်‌ရက်ကျော်က လုမင်သည် သူ့ကို လူဘုံအလယ်မှာ လက်ဝါးတစ်ချက်တည်းဖြင့် လွင့်စဉ်စေပြီး မျက်နှာပျက်စေခဲ့သည်။ ထို့ကြောင့် ဤကာလအတွင်း သူဟာ လက်စားချေရန် အခွင့်အလမ်းကို အမြဲတွေးခဲ့ပေသည်။

နောက်ပိုင်းတွင်၊ လုမင်က မင်းသမီးကြီး၏ ဧည့်သည်ဖြစ်လာကြောင်း ကြားသိရသောအခါ သူ ပို၍ပင် ဒေါသထွက်လာခဲ့သည်။ ရက်အနည်းငယ်ကြာအောင် ကြိတ်မှိတ်နေခဲ့ပြီးနောက် နောက်ဆုံးမှာတော့ လုမင်ကို မရှာဖွေဘဲ မနေနိုင်တော့ပေ။

"ကောင်လေး၊ မင်းရဲ့ရည်ရွယ်ချက်ကို ငါသိတယ်။ မင်းက မင်းသမီးကြီးရဲ့ ဧည့်သည်အဖြစ်နဲ့ သူနဲ့နီးစပ်ချင်နေတာ မဟုတ်လား။ အခု ငါမင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်၊ မင်းသမီးကြီးအိမ်တော်ကနေ ထွက်သွားပါ"

ကျီးဖျင်က အေးစက်စွာ ပြောလိုက်သည်။

"မင်းသမီးကြီးက မင်းကိုလာဖို့ ခေါ်သလား"

လုမင်က မေးသည်။

"ဒီကိစ္စလောက်နဲ့ မင်းသမီးကြီးက ငါ့ကိုပြောစရာ မလိုပါဘူး"

ကျီးဖျင်က ပြောလိုက်၏။

"ငါက မင်းသမီးကြီးရဲ့ ဧည့်သည်၊ မင်းရဲ့ဧည့်သည် မဟုတ်ဘူး။ မင်းသမီးကြီးက မပြောဘဲနဲ့ ငါ့ကို ထွက်သွားခိုင်းရအောင် မင်းကဘယ်သူလဲ"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤစကားများက ကျီးဖျင်၏ မျက်နှာကို ပို၍ပင် မှုန်ကုပ်သွားစေခဲ့သည်။

"လူယုတ်၊ အခုချက်ချင်း ဒီကနေထွက်သွားရင် ပိုကောင်းမယ်နော်။ မဟုတ်ရင် မင်းရဲ့ခြေလက်တွေကို ရိုက်ချိုးပြီးမှ လွှင့်ပစ်ရလိမ့်မယ်"

ကျီးဖျင်က အေးစက်စွာ ပြောလိုက်၏။

"ထွက်သွားစမ်း"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ၏ စိတ်ရှည်မှုက ကုန်ခမ်းသွားပြီ။

"တယ်၊ ဒုတိယသခင်လေးကို ဘယ်လိုလေသံမျိုးနဲ့ ပြောတာလဲ။ ငါမင်းရဲ့ ခြေလက်အင်္ဂါတွေကို ဖြတ်တောက်ပစ်မယ်"

ကျီးဖျင်၏ဘေးမှ လူတစ်ဦးက ပြေးထွက်လာပြီး လုမင်၏ ဒန်တျန်ကို ထိုးကြိတ်လိုက်သည်။

သူက လုမင်၏ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ချင်သည်။

ထိုသူက အားမနည်းဘဲ အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွင် ရှိသည်။ သူက လက်သီးချက်ထုတ်ဖော်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားကြောင့် ဆူညံသံများ ထွက်ပေါ်လာ၏။

"ဂျိန်း..."

လုမင်က ကစဉ့်ကလျားနိယာမကို နတ်ဆိုးမိုးကြိုးနိယာမအဖြစ် ပြောင်းလဲလိုက်သည်။ မိုးကြိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် မိုးကြိုးလျှပ်စီးများက စီးဆင်းလာတော့သည်။

"ဝုန်း"

လုမင်က လက်သီးချက်ထုတ်ဖော်ပြီး တစ်ဖက်လူနှင့် လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဂျိန်း..."

မိုးကြိုးများ ပျံ့နှံ့သွားပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ချက်ချင်း ဖျက်ဆီးလိုက်၏။ တစ်ချိန်တည်းမှာပင်၊ အနက်ရောင်မိုးကြိုးများက တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ နောက်သို့ဆုတ်သွားစေတော့သည်။

ထို့နောက် လုမင်က ရှေ့သို့တိုးလာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ တစ်ဖက်လူက လွင့်စဉ်သွားပြီး မြေပြင်ပေါ် လဲကျသွား၏။ သူ့ခန္ဓာကိုယ်ကလည်း အကြောဆွဲကာ တဆတ်ဆတ်တုန်နေတော့သည်။

ကျီးဖျင်နှင့် အခြားသူများ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

လုမင်၏ တိုက်ခိုက်ရေးအင်အားက သူတို့ထင်ထားတာထက် ပိုအားကောင်းသည်။ အထွတ်အထိပ် အန္တိမသူတော်စင်တစ်ယောက်ကို နှစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့၏။ ကျီးဖျင်ကိုယ်တိုင်ပင် ထိုသို့မလုပ်နိုင်ပေ

"အတူတူ တိုက်ခိုက်ကြ"

ကျီးဖျင်က ဟိန်းဟောက်လိုက်သည်။ သူကိုယ်တိုင်က အတောင်ဖြန့်ထားသော ဂဠုန်ငှက်တစ်ကောင်ကဲ့သို့ လုမင်ထံ ပျံသန်းသွား၏။ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သောအခါ ဂဠုန်ငှက်၏ တောင်ပံများကဲ့သို့ သို့မဟုတ် ကောင်းကင်ဓားနှစ်ချောင်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းနှစ်ခုက လုမင်ထံ ဖြတ်သန်းလာတော့သည်။

ဒါက သူ၏ နတ်ဘုရားစွမ်းရည် ဖြစ်သည်။ နောက်ဆုံးအကြိမ်က လုမင်နှင့် တိုက်ခိုက်ချိန်တွင် သူ၏ နတ်ဘုရားစွမ်းရည်ကို မသုံးခဲ့ရပေ။

တစ်ချိန်တည်းမှာပင်၊ ကျန်နှစ်ယောက်ကလည်း လှုပ်ရှားလိုက်ကြသည်။

ထိုသူနှစ်ယောက်ကလည်း အထွတ်အထိပ် အန္တိမသူတော်စင်များ ဖြစ်၏။ သူတို့ကလည်း သူတို့၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြုကာ လုမင်ကို တိုက်ခိုက်ကြတော့သည်။

သူတို့၏ တိုက်ခိုက်မှုများက အလွန် ရက်စက်ကြမ်းကြုတ်သည်။ လုမင်သာ သူတို့ကို ရင်မဆိုင်နိုင်လျှင်ရင် သူ အသတ်ခံရလိမ့်မည်။

"အလျှော့ပေးထားတာကို ကမ်းတက်လာကြတယ်"

လုမင်၏ မျက်လုံးများက ပိုအေးစက်လာသည်။ သူက အနက်ရောင် လျှပ်စီးကြောင်းအလွှာတစ်ခု ဖုံးအုပ်ထားသော လှံရှည်တစ်လက်ကို ဖွဲ့စည်းလိုက်၏။

"ရွှစ်... ရွှစ်... ရွှစ်..."

လုမင်က လှံရှည်ဖြင့် သုံးကြိမ်ဆက်တိုက် ထိုးလိုက်သည်။

ပေါက်ကွဲသံ သုံးချက်က ဆက်တိုက်ထွက်ပေါ်လာပြီး ကျီးဖျင်နှင့် ကျန်နှစ်ယောက်၏ တိုက်ခိုက်မှုများ ပျက်စီးသွား၏။

ထို့နောက် လုမင်က မိုးကြိုးလျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။‌ လျှပ်တပြက်အတွင်း သူက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်ရှိ လူတစ်ဦးရှေ့တွင် ပေါ်လာ၏။ မိုးကြိုးလှံက အံ့မခန်းအမြန်နှုန်းဖြင့် ထိုသူ၏ ဒန်တျန်ကို ထိုးဖောက်ကာ သူတော်စင်နှလုံးသားကို ကွဲကြေသွားစေတော့သည်။

လူကြီးက နာကျင်စွာ အော်ဟစ်ရင်း မြေပေါ်သို့ လဲကျသွားခဲ့သည်။

လုမင်က ထိုလူ၏ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။

ထို့နောက် လုမင်က တစ်ဖန်လှုပ်ရှားလာပြီး အခြား အန္တိမသူတော်စင်၏ရှေ့တွင် ပေါ်လာသည်။ သူ၏ လှံရှည်ဖြင့် ထပ်မံထိုးသွင်းပြီး ထိုလူ၏ကျင့်ကြံမှုကိုလည်း ဖျက်ဆီးလိုက်၏။

လူနှစ်ယောက်၏ ကျင့်ကြံမှုများ ဆက်တိုက် ဖျက်ဆီးခံရပြီးနောက် ကျီးဖျင်မှာ ကြောက်ရကောင်းမှန်းသိလာသည်။ သူက အလျင်စလို ဆုတ်ခွာရင်း ထွက်ပြေးရန် ကြိုးစားလိုက်၏။ သူက တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။

သို့သော်လည်း လုမင်က သူ့ကို ချက်ချင်း လိုက်မီလာခဲ့သည်။

လုမင်က ကစဉ့်ကလျားနိယာမကို နတ်ဆိုးမိုးကြိုးနိယာမအဖြစ် ပြောင်းလဲထားသောကြောင့် သူ့ခွန်အားက သိသိသာသာ လျော့ကျသွားခဲ့သည်။

သို့သော်လည်း လုမင်၏ ဝိညာဉ်ခန္ဓာနှင့် သူတော်စင်စွမ်းအား နှစ်ခုစလုံးက ကျီးဖျင်ထက် များစွာသာလွန်သည်။ ကျီးဖျင်က သူ့ကို လုံးဝ မယှဉ်နိုင်ပေ။

သူ အကောင်းဆုံးကြိုးစားခဲ့သော်လည်း လုမင်၏ ဖိနှိပ်မှုကို ခံလိုက်ရဆဲပင်။

"ဂျွတ်"

လုမင်က ကျီးဖျင်၏ လက်တစ်ဖက်ကို လိမ်ချိုးလိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကိုလည်း ကန်ကျောက်လိုက်၏။

အရိုးကျိုးသံများ ထွက်ပေါ်လာပြီး ကျီးဖျင်၏ ခြေလက်များကို လုမင်က ချိုးပစ်လိုက်သည်။ သူက သေနေသောခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျနေတော့သည်။

"ထွက်သွားစမ်း"

လုမင်က ငေါက်ငမ်းပြီး ဆက်တိုက် ကန်ထုတ်လိုက်ရာ ကျီးဖျင်နှင့် သူ၏ လက်အောက်ငယ်သားများက ခြံဝင်းထဲမှ လွင့်ထွက်သွားကြသည်။

နောက်ဆုံးတွင်၊ ဒါက ယိုးလော့နတ်ဆိုးတိုင်းပြည် မင်းသမီးကြီး၏ အိမ်တော် ဖြစ်သည်။ သူက ကျီးဖျင်ကို မသတ်နိုင်ပေ၊ မဟုတ်လျှင် သူ ဆက်နေနိုင်တော့မည် မဟုတ်ပါ။

ဒါက လုမင်၏ ရည်မှန်းချက်မဟုတ်ချေ။ ထာဝရနတ်ဆိုးတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် သူ့ကို မိတ်ဆက်ပေးရန် မင်းသမီးကြီးကို လိုအပ်နေဆဲ ဖြစ်သည်။

"မင်း စောင့်နေပါ"

ကျီးဖျင်၏ ကြိမ်းမောင်းပြောဆိုသံက ခြံဝင်းအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

သူက လုမင်၏ ခြေလက်တွေကို ချိုးပြီး လွှင့်ပစ်မည်ဟု ပြောလိုက်တာ မကြာသေးပါ။ နောက်အခိုက်တွင်၊ သူကိုယ်တိုင်သာ ခြေလက်များ ရိုက်ချိုးခံရပြီး ခွေးသေတစ်ကောင်ကဲ့သို့ လွှင့်ပစ်ခံခဲ့ရသည်။ ယင်းက သူ့အား ဒေါသပေါက်ကွဲစေခဲ့ပေသည်။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ကျီးဖျင်က သည့်ထက်လွန်ကဲလာပါက သူ့ကိုသတ်ပြီး ယိုးလော့နတ်ဆိုးတိုင်းပြည်မှ ထွက်ခွာခြင်းမှာ ပြဿနာမဟုတ်ပါ။ နောက်မှ အခြားနည်းလမ်းများကို သူစဉ်းစားမည် ဖြစ်သည်။

နောက်တစ်နေ့မနက်တွင်၊ လူတစ်စုက မင်းသမီးကြီးနှင့် တွေ့ဆုံရန် မင်းသမီးနေအိမ်သို့ ရောက်ရှိလာကြသည်။

ထိုအုပ်စုထဲတွင် ကျီးဖျင်လည်း ပါဝင်လာ၏။

သို့သော်လည်း ဤအဖွဲ့ကို ကျီးဖျင်က ဦးဆောင်လာခြင်း မဟုတ်ပါ။ သူ့အစ်ကိုကြီးနှင့် သူ၏ ဦးလေးတစ်ယောက်တို့ ဖြစ်ကြသည်။

"စစ်သူကြီးကျိ... အစ်ကိုကျိ၊ ကျေးဇူးပြုပြီး ထိုင်ပါ"

ခန်းမကြီးတစ်ခုထဲတွင် မင်းသမီးကြီးက ကျီးဖျင်နှင့် အခြားသူများကို ကြိုဆိုခဲ့သည်။ သို့သော်လည်း သူ့အကြည့်က ဦးဆောင်လာသူ သက်လတ်ပိုင်းအမျိုးသားနှင့် အေးစက်စက် မျက်နှာထားရှိသော လူငယ်တစ်ကို အဓိကအာရုံစိုက်ပေသည်။

ဤသက်လတ်ပိုင်းအမျိုးသားက ကျီးဖျင်၏ ဦးလေးဖြစ်သည်။ သူက ယိုးလော့နတ်ဆိုးတိုင်းပြည် စစ်ဦးစီးချုပ်၏ ညီဖြစ်ဖြစ်ပြီး သူကိုယ်တိုင်လည်း ယိုးလော့နတ်ဆိုးတိုင်းပြည်၏ စစ်သူကြီးတစ်ဦးပင်။

လူငယ်ကမူ ကျီးဖျင်၏ အစ်ကို ဖြစ်သည်။ သူက ကြောက်စရာကောင်းသော ဘုရင်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ယိုးလော့နတ်ဆိုးတိုင်းပြည်၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

"မင်းသမီး၊ ကျုပ်တို့က မင်းဆီကနေ လူတစ်ယောက်ကို တောင်းဆိုဖို့ ရောက်လာတာပါ"

ကျီးဖျင်၏ဦးလေးက ပြောလိုက်သည်။

"လူတစ်ယောက်ကို လိုချင်တာလား၊ ဘယ်သူလဲ"

မင်းသမီးကြီးက အနည်းငယ် အံ့အားသင့်သွားသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။

ကျီးမိသားစုက တစ်စုံတစ်‌ယောက်ကို လိုချင်လျှင် အဘယ်ကြောင့် သူ့ထံလာရောက်ကြသနည်း။

All Chapters