← Chapters

အခန်း ၂၀၃၂

Vol. 139 Ch. 2032

အခန်း ၂၀၃၂

Vol. 139 Ch. 2032

အပိုင်း ( 2032 ) ငရဲခြောက်ထပ် နိယာမ။

ဟွမ်စုန့်က ဟိန်းဟောက်ပြီး သူအစွမ်းရှိသမျှ အသုံးပြု၍ လုမင်၏ လျှပ်စီးလှံကို ခုခံကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုလှံမှာ ဖျက်ဆီး၍မရနိုင်သော အရာတစ်ခုကဲ့သို့ တုန်ခါသွား၏။

"ဒုတ်"

လျှပ်စီးလှံက ဟွမ်စုန့်၏ အကာအကွယ်ကို ဖောက်ထွက်သွားသည်။ ၎င်းက သူ၏ ပခုံးကိုပင် ထိုးဖောက်ကာ ဟွမ်စုန့်အား အဝေးတစ်နေရာသို့ ဆွဲခေါ်သွားတော့သည်။

ဟွမ်စုန့်က ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ပြီး စင်မြင့်အောက်သို့ ပြေးဆင်းရန် အခြားအရပ်မျက်နှာတစ်ခုသို့ အသည်းအသန် ပြေးသွားသည်။

သူ့တွင် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ ဤအချိန်တွင် သူ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများသာ ပြည့်နှက်နေတော့သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ၏ မျှော်လင့်ချက်ထက် များစွာ သာလွန်နေခဲ့သည်။ သူ၏ တိုက်ခိုက်လိုစိတ်တို့မှာ ပြိုလဲသွားခဲ့ပြီ။

ရလဒ်အနေဖြင့် သူက လုမင်ကို မည်သို့မျှ မယှဉ်နိုင်တော့ပေ။

"ဝှစ်... ဝှစ်..."

လုမင်၏ ပုံရိပ်က လှုပ်ရှားလာပြီး အနက်ရောင်လှံရှည်ဖြင့် အဆက်မပြတ် ထိုးနှက်လိုက်သည်။ နောက်ဆုံးတွင် ဟွမ်စုန့်၏ ဘယ်ဘက်ခြေထောက်ကို ထိုးဖောက်၍ မြေပြင်ပေါ်၌ သံရိုက်ထားသကဲ့သို့ ဖြစ်သွားစေတော့သည်။

"အမှိုက်ပဲ... မင်းမှာ တိုက်ခိုက်ရဲတဲ့ သတ္တိတောင် မရှိဘူးလား။ မင်းရဲ့ စောစောက မာန်မာနတွေ ဘယ်ရောက်ကုန်ပြီလဲ"

လုမင်က ရှေ့သို့ လှမ်းတက်လိုက်ပြီး ဟွမ်စုန့်၏ မျက်နှာကိုနင်းကာ ငုံ့ကြည့်လိုက်သည်။

ယခင်က ဟွမ်စုန့်မှာ အလွန်ပင် မာန်ဝင့်ခဲ့သူ ဖြစ်သည်။ ဝူရှီကို အနိုင်ယူခဲ့စဉ်က ဝူရှီမှာ တိုက်ခိုက်ရဲသော သတ္တိပင် မရှိသည့် အမှိုက်ဖြစ်သည်ဟု သူ ပြောခဲ့ဖူး၏။

ယခုတော့ လုမင်နှင့် ရင်ဆိုင်ရချိန်တွင် သူကိုယ်တိုင်မှာ ထိုသို့ဖြစ်နေပြီ မဟုတ်လော။

လုမင်က သူ့စကားဖြင့် သူ့ကိုပြန်ပြောနေပြီ ဖြစ်သည်။ ဒါက ကြီးစွာသော လှောင်ပြောင်သရော်ခြင်းမျိုးပင်။

"မင်းသမီးကြီး... ကျုပ်ကို ကယ်ပါဦး"

ဟွမ်စုန့်က မင်းသမီးကြီး ယိုးနင်ထံ အကူအညီတောင်းကာ အော်ဟစ်လိုက်သည်။

"လုမင်... တော်သင့်ပြီ။ သိပ်ပြီး မလွန်လာပါနဲ့"

ထိုခဏတွင် မင်းသမီး ယိုးနင်က စကားပြောလာသည်။

"အဓိပ္ပာယ်မရှိလိုက်တာ"

လုမင်က မင်းသမီးကြီး ယိုးနင်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"မင်း မျက်စိကန်းနေတာလား ဒါမှမဟုတ် နားပင်းနေတာလား။ ဟွမ်စုန့်က ငါတို့လူတွေကို အနိုင်ကျင့် စော်ကားနေတုန်းက ဘာလို့ အလွန်အကျွံ မလုပ်ဖို့ မတားခဲ့တာလဲ"

"နောက်ပြီး ငါ့ကို သတ်မယ်လို့ ဟွမ်စုန့် ပြောတုန်းကရော မင်း ဘာဖြစ်လို့ မတားခဲ့တာလဲ"

လုမင်၏ စကားသံမှာ တစ်ကွင်းလုံး ဟိန်းထွက်သွားသည်။

ယင်းက မင်းသမီးယိုးနင်၏ မျက်နှာကို အလွန်ပင် မှုန်ကုပ်သွားစေခဲ့ပေသည်။

"ရိုင်းလိုက်လေ၊ မင်းက ဘယ်သူမို့လို့ မင်းသမီးကို ဒီလို စကားမျိုး ပြောရဲတာလဲ။ မင်းရဲ့ ကျင့်ကြံမှုကို အခုပဲ ဖျက်ဆီးပစ်ရမယ်"

ယိုးမျိုးနွယ်စုမှ ပညာရှင်တစ်ဦးက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ကာ အော်ဟစ်လိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

လော့မျိုးနွယ်စု ခေါင်းဆောင်က အေးစက်စွာ ပြောဆိုလိုက်ရင်း ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူကို စိုက်ကြည့်လိုက်၏။ ထိုသူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ညီနောင် ယိုး... စည်းမျဉ်းတွေကို မချိုးဖောက်ပါနဲ့"

လော့မျိုးနွယ်စု ခေါင်းဆောင်က အေးစက်စွာ ဆိုလိုက်သည်။

"ပြန်ထိုင်လိုက်"

ယိုးမျိုးနွယ်စု ခေါင်းဆောင်က သူ့လူကို တစ်ချက် ကြည့်လိုက်သည်။ ထိုကျွမ်းကျင်သူလည်း သူ၏ အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းကာ တိတ်တဆိတ် ပြန်ဆုတ်သွားရတော့သည်။

မျိုးနွယ်စုနှစ်ခုအကြားမှ ယှဉ်ပြိုင်မှုမှာ နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိသည်။ ဤအစဉ်အလာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ကိုယ်ပိုင်စည်းမျဉ်းများ ရှိ၏။ တိုက်ပွဲတွင် မည်သူမျှ ကြားဝင်နှောက်ယှက်ခွင့် မရှိချေ။

မဟုတ်ပါက၊ ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးအကဲများအဖွဲ့က စည်းမျဉ်းချိုးဖောက်သူကို ရှုံးနိမ့်သူအဖြစ် ကြေညာပေလိမ့်မည်။

"ဒီကောင်လေးက စိတ်ဝင်စားစရာပဲ"

လော့မျိုးနွယ်စု ခေါင်းဆောင်က ပြုံးလျက် ပြောလိုက်သည်။

"တကယ့်ကို ကောင်းကောင်း ဆုံးမလိုက်တာပဲ"

လော့ရွှမ်လည်း သူမ၏ ဒေါသများ ပြေပျောက်သွားသကဲ့သို့ အားရပါးရ ရယ်မောလိုက်၏။

ယင်းကြောင့် မင်းသမီး ယိုးနင်၏ မျက်နှာမှာ သာ၍ပင် ပျက်ယွင်းလာတော့သည်။

"ကဲ... အခုတော့ မင်းကို ငါ အနောက်ဘက်ကို ပို့ပေးလိုက်ပါမယ်"

လုမင်က ဟွမ်စုန့်ကို ကြည့်လိုက်သည်။

"မလုပ်ပါနဲ့..."

ဟွမ်စုန့်၏ မျက်လုံးများထဲတွင် သွေးပျက်မှုများ ပြည့်နှက်လာသည်။ သူက အစွမ်းကုန် ရုန်းကန်လိုက်၏။

သို့သော်လည်း လုမင်၏ လှံရှည်က အောက်သို့ သက်ဆင်းသွားပြီး သူ၏ မျက်ခုံးနှစ်လုကြားကို တိုက်ရိုက်ထိုးဖောက်သွားတော့သည်။

လူပရိသတ်အပေါင်းလည်း သက်ပြင်းချလိုက်ကြမိသည်။

ဟွမ်စုန့် သေဆုံးသွားခဲ့ပြီ။ အမည်မသိ လူငယ်တစ်ဦး၏ လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။

သူသည် ဘုရင်ခန္ဓာပိုင်ရှင်များမှတပါး ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။ သို့သော်လည်း လုမင်၏ လက်ချက်ဖြင့် တိုက်ကွက် အနည်းငယ်အတွင်းမှာပင် သေဆုံးခဲ့ရသေးသည်။ ယင်းက ပြိုင်ဘက်များကို သွေးပျက်စေခဲ့သည်။

"ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ။ ဘာကြောင့်လဲ"

ကျီးဖျင်မှာလည်း အလွန်ပင် ထိတ်လန့်သွားမိသည်။

"စိတ်မပူပါနဲ့။ ဒီကောင်နဲ့ ငါနဲ့ တွေ့ရင် ဟွမ်စုန့်အတွက် ငါ ကလဲ့စားချေပေးမယ်"

ကျီးထျန်းက လုမင်ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

လုမင်ကလည်း တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ကျီးထျန်းဘက်သို့ ပြန်ကြည့်လိုက်၏။ သူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ပွဲကြည့်စင်သို့ ပြန်လာခဲ့တော့သည်။

"မျှော်လင့်ချက် ရှိလာပြီ"

ထိုခဏတွင် လော့မျိုးနွယ်စုမှ ပညာရှင်အချို့က မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရဟန်ဖြင့် မျက်လုံးများ ဝင်းလက်သွားကြသည်။

သူတို့ဘက်တွင် လူဦးရေ နည်းပါးသော်လည်း ယခုအခါ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီ။

အကြောင်းမှာ၊ နှစ်ဖက်စလုံးတွင် ဘုရင်ခန္ဓာ ပိုင်ရှင်တစ်ဦးစီ ရှိနေသောကြောင့်ပင်။

အကယ်၍ လုမင်နှင့် ကျီးထျန်း မတွေ့ဆုံမီ ဘုရင်ခန္ဓာ ပိုင်ရှင်နှစ်ဦး အရင်ဆုံး ဆုံတွေ့ခဲ့ကြလျှင်... ယိုးနင်နှင့် လော့ရွှမ်တို့ကဲ့သို့ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြလျှင်... သူတို့ အနိုင်ရရန် အခွင့်အရေး ရှိလာပေလိမ့်မည်။

အကယ်၍ နှစ်ဖက်စလုံးမှ ဘုရင်ခန္ဓာ ပိုင်ရှင်များ ဒဏ်ရာရသွားခဲ့လျှင် ယိုးမျိုးနွယ်စုဘက်၌ မည်သူက လုမင်၏ ပြိုင်ဘက် ဖြစ်နိုင်ဦးမည်နည်း။ လုမင် တစ်ယောက်တည်းနှင့်ပင် တစ်ဖက်အုပ်စုကို အပြတ်အသတ် ချေမှုန်းနိုင်ပေလိမ့်မည်။

ယိုးမျိုးနွယ်စုဘက်မှ လူများမှာလည်း ဤအချက်ကို သဘာဝအတိုင်း တွေးမိကြသဖြင့် သူတို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။

လုမင်ကြောင့် သေချာပေါက် အနိုင်ရမည်ဟု သတ်မှတ်ထားသော အခြေအနေမှာ ခန့်မှန်းရခက်သော အနေအထားသို့ ပြောင်းလဲသွားခဲ့ချေပြီ။

"စိတ်မပူပါနဲ့။ သူတို့ အခွင့်အရေး ရမှာ မဟုတ်ဘူး"

ကျီးထျန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ဒီစကားအရ... ရှင်... အဆင့်တက်နိုင်ခဲ့ပြီလား"

ယိုးနင်က တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် သူမ၏ မျက်နှာမှာ ဝင်းလက်သွားသည်။

"အင်း"

ကျီးထျန်းက ခေါင်းညိတ်ပြလိုက်၏။

ယိုးနင်လည်း အလွန် ဝမ်းသာသွားပြီး ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ ဤသို့ဆိုလျှင် သူတို့ သေချာပေါက် အနိုင်ရပေတော့မည်။

'အဲဒီလုမင်နဲ့ တွေ့ရင် ကျွန်မအတွက် သူ့ကို သတ်ပစ်လိုက်ပါ'

ယိုးနင်က ကျီးထျန်းထံသို့ အသံပို့လွှတ်ကာ မှာကြားလိုက်သည်။

လူတိုင်းတွင် ကိုယ်စီ အတွေးများ ရှိနေကြသော်လည်း ပြိုင်ပွဲကတော့ ဆက်လက် ကျင်းပနေဆဲပင်။

ဤအချီ ပြီးဆုံးသွားသည့်အခါ...

လော့မျိုးနွယ်စုဘက်တွင် သုံးဦးသာ ကျန်ရှိသည်။

ယိုးမျိုးနွယ်စုဘက်တွင်မူ ကိုးဦး ကျန်ရှိနေသေး၏။

အချီအသစ်တစ်ခု ထပ်မံ စတင်ခဲ့ပြန်ပြီ။

ဤအချီမှာမူ စိတ်လှုပ်ရှားဖွယ်ကောင်းသော တိုက်ပွဲများ သိပ်မရှိခဲ့ပါ။

လုမင်က သူ၏ ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူလိုက်သကဲ့သို့ လော့မျိုးနွယ်စုမှ ဘုရင်ခန္ဓာ ပိုင်ရှင်ကလည်း အောင်ပွဲခံနိုင်ခဲ့သည်။

သို့သော်လည်း လော့မျိုးနွယ်စုဘက်မှ ကျန်ရှိနေသော အခြားတစ်ဦးမှာမူ တစ်ဖက်လူ၏ အနိုင်ယူခြင်းကို ခံလိုက်ရ၏။

ဤနည်းဖြင့် လော့မျိုးနွယ်စုတွင် နှစ်ဦးသာ ကျန်ရှိတော့သည်။

ယိုးမျိုးနွယ်စုဘက်တွင်မူ ခုနစ်ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

"ယိုးမျိုးနွယ်စုရဲ့ နံပါတ်နှစ်နဲ့ လော့မျိုးနွယ်စုရဲ့ နံပါတ်နှစ်"

ဒိုင်အကြီးအကဲက နံပါတ်များကို ကြေညာလိုက်သည်။ လူတိုင်းက စိတ်လှုပ်ရှားသွားကြ၏။

နောက်ဆုံးတွင် အဓိက ပွဲစဉ်ကြီးသို့ ရောက်ရှိလာခဲ့ချေပြီ။

ယိုးမျိုးနွယ်စု၏ နံပါတ်နှစ်မှာ ကျီးထျန်း ဖြစ်ပြီး လော့မျိုးနွယ်စု၏ နံပါတ်နှစ်မှာမူ လုံယန် ဖြစ်သည်။

ဘုရင်ခန္ဓာ ပိုင်ရှင်နှစ်ဦးမှာ ထပ်မံ၍ တိုက်ခိုက်ကြတော့မည်။

ယခင်က ကျီးထျန်းသည် ယိုးလော့နတ်ဆိုးတိုင်းပြည်၏ လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ်အဖြစ် လူသိများခဲ့သူ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာလည်း အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ။

သို့သော်၊ လုံယန်မှာလည်း သူ့ထက် မနိမ့်ပါးဘဲ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူတို့ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ချိန်က လွန်ခဲ့သော နှစ်အနည်းငယ်ကပင်။ ထိုစဉ်က သူတို့နှစ်ဦးမှာ တိုက်ကွက်ပေါင်း ရာချီ၍ ဖလှယ်ခဲ့ကြပြီး နောက်ဆုံးတွင် လုံယန်က ကျီးထျန်းကို အရေးနိမ့်ကာ အရှုံးပေးခဲ့ရသည်။

သို့သော်လည်း နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်။ ယခုအချိန်တွင် ကျီးထျန်းက လုံယန်ကို အနိုင်ယူနိုင်ချင်မှ ယူနိုင်ပေလိမ့်မည်။

"သူတို့ တိုက်ခိုက်ကြတော့မယ်"

လော့မျိုးနွယ်စုမှ ကျွမ်းကျင်သူများ၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူတို့၏ မျက်နှာများမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားကြ၏။

နောက်ဆုံးတွင်တော့၊ လုမင်နှင့် ကျီးထျန်း မတွေ့ဆုံမီ ဘုရင်ခန္ဓာ ပိုင်ရှင်နှစ်ဦး ဆုံတွေ့ခဲ့ကြပြီ။ ဤသည်မှာ သူတို့ မြင်တွေ့ချင်သော အခြေအနေဖြစ်သကဲ့သို့ သူတို့ အနိုင်ရရန် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။

ကျီးထျန်းနှင့် လုံယန်တို့ နှစ်ဦးစလုံး ဒဏ်ရာရသွားသရွေ့ လုမင်အနေဖြင့် ယိုးမျိုးနွယ်စုမှ ကျန်ရှိနေသောသူများကို အနိုင်ယူနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤတစ်ကြိမ်တွင် လော့မျိုးနွယ်စုက အောင်ပွဲခံနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲတော့ပေ။

'လုံယန်... ငါတို့ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ရရင်တောင် ကျီးထျန်းကို အလွယ်တကူ အနိုင်မရစေနဲ့'

လော့မျိုးနွယ်စု ခေါင်းဆောင်က လုံယန်ထံသို့ အသံပို့လွှတ်လိုက်သည်။

လုံယန်က ခေါင်းညိတ်ပြလိုက်ပြီး သိုင်းစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်၏။

ကျီးထျန်းသည်လည်း သိုင်းစင်မြင့်ပေါ်သို့ တက်လှမ်းလာတော့သည်။

"လုံယန်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်း ငါ့ကို မယှဉ်နိုင်ခဲ့ဘူး။ ဒီနေ့မှာလည်း မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ကျီးထျန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူက မိမိကိုယ်မိမိ ပြိုင်ဘက်ကင်းသူအဖြစ် ခိုင်မာစွာ ယုံကြည်ထားပေသည်။

"ဒါက မသေချာပါဘူး"

လုံယန်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

ဤမီးတောက်မှာ ဖျက်ဆီးခြင်း ကောင်းကင်မီးလျှံနိယာမဟု ခေါ်ဆိုသော အလွန် ကြောက်မက်ဖွယ်ကောင်းသည့် မီးနိယာမ ဖြစ်သည်။ ၎င်းသည်လည်း ဘုရင်နိယာမ အမျိုးအစား တစ်ခုပင်။

"ငရဲခြောက်ထပ်"

ကျီးထျန်းက ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကမ္ဘာခြောက်ခု ပေါ်ပေါက်လာသကဲ့သို့ မြင်ကွင်းများ ပေါ်လာ၏။

တစ်ခုက သွေးပင်လယ်၊ တစ်ခုက အဆုံးမဲ့နတ်ဆိုးစွမ်းအင်များ အပြည့်၊ ကျန်တစ်ခုမှာမူ၊ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ဒါဆို ဒါက ငရဲခြောက်ထပ်နိယာမပေါ့"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

All Chapters