အခန်း ၂၀၃၁
Vol. 139 Ch. 2031
အပိုင်း ( 2031 ) လုမင်နှင့် ဟွမ်စုန့်။
"ညီမလေး လော့ရွှမ်၊ အခုရော အစ်မကို ဘယ်လိုမျိုး တိုက်ခိုက်ဦးမလဲ"
ယိုးနင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ အားကောင်းသော အရှိန်အဝါဖိအားတစ်ခုက လော့ရွှမ်အပေါ်သို့ ကျရောက်သွား၏။
လွန်ခဲ့သော တစ်လက သူသည် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်သာ ရှိခဲ့သေးသည်။ မကြာသေးမီကမှ အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူက ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အမြင့်ဆုံးအထွတ်အထိပ်တွင် ရပ်တည်နေခဲ့ပြီ။
ယိုးလော့နတ်ဆိုးတိုင်းပြည်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရဖူးသော ကျီးထျန်းပင်လျှင် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင်သာ ရှိနေသေးသည်။
"နင် တကယ်ပဲ အနိုင်ရတော့မယ်လို့ ထင်နေတာလား"
လော့ရွှမ်၏ အသံက ထွက်ပေါ်လာသည်။
"ဝုန်း"
ထို့နောက် အားကောင်းသော အရှိန်အဝါတစ်ခုမှာ လော့ရွှမ်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာတော့၏။
ယခင်က လော့ရွှမ်၏ ကျင့်ကြံမှုမှာ အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် အဆင့်တွင် ရှိနေခဲ့သော်လည်း ယခုအခါ သူမသည်လည်း အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ယိုးနင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ သူရ အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"နင်လည်း ဖောက်ထွက်နိုင်ခဲ့တာလား"
"ဒါပေါ့... နင်တစ်ယောက်တည်းပဲ အဆင့်တက်နိုင်ခဲ့တာလို့ ထင်နေတာလား"
လော့ရွှမ်က နှုတ်ခမ်းမဲ့ပြီး ပြုံးလိုက်သည်။
"အဆင့်တက်နိုင်ခဲ့ရင်ရော ဘာဖြစ်လဲ။ ငါက နင့်ကို အနိုင်ယူပြမှာပဲ"
ယိုးနင်က အေးစက်စွာ ပြောဆိုလိုက်ရင်း လော့ရွှမ်ထံသို့ ပြေးဝင်သွားတော့သည်။
မင်းသမီးလေးနှစ်ပါးမှာ ထပ်မံ၍ ထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။
သူတို့နှစ်ဦးစလုံးတွင် ဘုရင်ခန္ဓာများ ရှိကြသည်။ ကျင့်ကြံမှုမှာလည်း အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ သူတို့၏ တိုက်ပွဲမှာ တုန်လှုပ်ဖွယ်ရာပင်။ သာမန် နယ်ခြားဧကရာဇ်တစ်ပိုင်းများပင် သူတို့၏ ပြိုင်ဘက် မဟုတ်ကြပါ။ စင်မြင့်ပေါ်တွင် လူရိပ်နှစ်ခုကိုသာ မြင်တွေ့နေရပြီး ကျင့်ကြံမှု အားနည်းသူများက သူတို့ကို ရှင်းလင်းစွာပင် မမြင်နိုင်ကြချေ။
'ကြည့်ရတာ သူတို့နှစ်ယောက်စလုံးက အသာစီး မရှိကြသေးဘူးပဲ'
လုမင်က စင်မြင့်ပေါ်မှ တိုက်ပွဲကို အာရုံစိုက်နေမိသည်။
ယိုးနင်နှင့် လော့ရွှမ်တို့၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်တူနေကြောင်း သူ သတိပြုမိလိုက်၏။ သူတို့က တစ်ဦးအကြောင်းကိုတစ်ဦး ကောင်းစွာ သိရှိထားကြပုံရပြီး အခြေအနေမှာ ပြင်းထန်နေတော့သည်။
"ဝုန်း...ဝုန်း"
မကြာမီမှာပင် သူတို့နှစ်ဦးက တိုက်ကွက်ပေါင်း ရာချီ၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
ဤအခြေအနေတွင် သူတို့၏ ခန္ဓာကိုယ်များမှ အဖြူရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူတို့က သူတို့၏ သူတော်စင်စွမ်းအားကို အစွမ်းကုန် အသုံးချကြပြီး တိုက်ကွက်အချို့ ထပ်မံဖလှယ်ကြသော်လည်း အဖြေမှာ တူညီနေဆဲပင်။
သူတို့၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး အရှိန်မှာလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
ဤသည်မှာ အလွန်အမင်း မောပန်းနွမ်းနယ်နေသည့် လက္ခဏာပင်။
သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် ခေါင်းမာကြသည်။ မည်သူကမျှ အခြားတစ်ဦးကို အရှုံးမပေးချင်ကြသဖြင့် အံကိုတင်းတင်းကြိတ်ကာ ဆက်လက် တိုက်ခိုက်နေကြတော့သည်။
တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ တိုက်ခိုက်မှုများမှာ ပို၍ပို၍ နှေးကွေးလာခဲ့သည်။ ဒါက နှေးကွေးသော ရုပ်ရှင်ပြကွက်များကဲ့သို့ပင်။
"ညီနောင်လော့... သူတို့တွေ ဒီအတိုင်း ဆက်တိုက်နေရင် နှစ်ဖက်စလုံးအတွက် မကောင်းနိုင်ဘူး။ ဒီတိုက်ပွဲကို သရေအဖြစ်ပဲ အဆုံးသတ်လိုက်ရင် ဘယ်လိုလဲ"
ယိုးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သလို ယိုးလော့နတ်ဆိုးတိုင်းပြည်၏ လက်ရှိအုပ်ချုပ်သူက လော့မျိုးနွယ်စု၏ ခေါင်းဆောင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ကောင်းပါတယ်... ဒီတိုက်ပွဲကို သရေအဖြစ်ပဲ အဆုံးသတ်လိုက်ကြရအောင်"
လော့မျိုးနွယ်စု ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။
အကယ်၍ သူတို့သာ ဆက်လက် တိုက်ခိုက်နေပါက နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ပိုရကြလိမ့်မည်။ စွမ်းအားကို အလွန်အမင်း သုံးလိုက်ခြင်းမှာ သူတို့နှစ်ဦးစလုံးအတွက် မကောင်းနိုင်ပေ။
လော့မျိုးနွယ်စု ခေါင်းဆောင်နှင့် ယိုးမျိုးနွယ်စု ခေါင်းဆောင်တို့က ခေါင်းညိတ်လိုက်ကြရာ ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးအကဲများက လှုပ်ရှားလိုက်ကြပြီး ယိုးနင်နှင့် လော့ရွှမ်တို့၏ ရှေ့တွင် ပေါ်လာပြီး သူတို့ကို တားဆီးလိုက်ကြသည်။
"ဒီအချီကို သရေအဖြစ် သတ်မှတ်လိုက်တယ်။ မင်းတို့အားလုံး ပြန်သွားပြီး အနားယူကြတော့"
ဒိုင်အကြီးအကဲက ပြောလိုက်သည်။
ယိုးနင်နှင့် လော့ရွှမ်တို့လည်း တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြပြီးနောက် ပွဲကြည့်စင်သို့ ပြန်သွားကြပြီး ဆေးလုံးများကို သောက်သုံးလိုက်ကြတော့သည်။
သူတို့က ဆေးစွမ်းအင်ကို စုပ်ယူရင်း ပြိုင်ပွဲကို ဆက်လက် စောင့်ကြည့်လိုက်ကြသည်။
နောက်ထပ် တိုက်ပွဲတွင်မူ လော့မျိုးနွယ်စု၏ အခြားဘုရင်ခန္ဓာပိုင်ရှင်၏ အလှည့် ဖြစ်သည်။ သူက ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူလိုက်၏။
"ယိုးမျိုးနွယ်စုရဲ့ နံပါတ်သုံးနဲ့ လော့မျိုးနွယ်စုရဲ့ နံပါတ် သုံးဆယ့်တစ်"
လော့မျိုးနွယ်စု၏ ဘုရင်ခန္ဓာပိုင်ရှင် ပြန်လာပြီးနောက် ဒိုင်အကြီးအကဲက နံပါတ်ကို ကြေညာလိုက်သည်။
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ၏ အလှည့်သို့ ရောက်ရှိလာချေပြီ။
ထို့ပြင် ယိုးမျိုးနွယ်စု၏ နံပါတ်သုံးမှာ ဟွမ်စုန့် မဟုတ်ပါလား။
လုမင်က အေးစက်သော အပြုံးတစ်ခုဖြင့် ထရပ်လိုက်သည်။
လော့ရွှမ်၊ ဝူရှီနှင့် အခြားသူများ၏ မျက်လုံးများမှာလည်း တောက်ပနေကြ၏။
အခြားသူများ မသိနိုင်သော်လည်း လုမင်တွင် ဘုရင်ခန္ဓာ ရှိနေကြောင်း သူတို့ သိထားကြသည်။ ထိုစဉ်က သူသည် ဝူရှီကို အလွယ်တကူ အနိုင်ယူခဲ့သူ ဖြစ်ရာ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဟွမ်စုန်ထက် သာလွန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"ကျုပ် ခင်ဗျားအတွက် ကလဲ့စားချေပေးမယ်"
လုမင်က ဝူရှီ၏ ပခုံးကို ပုတ်ကာ စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။
"ဟားဟားဟား... နောက်ဆုံးတော့ ဒီကောင်နဲ့ ငါနဲ့ တွေ့ပြီပဲ"
ဟွမ်စုန့်မှာလည်း အလွန်ပင် ဝမ်းသာသွား၏။ သူ၏ မျက်နှာထက်မှာ ရက်စက်မှုနှင့်အတူ စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာတော့သည်။
မင်းသမီး ယိုးနင်က လုမင်ကို သတ်ချင်နေသဖြင့် သူဟာ လုမင်ကို သဘာဝအတိုင်း ရှင်းလင်းပေးရပေမည်။
"ဟွမ်စုန့်... သူ့ကို အလွယ်တကူ မသတ်နဲ့ဦး။ စင်ပေါ်မှာ သူ အသက်ချမ်းသာပေးဖို့ တောင်းပန်လာအောင် လုပ်ပြီးမှ သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"
ကျီးဖျင်က လုမင်ကို စိုက်ကြည့်ရင်း ဟွမ်စုန့်ကို ပြောလိုက်သည်။
"ဟားဟားဟား... ဒါက ကျုပ်လိုချင်တဲ့ ပုံစံအတိအကျပဲ"
ဟွမ်စုန့်က ရယ်မောလိုက်ပြီး စင်မြင့်ပေါ်သို့ ပြေးတက်သွားသည်။ သူက လုမင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ကောင်လေး... အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း။ ဒါဆိုရင် ငါ မင်းကို သက်သောင့်သက်သာနဲ့ သေခွင့်ပေးမယ်"
သူ့ဟန်ပန်၊ သူ့လေသံရှေ့တွင် လုမင်၏ မျက်နှာထက်မှာ ထိတ်လန့်သွားသော အမူအရာကို မြင်ရလိမ့်မည်ဟု ထင်ထားသည်။
သို့သော်... သူ စိတ်ပျက်ရပေသည်။
လုမင်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေဆဲပင်။ သူက ဟွမ်စုန့်ကို ကြည့်ကာ ပြောလိုက်သည်။
"သနားစရာကောင်းလိုက်တာ"
ဟွမ်စုန့်၏ မျက်နှာ သုန်မှုန်သွားသည်။
"ကောင်လေး... မင်း ဘာပြောလိုက်တာလဲ"
"မင်းရဲ့ ဘဝက ဆုံးခန်းတိုင်တော့မယ်ဆိုတာကိုတောင် မင်းကိုယ်တိုင် မသိနေတာ တကယ်ကို သနားစရာကောင်းတယ်လို့ ငါ ပြောလိုက်တာ"
လုမင်က ထပ်လောင်း ပြောဆိုလိုက်သည်။
"ဟားဟားဟား... ကောင်လေး၊ မင်းက ငါ့ကို သတ်နိုင်တယ်လို့ ပြောနေတာလား။ မင်းရဲ့ ယုံကြည်ချက်က ဘယ်ကနေ လာတာလဲဆိုတာ ငါ မြင်ချင်သေးတယ်"
ဟွမ်စုန့်က ဟိန်းဟောက်လိုက်၏။ သူက စကားဆုံးသည်နှင့် တပြိုင်နက် လုမင်ထံသို့ ပြေးဝင်သွားတော့သည်။ သူ၏ လက်သည်းများမှာ ဓားများကဲ့သို့ လုမင်ထံသို့ ဆွဲကုတ်လိုက်သည်။
ဟွမ်စုန့်က ပြဒါးကဲ့သို့ လက်အိတ်တစ်မျိုးကို ဝတ်ဆင်ထားသည်။ ၎င်းက သူ့လက်ကို ရစ်ပတ်ထားပြီး သူ အလိုရှိသလို ပုံသဏ္ဌာန် ပြောင်းလဲနိုင်စွမ်းရှိ၏။ ဤအခိုက်တွင်၊ သူ၏ လက်ချောင်းထိပ်များမှာ အလွန်ပင် ချွန်ထက်နေတော့သည်။
"ကလစ်...ကလစ်..."
လုမင်၏ လက်ဝါးထဲတွင် အနက်ရောင် လျှပ်စီးများ ဝင်းလက်လာပြီးနောက် လက်ဝါးဖြင့် ဟွမ်စုန့်ထံသို့ ရိုက်ထုတ်လိုက်သည်။
"သူက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ပဲ ရှိသေးတာ... ဟွမ်စုန့်ကို ထိပ်တိုက်ရင်ဆိုင်ရဲတယ်လား။ သူတော့ သေပြီပဲ"
"ဟွမ်စုန့်ရဲ့ ဝိညာဉ်ခန္ဓာက အရမ်းကို အစွမ်းထက်တာ။ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဆိုရင်တောင် ဟွမ်စုန့်ကို ထိပ်တိုက် မရင်ဆိုင်ရဲဘူး။ ဒီကောင်ကတော့ သေမင်းခံတွင်းဝကို ခြေစုံပစ်ဝင်နေတာပဲ"
"ကြည့်ရတာ ဟွမ်စုန့်က သူ့ကို သတ်တော့မယ်။ သူတော့ သွားပါပြီ"
လုမင်၏ တိုက်ခိုက်မှုဟန်ကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သို့သော်လည်း နောက်တစ်ခဏ၌ အသံအားလုံးမှာ တိတ်ဆိတ်သွားတော့၏။ အကြောင်းမှာ၊ လုမင်နှင့် ဟွမ်စုန့်တို့ ထိပ်တိုက် ရင်ဆိုင်မိသွားကြပြီဖြစ်သောကြောင့်ပင်။
"ဝုန်း...အား..."
လူရိပ်တစ်ခုက စူးစူးဝါးဝါး အော်ဟစ်ကာ အဝေးသို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုသူမှာ လူတိုင်း ထင်ထားသကဲ့သို့ လုမင် မဟုတ်ဘဲ ဟွမ်စုန့်ပင် ဖြစ်တော့သည်။
ဟွမ်စုန့်မှာ မီတာ တစ်ရာခန့် လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်က တွန့်လိမ်နေပြီး လျှပ်စီးများမှာလည်း သူ၏ တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေ၏။
အခြားတစ်ဖက်တွင်မူ၊ လုမင်က မူလနေရာမှာပင် လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်စွာ ရပ်နေဆဲပင်။
ယင်းက အဘယ်သို့ဖြစ်နိုင်မည်နည်း။
လုမင်မှာ အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသူ ဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ဟွမ်စုန့်ကို တစ်ကွက်တည်းနှင့် လွင့်စဉ်သွားအောင် လုပ်နိုင်ရသနည်း။
လုမင်မှာ ဘုရင်ခန္ဓာပင် မရှိပါဘဲနဲ့ မည်သို့ဖြစ်နိုင်သနည်း။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပွဲကြည့်စင်တွင် ကျီးဖျင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
လုမင်က သူ့ကို အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်သည်မှာ မှန်သော်လည်း ဟွမ်စုန့်ကိုပါ အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဟွမ်စုန့်မှာ ဘုရင်ခန္ဓာ ရှိသူများမှလွဲ၍ တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းလုနီး ဖြစ်သည်။
ယိုးနင်၏ မျက်နှာမှာလည်း မည်းမှောင်သွားသည်။
လော့ရွှမ်၊ ဝူရှီနှင့် အခြားသူများပင်လျှင် အံ့အားသင့်သွားကြရ၏။
လုမင်အနေဖြင့် ဘုရင်နိယာမကိုသုံးမှသာ ဟွမ်စုန့်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ ယခုမူ လုမင်က ဘုရင်နိယာမကို လုံးဝ အသုံးမပြုဘဲ ဟွမ်စုန့်ကို အနိုင်ယူလိုက်ပြီ။ ဤသည်မှာ သူတို့၏ မျှော်လင့်ချက်ထက် သာလွန်နေချေပြီ။
စင်စစ်တွင်၊ လုမင်၏ ဝိညာဉ်ခန္ဓာက သာမန် ကောင်းကင်အဆင့်မြင့် ဝိညာဉ်ခန္ဓာများထက် များစွာ သာလွန်နေကြောင်း သူတို့ မသိရှိကြချေ။ ထို့ပြင် သူက သူတော်စင်နှလုံးသား နှစ်ခုကို ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ သူတော်စင်စွမ်းအားက အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်ထက် များစွာ သာလွန်နေပေရာ ဘုရင်နိယာမကို မသုံးလျှင်ပင် ဟွမ်စုန့်ကို အနိုင်ယူရန် မခက်ခဲလှပေ။
လုမင်က ရှေ့သို့ လှမ်းတက်လိုက်ပြီး ဟွမ်စုန့်ထံသို့ ချဉ်းကပ်သွားသည်။ သူက ဟွမ်စုန့်ကို ငုံ့ကြည့်ကာ ပြောလိုက်၏။
"မင်းက ငါ့ကို သတ်ချင်တယ် မဟုတ်လား။ လာလေ"
ဟွမ်စုန့်က လုမင်ကို မော့ကြည့်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာတွင် ရက်စက်လိုသော အမူအရာများ မရှိတော့ဘဲ ထိတ်လန့်မှုများသာ အစားထိုးဝင်ရောက်နေချေပြီ။
သူသည် အသံနက်ကြီးဖြင့် ထအော်ပြီး သိုင်းစင်မြင့်အောက်သို့ ပြေးဆင်းရန် ကြိုးစားလိုက်သည်။ သူက အရှုံးပေးချင်နေပြီ။ သို့သော်၊ လုမင်က ထိုသို့ လုပ်ခွင့်ပေးမည် မဟုတ်ပေ။
"ရွှစ်..."
လုမင်က လျှပ်စီးလက်သကဲ့သို့ ဟွမ်စုန့်၏ရှေ့တွင် ပေါ်လာသည်။ သူက လျှပ်စီးများကို လှံတစ်လက်အဖြစ် စုဖွဲ့ပြီး ဟွမ်စုန့်ကို ထိုးသွင်းလိုက်တော့သည်။