← Chapters

အခန်း ၂၀၂၈

Vol. 138 Ch. 2028

အခန်း ၂၀၂၈

Vol. 138 Ch. 2028

အပိုင်း ( 2028 ) စမ်းသပ်ခြင်း။

လုမင်က လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ဓားအလင်းပေါ်သို့ သာသာလေး တောက်လိုက်သည်။

"ဝုန်း"

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ဓားအလင်းတန်းက ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား၏။ တစ်ချိန်တည်းမှာပင်၊ လုမင်၏ လက်ချောင်းပေါ်၌ သိပ်သည်းလှသော အစီရင်ရွန်းများ ပေါ်ပေါက်လာပြီး ခရမ်းရောင်ဝတ်စုံဝတ် လူငယ်အား လွှမ်းခြုံသွားတော့သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်မှာ ထိတ်လန့်တကြားဖြင့် အလျင်အမြန် နောက်ဆုတ်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူက အဝေးသို့ မရောက်ခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး ရွန်းများဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ သူ၏ ကျင့်ကြံမှုအခြေခံက ချိပ်ပိတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

"ဒါက..."

မျက်မြင်တွေ့ရှိနေရသော လူသုံးယောက်စလုံး ဆွံ့အသွားကြသည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က တစ်ကွက်တည်းနှင့် ရှုံးနိမ့်သွားခဲ့ပြီ။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်မှာ သာမန်လူတစ်ယောက် မဟုတ်ပေ။ သူက ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် အလွန် ကျော်ကြားသူဖြစ်ပြီး ကျီးဖျင်ထက်ပင် ပို၍ နာမည်ကြီးသည်။

ဘုရင်ခန္ဓာ ပိုင်ရှင်များမှလွဲ၍ ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် အင်အားအကြီးဆုံး ပါရမီရှင် ဆယ်ယောက်ရှိရာ ကျီးဖျင်က အဆင့်ကိုး ဖြစ်ပြီး ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်က အဆင့်ငါး ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်မျိုးပင် လုမင်၏ လက်အောက်တွင် မယှဉ်နိုင်ဘဲ တစ်ကွက်တည်းနှင့် အရှုံးပေးလိုက်ရချေပြီ။

"အစီရင်နိယာမ... ရှင့်မှာ ဘုရင်ခန္ဓာ ရှိတာပဲ"

ထိုခဏတွင် မင်းသမီးလေး လော့ရွှမ်က နေရာမှ ဆတ်ခနဲ ထရပ်လိုက်မိသည်။ သူက လုမင်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။

ဘုရင်ခန္ဓာ...

ခန်းမထဲရှိ အခြားသူများ၏ စိတ်နှလုံးမှာလည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ယိုးလော့နတ်ဆိုးတိုင်းပြည် တစ်ခုလုံးတွင် ဘုရင်ခန္ဓာ ပိုင်ဆိုင်သူမှာ မများပေ။

ဒီလူငယ်က ဘုရင်ခန္ဓာကို အမှန်တကယ် ပိုင်ဆိုင်ထားသတဲ့လား။ သူက ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ကို တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်သည်မှာ မဆန်းတော့ပေ။

အထူးသဖြင့် တံခါးစောင့် လူကြီးမှာ စိတ်ထဲမှ တထိတ်ထိတ် ဖြစ်သွားမိသည်။ ယခင်က လုမင်မှာ ကြွားလုံးထုတ်နေပြီး မင်းသမီးလေးနှင့် နီးစပ်ခွင့်ရရန် အကြောင်းပြချက် ရှာနေသည်ဟု သူ ထင်မြင်ခဲ့မိသည်။

ယခုမှသာ သူတို့ မှားယွင်းခဲ့ကြောင်း သိလိုက်ကြရပြီ။ လုမင်က အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူဟာ သတင်းပို့ပေးခဲ့မိသည်။ မဟုတ်ပါက၊ လုမင် ပြောခဲ့သလို သူသာ မင်းသမီးကြီးထံတွင် ခိုလှုံသွားခဲ့ပါက သူတို့ တကယ်ကို အဆုံးသတ်သွားလိမ့်မည်။

ထိုစဉ်၊ လုမင်က လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို ဖုံးလွှမ်းထားသော ရွန်းများ ကွယ်ပျောက်သွားကြသည်။ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးက ပြန်ထရပ်ပြီး လုမင်အား လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ရှင်က တကယ်ပဲ ကျွန်မဆီမှာ ပါဝင်ပြီး ကျွန်မရဲ့ဧည့်သည်တော်လုပ်မှာလား"

မင်းသမီးလေး လော့ရွှမ်က လုမင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါပေါ့... မဟုတ်ရင် ကျုပ်က ဒီကို ဘာဖြစ်လို့ လာမှာလဲ"

လုမင်က ပြုံးလိုက်လေသည်။

"ဒါဆိုရင် ရှင်က ဘာဖြစ်လို့ ကျွန်မဘက်ကို လာချင်တာလဲ"

မင်းသမီးလေးက ဆက်လက် မေးမြန်းနေပြန်သည်။

"မင်းသမီးလေးက အနှိုင်းမဲ့ အလှပိုင်ရှင်၊ တိုင်းပြည်ရဲ့ နာမည်ကျော် အလှနတ်ဘုရားမလေး တစ်ပါးပဲလေ။ ကျုပ်က မင်းသမီးလေးဆီမှာ မခိုလှုံရရင် ဘယ်သူ့ဆီကို သွားရဦးမှာလဲ"

လုမင်က ပြုံးလျက် ပြောလိုက်၏။

မင်းသမီးလေးက သဘောကျစွာ ရယ်မောလိုက်သည်။ သူက မျက်လုံးလေးများ မှေးစက်သွားသည်အထိ အားရပါးရ ရယ်မောလိုက်ခြင်း ဖြစ်၏။

"ရှင့်ရဲ့ အကြောင်းပြချက်ကို ကျွန်မ သဘောကျတယ်"

"ဒါပေမဲ့ ယိုးနင်ကလည်း ပြိုင်စံရှားအောင် လှပတာပဲလေ။ ရှင်က ဘာဖြစ်လို့ သူ့ဆီမှာ မခိုလှုံခဲ့တာလဲ"

မင်းသမီးလေးက ထပ်မံ မေးမြန်းသည်။

သူမက ရိုးသားပြီး အပြစ်ကင်းစင်ပုံသော်လည်း တကယ်တမ်းမှာမူ အလွန်ပင် စေ့စပ်သူ ဖြစ်သည်။

"အမှန်အတိုင်း ပြောရရင် မနေ့က ကျီးဖျင်ကို ကျုပ် ရိုက်နှက်ခဲ့မိတယ်။ ဒါကြောင့်ပဲ မင်းသမီးကြီးက ကျုပ်ကို မကြာသေးခင်ကပဲ မောင်းထုတ်လိုက်တာ"

လုမင်က ဘာကိုမျှ ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်သည်။

ဤကိစ္စကို ဖုံးကွယ်ထားချင်လျှင်ပင် ဖုံးထား၍ ရမည်မဟုတ်ကြောင်း လုမင် ကောင်းစွာ နားလည်ပေသည်။ နောက်ဆုံးတွင်၊ မင်းသမီးလေးက တစ်စုံတစ်ယောက်ကို စေလွှတ်၍ စုံစမ်းလိုက်ရုံဖြင့် အမှန်တရားကို သိရှိရန် မခက်ခဲပေ။

"ဪ... ဒီလိုမျိုး ဖြစ်ခဲ့တာပဲ။ ဒီတစ်ကြိမ်တော့ ယိုးနင် အမှားကြီး မှားသွားခဲ့ပြီ။ ပြိုင်ပွဲကျမှ ရှင့်မှာ ဘုရင်ခန္ဓာ ရှိမှန်း သိသွားရင် သူ ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲဆိုတာ ကျွန်မ တကယ် သိချင်မိတယ်။ စိတ်ဝင်စားစရာပဲ... တကယ် စိတ်ဝင်စားစရာကောင်းတယ်"

မင်းသမီးလေးက တစ်ဖန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မဆီမှာ ပါဝင်ဖို့အတွက် ရှင့်မှာ အကြောင်းတစ်ခုခုတော့ ရှိရမယ် မဟုတ်လား"

"အမှန်ပါပဲ၊ ကျုပ်ကို ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ တော်ဝင်မိသားစုနဲ့ မိတ်ဆက်ပေးစေချင်တယ်။ ပြီးတော့ ကျုပ်က မင်းသမီးလေးရဲ့ ဧည့်သည်တော်အဖြစ် လအနည်းငယ်ပဲ နေမှာပါ"

လုမင်က ဆိုလိုက်၏။

"ကောင်းပြီလေ... ဒါက လွယ်ပါတယ်။ မကြာခင်မှာ ကျွန်မတို့က ထာဝရနတ်ဆိုးတိုင်းပြည်ကို သွားစရာရှိတယ်။ ကျွန်မက အဲဒီက မင်းသားတွေ၊ မင်းသမီးတွေနဲ့ သိကျွမ်းပါတယ်။ ရှင့်ကို သူတို့နဲ့ မိတ်ဆက်ပေးမယ်"

မင်းသမီးလေးက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ ထို့နောက်တွင်၊ သူက အခြားသူများကို ကြည့်ပြီး ပြောလိုက်၏။

"လုမင်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားပါစေနဲ့"

"ကောင်းပါပြီ"

လူငယ်နှစ်ဦးနှင့် တံခါးအစောင့်မှာ ပြိုင်တူပင် ခေါင်းညိတ်လိုက်ကြသည်။

"အခု အားလုံး ထွက်သွားလို့ ရပြီ။ လုမင်အတွက် နေစရာကို ကျွန်မကိုယ်တိုင် စီစဉ်ပေးမယ်"

မင်းသမီးလေးက ပြောလိုက်သည်။

လူငယ်နှစ်ဦးနှင့် တံခါးစောင့်လည်း ဦးညွှတ်၍ ထွက်သွားကြ၏။ မကြာမီ၊ ခန်းမဆောင်ကြီးထဲတွင် လုမင်နှင့် မင်းသမီးလေးသာ ကျန်ရစ်တော့သည်။

"စောစောက ရှင် အစွမ်းကုန် မသုံးခဲ့ဘူး မဟုတ်လား။ ကျွန်မကို အောင်ပွဲရအောင် ကူညီပေးမယ်လို့ ပြောထားတာကြောင့် ရှင် ဘယ်လောက်ထိ အစွမ်းထက်မလဲဆိုတာ မြင်ချင်တယ်"

မင်းသမီးလေးက ပြောဆိုပြီးသည်နှင့် တပြိုင်နက်၊ တိမ်မည်းတစ်ခုကဲ့သို့ လုမင်ထံ လွင့်မျောလာသည်။

တစ်ချိန်တည်းမှာပင်၊ မင်းသမီးလေးက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခုက လုမင်ကို လွှမ်းခြုံသွား၏။

'အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်'

မင်းသမီးလေးက စတင် တိုက်ခိုက်လိုက်သည်နှင့် လုမင်သည် သူမ၏ ကျင့်ကြံမှုအဆင့်ကို မြင်လိုက်ရသည်။ သူသည်လည်း လုမင်ကဲ့သို့ပင် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင် ရှိပေသည်။

"ဂါး"

လုမင်က အစီရင်နိယာမကို အသက်သွင်းလိုက်ပြီး လက်ညှိုးတစ်ချက်ညွှန်ပြလိုက်ရာ အစစ်အမှန်နဂါးတစ်ကောင်က ဟိန်းဟောက်၍ ထွက်ပေါ်လာသည်။ ၎င်းမှာ အစီရင်နိယာမ၏ ရွန်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

"ဝုန်း"

အစစ်အမှန်နဂါးနှင့် မင်းသမီးလေး၏ အနက်ရောင်အလင်းတန်းတို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြသည်။ ထို့နောက် မရေမတွက်နိုင်သော ရွန်းများမှာ မင်းသမီးလေးထံသို့ ပျံ့နှံ့သွားတော့သည်။

"စီရင်ချက်"

မင်းသမီးလေးက ခပ်တိုးတိုး ဟစ်အော်လိုက်သည်။ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ရွန်းများကို ချေဖျက်ပစ်လိုက်၏။

'စီရင်ချက်နိယာမ'

လုမင်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

စီရင်ချက်နိယာမသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဘုရင်နိယာမတစ်ခု ဖြစ်၏။ ၎င်းက အရာအားလုံးကို စီရင်နိုင်သည်ဟု ဆိုကြပြီး ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း တုန်လှုပ်ဖွယ်ရာပင်။

"ထပ်လာမယ်"

မင်းသမီးလေးက ရှေ့တိုးလာပြီး လုမင်နှင့် ထပ်မံ တိုက်ခိုက်ပြန်သည်။

လုမင်က အစီရင်နိယာမကို အသုံးပြု၍ ပြန်လည် ရင်ဆိုင်လိုက်၏။

တိုက်ခိုက်မှုတွင် လုမင်က သူ၏ အစွမ်းအကုန် မသုံးခဲ့ပေ။ လုမင်၏ ဝိညာဉ်ခန္ဓာက မင်းသမီးလေးထက် ပိုမိုသန်မာသည်သည်။ သူ၏ သူတော်စင်စွမ်းအားမှာလည်း မင်းသမီးလေးထက် ပိုမို အားကောင်း၏။ စင်စစ်တွင် လုမင်က အစီရင်နိယာမ၏ ကျမ်းသုံးခုအနက် ဝိညာဉ်ပုံရိပ်ယောင်ကျမ်း၊ တံဆိပ်ခတ်ခြင်းကျမ်းတို့ကိုသာ ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်သည်။ ဖျက်ဆီးခြင်းကျမ်းစာလိပ်ကိုမူ ထည့်သွင်းခြင်း မပြုသေးချေ။

ထိုသို့ဆိုလျှင်ပင် တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် အကြာတွင် မင်းသမီးလေးက အရေးနိမ့်လာခဲ့ရသည်။

"တော်တယ်... တကယ် ထူးချွန်တာပဲ"

အပြန်အလှန် တိုက်ခိုက်မှုအပြီးတွင် မင်းသမီးလေးက နောက်သို့ ဆုတ်လိုက်ပြီး သာယာသော အသံလေးဖြင့် ဆို၏။

"လုမင်... ရှင်က မခေဘူးပဲ။ ဒါပေမဲ့ ကျီးမျိုးနွယ်က ကျီးထျန်းမှာလည်း ဘုရင်ခန္ဓာ ရှိတယ်။ သူ့ရဲ့ ကျင့်ကြံမှုကဆိုရင် အန္တိမသူတော်စင် ပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီလေ။ သူက ရှင့်ထက် ပိုသန်မာလိမ့်မယ် ထင်တယ်"

"စောစောက ကျုပ် အစွမ်းကုန်သုံးခဲ့ပါတယ်လို့ ဘယ်သူကပြောတာလဲ"

လုမင်က ပြုံးလျက် ပြောလိုက်သည်။

"ရှင်က အစွမ်းကုန် မသုံးခဲ့ဘူး... ဟုတ်လား။ ဒါဆို ရှင်က ကျွန်မကို အထင်သေးနေတာပေါ့"

မင်းသမီးလေးက နှုတ်ခမ်းဆူလိုက်၏။

လုမင်လည်း သူ၏ နှာခေါင်းကိုသာ ပွတ်လိုက်မိသည်။ မင်းသမီးလေး၏ စိတ်နေစိတ်ထားမှာ တကယ့်ကို ပြောင်းလဲလွယ်လှပေသည်။ လုမင်က လူတစ်ယောက်ကိုပင် သတိရသွားမိသည်။

ရှဲ့နျန်ချင်း...

မင်းသမီးလေး၏ စိတ်နေစိတ်ထားမှာ ရှဲ့နျန်ချင်းနှင့် ဆင်တူလှပေသည်။

'ရှောင်ချင်း... မင်း အခု ဘယ်မှာလဲ'

လုမင်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ထိုစဉ်က ရေခဲနဂါးဘိုးဘေး ရှဲ့နျန်ချင်းကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်မှစ၍ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ထံမှ သတင်းအစအနမျှ မကြားရတော့ချေ။ ဤအချက်က လုမင်ကို အလွန်ပင် စိုးရိမ်ပူပန်စေသည်။

"ဟွန့်... လုမင်၊ ရှင် စောင့်နေပါ။ ကျွန်မက မကြာခင်မှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တော့မှာ။ အဲဒီကျရင် ရှင်နဲ့ ကျွန်မ ထပ်ပြီး ယှဉ်ပြိုင်ကြမယ်"

မင်းသမီးလေးက သူ၏ သွားစွယ်လေးနှစ်ချောင်းကို လှစ်ဟပြရင်း လုမင်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"သွားရအောင်ပါ... ရှင့်အတွက် နေစရာကို ကျွန်မ စီစဉ်ပေးမယ်"

မင်းသမီးလေးက အမှန်တကယ်ပင် အပြောင်းအလဲ မြန်ဆန်လှသည်။ ယခုလေးတင် လုမင်ကို ခြိမ်းခြောက်နေခဲ့သော်လည်း နောက်အခိုက်မှာတော့ လုမင်အတွက် နေရာစီစဉ်ပေးရန် ခန်းမအပြင်သို့ ထွက်သွားလေသည်။ လုမင်လည်း သူမ၏ နောက်မှ ကပ်၍ လိုက်ပါသွားခဲ့သည်။

ထို့နောက် မင်းသမီးလေးက လုမင်အတွက် ခြံဝင်းတစ်ခု စီစဉ်ပေးပြီးနောက် ထွက်ခွာသွား၏။

ယိုးမျိုးနွယ်စုနှင့် လော့မျိုးနွယ်စုတို့၏ ပြိုင်ပွဲအတွက် ရက်ပေါင်း နှစ်ဆယ်သာ လိုတော့သည်။ သူက ထိုရက်နှစ်ဆယ်အတွင်း အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်အောင် ကြိုးစားရမည် ဖြစ်သည်။

နောက်ရက်များတွင် လုမင်က အလွန်ပင် စိတ်အေးလက်အေး ရှိနေခဲ့ပြီး အေးချမ်းစွာ ကျင့်ကြံနေခဲ့သည်။

ကျီးမျိုးနွယ်စုဘက်တွင်မူ မြို့တော်အတွင်း၌ လုမင်အား လိုက်လံ ရှာဖွေခိုင်းသော်လည်း မည်သည့် သဲလွန်စမျှ မတွေ့ရချေ။ ဤအချက်က ကျီးဖျင်ကို အကြီးအကျယ် ဒေါသထွက်စေသည်။

ဤသို့ဖြင့် ရက်ပေါင်း နှစ်ဆယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယိုးမျိုးနွယ်နှင့် လော့မျိုးနွယ်ကြားမှ တော်ဝင်အာဏာအတွက် နှစ်တစ်သောင်းတွင် တစ်ကြိမ် ကျင်းပသော ယှဉ်ပြိုင်ပွဲကြီးမှာလည်း တစ်ဖန်စတင်ချေပြီ။

All Chapters