အခန်း ၂၀၃၄
Vol. 139 Ch. 2034
အပိုင်း ( 2034 ) ဘုရင်ခန္ဓာ...လာခဲ့စမ်း။
"ဟားဟားဟား.. ငါ နည်းနည်းစိတ်မြန်များသွားတယ်။ ဟုတ်တာပေါ့၊ ပြိုင်ပွဲက ဆက်သွားရမှာပဲ။ ဆက်ကြစို့"
ယိုးမျိုးနွယ်စု ခေါင်းဆောင်က ရယ်မောလိုက်သည်။
လုမင်ကလည်း ပြုံးလိုက်၏။
တစ်ဖက်လူက ပြိုင်ပွဲကို အစောကြီး အဆုံးသတ်ချင်လျှင်ပင် သူက သဘောတူမည် မဟုတ်ပေ။
ထို့နောက်မှာတော့ ပြိုင်ပွဲများက ဆက်လက် ကျင်းပနေသည့်တိုင် မည်သူမျှ အထူးအာရုံစိုက်ခြင်း မရှိကြတော့ပါ။
ရလဒ်က ဆုံးဖြတ်ပြီးသွားပြီဟု လူတိုင်း ထင်မှတ်ခဲ့ကြသည်။ ပြိုင်ပွဲကို ဆက်လက် ကျင်းပနေခြင်းမှာ စည်းမျဉ်းအရ လုပ်ရိုးလုပ်စဉ် သဘောမျိုးသာ ဖြစ်သည်ဟု သူတို့ ယူဆကြလေသည်။
"လုမင်သာ အကောင်းအဆိုးကို နားလည်မယ်ဆိုရင် သူက တမင်တကာ သိုင်းစင်မြင့်အောက်ကို ပြေးဆင်းပြီး အရှုံးပေးသွားလိမ့်မယ်။ မဟုတ်လို့ ကျီးထျန်းနဲ့ တွေ့တဲ့အခါ သူ့မှာ အခွင့်အရေးရှိမှာ မဟုတ်ဘူးလေ"
"အင်း... ကျုပ်သာ လုမင်ဆိုရင်လည်း အဲဒီအတိုင်း လုပ်မှာပါပဲ"
လူအများမှာ ရလဒ်ကို ကြိုတင် ခန့်မှန်းနေကြသည်။ ခဏနေလျှင် လုမင်က သိုင်းစင်မြင့်အောက်သို့ ပြေးဆင်းပြီး အရှုံးပေးလိမ့်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ကြလေသည်။
ဒိုင်အကြီးအကဲက နံပါတ်များကို ဆက်လက် နှိုက်ယူနေသည်။ လုမင်နှင့် ယိုးမျိုးနွယ်စုမှ ပိန်ပိန်ပါးပါး လူငယ်တစ်ဦးတို့ တွေ့ကြရ၏။
သူတို့နှစ်ဦးစလုံးက သိုင်းစင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့ကြသည်။
"ဒီကောင်လေးကိုတော့ ကျုပ်ပဲ ကိုင်တွယ်လိုက်ပါမယ်"
ထိုလူငယ်က အလွန် မော်ကြွားနေသည်။ လုမင်က ဆန္ဒအလျောက် အရှုံးပေးလိမ့်မည်ဟု သူလည်း ထင်မှတ်ထား၏။ မဟုတ်ပါက၊ နောက်တစ်ချီတွင် ကျီးထျန်းနှင့် တွေ့လျှင် လုမင် ဘဝပျက်သွားမည် မဟုတ်ပါလား။
ထို့ကြောင့်၊ သူက ရဲရဲဝံ့ဝံ့ပင် လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးသွားတော့သည်။
ထိုစဉ် သူ့မျက်စိရှေ့၌ လက်သီးတစ်လုံးက အရှိန်အဟုန်ဖြင့် နီးကပ်လာသည်ကို မြင်လိုက်ရသည်။ ယင်းနောက် ထိုလက်သီးမှာ သူနှာခေါင်းရိုးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
"ဂျွတ်"
ထိုလူငယ်၏ နှာခေါင်းရိုးမှာ ကျိုးသွားခဲ့ချေပြီ။ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ရင်း မီတာ ရာချီ လွင့်စဉ်သွားပြီး သိုင်းစင်ပေါ်သို့ လဲကျသွားသည်။
'ဟင်...'
လူအများက မှင်တက်သွားကြသည်။
လုမင်က အရှုံးပေးလိမ့်မည်ဟု သူတို့ ထင်ထားသော်လည်း ယခုအခါ အမှန်အကန် တိုက်ခိုက်နေခဲ့ပြီ။
"သူက မျက်နှာမပျက်ရအောင်လို့ အရှုံးမပေးခင် တစ်ချီလောက် အနိုင်ယူပြချင်တာ ဖြစ်မှာပါ"
"ဟမ့်... တကယ်လို့ သူကံဆိုးပြီး နောက်တစ်ချီမှာ ကျီးထျန်းနဲ့ တွေ့ရင်တော့ သူ နောင်တရလိမ့်မယ်"
အချို့က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ကြသည်။
"ဝှစ်..."
လုမင်၏ ပုံရိပ်က လှုပ်ရှားသွားပြီး ထိုလူငယ်၏ ဘေးသို့ ရောက်ရှိလာသည်။ သူက ကန်ချက်တစ်ချက်ဖြင့် ထိုသူကို သိုင်းစင်မြင့်အောက်သို့ ကန်ချလိုက်၏။
လုမင်က ဤအချီတွင် အနိုင်ရရှိသွားခဲ့ပြီ။
သို့သော်လည်း လော့မျိုးနွယ်စုမှ လူများမှာမူ ခေါင်းယမ်းနေကြဆဲ ဖြစ်သည်။ လုမင်က အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆုံးရလဒ်မှာ ပြောင်းလဲသွားမည် မဟုတ်ဟု သူတို့ ထင်မှတ်ကြ၏။
ဤသို့ဖြင့် လော့မျိုးနွယ်စုတွင် လုမင် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ ယိုးမျိုးနွယ်စုတွင်မူ ခြောက်ဦး ကျန်ရှိနေသေး၏။
ပြိုင်ပွဲမှာ ဆက်လက် ကျင်းပနေသည်။ ယခုအခါ ယိုးမျိုးနွယ်စုဘက်မှ နံပါတ်တစ်ခုကိုသာ နှိုက်ရန် လိုအပ်တော့ပြီး မဲစာရင်းကျသူက လုမင်နှင့် တိုက်ခိုက်ရလိမ့်မည်။
"ယိုးမျိုးနွယ်စု၊ နံပါတ် လေးဆယ့်ခုနစ်"
အကြီးအကဲက ကြေညာလိုက်သည်။ ယိုးမျိုးနွယ်စုမှ မိန်းကလေးတစ်ဦးက သိုင်းစင်ပေါ်သို့ တက်လှမ်းလာ၏။
လူအများက လုမင်ကို ဤအချီတွင် အရှုံးပေးမလားဟု ထပ်မံ၍ ခန့်မှန်းနေကြပြန်သည်။ အကြောင်းမှာ၊ အချိန်ကြာလေလေ... ကျီးထျန်းနှင့် တွေ့ဆုံနိုင်ချေ ပိုမို များပြားလာလေလေ ဖြစ်သောကြောင့်ပင်။
လုမင်မှာ မျက်နှာသာ ရစေရန် ဤတိုက်ပွဲကို အနိုင်ယူပြီးမှသာ အရှုံးပေးလိမ့်မည်ဟု လူအများက ထင်နေကြဆဲ ဖြစ်၏။
သို့သော်လည်း လုမင်က တိုက်ရိုက်ပင် တိုက်ခိုက်လိုက်ပြီး တိုက်ကွက် နှစ်ကွက်အတွင်းမှာပင် ထိုမိန်းကလေးကို သိုင်းစင်မြင့်အောက်သို့ ရိုက်ချလိုက်တော့သည်။
"အခုထိ အရှုံးမပေးသေးဘူးလား။ သူက တကယ်မျက်နှာသာ ရချင်နေတာပဲ"
"ဟမ့်၊ ခဏနေလို့ ကျီးထျန်းနဲ့ တွေ့တဲ့အခါ သူ ဘယ်လို နောင်တရမလဲဆိုတာ ကြည့်ရသေးတာပေါ့"
အချို့က လှောင်ပြောင်လိုက်ကြသည်။
ပြိုင်ပွဲကို ဆက်လက် ကျင်းပနေသော်လည်း နောက်တစ်ဦးက ကျီးထျန်း မဟုတ်သေးချေ။ သဘာဝအတိုင်းပင် လုမင်၏ လက်ချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရပြန်သည်။
ကံကောင်း၍လား မသိရသော်လည်း နောက်ထပ် ရင်ဆိုင်ရသူများမှာ ကျီးထျန်း မဟုတ်ကြချေ။ သူတို့အားလုံး လုမင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ယခုအခါ ယိုးမျိုးနွယ်စုဘက်တွင် ကျီးထျန်းနှင့် ကျီးဖျင် နှစ်ဦးသာ ကျန်ရှိတော့သည်။
"လုမင်က အခုထိ အရှုံးမပေးသေးဘူး။ သူက တကယ်ပဲ ကျီးထျန်းနဲ့ တိုက်ချင်နေတာလား"
ယခုအချိန်တွင် လူအချို့က သူတို့၏ အတွေးများကို ပြောင်းလဲလိုက်ကြပြီ ဖြစ်သည်။ လုမင်က အရှုံးမပေးသေးသဖြင့် ဤအတိုင်းသာ ဆက်သွားနေပါက သူသည် ကျီးထျန်းနှင့် ဆုံတွေ့ရမည်မှာ အသေအချာပင်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူက ကျီးထျန်းနဲ့ တိုက်ခိုက်ရရင် ထွက်ပြေးဖို့တောင် အခွင့်အရေး ရမှာ မဟုတ်ဘူးလေ။ သူ အသတ်ခံရမှာ သေချာတယ်"
"သူ ဘာတွေ တွေးနေလဲဆိုတာကိုတော့ ကျုပ် မသိတော့ဘူး။ သူက ရူးနေတာများလား"
လူတိုင်းက ဆွေးနွေးလိုက်ကြသည်။ ကျီးဖျင်၏ မျက်နှာမှာမူ ညိုမည်းနေတော့၏။
အကယ်၍ လုမင်က အရှုံးမပေးပါက နောက်တစ်ချီတွင် သူနှင့် တွေ့ဆုံရမည် မဟုတ်ပါလား။
သူက စိတ်ထဲမှနေ၍ လုမင်နှင့် ကျီးထျန်းတို့ ဆုံတွေ့ပါစေဟုသာ ဆုတောင်းနေမိသည်။
သို့သော်လည်း ကံကြမ္မာက သူ ဖြစ်စေချင်သလို ဖြစ်မလာခဲ့ချေ။
"ယိုးမျိုးနွယ်စု... နံပါတ်ကိုး...၊ ကျီးဖျင် ထွက်လာခဲ့ပါ"
အကြီးအကဲက နံပါတ်တစ်ခုကို ထုတ်ယူကာ အော်ဟစ်လိုက်သည်။
'သေဟ'
ကျီးဖျင်က သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
အဘယ်ကြောင့် သူ ဖြစ်ရသနည်း။ လုမင်က အဘယ်ကြောင့် ကျီးထျန်းနှင့် မတွေ့ရသနည်း။
လူအများမှာလည်း ဆွံ့အသွားကြသည်။
လုမင်၏ ကံမှာ အလွန်ပင် ကောင်းလှပေသည်။ ယခုအချိန်ထိ ကျီးထျန်းနှင့် မဆုံတွေ့ရသည်မှာ တကယ်ကို ထူးဆန်းသည်။
လုမင်က သိုင်းစင်မြင့်ပေါ်သို့ တက်လှမ်းလာပြီး ကျီးဖျင်ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။ "တက်လာခဲ့စမ်း"
ကျီးဖျင်လည်း မျက်နှာမသာမယာဖြင့် သိုင်းစင်မြင့်ပေါ်သို့ တက်လှမ်းခဲ့လေသည်။ သူက လုမင်ကို ကြည့်ကာ ပြောလိုက်သည်။
"လုမင်... မင်းကို ငါ အကြံပေးချင်တယ်၊ အခုပဲ အရှုံးပေးလိုက်ပါ...။ မဟုတ်လို့ နောက်တစ်ချီမှာ ငါ့အစ်ကိုနဲ့ တွေ့ရင် မင်း အသေဆိုးနဲ့ သေရလိမ့်မယ်"
ယခုအချိန်တွင် ကျီးဖျင်၏ စိတ်ထဲ၌ အလွန်ပင် ရှုပ်ထွေးနေသည်။
သူသည် လုမင်ကို ကျီးထျန်းမှ သတ်ပစ်လိုက်သည်ကို မြင်ချင်သည်မှာ မှန်ကန်သော်လည်း... အကယ်၍ လုမင်က ဆက်လက် တိုက်ခိုက်နေပါက သူကိုယ်တိုင်မှာ ဦးဆုံးဒုက္ခရောက်လိမ့်မည်။
"မင်းက ငါ့အတွက် တကယ်တွေးပေးနေတာလား။ ငါတော့ နားမလည်တော့ဘူး။ အရင်တုန်းက ငါ မင်းကို အသေဆော်ခဲ့တာလေ"
လုမင်က တမင်တကာပင် အံ့အားသင့်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကျီးဖျင်က အံကြိတ်ပြီး သူ့စိတ်ထဲမှ အော်ဟစ်လိုက်၏။
'ဒီတစ်ချီအတွက်သာ မဟုတ်ရင် ငါ မင်းအတွက် တွေးပေးနေပါ့မလား'
သို့သော်လည်း ဤအခိုက်မှာတော့ သူ့စိတ်ထဲမှအတွေးနှင့် ဆန့်ကျင်ဘက်ပြုကာ ပြောရတော့သည်။
"အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါပြီ။ မင်းက အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်လို့ ငါ ထင်တယ်။ ဒါကြောင့် အမြန်ဆုံး အရှုံးပေးလိုက်ပါ"
"အရှုံးပေးရမယ်... ဟုတ်လား။ နေပါစေ... ငါ့ရဲ့ အစီအစဉ်က မင်းကို အရင်ဆုံး ရိုက်မယ်၊ ပြီးရင် မင်းရဲ့ အစ်ကိုကြီးကိုပါ ဆက်ပြီး ရိုက်ဖို့ပဲ"
လုမင်က ပြုံးလိုက်သည်။ သူက သူ၏ လက်သီးကိုပင် ထုတ်ပြလိုက်သေးသည်။
"မင်းက အရူးပဲ"
ကျီးဖျင်က အော်ဟစ်လိုက်ပြီးနောက် ရုတ်တရက် လှည့်ကာ သိုင်းစင်မြင့်အောက်သို့ ပြေးဆင်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း လုမင်က လျင်မြန်စွာလှုပ်ရှားပြီး သူ့နောက်သို့ လိုက်မီသွား၏။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ လျှပ်စီးများ တဖျတ်ဖျတ် လက်လာပြီး ကျီးဖျင်အား ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ လွှမ်းခြုံသွားတော့သည်။
ကျီးဖျင်က အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း လျှပ်စီးများ ကျရောက်လာသည့်အခါ သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှုများအားလုံး ပြိုလဲသွားခဲ့ရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ကျီးဖျင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားပြီး အနက်ရောင် မြွေငယ်လေးများ လူးလွန့်နေသကဲ့သို့ ရှိနေတော့သည်။
"ဖြန်း"
ယင်းနောက် လုမင်က ကျီးဖျင်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကျီးဖျင်က အော်ဟစ်လိုက်ရင်း သွေးများနှင့်အတူ သွားများကို ထွေးထုတ်လိုက်ရ၏။ ကျီးဖျင်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများက ပိုမို ဖုံးလွှမ်းသွားခဲ့ချေပြီ။
သူ၏ ဆံပင်များမှာ ထောင်ထနေပြီး ဒွါရခုနစ်ပေါက်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေပေရာ အလွန်ပင် သနားစရာကောင်းလှသည်။
ပွဲကြည့်စင်ပေါ်တွင် ယိုးနင်၊ ကျီးထျန်းနှင့် ကျီးထျန်း၏ ဖခင်ဖြစ်သူ စစ်ဦးစီးချုပ်တို့မှာလည်း မျက်နှာများ မည်းမှောင်နေကြတော့သည်။
သူတို့၏ အမြင်အရ လုမင်က ကျီးဖျင်အား ဤသို့ နှိပ်စက်နေခြင်းမှာ သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
"သူ ကျီးဖျင်ကို ဘယ်လို ဆက်ဆံခဲ့လဲ။ ခဏနေရင် ငါ သူ့ကို ဆယ်ဆပြန်ပေးဆပ်စေရမယ်"
ကျီးထျန်းက အံကြိတ်ကာ ပြောလိုက်သည်။
လုမင်က ကျီးဖျင်၏ လည်ပင်းကို ဆွဲကိုင်ကာ သိုင်းစင်မြင့်၏ အစွန်းသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထို့နောက် ကျီးဖျင်ကို အောက်သို့ လွှင့်ပစ်လိုက်၏။
သူက ကျီးထျန်းကို လက်ညှိုးထိုးကာ လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်ရင်း ပြောလိုက်သည်။
"ဘုရင်ခန္ဓာ... လာခဲ့စမ်း"
"ဝှစ်..."
ကျီးထျန်းလည်း ဆက်လက် အောင့်မထားနိုင်တော့ဘဲ သိုင်းစင်မြင့်ပေါ်သို့ ချက်ချင်း ပြေးတက်လာတော့သည်။
မည်သို့ပင်ဖြစ်စေ၊ ယိုးမျိုးနွယ်စုတွင် သူ တစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် နံပါတ်နှိုက်နေရန် မလိုအပ်တော့ချေ။
"ဒီလုမင်က တကယ်ပဲ ကျီးထျန်းနဲ့ တိုက်ခိုက်ချင်နေတာလား။ သူက ဘယ်ကနေ သတ္တိတွေ ရနေတာလဲ"
"ထူးဆန်းတယ်၊ လုမင်မှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေလို့လား"
"ဒါက တရားမျှတတဲ့ တိုက်ပွဲပဲလေ။ သူက ဧကရာဇ်လက်နက်ကို သုံးခွင့်မရှိဘူး၊ သူ့မှာ ဘုရင်ခန္ဓာလည်း မရှိဘဲနဲ့ ဘာလျှို့ဝှက်ချက် ရှိနိုင်ဦးမှာလဲ"
လူတိုင်းက ဆွေးနွေးနေကြသော်လည်း လုမင်၏ အစီအစဉ်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။
ကျီးထျန်း၏ တိုက်ခိုက်နိုင်စွမ်းအရ လုမင်သာ ကျီးထျန်းနှင့် ရင်ဆိုင်လျှင် သေဆုံးခြင်းမှတပါး အခြားမရှိပါ။ အဘယ်ကြောင့် သူသည် စောစောကတည်းက အရှုံးမပေးခဲ့ဘဲ ယခုအချိန်အထိ တောင့်ခံနေရသနည်း။
သူက ကျီးဖျင်ကို အရှက်ခွဲချင်ရုံ သက်သက်လား။ သို့သော်လည်း မိမိ၏ အသက်ကိုရင်းပြီး ထိုသို့ ပြုလုပ်ရန် မလိုအပ်ပါချေ။
လူအများက တိုက်ပွဲစင်မြင့်ကို ကြည့်ကာ လုမင်းအား မည်သည့်ကံကြမ္မာက စောင့်ကြိုနေမည်ကို တွေးတောနေကြတော့သည်။