အခန်း ၂၀၂၇
Vol. 138 Ch. 2027
အပိုင်း ( 2027 ) မင်းသမီးလေး။
လုမင်၏ ခြေလှမ်းများက မရပ်တန့်ခဲ့ပါ။ သို့ရာတွင်၊ သူက မင်းသမီးကြီး၏အိမ်တော်မှ ချက်ချင်း မထွက်သွားခဲ့ပေ။ ထိုအစား လျှို့ဝှက်နေရာတစ်ခုသို့ ရောက်လာပြီးနောက် မင်းသမီးကြီး၏အိမ်တော်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုခဲ့သည်။ ထို့နောက်တွင်၊ နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုပြီး သူ့ကိုယ်သူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်၏။
ဤသက်လတ်ပိုင်းအမျိုးသားက မင်းသမီးကြီးအိမ်တော်၏ အစောင့်များထဲမှ တစ်ယောက် ဖြစ်သည်။
ကျီးမိသားစုက မင်းသမီးကြီးကို လုမင်အား မင်းသမီးကြီးအိမ်တော်မှ မောင်းထုတ်ရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မင်သမီးကြီး၏ အိမ်တော်ရှေ့တွင် ကျွမ်းကျင်သူများ ရှိနေနိုင်ချေ များပေသည်။ သူ ထွက်သွားသရွေ့ ချက်ချင်း တိုက်ခိုက်ခံရမည် ဖြစ်သည်။
သဘာဝအတိုင်းပင်၊ သူက လူငယ်မျိုးဆက်ကို မကြောက်ပါ။ သို့သော်လည်း တစ်ဖက်လူက ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို မစေလွှတ်ပါဟု အာမမခံနိုင်ပေ။
ထို့ကြောင့် လုမင်က အစောင့်တစ်ယောက်အဖြစ် ပြောင်းလဲကာ မင်းသမီးကြီးအိမ်တော်မှ ရင့်ကော့ပြီး ထွက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ မင်းသမီးကြီး၏အိမ်တော်မှ ထွက်လိုက်သည်နှင့် သူ့အပေါ်သို့ ဝိညာဉ်အသိအချို့ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။
ထိုအထဲတွင် အလွန်ကြောက်စရာကောင်းသော ဝိညာဉ်အသိနှစ်ခုပင် ရှိသေးသည်။ သူတို့က ဧကရာဇ်အဆင့် အကျော်အမော်များဖြစ်ကြောင်း ထင်ရှားသည်။
သို့သော်လည်း သူတို့က လုမင်၏ နတ်အရှိန်အဝါကျင့်စဉ်ကို ထိုးဖောက်မမြင်နိုင်ခဲ့ပါ။
လုမင်က မင်းသမီးကြီး၏ အိမ်တော်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူက သူ့စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
'မင်းသမီးကြီး၊ ငါတို့ မကြာခင် ပြန်ဆုံကြမယ်။ အချိန်ကျရင် မင်းနောင်တမရပါစေနဲ့လို့ မျှော်လင့်ပါတယ်'
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ထွက်သွားတော့သည်။
မင်းသမီးကြီး၏ အိမ်တော်က ယိုးလော့နတ်ဆိုးတိုင်းပြည်၏ မြို့တော် အနောက်ဘက်ပိုင်းမှာ တည်ရှိသည်။ လုမင်က မြို့တော်၏ အရှေ့ဘက်ပိုင်းကို ထွက်ခဲ့လေသည်။
မြို့တော်၏ အရှေ့ဘက်ခြမ်းက လော့မျိုးနွယ်၏ နယ်မြေဖြစ်သည်။
ယိုးမျိုးနွယ်နှင့် လော့မျိုးနွယ်က ယိုးလော့နတ်ဆိုးတိုင်းပြည်ကို တည်ထောင်ခဲ့သော မိသားစုနှစ်စု ဖြစ်သည်။
မင်းသမီးကြီးက သူ့ကို လက်မခံသောကြောင့် လော့မျိုးနွယ်ကိုသာ သွားနိုင်ပေသည်။
"လော့မျိုးနွယ်ရဲ့ မင်းသမီးလေး လော့ရွှမ်"
လုမင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုခေတ်၊ ယိုးမျိုးနွယ်နှင့် လော့မျိုးနွယ်၏ လူငယ်မျိုးဆက်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ မျိုးနွယ်နှစ်စု၏ အထူးချွန်ဆုံး ပါရမီရှင်များက အမျိုးသမီးများ ဖြစ်၏။
ယိုးမျိုးနွယ်၏ အထူးချွန်ဆုံး ပါရမီရှင်က မင်းသမီးကြီး ယိုးနင် ဖြစ်သည်။ သူက ယိုးမျိုးနွယ်၏ ကိုယ်စားပြုဖြစ်သလို မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင်ဆိုလျှင်လည်း မမှားပေ။
လော့မျိုးနွယ်မှ လူငယ်မျိုးဆက်၏ ခေါင်းဆောင်အတွက်မူ သူ့ကို လော့ရွှမ်ဟု ခေါ်သည်။
သူကလည်း တုနှိုင်းမဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ယိုးနင်ကဲ့သို့ နာမည်ကြီးပေသည်။ သို့ရာတွင်၊ သူက ယိုးနင်ထက် နှစ်အနည်းငယ် အသက်ငယ်သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို မင်းသမီးလေးဟု ခေါ်ကြပေသည်။
လုမင်က လော့ရွှမ်ကို အားကိုးချင်ခဲ့သည်။
ယိုးနင်က သူ့ကို ထာဝရနတ်ဆိုးတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် မိတ်ဆက်ပေးနိုင်သည်။ သို့ဆိုလျှင်၊ လော့ရွှမ်ကလည်း သဘာဝအတိုင်း ထိုသို့လုပ်နိုင်ပေမည်။
မကြာမီ၊ လုမင်က ကြီးကျယ်ခမ်းနားသော အိမ်တော်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
ဒါက မင်းသမီးလေး လော့ရွှမ်၏ အိမ်တော်ပင်။
ဤအခိုက်တွင် လုမင်က သူ၏ မူလအသွင်အပြင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
"ရပ်လိုက်"
တံခါးရှေ့တွင် လူထွားကြီးနှစ်ယောက်က လုမင်ကို ရပ်တန့်စေလိုက်သည်။
"ရောင်းရင်းတို့၊ ကျွန်တော်က မင်းသမီးလေးကို တွေ့ချင်လို့ လာခဲ့တာပါ"
လုမင်က လက်ယှက်ပြပြီး ပြောလိုက်သည်။
"ငါသိပါတယ်ကွာ၊ မင်းက မင်းသမီးလေးနဲ့တွေ့ချင်လို့လာမှန်း ငါသိပါတယ်။ နေ့တိုင်းပဲ လူအများကြီးက မင်းသမီးလေးဆီကို လာလည်ကြတယ်လေ။ ကောင်လေး၊ အပိုတွေမလုပ်နေဘဲ မြန်မြန်ထွက်သွားလိုက်ဖို့ ငါ အကြံပေးချင်တယ်"
လူထွားကြီးတစ်ယောက်က သူ့လက်ကိုဝှေ့ယမ်းပြီး လုမင်ကို ထွက်သွားရန် အချက်ပြလိုက်သည်။
လုမင်က မချိသွားဖြဲ ပြုံးလိုက်၏။ တစ်ဖက်လူက သူဟာ မင်းသမီးလေးနှင့် နီးကပ်ရန် တမင်တကာကြိုးစားနေပြီး မင်းသမီးလေးကို သက်သက်လာတွေ့ခြင်းဟု ထင်နေပုံရသည်။
"ရောင်းရင်းတို့၊ ကျုပ်က ဒီကို မင်းသမီးလေးရဲ့ ဧည့်အကြီးအကဲအဖြစ်လုပ်ဖို့ လာခဲ့တာပါ။ နောက်ရက်နှစ်ဆယ်နေရင် ယိုမျိုးနွယ်နဲ့ တိုက်ပွဲမှာ မင်းသမီးလေး အနိုင်ရအောင် ကူညီပေးနိုင်ပါတယ်"
လုမင်က ပြောလိုက်သည်။
လူထွားကြီးနှစ်ယောက် အံ့အားသင့်သွားကြသည်။ သူတို့က လုမင်အား အရူးတစ်ယောက်ကို ကြည့်နေသလို ကြည့်လိုက်ကြ၏။
မင်းသမီးလေးနှင့် နီးစပ်နိုင်ရန် အကြောင်းပြချက်အမျိုးမျိုးရှာနေသော လူအများအပြားကို သူတို့တွေ့ခဲ့ဖူးသည်။ ထူးဆန်းသော အကြောင်းပြချက်အမျိုးမျိုးကိုလည်း သူတို့ကြားဖူးကြ၏။ သို့သော်လည်း မျက်နှာတစ်ချက်မပျက်ဘဲ ကြွားဝါတတ်သည့် လုမင်ကဲ့သို့ လူမျိုးကိုတော့ ဒါပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ဟားဟားဟား... ကောင်လေး၊ မင်းကတော့ တကယ်ကို မျက်နှာတစ်ချက်မပျက်ဘဲ ဝါကြွားနိုင်တာပဲ။ မင်းသမီးလေးကို အနိုင်ရအောင် ကူညီပေးမယ် ဟုတ်လား။ မင်းရဲ့ အကြောင်းပြချက်က တကယ်ကို ဆန်းသစ်ပါပေတယ်။ ဒါပေမဲ့ မင်းသမီးလေးကို လှည့်စားဖို့ ကြံစည်ဝံ့ရင် မင်း အသက်ပျောက်သွားနိုင်တယ်"
"ကောင်လေး... ဒီတစ်ခါတော့ ငါတို့ မင်းကို လွှတ်ပေးလိုက်မယ်။ မြန်မြန်ပဲ ထွက်သွားတော့"
ထိုလူနှစ်ဦးက လက်ကာပြရင်း လုမင်ကို အမြန်ထွက်သွားရန် အချက်ပြလိုက်သည်။
"ရောင်းရင်းတို့က မင်းသမီးလေးကို သတင်းပို့ပေးရုံပဲလေ။ တကယ်လို့... ကျွန်တော် ပြောတာတွေက အမှန်ဖြစ်နေရင်ကော...၊ ကျွန်တော်က မင်းသမီးလေးကို တကယ် အနိုင်ရအောင် ကူညီပေးနိုင်ရင်ကော...၊ ခင်ဗျားတို့ရဲ့ တားဆီးမှုကြောင့် ကျွန်တော်က မင်းသမီးကြီးဘက်ကို ရောက်သွားပြီး သူ့ကို အနိုင်ရအောင် ကူညီပေးလိုက်ရင်ကော... အဲဒါကို မင်းသမီးလေး သိသွားရင် ခင်ဗျားတို့ နှစ်ယောက် ဘာဖြစ်သွားမလဲ"
လုမင်က ဒေါသမထွက်ဘဲ အေးဆေးစွာပင် ပြောလိုက်၏။
လူထွားကြီးနှစ်ဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
လုမင်မှာ အရှက်မရှိ ဝါကြွားနေသူသာ ဖြစ်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်သော်လည်း 'တကယ်လို့' ဆိုသည့် အချက်ကြောင့် စိုးရိမ်လာတော့သည်။
အကယ်၍၊ လုမင်မှာ အမှန်တကယ် စွမ်းရည်ရှိနေပြီး သူတို့၏ တားဆီးမှုကြောင့် ဒေါသထွက်၍ မင်းသမီးကြီးဘက်ကို ကူးပြောင်းပြီး အနိုင်ရအောင် ကူညီပေးခဲ့လျှင် သူတို့က အပြစ်သားများ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက လော့မျိုးနွယ်က သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။
သူတို့နှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ကြသည်။
ဒါက မင်းသမီးလေးကို သတင်းပို့ပေးရုံမျှသာဖြစ်ပြီး အရေးမကြီးပေ။
အကယ်၍၊ လုမင်က စွမ်းရည်မရှိဘဲ ဟန်ဆောင်နေခြင်းဆိုလျှင်လည်း တစ်စုံတစ်ယောက်က သူ့ကို သဘာဝအတိုင်း ရှင်းလင်းသွားလိမ့်မည်။
"ကောင်းပြီ... ဒီမှာ ခဏစောင့်နေပါ။ ငါ မင်းသမီးလေးကို သတင်းသွားပို့လိုက်မယ်"
အစောင့်တစ်ဦးက ပြောလိုက်ပြီးနောက် အိမ်တော်အတွင်းသို့ အလျင်အမြန် ဝင်သွားသည်။
ခဏအကြာတွင် ထိုလူကြီး ပြန်ထွက်လာပြီး ပြောလိုက်၏။
"မင်းသမီးလေးက မင်းကို တွေ့ချင်တယ်တဲ့။ ငါ့နောက်ကို လိုက်ခဲ့"
လုမင်လည်း ပြုံးလိုက်ပြီး ထိုလူကြီးနောက်သို့ လိုက်ကာ အိမ်တော်၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းခဲ့တော့သည်။
"ကောင်လေး... မင်းမှာ အမှန်တကယ် အရည်အချင်းရှိရင် ကောင်းမယ်။ မဟုတ်ရင်တော့ မင်း ဒုက္ခရောက်တော့မှာပဲ"
လမ်းတွင် ထိုလူကြီးက သတိပေးစကား ပြောလေသည်။
"ကျေးဇူးတင်ပါတယ်"
လုမင်က ပြုံး၍သာ ပြန်ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခုပင် ရှိနေသေးသည်။
ထိုလူကြီးမှာ ဇဝေဇဝါ ဖြစ်သွားသည်။
'ဒီကောင်လေးမှာ တကယ်ပဲ အရည်အချင်း ရှိတာလား'
အိမ်တော်ကြီးမှာ အလွန်တရာ ကျယ်ဝန်းလှသည်။ အကွေ့အကောက် အချို့ကို ဖြတ်ကျော်ပြီးနောက် ခန်းမကြီးတစ်ခုသို့ ရောက်ရှိခဲ့၏။
ခန်းမအတွင်းတွင် လူသုံးဦးသာ ရှိလေသည်။
ခန်းမ၏ အရှေ့ဘက်ဆုံးတွင် မိန်းမပျိုတစ်ဦး ထိုင်နေသည်။ သူက အနက်ရောင် ပုဝါစဖြင့် မျက်နှာကိုကွယ်ထားပြီး အသက် နှစ်ဆယ်ခန့်သာ ရှိဦးမည်။
ထိုမိန်းကလေးက လွန်စွာလှပပြီး မင်းသမီးကြီး ယိုးနင်ထက်ပင် ပို၍ လှပသည်။
ယခုအချိန်တွင် ထိုမိန်းကလေးက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း လုမင်ကို စူးစမ်းလိုစိတ် မျက်လုံးများဖြင့် အကဲခတ်နေလေသည်။
မိန်းကလေး၏ ဝဲယာတစ်ဖက်တစ်ချက်မှာတော့ လူငယ်နှစ်ဦး ရှိနေသည်။ သူတို့၏ မျက်လုံးများမှာတော့ လျှပ်စီးတန်းများကဲ့သို့ တောက်ပနေပြီး လုမင်ကို စူးစိုက်ကြည့်နေကြ၏။
"မင်းသမီးလေးကို ဂါရဝပြုပါတယ်"
အစောင့်က မိန်းကလေးကို ဦးညွှတ်လိုက်သည်။
"အင်း... ဘေးမှာရပ်နေလိုက်"
မိန်းမလှလေးဖြစ်သော မင်းသမီးလေး လော့ရွှမ်က လက်ကာပြလိုက်သည်။ သူ၏ မျက်လုံးများမှာမူ လုမင်ထံမှ ခွာသွားခြင်း မရှိသေးချေ။
"ယိုးနင်နဲ့ ယိုးမျိုးနွယ်ကို အနိုင်ရအောင် ရှင်က ကူညီပေးနိုင်တယ်လို့ ပြောခဲ့တာလား"
လော့ရွှမ်က မေးလိုက်သည်။ သူ့အသံက ချိုသာပြီး နားထောင်လို့ ကောင်းလှပေသည်။
"မှန်ပါတယ်"
လုမင်က ခေါင်းညိတ်လိုက်သည်။
"ဒီမှာ... ကျွန်မ ကြိုပြောထားမယ်နော်။ ရှင် ကျွန်မကို လိမ်လို့ မရဘူး။ တကယ်လို့ လိမ်ခဲ့တယ်ဆိုရင် သက်ညှာပေးမယ် မထင်နဲ့။ အဲဒါကို ရှင်သိရဲ့လား"
လော့ရွှမ်တွင် သွားစွယ်ကလေး နှစ်ချောင်း ရှိလေသည်။ သူမ စကားပြောလိုက်သည့်အခါ သွားစွယ်လေးများမှာ ပေါ်လွင်သွားပြီး တစ်မျိုး ချစ်စရာကောင်းစေသည်။
ဤအခိုက်တွင်၊ သူက ခက်ထန်ဟန်ဖြင့် ပြောဆိုနေသော်လည်း မည်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါမျှ ရှိမနေပေ။
"မင်းသမီးလေး... ဒီကောင်မှာ အရည်အချင်း ရှိမရှိ ဆိုတာက စမ်းကြည့်လိုက်ရင် သိရမှာပါ။ တကယ်လို့ သူက ဝါကြွားနေတာဆိုရင်တော့ ကျုပ်ကိုယ်တိုင် သူ့ကို အပြင်ကို ကန်ထုတ်ပြီး ခွေးစာကျွေးလိုက်မယ်"
ဘယ်ဘက်ခြမ်းရှိ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ လှမ်းတက်လာပြီး လုမင်ကို ဖိအားပေးလိုက်၏။
လော့ရွှမ်ကလည်း သူ့ကို တားဆီးခြင်း မပြုဘဲ စိတ်ဝင်တစား ကြည့်နေသည်။
"ကောင်လေး... မင်းမှာ ဘာအရည်အချင်း ရှိလဲဆိုတာ ထုတ်ပြလိုက်စမ်း။ မဟုတ်ရင် မင်းမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စွာ ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်က ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုမင်ထံသို့ ပြေးဝင်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ဓားအလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လုမင်ထံသို့ ပိုင်းဖြတ်လာတော့သည်။
'အန္တိမသူတော်စင်နယ်ပယ်'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
ဤခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံမှုအဆင့်က အန္တိမသူတော်စင်နယ်ပယ်တွင် ရှိ၏။ ထို့ပြင် လုမင်က သူ၏ ဝိညာဉ်ခန္ဓာမှာ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာကြောင်း မြင်နိုင်သည်။ ၎င်းက ကျီးဖျင်၏ ဝိညာဉ်ခန္ဓာထက်ပင် ပိုမို အစွမ်းထက်ပေသည်။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ဤတိုက်ခိုက်မှုတွင် သူ၏ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို အသုံးပြုထားရာ အလွန်တရာ အစွမ်းထက်လှသည်။
သို့သော်လည်း လုမင်၏ မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။ သူက ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်မှုကို မြင်တွေ့ခြင်း မရှိသလိုပင်။
"တကယ်ကို အရှက်မရှိ ကြွားလုံးထုတ်နေတဲ့သူပဲ"
ညာဘက်ခြမ်းရှိ အခြားလူငယ်တစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။
သို့သော်... ထိုခဏ၌ပင် လုမင်က စတင် လှုပ်ရှားလိုက်၏။
သူ၏ လက်တစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်တော့သည်။