← Chapters

အခန်း ၂၀၃၃

Vol. 139 Ch. 2033

အခန်း ၂၀၃၃

Vol. 139 Ch. 2033

အပိုင်း ( 2033 ) ရလဒ်က ဆုံးဖြတ်ပြီးပြီလား။

ငရဲခြောက်ထပ်နိယာမသည် ပြန်လည်ဝင်စားခြင်းနိယာမနှင့် အတန်ငယ် ဆင်တူသည်။

သို့သော်လည်း တစ်ခုမှာ အစွမ်းထက်ဆုံးသော နိယာမ ဖြစ်ပြီး၊ ကျန်တစ်ခုက ဘုရင်နိယာမသာ ဖြစ်သည်။ စွမ်းအားချင်း ယှဉ်လိုက်လျှင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။ ငရဲခြောက်ထပ်နိယာမဆိုသည်မှာ ပြန်လည်ဝင်စားခြင်းနိယာမ၏ ရိုးရှင်းအောင် ပြုလုပ်ထားသော ပုံစံငယ်တစ်ခုသာ ဖြစ်၏။

ဤအခိုက်တွင် ကမ္ဘာခြောက်ခုက ကျီးထျန်းအား ဝန်းရံထားရာ သူက နတ်ဆိုးဘုရင်တစ်ပါးနှင့်ပင် တူနေတော့သည်။

"ငါ့ရဲ့ ဖျက်ဆီးခြင်းမီးတောက်တွေနဲ့ မင်းရဲ့ ငရဲခြောက်ထပ်ကို ဘယ်လိုလောင်ကျွမ်းပစ်မလဲဆိုတာ ကြည့်လိုက်စမ်း"

လုံယန်က ဟိန်းဟောက်လိုက်သည်။ မီးတောက်မီးလျှံများက ကောင်းကင်သို့ ထိုးတက်သွား၏။ ဤအခိုက်တွင် သူက မီးလျှံကြားမှ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး မီးလျှံလှံရှည်တစ်စင်းကို ကိုင်ဆွဲကာ ကျီးထျန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

သူက လှံရှည်ဖြင့် ထိုးနှက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းတန်းက ကျီးထျန်း၏ ငရဲခြောက်ထပ်နိယာမကို ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။

"ငရဲခြောက်ထပ် နတ်ဘုရားလက်သီး"

ကျီးထျန်းက ရှေ့သို့ လှမ်းတက်လိုက်ပြီး လက်သီးနှစ်ဖက်လုံးဖြင့် ထိုးနှက်လိုက်သည်။ ၎င်းက ကမ္ဘာခြောက်ခုလုံးကို အသက်သွင်းလိုက်သကဲ့သို့ ကမ္ဘာများက လက်သီးအင်အားများအဖြစ် ပြောင်းလဲသွား၏။

"ဝုန်း"

လှံနှင့် လက်သီးအင်အားတို့ ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

လုံယန်၏ ဖျက်ဆီးခြင်းမီးလျှံနိယာမမှာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအား ရှိပေရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက ငရဲခြောက်ထပ်နိယာမထက် မနိမ့်ပါးချေ။ ပေါက်ကွဲမှုအတွင်း သူတို့နှစ်ဦးစလုံး နောက်သို့ တစ်ပြိုင်နက် ဆုတ်ခွာသွားကြသည်။

သို့သော်လည်း ချက်ချင်းပင် သူတို့က တစ်ဦးထံသို့တစ်ဦး ပြန်လည်ပြေးဝင်ကာ ထပ်မံတိုက်ခိုက်ကြပြန်တော့သည်။

သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်တူနေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း သူတို့နှစ်ဦးမှာ တိုက်ကွက်ပေါင်း ရာချီ၍ တိုက်ခိုက်ပြီးမှသာ အနိုင်အရှုံး ပေါ်ခဲ့ခြင်းပင်။

ယခုလည်း ထိုနည်းအတိုင်းပင် ဖြစ်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် ဖလှယ်ခဲ့ကြသည်။ သို့သော်၊ လက်ရည် တူမှာပင် ရှိနေသေးသည်။

"မျှော်လင့်ချက် ရှိနေသေးတယ်"

လော့မျိုးနွယ်စုမှ ကျွမ်းကျင်သူများ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက မင်းသမီး ယိုးနင်နှင့် မင်းသမီး လော့ရွှမ်တို့ကဲ့သို့ပင် သရေရလဒ်နှင့် အဆုံးသတ်သွားနိုင်ပေသည်။

ယခင်ကမူ ဤသို့သော အခြေအနေမျိုး ဖြစ်လာမည်ကို သူတို့ ကြောက်ရွံ့ခဲ့ကြသည်။ အကြောင်းမှာ၊ ကျန်သူများဖြင့် ယိုးမျိုးနွယ်စုကို သူတို့ မယှဉ်နိုင်သောကြောင့် ဖြစ်၏။

သို့သော်လည်း ယခုမူ သူတို့တွင် လုမင် ရှိနေပြီဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကိုသာ မျှော်လင့်နေကြတော့သည်။

ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူများကမူ ဆန့်ကျင်ဘက်ပင်။ ဤအခြေအနေမှာ ယိုးမျိုးနွယ်စုအတွက် အလွန်ပင် မကောင်းလှပါ။ ထို့ကြောင့် ယိုးမျိုးနွယ်စုမှ ပညာရှင်များ၏ မျက်နှာမှာ မှုန်ကုပ်နေကြခြင်း ဖြစ်သည်။

ကျီးထျန်းနှင့် လုံယန်တို့မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် ထပ်မံဖလှယ်လိုက်ကြပြန်သည်။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲမှုကြီးနှင့်အတူ သူတို့နှစ်ဦးစလုံး နောက်သို့ ဆုတ်ခွာသွားကြ၏။

"ကျီးထျန်း... ငါပြောထားတယ်၊ နှစ်အနည်းငယ်ကြာရင်တောင် မင်း ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့!"

လုံယန်က ပြောလိုက်သည်။ သူ့အသံမှာ ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက တိမ်တိုက်များအထိ ထိုးတက်သွား၏။

သူ၏မျက်လုံးများမှာမူ မိမိစိတ်ထဲရှိ ဒေါသများကို ဖွင့်ထုတ်လိုက်ရသကဲ့သို့ တောက်ပနေတော့သည်။

"ဟားဟားဟား... လုံယန်၊ မင်းက တကယ်ကို ရိုးအတာပဲ"

ထိုစဉ် ကျီးထျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့လေသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

"မင်း ဘာကို ဆိုလိုတာလဲ"

လုံယန် မျက်မှောင်ကြုံ့သွားသည်။ ဘာကြောင့်မှန်းမသိသော်လည်း ကျီးထျန်း၏ အပြုံးကို မြင်လိုက်ရသည့်အခါ သူ၏စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာတော့၏။

ကျီးထျန်းက သူ့အစွမ်းကို အကုန်မသုံးဘဲ လျှိုထားခြင်းများ ရှိမည်လော။

"ဒါဆိုရင် ငါ့ရဲ့ တကယ့်အစွမ်းအစကို မင်းကို ပြရတော့မှာပေါ့"

ကျီးထျန်းက လှောင်ပြုံးပြုံးကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"ဝုန်း"

ကျီးထျန်း၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ နတ်ဘုရားတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ အလင်းရောင်ခြည် စက်ဝန်းက သူ့အား ဝန်းရံထားတော့သည်။

"နိယာမအလင်း၊ မင်းက နိယာမအလင်းကို ကျင့်ကြံအောင်မြင်ထားပြီလား"

လုံယန်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လိုက်သည်။

"ဝုန်း... ဝုန်း"

ဤအခိုက်အတန့်တွင် လော့မျိုးနွယ်စုနှင့် ယိုးမျိုးနွယ်စုမှ ပညာရှင်များလည်း သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့က ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်ကြရာ အားကောင်းသော အရှိန်အဝါများမှာလည်း သူတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

သို့သော်လည်း မျိုးနွယ်စုနှစ်ခု၏ ခံစားချက်မှာတော့ လုံးဝကို ဆန့်ကျင်ဘက်ပင် ဖြစ်ကြသည်။

"ဟားဟားဟား... တကယ်ကို နိယာမအလင်းပဲ၊ ဘုရင်လမ်းစဉ်နိယာမရဲ့ အလင်း... ဒီတိုက်ပွဲကတော့ အဖြေပေါ်သွားပြီ"

ယိုးမျိုးနွယ်စုမှ ပညာရှင်များမှာ ဝမ်းသာအားရဖြင့် ရယ်မောလိုက်ကြသည်။

လော့မျိုးနွယ်စုဘက်တွင်မူ၊ အားလုံးမှာ မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ရှိနေကြပြီး နောက်ဆုံးတွင် ထိုင်ခုံများပေါ်သို့ ပြန်လည် မှီချလိုက်ကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံးကို နှုတ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။

နိယာမ၏အလင်း။

ကျီးထျန်းက နိယာမ၏အလင်းကို ကျင့်ကြံအောင်မြင်ထားပြီဖြစ်ရာ ဤတိုက်ပွဲ၏ အဖြေမှာ ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။

လုံယန်က ကျီးထျန်း၏ ပြိုင်ဘက် မဟုတ်သည်မှာ အသေအချာပင်။ သူတို့နှစ်ဦးစလုံးတွင် ဘုရင်ခန္ဓာရှိသော်လည်း နိယာမအလင်းရှိသူနှင့် မရှိသူ၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားသည်။

အကယ်၍ လုံယန် ရှုံးနိမ့်သွားလျှင် လုမင်သည်လည်း သဘာဝအတိုင်း ရှုံးနိမ့်သွားပေလိမ့်မည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လော့ရွှမ်က အားကိုးရာမဲ့စွာ ရေရွတ်လိုက်သည်။

မူလက သူသည် အောင်ပွဲ၏ အရုဏ်ဦးကို မြင်တွေ့နေရပြီဟု ထင်မှတ်ခဲ့သည်။ နောက်ဆုံးတွင်၊ လုမင်တွင်လည်း ဘုရင်ခန္ဓာ ရှိနေသောကြောင့် ဤတိုက်ပွဲကို အနိုင်ရရန် အခွင့်အရေး အလွန်များနေခဲ့သည် မဟုတ်လော။

သို့သော်လည်း ကျီးထျန်းက နိယာမအလင်းကို အမှန်တကယ် ကျင့်ကြံအောင်မြင်ထားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။

ဘုရင်ခန္ဓာပိုင်ရှင်တစ်ဦးအတွက် နိယာမအလင်းကို ကျင့်ကြံရန်မှာ အလွန်ခက်ခဲသည်။ သို့သော်လည်း အောင်မြင်သွားပါက အခြားသော ဘုရင်ခန္ဓာများကို အပြတ်အသတ် ကျော်လွန်သွားပေလိမ့်မည်။

"ကျီးထျန်းက နိယာမအလင်းကို တကယ် ကျင့်ကြံအောင်မြင်ထားတာပဲ"

ဤအခိုက်တွင် ယိုးနင်၏ မျက်နှာမှာတော့ အပြုံးများဖြင့် ပြည့်နှက်နေသည်။

သူမအနေဖြင့် လုမင်ကြောင့် ကျီးမျိုးနွယ်စုကို မပစ်ပယ်မိခဲ့ခြင်းအတွက် ကံကောင်းသည်ဟု စိတ်ထဲမှ ကျိတ်၍ ဝမ်းသာနေမိတော့သည်။

ကျီးမျိုးနွယ်စုတွင် စစ်ဦးစီးချုပ်ရှိရုံသာမက ကျီးထျန်း၏ ပါရမီမှာလည်း အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

လုမင်၏ အရည်အချင်းက မဆိုးလှသော်လည်း ကျီးထျန်းနှင့် ယှဉ်လိုက်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ယခုအချိန်တွင် သူက အလွန်ပင် စိတ်ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။ လုမင်ကို မောင်းထုတ်ခဲ့မိသည့်အတွက် သူမ၏ စိတ်ထဲရှိ နောင်တအနည်းငယ်မှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။

လုမင်က အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်စွမ်း မရှိတော့ချေ။

"ယိုးမျိုးနွယ်စုက အနိုင်ရမှာ‌ သေချာနေပါပြီ"

ကြည့်ရှုသူများမှာလည်း သက်ပြင်းချရင်း ပြောဆိုလိုက်ကြသည်။

ကြည့်ရသည်မှာ၊ ယိုးမျိုးနွယ်စုကပင် ယိုးလော့နတ်ဆိုးတိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားရဦးမည့်ပုံရသည်။

"ဝုန်း..."

သိုင်းစင်မြင့်ပေါ်တွင် ကျီးထျန်းက နိယာမအလင်းကို ထုတ်ဖော်လိုက်ရာ သူ၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာပြီး လုံယန်အပေါ်သို့ ဖိနှိပ်ကျရောက်သွားတော့သည်။

"လုံယန်... မင်း ဆက်ပြီးတိုက်ချင်သေးလား"

ကျီးထျန်းက အထက်စီးမှနေ၍ အေးစက်စွာ မေးမြန်းလိုက်သည်။

"တိုက်မယ်"

လုံယန်က အံကြိတ်ကာ မီးလျှံလှံရှည်ဖြင့် ကျီးထျန်းထံသို့ ပြေးဝင်သွား၏။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ဒီလိုဆိုမှတော့ နိယာမအလင်းရဲ့ စွမ်းအားကို မင်းကို ပြရတော့မှာပေါ့။ နိယာမအလင်း ရှိသူနဲ့ မရှိသူရဲ့ ကွာခြားချက်ကို မင်း မြင်စေရမယ်"

ကျီးထျန်းက လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဤလက်သီးချက်တွင် နိယာမအလင်း၏ စွမ်းအားများ ပေါင်းစပ်ပါဝင်နေ၏။

"ဝုန်း"

ထိုလက်သီးမှာ လုံယန်၏ လှံရှည်နှင့် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။

"ကလစ်..."

လုံယန်၏ လှံရှည်မှာ တုန်ခါသွားပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းပေါ်ရှိ ဖျက်ဆီးခြင်း ကောင်းကင်မီးလျှံနိယာမမှာလည်း တုန်လှုပ်လာ၏။ နောက်တခဏ၌ လုံယန်၏ နိယာမက ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် လုံယန်မှာ နောက်သို့ အသည်းအသန် ဆုတ်ခွာသွားရတော့သည်။ သူက ခြေလှမ်းဆယ်လှမ်းကျော်ခန့် ဆုတ်ခွာပြီးမှသာ မနည်း ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

ထို့နောက် လုံယန်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရတော့သည်။

သူ၏ မျက်လုံးများမှာလည်း ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

သူက ကျီးထျန်း၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။ တစ်ကွက်တည်းနှင့်ပင် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။

"ဝုန်း... ဝုန်း..."

ကျီးထျန်းက လက်သီးဖြင့် ဆက်တိုက်ထိုးနှက်လိုက်ရာ နောက်ထပ် လက်သီးနှစ်ချက်က ပေါက်ကွဲထွက်လာပြန်သည်။ လုံယန်က ခုခံရန် အစွမ်းကုန် ကြိုးစားသော်လည်း လုံးဝ မယှဉ်နိုင်တော့ဘဲ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။

နောက်ထပ် လက်သီးနှစ်ချက်အပြီးတွင် လုံယန်က သွေးတစ်လုပ်ကို ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။

"ငါ ရှုံးသွားပြီ"

လုံယန်က အကူအညီမဲ့သော အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ သူက သိုင်းစင်မြင့်ပေါ်မှ ပြေးဆင်းသွားခဲ့၏။

ဆက်လက် တိုက်ခိုက်နေလည်း အပိုသာ ဖြစ်မည်ကို သူ သိသည်။ သူက ကျီးထျန်း၏ ပြိုင်ဘက် မဟုတ်ဘဲ မိမိကိုယ်မိမိ အရှက်ကွဲအောင် လုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ငါတို့တွေ ထပ်ပြီး ရှုံးပြန်ပြီပေါ့"

လော့မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသော ကျွမ်းကျင်သူများမှာလည်း အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

သူတို့ ထပ်မံ ရှုံးနိမ့်ခဲ့ချေပြီ။ နောက်ထပ် နှစ်ပေါင်း တစ်သောင်းတိုင်အောင် ယိုးမျိုးနွယ်စုက ယိုးလော့နတ်ဆိုးတိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားဦးမည် ဖြစ်၏။

သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ရခြင်းက သူတို့ကို ပို၍ပင် ခံပြင်းစေသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူတို့၏ လော့မျိုးနွယ်စုမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ယိုးမျိုးနွယ်စုနှင့် ယှဉ်ပြိုင်ရန် ပိုမို ခက်ခဲလာပေလိမ့်မည်။

ယိုးမျိုးနွယ်စုဘက်တွင်မူ အားလုံးမှာ အတိုင်းမသိ ဝမ်းသာနေကြသည်။

"ညီနောင်လော့... မင်းက ဆက်ပြီး ယှဉ်ပြိုင်ချင်သေးတာလား"

ယိုးမျိုးနွယ်စု ခေါင်းဆောင်က ပြုံးလျက် လော့မျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

သူက သဘာဝအတိုင်း အလွန်ပျော်ရွှင်နေသည်။ ယိုးမျိုးနွယ်စုက အောင်ပွဲရရှိခဲ့ပြီဖြစ်ရာ သူသည် ယိုးလော့နတ်ဆိုးတိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ရဦးမည် မဟုတ်ပါလား။

သူ့အမြင်အရ လော့မျိုးနွယ်စုတွင် လုမင် တစ်ယောက်သာ ကျန်တော့သဖြင့် ဆက်လက် ယှဉ်ပြိုင်နေရန် မလိုတော့ချေ။ လုမင်က မည်မျှပင် သန်မာစေကာမူ ကျီးထျန်းကို ယှဉ်နိုင်ပါ့မလား။

"အရှင်မင်းကြီး... စည်းမျဉ်းတွေအရတော့ ဒီပြိုင်ပွဲဟာ တစ်ဖက်ဖက်က လုံးဝ ရှုံးနိမ့်သွားတဲ့အထိ ဆက်လက် ကျင်းပရမှာပါ"

ကျီးထျန်းက ယိုးမျိုးနွယ်စု ခေါင်းဆောင်ကို လက်ယှက်ပြကာ အရိုအသေပေးရင်း ပြောဆိုလိုက်သည်။

သူက ဟွမ်စုန့်အတွက် လက်စားချေရင်း လုမင်ကို သတ်ချင်သေးသည်။ သို့ဖြစ်ပေရာ၊ ပြိုင်ပွဲကို မည်ကဲ့သို့ စောစီးစွာ အဆုံးသတ်ခွင့်ပြုရမည်နည်း။

All Chapters