အခန်း ၂၀၃၀
Vol. 138 Ch. 2030
အပိုင်း ( 2030 ) မင်းသမီးနှစ်ပါးကြားမှ တိုက်ပွဲ။
ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် လုမင်က ပွဲကြည့်စင်သို့ ပြန်လာခဲ့သည်။ လော့ရွှမ်က လုမင်အား မကြာခဏ လှည့်ကြည့်နေမိ၏။ လုမင်က မြင်တွေ့နေရသလောက် ရိုးရှင်းသူတစ်ဦး မဟုတ်ကြောင်း သူ ခံစားရသည်။
ပြိုင်ပွဲများမှာ ဆက်လက်၍ ကျင်းပနေဆဲပင်။
လော့ရွှမ်နှင့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တို့မှာလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြပြီး လွယ်လင့်တကူပင် အနိုင်ရရှိသွားကြသည်။
ထို့ပြင် လော့မျိုးနွယ်စုတွင် ဘုရင်ခန္ဓာ ပိုင်ရှင်တစ်ဦး ရှိနေသေးရာ သူသည်လည်း ပြိုင်ဘက်ကို တစ်ကွက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူလိုက်လေသည်။
ယိုးမျိုးနွယ်စုဘက်တွင် ယိုးနင်နှင့် ကျီးထျန်းတို့ကလည်း အေးအေးလူလူပင် အနိုင်ရရှိသွားကြသည်။ ကျီးဖျင်လည်း အောင်ပွဲခံနိုင်ခဲ့၏။
ဟွမ်စုန့်မှာမူ သာ၍ပင် ရက်စက်ကာ လုံးဝ ညှာတာခြင်း မရှိချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လော့မျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးကို ဆုပ်ဖြဲပစ်လိုက်သည်။ သူက သတ်ဖြတ်လိုသော သားရဲတစ်ကောင်ကဲ့သို့ သွေးများစိုရွှဲလျက် သိုင်းစင်မြင့်ပေါ်တွင် ရပ်နေခဲ့၏။
လော့မျိုးနွယ်စုဘက်တွင် လုမင်နှင့် အခြားလူအနည်းငယ်မှလွဲ၍ လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြတော့သည်။
မကြာမီမှာပင် ပထမအချီ ပြီးဆုံးသွားခဲ့သည်။
နှစ်ဖက်စလုံးတွင် လူငါးဆယ်စီ ရှိကြသော်လည်း ပထမအချီအပြီးတွင် နှစ်ဖက်စလုံး၏ ကျန်ရှိသော လူဦးရေမှာ ကွာဟချက် ရှိလာခဲ့သည်။
ယိုးမျိုးနွယ်စုသည် ယိုးလော့နတ်ဆိုးတိုင်းပြည်ကို နှစ်ပေါင်း နှစ်သောင်းတိုင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့၏ အခြေခံအုတ်မြစ်မှာ အလွန်နက်ရှိုင်းပေသည်။ သဘာဝအတိုင်းပင်၊ သူတို့ထံသို့ လာရောက်ပူးပေါင်းသော ပါရမီရှင် အရေအတွက်မှာလည်း ပိုမိုများပြားလှ၏။ ထို့ကြောင့် ပထမအချီအပြီးတွင် ယိုးမျိုးနွယ်စုက အသာစီး ရရှိခဲ့ချေပြီ။
ပထမအချီအပြီးတွင် ယိုးမျိုးနွယ်စု၌ နှစ်ဆယ့်ရှစ်ယောက် ကျန်ရှိနေပြီး လော့မျိုးနွယ်စုတွင်မူ တစ်ဆယ့်ရှစ်ယောက်သာ ကျန်တော့သည်။
နှစ်ဖက်ပေါင်း လူအရေအတွက်မှာ အဘယ်ကြောင့် ငါးဆယ်ပင် မပြည့်တော့သနည်းဟု ဆိုလျှင် တိုက်ပွဲများအတွင်း နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော လူဦးရေမှာ ငါးဆယ်ထက် နည်းပါးသွားခြင်းပင်။
ဒုတိယအချီမှာလည်း ပထမအချီကဲ့သို့ပင် ဖြစ်သည်။ ကျန်ရှိနေသော နှစ်ဖက်စလုံးမှ လူများကို သေတ္တာထဲသို့ ထည့်ကာ မဲနှိုက်ယူကြပြီး စာရင်းကျသော လူနှစ်ဦးက ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ဤနည်းဖြင့် လူဦးရေ ပိုများသောဘက်က အသာစီး ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲတော့ပေ။
အကြောင်းမှာ၊ လူပိုများသောဘက်မှ အချို့က တိုက်ခိုက်ရန် မလိုဘဲ နားနေနိုင်သဖြင့် မိမိတို့၏ ခွန်အားနှင့် သူတော်စင်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအချီတွင်လည်း လုမင်မှာ အစောပိုင်းမှာပင် တိုက်ခိုက်ရသည်။ သို့သော်လည်း သူ့ပြိုင်ဘက်မှာ မသန်မာသဖြင့် အလွယ်တကူပင် အနိုင်ရရှိသွားခဲ့၏။
ယင်းနောက် လော့ရွှမ်နှင့် ဘုရင်ခန္ဓာပိုင်ဆိုင်သော အခြားပါရမီရှင်တစ်ဦးတို့လည်း အောင်ပွဲခံနိုင်ခဲ့ကြသည်။
"ယိုးမျိုးနွယ်စုရဲ့ နံပါတ်သုံးနဲ့ လော့မျိုးနွယ်စုရဲ့ နံပါတ်ငါး"
ထိုစဉ် ဒိုင်အကြီးအကဲ၏ အသံက တစ်ဖန် ဟိန်းထွက်လာသည်။
'သူတို့နှစ်ယောက်ပါလား'
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
ယိုးမျိုးနွယ်စု၏ နံပါတ်သုံးမှာ ဟွမ်စုန့် ဖြစ်သည်။
လော့မျိုးနွယ်စု၏ နံပါတ်ငါးမှာမူ လုမင်ကို စမ်းသပ်ရန် ကြိုးစားခဲ့ဖူးသော ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးပင်။ သူ၏ အမည်မှာ ဝူရှီ ဖြစ်သည်။
"ဝှစ်..."
ဟွမ်စုန့်က စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။ သူက ဝူရှီအား ရက်စက်လိုသော မျက်နှာထားဖြင့် ကြည့်ကာ အော်ဟစ်လိုက်၏။
"ဟားဟားဟား...၊ ဝူရှီ... အခုတစ်ကြိမ်မှာ မင်းဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ လာ... အမြန်လာပြီး အသေခံလိုက်စမ်း"
ဝူရှီက လေးနက်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။
ဘုရင်ခန္ဓာ ပိုင်ရှင်များမှလွဲ၍ ထိပ်သီးလူငယ် ပါရမီရှင် ဆယ်ဦးထဲတွင် ဟွမ်စုန့်မှာ အဆင့်တစ်ဖြစ်ပြီး ဝူရှီက အဆင့်ငါး ဖြစ်သည်။ သူတို့၏ ယခင် တိုက်ပွဲမှတ်တမ်းများအရ သူသည် ဟွမ်စုန့်၏ ပြိုင်ဘက် မဟုတ်သည်မှာ အသေအချာပင်။
'တကယ်လို့ ရှင် မနိုင်နိုင်ဘူးဆိုရင် အရှုံးပေးလိုက်ပါ။ ရှင့်ရဲ့ အသက်က ပိုအရေးကြီးတယ်'
လော့ရွှမ်က ဝူရှီထံသို့ အသံပို့လွှတ်လိုက်သည်။
ဝူရှီက ခေါင်းညိတ်ပြလိုက်ပြီး သိုင်းစင်မြင့်ပေါ်သို့ ပြေးတက်သွား၏။
သူတို့နှစ်ဦးက ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။
ဟွမ်စုန့်၏ တိုက်ခိုက်နိုင်စွမ်းမှာ ဝူရှီထက် သိသိသာသာ သာလွန်သည်။
ဟွမ်စုန့်၏ ဝိညာဉ်ခန္ဓာက သာမန် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများထက် ပိုမို သန်မာပုံရ၏။ သူ၏ တိုက်ကွက်များက မုန်တိုင်းတိုက်ခတ်သကဲ့သို့ ပြင်းထန်ပြီး သူကိုယ်တိုင်မှာလည်း ရက်စက်လှသော တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ ဝူရှီကို အရူးအမူး တိုက်ခိုက်လာတော့သည်။
ဝူရှီမှာ ခံစစ်ဖြင့်သာ အသည်းအသန် တောင့်ခံနေရသည်။
သို့သော်လည်း တိုက်ကွက် အနည်းငယ်အကြာတွင် ဟွမ်စုန့်က လက်သည်းဖြင့် ကုတ်ဆွဲလိုက်ရာ ဝူရှီ၏ ခန္ဓာကိုယ်မှ အသားအစိတ်အပိုင်းတစ်ခု ပြတ်ထွက်သွား၏။
"သေစမ်း... သေလိုက်စမ်း... ဟားဟားဟား"
လတ်ဆတ်သော သွေးများကို မြင်လိုက်ရသည့်အခါ ဟွမ်စုန့်က သာ၍ပင် စိတ်လှုပ်ရှားလာပုံရသည်။ သူ၏ မျက်လုံးများထဲတွင် သွေးနီရောင် အလင်းတန်းများ ပေါ်ပေါက်လာပြီး သူ၏ တိုက်ကွက်များမှာလည်း ပိုမို ကြမ်းကြုတ်လာတော့သည်။
ဝူရှီက ဟိန်းဟောက်မာန်သွင်းလိုက်သည်။ သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို အသုံးပြုပြီးနောက် သိုင်းစင်မြင့်အောက်သို့ ပြေးဆင်းရန် ကြိုးစားလိုက်၏။
သူက ဟွမ်စုန့်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသည်။ ဆက်လက် တိုက်ခိုက်နေပါက သူ၏ အသက်အန္တရာယ် ရှိလာနိုင်သဖြင့် သိုင်းစင်မြင့်အောက်သို့ ဆင်းကာ အရှုံးပေးရုံသာ ရှိတော့သည်။
သို့သော်... ဟွမ်စုန့်က သူ့ကို ထိုမျှလွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
"မင်းက ပြေးချင်တာလား။ သေလိုက်စမ်း"
ဟွမ်စုန့်က ကြိမ်းမောင်းလိုက်သည်။
"ရွှစ်.... ရွှစ်..."
လက်သည်းရိပ်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဝူရှီကို လွှမ်းမိုးသွား၏။
"ဝုန်း"
သွေးများက ပန်းထွက်လာပြီး အသားစများ လွင့်စဉ်သွားသည်။ ဝူရှီ၏ လက်တစ်ဖက်မှာ ဟွမ်စုန့်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရချေပြီ။
ဝူရှီက နာကျင်မှုကို အံကြိတ်ကာ တောင့်ခံရင်း သိုင်းစင်မြင့်အောက်သို့ ကြိုးစားပြီး ပြေးဆင်းသွားခဲ့သည်။
"ဟမ့်... အသုံးမကျတဲ့ အမှိုက်ပဲ။ သေမင်းကို ရင်ဆိုင်ရဲတဲ့ သတ္တိ မရှိဘူး။ ငါ့အမြင်အရတော့ မင်းတို့တွေ အမြန်ဆုံး အရှုံးပေးလိုက်ကြတာ ပိုကောင်းမယ်"
ဟွမ်စုန့်က နှာခေါင်းတစ်ချက်ရှုံ့ပြီး လော့မျိုးနွယ်စုမှ ပါရမီရှင်များကို လှောင်ပြောင်လိုက်သည်။
သူတို့ထဲမှ အများစုမှာ မျက်နှာများ ပျက်ယွင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုများလည်း ပေါ်ပေါက်လာကြ၏။
ဝူရှီပင် ဤမျှအထိ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရသည်။ သူတို့ဘက်တွင် ဘုရင်ခန္ဓာ ပိုင်ရှင်နှစ်ဦးမှလွဲ၍ ဟွမ်စုန့်ကို ယှဉ်ပြိုင်နိုင်သူ မရှိတော့ချေ။
အကယ်၍ ဟွမ်စုန့်နှင့် တွေ့ဆုံခဲ့လျှင် အသက်ရှင်ရန်ပင် ခက်ခဲပေလိမ့်မည်။ ကျန်ရှိနေသော ပါရမီရှင်များ၏ စိတ်ဓာတ်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ဟွမ်စုန့်၏ အကြည့်က လုမင်ထံသို့ အေးစက်စွာ ကျရောက်လာသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ပွဲကြည့်စင်သို့ ပြန်ဆင်းသွား၏။
ပြိုင်ပွဲများမှာ ဆက်လက် ကျင်းပနေဆဲပင်။ မကြာမီမှာပင် ဒုတိယအချီ ပြိုင်ပွဲများလည်း ပြီးဆုံးသွားခဲ့သည်။ နှစ်ဖက်စလုံး၏ လူအရေအတွက် ကွာဟချက်မှာ သာ၍ပင် ကြီးမားလာခဲ့၏။
ယိုးမျိုးနွယ်စုတွင် တစ်ဆယ့်ကိုးယောက် ကျန်ရှိနေသေးသော်လည်း လော့မျိုးနွယ်စုတွင်မူ ကိုးယောက်သာ ကျန်တော့သည်။
ဒုတိယအချီတွင် ယိုးမျိုးနွယ်စု၌ တိုက်ခိုက်ရန် မလိုအပ်သော လူပေါင်း ဆယ်ယောက်အထိ ကျန်ရှိနေခဲ့သည်။
"ကြည့်ရတာ ဒီပြိုင်ပွဲမှာလည်း ယိုးမျိုးနွယ်စုကပဲ အပြတ်အသတ် အသာစီး ရနေဦးမှာပဲ"
"ယိုးမျိုးနွယ်စုက ဒီတိုင်းပြည်ကို နှစ်ပေါင်း နှစ်သောင်း အုပ်ချုပ်ခဲ့တာလေ။ သူတို့က တဖြည်းဖြည်း ပိုသန်မာလာကြတာမို့ ပါရမီရှင်တွေလည်း သူတို့ဘက်မှာ သဘာဝအတိုင်း ပိုများလိမ့်မယ်"
"အမှန်ပဲ၊ နှစ်ဖက်စလုံးမှာ ဘုရင်ခန္ဓာ နှစ်ဦးစီ ရှိကြပေမဲ့ လော့မျိုးနွယ်စုကတော့ အများကြီး နောက်ကျကျန်နေခဲ့ပြီ"
လူအများမှာ အချင်းချင်း ဆွေးနွေးပြောဆိုလိုက်ကြသည်။
ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူအချို့၏ မျက်နှာထက်တွင် အပြုံးများ ရှိနေသော်လည်း လော့မျိုးနွယ်စုမှ ပညာရှင်များမှာမူ မျက်နှာပျက်နေကြတော့သည်။
ဤသို့သာ ရှုံးနိမ့်ခဲ့လျှင် သူတို့၏ လော့မျိုးနွယ်စုမှာ နောက်ထပ် နှစ်ပေါင်း တစ်သောင်းတိုင်အောင် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
မကြာမီမှာပင် တတိယအချီ စတင်ခဲ့လေပြီ။
လော့မျိုးနွယ်စုမှ ကျန်ရှိနေသော ပါရမီရှင် ကိုးဦးစလုံးမှာ အတော်အတန် သန်မာကြသူများ ဖြစ်သည်။ ထို့ကြောင့် တတိယအချီတွင် သူတို့၏ အနိုင်ရရှိနိုင်ခြေမှာတော့ ပိုမို မြင့်မားလာခဲ့ပေသည်။
လုမင်မှာလည်း ကံကောင်းမှုလော၊ ကံဆိုးမှုလော မသိရ... ဤအချီတွင် သူ ရင်ဆိုင်ရသော ပြိုင်ဘက်မှာလည်း မသန်မာလှပေ။ ထို့ကြောင့် လုမင်က အလွယ်တကူပင် အနိုင်ယူလိုက်နိုင်သည်။
ဤအချီတွင် လော့မျိုးနွယ်စုမှ ပါရမီရှင် ကိုးဦးအနက် ခြောက်ဦးက အနိုင်ရရှိခဲ့ပြီး သုံးဦးသာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ယိုးမျိုးနွယ်စုဘက်တွင်မူ ခြောက်ဦးမှာ ရှုံးနိမ့်သွားခဲ့သဖြင့် တစ်ဆယ့်သုံးဦးသာ ကျန်ရှိတော့သည်။
တစ်ဆယ့်သုံးဦးနှင့် ခြောက်ဦး။
ယင်းနောက် စတုတ္ထအချီ စတင်ခဲ့သည်။
"ယိုးမျိုးနွယ်စုရဲ့ နံပါတ်တစ်နဲ့ လော့မျိုးနွယ်စုရဲ့ နံပါတ်တစ်"
ယိုးလော့နတ်ဆိုးတိုင်းပြည်၏ ဒိုင်အကြီးအကဲက နံပါတ်နှစ်ခုကို နှိုက်ယူလိုက်သည်။ သူက ခေတ္တမျှ မှင်တက်သွားပြီးနောက်မှ ထိုနံပါတ်များကို ကြေညာလိုက်၏။ ကြေညာချက် ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး စိတ်လှုပ်ရှားလာကြတော့သည်။
အကြောင်းမှာ၊ ထိုနံပါတ်များက ယိုးနင်နှင့် လော့ရွှမ်တို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့က ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးဆုံးနှင့် အငယ်ဆုံး မင်းသမီးလေးများ ဖြစ်ကြသည်။ သူတို့မှာ ယိုးလော့နတ်ဆိုးတိုင်းပြည်၏ လူငယ်မျိုးဆက်များထဲတွင် အထင်ရှားဆုံးသော အမျိုးသမီးနှစ်ဦးလည်း ဖြစ်ကြ၏။ သူတို့နှစ်ဦးစလုံးက လှပသည့်အပြင် ကျင့်ကြံမှု ပါရမီမှာလည်း အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ သူတို့နှစ်ဦးစလုံးတွင် ဘုရင်ခန္ဓာများ ရှိနေကြသည်။
ယခုမူ ထိုလှပသော မင်းသမီးလေးနှစ်ပါးက ထိပ်တိုက်ရင်ဆိုင်ကြတော့မည်။ နောက်ဆုံးတွင်၊ မည်သူက အောင်ပွဲခံပါမည်နည်း။
လူအများက စိတ်ဝင်တစား စောင့်ကြည့်နေလိုက်ကြသည်။
မင်းသမီးနှစ်ပါးတို့လည်း ထရပ်လိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ကြသည်။ သူတို့၏ အကြည့်များ ဆုံစည်းသွားသည့်အခါ နတ်ဘုရားဓားများ ထိတွေ့မိသကဲ့သို့ ရှိနေတော့သည်။
"ညီမလေး လော့ရွှမ်... အစ်မက ညီမလေးရဲ့ ရှုံးနိမ့်မှုကို စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာအောင် အနိုင်ယူပြမှာပါ"
ယိုးနင်က ပြုံးလိုက်သည်။ သူမ၏ မျက်နှာမှာတော့ အေးစက်လျက် မာန်ဝင့်နေဆဲပင်။
"ဒါက ညီမ ပြောချင်တဲ့ စကားပါပဲ။ အစ်မကိုရော၊ အစ်မတို့အားလုံးကိုပါ ကျွန်မ အနိုင်ယူပြမယ်"
လော့ရွှမ်က ပြောလိုက်၏။ သူမ၏ သွားစွယ်လေးနှစ်ချောင်းမှာလည်း လှစ်ခနဲ ပေါ်လာပြန်သည်။
ယင်းနောက် သူတို့နှစ်ဦးမှာ စတင် တိုက်ခိုက်လိုက်ကြသည်။
သူတို့နှစ်ဦးက စတင်တိုက်ခိုက်လိုက်သည်နှင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုကြ၏။ ဘုရင်ခန္ဓာများ၏ နိယာမများက ဝေဟင်တွင် ထိတွေ့မိကြရာ ကျယ်လောင်သော မြည်ဟည်းသံများ ဆက်တိုက်ပင် ထွက်ပေါ်နေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ဦးက တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်... အနိုင်အရှုံး မပေါ်သေးချေ။
"ညီမလေး လော့ရွှမ်... ညီမလေးရဲ့ အစွမ်းက ဒီလောက်ပဲလား။ ကြည့်ရတာ ညီမလေး ရှုံးတော့မယ် ထင်တယ်နော်"
ယိုးနင်က ပြုံးလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများက တဟုန်ထိုး မြင့်တက်သွား၏။
"မင်းသမီးကြီး ယိုးနင်က အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီဟ"
"အရင်ကတော့ သူဟာ မင်းသမီးလေး လော့ရွှမ်နဲ့ အတူတူပဲ။ အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်မှာပဲ ရှိနေခဲ့တာ။ သူက ဦးဆုံး အဆင့်တက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"မင်းသမီးလေး လော့ရွှမ်ကရော အဆင့်တက်နိုင်ပါ့မလား။ မဟုတ်ရင်တော့ သူ ရှုံးတော့မှာပဲ"
လူအများမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် လော့မျိုးနွယ်စုဘက်မှ လူများ၏ မျက်နှာများမှာ အလွန်ပင် လေးနက်သွား၏။
အကယ်၍၊ လော့ရွှမ်သာ ရှုံးနိမ့်ခဲ့လျှင် လော့မျိုးနွယ်က မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။