← Chapters

အခန်း ၂၀၃၅

Vol. 139 Ch. 2035

အခန်း ၂၀၃၅

Vol. 139 Ch. 2035

အပိုင်း ( 2035 ) သူ့မှာလည်း ဘုရင်ခန္ဓာရှိတယ်။

ကျီးထျန်း၏ မျက်လုံးများမှာ အလွန်အမင်း အေးစက်နေသည်။ ငရဲကမ္ဘာခြောက်ခု ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ လုမင်ထံသို့ တိုးဝင်လာ၏။

"အခုတော့ မင်းမှာ အရှုံးပေးဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်တော့ဘူး"

ကျီးထျန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

"ငါ အရှုံးပေးမယ်လို့ ဘယ်သူပြောလဲ။ တကယ်ကို ရယ်စရာကောင်းတယ်။ ငါ့ဘက်ကနေ အစကတည်းက အရှုံးပေးမယ်လို့ မပြောခဲ့ဖူးဘူး။ မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ထင်ကြေးတွေကို ရပ်လိုက်တော့"

လုမင်က နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်၏။

"ကောင်းတယ်၊ ဒီလိုဆိုမှတော့ မင်းကို သိုင်းစင်မြင့်ပေါ်မှာ ဒူးထောက်ခိုင်းပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လာအောင် ငါ လုပ်ပြရတော့မှာပေါ့"

ကျီးထျန်းက အေးစက်စွာ ဆိုသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ငရဲကမ္ဘာခြောက်ခုမှာလည်း သူနှင့်အတူ လှုပ်ရှားသွား၏။ သူ၏အရှိန်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အလွန်ပင် လျင်မြန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လုမင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ဝုန်း"

ကျီးထျန်းက လက်သီးဖြင့် ထိုးနှက်လိုက်ရာ သွေးငရဲကမ္ဘာ တစ်ခုက သူ၏လက်သီးနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ၎င်းက လုမင်အား လွှမ်းခြုံထားသော သွေးပင်လယ်ကြီးနှင့်တူပြီး သွေးညှီနံ့များမှာလည်း တထောင်းထောင်းထနေ၏။

"ကလစ်...ကလစ်..."

လုမင်က လက်သီးဆုပ်လိုက်ရာ အနက်ရောင် လျှပ်စီးအိုးတစ်လုံး ပေါ်လာသည်။ သူသည်လည်း လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်၏။

"ဒုန်း..."

လက်သီးနှစ်လုံးက ထိပ်တိုက်ရင်ဆိုင်မိသည့်အခါ ကောင်းကင်ယံမှာ စည်တော်ကြီး တစ်လုံး တီးခတ်လိုက်ကဲ့သို့ပင် ပေါက်ကွဲသံနှင့်အတူ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ လျှပ်စီးများနှင့် သွေးပင်လယ်ရေများမှာ အရပ်ရပ်သို့ ပေါက်ကွဲလွင့်စဉ်သွားကြသည်။

ထို့နောက်၊ လူရိပ်တစ်ခုက တုန်ခါသွားပြီး ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်ခွာသွားရ၏။

နောက်သို့ ဆုတ်ခွာသွားရသူမှာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ကျီးထျန်း ဖြစ်နေတော့သည်။

မြင်ကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူပေါင်းများစွာ ကြက်သေသေနေကြပြီး အချို့မှာမူ သိုင်းစင်ပေါ်မှ အခြေအနေကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။

လုမင်က ကျီးထျန်းအား ထိပ်တိုက်ရင်ဆိုင်မှုတွင် အမှန်တကယ် နောက်သို့ တွန်းထုတ်နိုင်ခဲ့ချေပြီ။ ဒါက အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်တွင်သာ ရှိနေသဖြင့် ကျီးထျန်းထက် နိမ့်ပါးနေသည်မှာ အထင်အရှားပင်။ ထို့ပြင် သူ့တွင် ဘုရင်ခန္ဓာလည်း မရှိပါ။ သူက ကျီးထျန်းကို မည်သို့ နောက်သို့ ဆုတ်သွားစေနိုင်ရသနည်း။

ဒါက တကယ်ကို မယုံကြည်နိုင်စရာပင်။

"ကျီးထျန်း... မပေါ့လျော့စမ်းနဲ့။ မင်းရဲ့ အစွမ်းကို အပြည့်အဝ အသုံးပြုချေ"

ထိုခဏတွင် ယိုးမျိုးနွယ်စု ခေါင်းဆောင်၏ အသံက ဟိန်းထွက်လာသည်။

သူ့အမြင်တွင်၊ ကျီးထျန်းက အလွန် ပေါ့ဆနေပြီး သူ့အစွမ်းကုန် အသုံးမပြုသေးသောကြောင့် လုမင်၏ တွန်းပို့ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

လူအများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ဒါက သဘာဝကျပေသည်။ မဟုတ်လျှင်၊ လုမင်က ကျီးထျန်းကို မည်သို့ နောက်သို့ ဆုတ်စေနိုင်ပါမည်နည်း။

သို့သော်လည်း ကျီးထျန်း၏ မျက်လုံးများမှာမူ အလွန်ပင် လေးနက်တည်ကြည်သည်။ သူ၏ စိတ်ထဲမှာလည်း လှိုင်းတံပိုးများ ထကြွနေတော့သည်။

အခြားသူများက သူ ပေါ့ဆနေသည်ဟု ထင်ကြသော်လည်း လုမင်၏ လက်သီးချက်က မည်မျှစွမ်းအားကြီးသည်ကို သူကိုယ်တိုင်သာ သိရှိသည်။

လုမင်၏ သူတော်စင်စွမ်းအင်က အဆုံးမဲ့ပြီး သူ့ထက် လုံးဝ မနိမ့်ပါးချေ။ ထို့ပြင် လုမင်၏ ဝိညာဉ်ခန္ဓာ စွမ်းအားက သာ၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။

သူသည် စောစောက အစွမ်းကုန် အသုံးမပြုခဲ့သည်မှာ မှန်ကန်သော်လည်း လုမင်၏ ခွန်အားက သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့ချေပြီ။

"ငရဲခြောက်ထပ် နတ်ဆိုးလက်သီး"

ကျီးထျန်းက ဟိန်းဟောက်လိုက်သည်။ ငရဲကမ္ဘာ ခြောက်ခုမှာ မတူညီသော အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်လာကြ၏။ ၎င်းက ကြောက်မက်ဖွယ် လက်သီးအင်အားများအဖြစ် ပြောင်းလဲကာ လုမင်ထံသို့ လွှမ်းမိုးချုပ်ကိုင်သော ပုံစံဖြင့် တိုးဝင်သွားတော့သည်။

သူ၏ အရှိန်အဝါက ယခင်ကထက် များစွာ သာလွန်လာခဲ့သည်။

"လာတာကောင်းတယ်"

လုမင်က လုံးဝ နောက်မဆုတ်ပေ။ သူရ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ လက်သီးချက်တိုင်းတွင် လျှပ်စီးများ လင်းလက်နေကြ၏။

"ဝုန်း... ဝုန်း..."

သူတို့နှစ်ဦးက လျင်မြန်သောအဟုန်ဖြင့် တိုက်ခိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း၊ တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် ဖလှယ်ခဲ့၏။ တိုက်ခိုက်မှု အားလှိုင်းများမှာလည်း အရပ်ရပ်သို့ ပေါက်ကွဲထွက်ကာ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

သို့သော်လည်း လုမင်က အားနည်းသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ပေ။ သူက အသာစီး ရနေပုံပင် ရှိသည်။

ဤတစ်ကြိမ်တွင်မူ လူတိုင်းက ဘာပြောရမည်မှန်း မသိကြတော့ပေ။

ယိုးမျိုးနွယ်စုနှင့် လော့မျိုးနွယ်စုမှ လူများပင်လျှင် တုန်လှုပ်နေကြရသည်။

မျိုးနွယ်စုနှစ်ခု၏ ခေါင်းဆောင်များနှင့် စစ်မှန်သော ဧကရာဇ် အချို့ပင်လျှင် အလွန်အမင်း အံ့အားသင့်နေကြတော့သည်။

သူ့တွင် ဘုရင်ခန္ဓာ မရှိသလို ကျင့်ကြံမှုမှာလည်း တစ်ဆင့် နိမ့်နေပါသော်လည်း ကျီးထျန်းနှင့် ရင်ဘောင်တန်း တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းမျိုးကို သူတို့ပင်လျှင် တစ်ခါမျှ မကြားဖူးခဲ့ချေ။

"သူက ဒီလောက်တောင် သန်မာတာလား"

လော့ရွှမ်၊ ဝူရှီနှင့် အခြားသူများမှာ ပထမပိုင်းတွင် မှင်တက်နေခဲ့သော်လည်း မကြာမီမှာပင် သူတို့၏ မျက်လုံးများ ဝင်းလက်လာကြတော့သည်။

လုမင်တွင် ဘုရင်ခန္ဓာ ရှိပြီး ဘုရင်နိယာမကို ထိန်းချုပ်နိုင်ကြောင်း သူတို့ သိရှိထားကြသည်။ ယခုတော့ ဘုရင်နိယာမကိုပင် မသုံးဘဲ ကျီးထျန်းနှင့် ရင်ဆိုင်နိုင်နေပြီ။ အကယ်၍၊ ဘုရင်နိယာမကိုသာ သုံးလိုက်ပါက အမှန်တကယ် အနိုင်ရနိုင်သည်။

မူလက မျှော်လင့်ချက် မရှိတော့ဟု ထင်ထားသော်လည်း ယခုမူ မျှော်လင့်ချက် ရောင်ခြည်ကို သူတို့ မြင်တွေ့လိုက်ရပြီ။

ယိုးနင်၏ မျက်နှာမှာမူ အလွန်ပင် မှုန်မှိုင်းနေသည်။ လုမင်က အစပိုင်းက သူ့ဘက်မှလူ ဖြစ်ခဲ့ပေသည်။ သို့သော်လည်း နောက်ပိုင်းတွင်၊ သူမကိုယ်တိုင် မောင်းထုတ်ခဲ့ခြင်းဖြစ်ရာ အလွန် စိတ်မသက်မသာ ဖြစ်နေတော့သည်။

'သူ ဘယ်လောက်ပဲ သန်မာနေပါစေ အသုံးမဝင်ပါဘူး။ နောက်ဆုံး အောင်ပွဲက ငါ့ဘက်မှာပဲ ရှိတယ်။ ကျီးထျန်းက နိယာမအလင်းကို မသုံးရသေးဘူး။ သူ သေချာပေါက် အနိုင်ရလိမ့်မယ်။ ငါ ကျီးထျန်းကို ရွေးချယ်ခဲ့တာ... ငါ မှန်တယ်'

ယိုးနင်က သူမ၏ စိတ်ထဲမှ သူ့ကိုယ်သူ ပြန်လည် သတိပေးနေမိသည်။

"ဝုန်း..."

လုမင်နှင့် ကျီးထျန်းတို့က နောက်ထပ် တိုက်ကွက်တစ်ခု ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး နောက်သို့ ဆုတ်ခွာသွားကြသည်။

သို့သော်လည်း လုမင်က ငါးလှမ်းသာ ဆုတ်ခွာခဲ့ရပြီး ကျီးထျန်းမှာမူ ခုနစ်လှမ်းအထိ ဆုတ်ခွာသွားခဲ့ရပေသည်။

ကျီးထျန်း၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။

သူ့တွင် ဘုရင်ခန္ဓာ ရှိပါသော်လည်း လုမင်နှင့် ဤသို့ တိုက်ခိုက်နေရသည်မှာ ယနေ့တွင် သူ၏ မျက်နှာကို အကြီးအကျယ် ပျက်ယွင်းစေခဲ့ချေပြီ။ ယနေ့တွင် သူက လုမင်၏ သွေးဖြင့် သူ၏အရှက်တရားကို ပြန်လည် ဆေးကြောရမည် ဖြစ်သည်။

"လုမင်... မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ပဲ ငါ့ရဲ့ မျှော်လင့်ချက်ထက် သာလွန်ပါတယ်။ ဒါပေမဲ့... မင်း ရှုံးနိမ့်မှုကို မရှောင်လွှဲနိုင်ဘူး"

ကျီးထျန်းက အော်ဟစ်လိုက်သည်။ နိယာမအလင်းများက ပျံ့နှံ့သွားပြီး သူ့အား ဝန်းရံလိုက်၏။ သူ၏ အရှိန်အဝါမှာလည်း ပိုမို အားကောင်းလာတော့သည်။

"ဝုန်း..."

နိယာမအလင်း၏ ပံ့ပိုးမှုဖြင့် ကျီးထျန်း၏ အရှိန်အဝါမှာ အဆများစွာ မြင့်တက်လာခဲ့သည်။ သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ ငရဲကမ္ဘာ ခြောက်ခုလုံးက သူ၏ လက်သီးနှင့်အတူ လှုပ်ရှားသွားပြီး လုမင်အပေါ်သို့ ဖိနှိပ်ကျရောက်သွား၏။

လုမင်က လက်သီးဖြင့် ထိုးနှက်ကာ ကျီးထျန်း၏ တိုက်ခိုက်မှုကို ထပ်မံ ရင်ဆိုင်လိုက်သည်။

"ဝုန်း..."

ဤတစ်ကြိမ်တွင်၊ လုမင်က ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ သူ့ပုံရိပ်မှာ နောက်သို့ လွင့်စဉ်သွားတော့သည်။

"နှမြောစရာပဲ"

လော့မျိုးနွယ်စုမှ ပညာရှင်များက သက်ပြင်းချလိုက်ကြသည်။

အကယ်၍ ကျီးထျန်းသာ နိယာမအလင်းကို ကျင့်ကြံအောင်မြင်မထားလျှင်... သူတို့၏ လော့မျိုးနွယ်စု အနိုင်ရရန် အခွင့်အရေးမှာ အလွန် များပြားလှပေသည်။

သို့သော်လည်း ကျီးထျန်းက နိယာမအလင်းကို အောင်မြင်ထားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်သားတော်များ ပေါ်ထွက်မလာလျှင် သို့မဟုတ် လူငယ်မျိုးဆက်ထဲမှ တစ်ဦးဦးက ဧကရာဇ်တစ်ပိုင်း အဆင့်သို့ တက်လှမ်းမလာလျှင် မည်သူမျှ ကျီးထျန်း၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အဆုံးမဲ့နတ်ဆိုးနယ်မြေ တစ်ခုလုံးမှာပင် ကောင်းကင်သားတော်က မည်မျှ ရှိသနည်း။

ယိုးလော့နတ်ဆိုးတိုင်းပြည်မှာဆိုလျှင် အသက် ငါးဆယ်အောက်ဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သူ မရှိပါချေ။

အခြားသူများမှာလည်း လုမင် သေချာပေါက် ရှုံးလိမ့်မည်ဟု ထင်မှတ်ကာ ခေါင်းယမ်းလိုက်ကြသည်။

"ဒူးထောက်စမ်း"

ကျီးထျန်းက တစ်ကွက်တည်းနှင့် အသာစီး ရသွားခဲ့သည်။ သူက အရှိန်အဝါကြီးစွာဖြင့် လုမင်အား အပြတ်အသတ် ခြေမှုန်းရန် ဖိနှိပ်တိုက်ခိုက်လိုက်၏။

"နိယာမအလင်းက တကယ်ပဲ အစွမ်းထက်တာပဲ"

လုမင်က နှုတ်ခမ်းကို တွန့်လိုက်သည်။ သို့သော်၊ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။

ထိုခဏတွင် သူက လက်တစ်ဖက်ကို မြှောက်ကာ လက်ညှိုးဖြင့် တစ်ချက် ညွှန်ပြလိုက်သည်။

သို့သော်၊ ဤလက်ညှိုးတွင် အနက်ရောင် လျှပ်စီးများ မရှိတော့ချေ။ ယင်းအစား အဆုံးမဲ့ ရွန်းများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

"ဝုန်း..."

အဆုံးမဲ့ရွန်းများမှာ အစစ်အမှန်နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ အစစ်အမှန် နဂါးက ဟိန်းဟောက်လိုက်ရင်း ကျီးထျန်းထံသို့ ခုန်အုပ်လိုက်တော့သည်။

"ဝုန်း"

အစစ်အမှန်နဂါး၏ လက်သည်းက ကျီးထျန်း၏ လက်သီးအင်အားကို ဆွဲဖြဲပစ်လိုက်သည်။ ထူထပ်သော ရွန်းများက ကျီးထျန်းထံသို့ ဆက်လက် ပျံ့နှံ့သွား၏။

ကျီးထျန်းလည်း ထိတ်လန့်တကြား အော်ဟစ်ပြီး ငရဲကမ္ဘာ ခြောက်ခုဖြင့် အဆုံးမဲ့ ရွန်းများကို တားဆီးရန် ကြိုးစားတော့သည်။

"ဘုရင်လမ်းစဉ်နိယာမ... မင်းမှာလည်း ဘုရင်ခန္ဓာ ရှိတာလား"

ကျီးထျန်း၏ အော်သံမှာ တစ်ကွင်းလုံးတွင် ပဲ့တင်ထပ်သွားသည်။

တိတ်ဆိတ်သည်၊ တစ်ကွင်းလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ချေပြီ။

လူတိုင်းမှာလည်း ကြက်သေသေသွားကြပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

ဘုရင်ခန္ဓာလား... လုမင်မှာ တကယ်ပဲ ဘုရင်ခန္ဓာ ရှိနေတာလား...

သို့ဆိုလျှင်၊ အစောပိုင်းက သူဟာ အဘယ်ကြောင့် နတ်ဆိုးလျှပ်စီးနိယာမကို အသုံးပြုခဲ့သနည်း။

လူတစ်ယောက်က နိယာမ နှစ်မျိုးကို ထိန်းချုပ်ထားခြင်းမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။ သူက သိုင်းဧကရာဇ်တောင် မဟုတ်သေးပေ။

လူအများက သူတို့၏ ဦးနှောက်များ အလုပ်မလုပ်နိုင်တော့သကဲ့သို့ ခံစားလိုက်ကြရသည်။

သို့သော်လည်း လုမင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံနေသော ထူထပ်လှသည့် ရွန်းများကို လူတိုင်းမြင်ကြရသည်။ လုမင်က ဘုရင်လမ်းစဉ်နိယာမကို အမှန်တကယ် ထိန်းချုပ်ထားနိုင်ပြီး ဘုရင်ခန္ဓာဖြစ်ကြောင်း သူတို့ နားလည်ခဲ့ကြပြီ။

"ဘုရင်လမ်းစဉ်နိယာမထဲက အစီရင်လမ်းစဉ်နိယာမပဲ... ဟားဟားဟား"

လော့မျိုးနွယ်စု ခေါင်းဆောင်မှာ ရုတ်တရက် အားရပါးရ ရယ်မောလိုက်တော့သည်။

ယနေ့ ဖြစ်ပျက်သမျှမှာ သူ၏ မျှော်လင့်ချက်ထက် များစွာ သာလွန်သည်။

လုမင်တွင် အမှန်တကယ် ဘုရင်ခန္ဓာ ရှိနေချေပြီ။ အစောပိုင်းက ဘုရင်နိယာမကို မသုံးဘဲနှင့်တောင် သူက ဤမျှ သန်မာနေလျှင်... ယခု ဘုရင်နိယာမကို သုံးလိုက်ပါက သူ မည်မျှအထိ သန်မာလာမည်နည်း။

"ရွှမ်အာ... လုမင်မှာ ဘုရင်ခန္ဓာ ရှိတာကို မင်း အရင်ကတည်းက သိထားတာ မဟုတ်လား"

လော့မျိုးနွယ်စု ခေါင်းဆောင်က လော့ရွှမ်ကို ကြည့်ကာ မေးလိုက်သည်။

လော့ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"သူ့မှာ ဘုရင်ခန္ဓာ ရှိတာကို သမီး သိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်အထိ သန်မာလိမ့်မယ်လို့တော့ သမီးလည်း မမျှော်လင့်ခဲ့ဘူး"

နောက်ဆုံးမှာတော့ သာမန် ဘုရင်ခန္ဓာများက ဤမျှသန်မာသော တိုက်ခိုက်နိုင်စွမ်းကို မပိုင်ဆိုင်နိုင်ပေ။

All Chapters