အခန်း ၂၀၃၆
Vol. 139 Ch. 2036
အပိုင်း ( 2036 ) ရှင် နောင်တရလား။
"ချွတ်..."
ယိုးနင်၏ မျက်လုံးများက အေးစက်နေသည်။ သူ့လက်ထဲမှ ကျောက်စိမ်းရေခွက်ကို ချေမွပစ်လိုက်၏။
လုမင်က အမှန်တကယ်ပင် ဘုရင်ခန္ဓာပိုင်ရှင် ဖြစ်နေခဲ့သည်။ ၎င်းကို သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
အကယ်၍ လုမင်တွင် ဘုရင်ခန္ဓာရှိပြီး ဤမျှသန်မာသော တိုက်ခိုက်နိုင်စွမ်း ရှိမှန်းသာ သူသိခဲ့လျှင် ဆုံးဖြတ်ချက်မချမီ နှစ်ခါပြန် စဉ်းစားခဲ့မိပေလိမ့်မည်။
'ကျီးထျန်းက သေချာပေါက် နိုင်မှာပါ'
ယိုးနင်က သူ့ကိုယ်သူ ပြန်လည်သတိပေးရင်း စိတ်ထဲမှ အော်လိုက်သည်။ သို့သော်လည်း တင်းတင်းဆုပ်ထားသော သူ၏လက်သီးဆုပ်များက သူ မည်မျှအထိ စိတ်လှုပ်ရှားနေသည်ကို ဖော်ပြနေတော့သည်။
ထိုအချိန်တွင် သတိပြန်လည်လာသော ကျီးဖျင်မှာလည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
"ဘုရင်ခန္ဓာက ဘာမှလည်း မထူးဆန်းပါဘူး"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"လုမင်... မင်းက ဘုရင်နိယာမကို နားလည်ထားရုံနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မထင်နဲ့။ နိယာမအလင်း မရှိရင် အရာအားလုံးက အလကားပဲ။ သေလိုက်စမ်း"
ကျီးထျန်းက ဟိန်းဟောက်လိုက်ပြီး လုမင်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
ငရဲခြောက်ထပ်နိယာမ၊ နိယာမအလင်းနှင့် နတ်ဘုရားစွမ်းရည်များအားလုံးကို ကျီးထျန်းက အစွမ်းကုန် ထုတ်ဖော်လိုက်၏။
"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
လုမင်က ခပ်တိုးတိုးလေးရေရွတ်လိုက်ပြီး နောက်ထပ် လက်ညှိုးတစ်ချက် ထိုးလိုက်ပြန်သည်။
ရွန်းများက လေထုထဲတွင် ပြည့်နှက်သွားပြီး နောက်ထပ် အစစ်အမှန်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွား၏။ ၎င်းက ကျီးထျန်းထံသို့ ခုန်အုပ်လိုက်တော့သည်။
ဤအစစ်အမှန်နဂါးတွင် အစီရင်နိယာမ၏ ကျမ်းစာလိပ်ကိုးတွဲမှ သုံးစောင် ပါဝင်သည်။
လုမင်က ယခင်တိုက်ခိုက်မှုတွင် ပုံရိပ်ယောင်ဝိညာဉ်ကျမ်းနှင့် တံဆိပ်ခတ်ခြင်းကျမ်းတို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယခုတိုက်ကွက်တွင်မူ လုမင်က ဖျက်ဆီးခြင်းကျမ်း၊ ပုံရိပ်ယောင်ဝိညာဉ်ကျမ်းနှင့် တံဆိပ်ခတ်ခြင်းကျမ်း သုံးမျိုးစလုံးကို အသုံးပြုလိုက်ပြီ။ ဤတိုက်ခိုက်မှု၏ စွမ်းအားက ကစဉ့်ကလျားကပ်ဘေးလက်ချောင်း၏ စွမ်းအားနီးပါး ရှိနေပြီ ဖြစ်သည်။
"ဝုန်း"
အစစ်အမှန်နဂါးက ကျီးထျန်းနှင့် ထိပ်တိုက်တွေ့သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကျီးထျန်း၏ လက်သီးအင်အားကို ဆွဲဖြဲပစ်လိုက်သည်။ အဆုံးမဲ့ ရွန်းများက ကျီးထျန်းထံသို့ တိုးဝင်သွား၏။
ကျီးထျန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ လွင့်စဉ်သွားကာ လေထဲမှာပင် သွေးများ အန်ထွက်လာတော့သည်။
သူက ရွန်းများဖြင့် တံဆိပ်ခတ်ခြင်းစွမ်းအားကို အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း လုမင်မှာ သူ၏အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်းနောက် လုမင်က နောက်ထပ် လက်ညှိုးတစ်ချက် ထပ်မံညွှန်ပြလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ၊ အစစ်အမှန်နဂါး မဟုတ်တော့ဘဲ ဧရာမဆင်ကြီးတစ်ကောင် ဖြစ်၏။
ဆင်ကြီး၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး တောင်ငယ်တစ်လုံးကဲ့သို့ပင်။ သူ၏ခြေထောက်များက ကောင်းကင်တိုင်လုံးကြီးများကဲ့သို့ ကျီးထျန်းအပေါ်သို့ နင်းချလိုက်သည်။
"ဝုန်း..."
ဆင်ခြေထောက်တစ်ဖက်က ကျီးထျန်း၏ မျက်နှာကို နင်းချလိုက်၏။ သူ့ခန္ဓာကိုယ်က ကြယ်ကြွေသကဲ့သို့ သိုင်းစင်မြင့်အပေါ် ပြန်ပြုတ်ကျသွားကာ စင်မြင့်တစ်ခုလုံး တုန်ခါသွားတော့သည်။
ကျီးထျန်းက သိုင်းစင်မြင့်ပေါ်တွင် လဲကျနေသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေကာ ပါးစပ်မှ သွေးများလည်း တပွက်ပွက် အန်ထွက်နေ၏။
ကျီးထျန်း ရှုံးနိမ့်သွားခဲ့ပြီ။ ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံလိုက်ရပြီ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အသံမထွက်နိုင်ကြတော့ပေ။
ကျီးထျန်းမှာ ယိုးလော့နတ်ဆိုးတိုင်းပြည်၏ နံပါတ်တစ်ပါရမီရှင်အဖြစ် လူသိများခဲ့သူ ဖြစ်သည်။ ယခုအခါ သူက နိယာမအလင်းကိုပင် ကျင့်ကြံအောင်မြင်ထားပြီဖြစ်၍ သာ၍ပင် အစွမ်းထက်နေတော့သည်။
သို့သော်လည်း ထိုမျှအစွမ်းထက်သူမှာ လုမင်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။ ထို့ထက်၊ လုမင်၏ ကျင့်ကြံမှုမှာ သူ့ထက် နိမ့်ကျနေသေးသည်။
ကျင့်ကြံမှုအဆင့်က နိမ့်ကျသလို၊ နိယာမအလင်းကိုလည်း ကျင့်ကြံထားခြင်း မရှိသေးပါဘဲနှင့် ကျီးထျန်းကို အနိုင်ယူနိုင်ခဲ့သည်မှာ တကယ့်ကို မယုံကြည်နိုင်စရာပင် ဖြစ်သည်။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျီးထျန်း၏ ဘေးသို့ ရောက်ရှိလာသည်။
ဤအခိုက်တွင်၊ ကျီးထျန်းက ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း လုမင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သည့်အလား ဒေါသတကြီး စိုက်ကြည့်နေဆဲပင်။
"ဘာကြည့်နေတာလဲ။ ငါ ပြောထားတယ်...၊ ဘုရင်ခန္ဓာက အထူးအဆန်း မဟုတ်သလို၊ နိယာမအလင်းဆိုတာကလည်း ဘာမှ မဟုတ်ဘူး"
လုမင်က အထင်အမြင်သေးသော အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။ ထို့နောက် ကျီးထျန်း၏ မျက်နှာကို ကန်ထုတ်လိုက်ရာ သူက သိုင်းစင်မြင့်အောက်သို့ လွင့်စဉ်သွားတော့သည်။
လုမင်က ကျီးထျန်းကို မသတ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤနေရာမှာ ယိုးလော့နတ်ဆိုးတိုင်းပြည် ဖြစ်သည်။ ကျီးထျန်း၏ ဖခင်နှင့် ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူ အများအပြားလည်း ရှိနေကြ၏။ အကယ်၍ ကျီးထျန်းကို သတ်လိုက်လျှင်၊ သူတို့က သူ့ကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ချေ။
ယခုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာက စွမ်းအင် အလုံအလောက် မရှိသေးပါ။ သူ၏ ရည်မှန်းချက်မှာလည်း ထာဝရနတ်ဆိုးတိုင်းပြည်သို့ သွားရန် ဖြစ်သဖြင့် မလိုအပ်ဘဲ ပြဿနာများ ထပ်မံ မဖန်တီးလိုတော့ချေ။
"ကောင်းတယ်... ကောင်းတယ်၊ ဟားဟားဟား"
လော့မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသော ကျွမ်းကျင်သူများက နေရာမှ ထရပ်လိုက်ကြပြီး အားရပါးရ ရယ်မောလိုက်ကြသည်။
လော့မျိုးနွယ်စု အနိုင်ရရှိသွားခဲ့ပြီ။
နောက်ထပ် နှစ်ပေါင်း တစ်သောင်းတိုင်အောင် လော့မျိုးနွယ်စုက ယိုးလော့နတ်ဆိုးတိုင်းပြည်ကို အုပ်ချုပ်ရပေတော့မည်။
ယခင်က ကျီးထျန်းသည် နိယာမအလင်းကို ထုတ်ဖော်ပြသခဲ့သောအခါ လော့မျိုးနွယ်စု ရှုံးနိမ့်တော့မည်ဟု သူတို့ အခိုင်အမာ ထင်ထားခဲ့ကြသည်။ သူတို့က မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြပြီး နောက်ထပ် နှစ်ပေါင်း တစ်သောင်းကြာမှသာ အခွင့်အရေး ပြန်လည် ရှာဖွေရန် ဆုံးဖြတ်ထားခဲ့ကြ၏။
သို့သော်လည်း လုမင်က ရုတ်တရက် အစွမ်းပြလာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြချေ။ ပထမအနေဖြင့် အားကောင်းသော ခွန်အားကို ပြသခဲ့သည်။ ထို့နောက် ဘုရင်နိယာမကို ထုတ်ဖော်ကာ ကျီးထျန်းကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့၏။
ဤကဲ့သို့ မမျှော်လင့်ထားသော ရလဒ်အတွက် သူတို့က မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။ မည်သို့ အားရပါးရ မရယ်မောဘဲ နေနိုင်ပါတော့မည်နည်း။
လော့ရွှမ်၊ ဝူရှီနှင့် အခြားသူများမှာလည်း ပြုံးပျော်နေကြတော့သည်။
အခြားတစ်ဖက်တွင်မူ၊ ယိုးမျိုးနွယ်စုမှ လူများမှာ ဆန့်ကျင်ဘက်ပင်။
သူတို့က သေချာပေါက် အနိုင်ရမည်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် လူတစ်ယောက်တည်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
"ဒီကောင်လေးကြောင့်ပဲ"
ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူအချို့နှင့် ကျီးထျန်း၏ ဖခင်တို့မှာ လုမင်အား အေးစက်စွာ စိုက်ကြည့်နေကြသည်။
လုမင်တစ်ယောက်တည်းကြောင့် သူတို့ ရှုံးနိမ့်ခဲ့ရခြင်းပင် မဟုတ်လော။
"ဒီကောင်လေးက ဘယ်ကနေ ရောက်လာတာလဲ။ အရင်က ဒီလိုလူမျိုး ရှိနေတာကို ကျုပ် တစ်ခါမှ မကြားဖူးပါဘူး"
တစ်ဦးက မကျေမနပ် ပြောဆိုလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားကြ၏။
"ဝုန်း..."
မင်းသမီး ယိုးနင်၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းများမှာ ယခုအခါ သွေးကြောများ ထောင်ထွက်နေတော့သည်။ သူက သူထိုင်နေသော ကုလားထိုင်၏ လက်ကိုင်ကိုပင် ချေမွပစ်လိုက်မိသည်။
သူ အလွန်ပင် ဒေါသထွက်နေမိသည်။ လုမင်သည် မူလက သူ၏ ဧည့်သည်တော် ဖြစ်ခဲ့သော်လည်း သူကိုယ်တိုင်ပင် မင်းသမီးအိမ်တော်မှ မောင်းထုတ်မိခဲ့သည် မဟုတ်ပါလား။
"အစ်မ ယိုးနင်... ဒီအတွက် ရှင့်ကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ"
ထိုခဏတွင် လော့ရွှမ်က ယိုးနင်ကို ကြည့်ကာ သာယာသော အသံဖြင့် ပြောဆိုလိုက်သည်။
လူအများစုက စိတ်ရှုပ်ထွေးသွားကြ၏။ လော့ရွှမ် ဘာကို ဆိုလိုမှန်း သူတို့ မသိကြချေ။
"လော့ရွှမ်... နင့်ပါးစပ်ပိတ်ထားစမ်း"
ယိုးနင်က အော်ဟစ်လိုက်သည်။
"အို... ဘာဖြစ်လို့လဲ၊ ကျွန်မ ပြောပြလိုက်ရင် ရှင်အရှက်ရမှာ ကြောက်လို့လား... ဒါပေမဲ့ ကျွန်မက ပြောကို ပြောရမယ်"
လော့ရွှမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။
"လုမင်ဟာ မူလက အစ်မတော် ယိုးနင်ရဲ့ ဧည့်သည်တော် ဖြစ်ခဲ့တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ သူ့ကို မင်းသမီးကြီးက အိမ်တော်ကနေ ကိုယ်တိုင် မောင်းထုတ်ခဲ့တာတဲ့။ ဒါကြောင့် သူက ကျွန်မဆီမှာ ခိုလှုံဖို့ ရောက်လာတာတဲ့လေ"
"ဟင်"
နေရာရှိ အခြေအနေကို မသိသောသူ အားလုံးမှာ မှင်တက်သွားကြရသည်။
လုမင်သည် မူလက မင်းသမီးကြီး၏ ဧည့်သည်တော် ဖြစ်သော်လည်း သူမကိုယ်တိုင်ပင် မောင်းထုတ်ခဲ့သည်။ ထို့နောက်မှသာ လုမင်က မင်းသမီးလေးထံသို့ ခိုလှုံရန် ရောက်ရှိလာခဲ့ခြင်းပင်။
ယိုးနင်၏ အဖြစ်မှာ ယောက်ဖကိုမှ ကြက်ဥတိုက်မိခြင်းမျိုး ဖြစ်သည်။
အကယ်၍ လုမင်သာ မင်းသမီးကြီးအိမ်တော်တွင် ရှိနေခဲ့ပါက ဤပြိုင်ပွဲမှာ အဖြေရှာနေရန်ပင် မလိုတော့ချေ။ ယိုးမျိုးနွယ်စုက သေချာပေါက် အနိုင်ရပေလိမ့်မည်။
ယိုးနင်၏ မျက်နှာမှာ သာ၍ပင် မည်းမှောင်သွားသည်။
ယိုးမျိုးနွယ်စုဝင်များ၏ မျက်နှာများမှာလည်း ပျက်ယွင်းကုန်ကြ၏။
ဤသို့သော ကိစ္စမျိုး အမှန်တကယ် ရှိခဲ့ပါသလော။
"ဒါ့အပြင်... လုမင်က ကျီးမျိုးနွယ်စုကို စော်ကားမိလို့ ကျီးမျိုးနွယ်စုနဲ့ ပြန်အဆင်ပြေအောင်ဆိုပြီး လုမင်ကို အိမ်တော်ကနေ မောင်းထုတ်ခဲ့ရတာလို့လည်း ကြားတယ်။ ရှင့်မျက်စိထဲမှာ ကျီးမျိုးနွယ်စု ဒါမှမဟုတ် ကျီးထျန်းက လုမင်ထက် ပိုအရေးကြီးနေလို့ ဖြစ်မှာပေါ့။ ကျွန်မပြောတာ မှန်တယ် မဟုတ်လား... အစ်မတော် ယိုးနင်"
လော့ရွှမ်က သူမ၏ သွားစွယ်လေးနှစ်ချောင်း ပေါ်အောင် ပြုံးပြရင်း ဆက်လက် ပြောဆိုလိုက်၏။ သူက အမှန်တကယ် ရိုးသားသော အသွင်မျိုးဖြင့် ပြောနေခြင်း ဖြစ်သည်။
ယိုးနင် မျက်နှာပျက်နေသည်ကို ကြည့်ရသည်မှာ သူ့အတွက် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
'ဒါကြောင့်ကိုး'
လူတိုင်း သဘောပေါက်သွားကြသည်။
လုမင်က ကျီးမျိုးနွယ်စုကို စော်ကားမိသဖြင့် ကျီးမျိုးနွယ်စုနှင့် ပြန်လည်သင့်မြတ်စေရန် မင်းသမီးကြီးက လုမင်ကို မောင်းထုတ်ခဲ့ခြင်းပင်။
နောက်ဆုံးတွင်၊ ထိုအချိန်က မင်းသမီးကြီးအနေဖြင့် ပြိုင်ပွဲတွင် အနိုင်ရရန် ကျီးထျန်း၏ အကူအညီ လိုအပ်နေခဲ့သည် မဟုတ်ပါလား။
ထိုအချိန်က မင်းသမီးကြီး၏ အမြင်တွင် ကျီးထျန်း၏ တန်ဖိုးမှာ လုမင်ထက် များစွာ သာလွန်နေခဲ့သည်။
သို့ရာတွင်၊ တကယ့်အမှန်တရားက အဘယ်နည်း။
ယိုးနင်ကိုယ်တိုင်က အောင်ပွဲကို လော့မျိုးနွယ်စုထံသို့ ပေးအပ်လိုက်ခြင်း ဖြစ်တော့သည်။ သူမ တန်ဖိုးထားခဲ့သော ကျီးထျန်းမှာမူ လုမင်၏ လက်ချက်ဖြင့် အပြတ်အသတ် ခြေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ ဤသည်မှာ မည်မျှ ကမောက်ကမ ဖြစ်လိုက်ပါသနည်း။
ယိုးမျိုးနွယ်စုမှ ကျွမ်းကျင်သူများ၊ ကျီးထျန်း၏ ဖခင်နှင့် ကျီးထျန်း၏ ဦးလေးတို့မှာ မျက်နှာများ အလွန်ပင် ပျက်ယွင်းနေကြတော့သည်။
"အစ်မတော် ယိုးနင်... အခု ရှင် ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ သိချင်မိတယ်။ ရှင် နောင်တတွေရော ရနေပြီလား"
လော့ရွှမ်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"တော်လိုက်တော့"
ယိုးနင်က အော်ဟစ်လိုက်၏။ သူက ရုတ်တရက် ထရပ်လိုက်ပြီး လုမင်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားတော့သည်။
ထိုအပြုအမူက လော့ရွှမ်အား အားရပါးရ ရယ်မောစေခဲ့သည်။
သူနှင့် ယိုးနင်သည် ကလေးဘဝကတည်းက ပြိုင်ဘက်များ ဖြစ်ခဲ့သည်။ ထို့ကြောင့်၊ ဤအခိုက်တွင် ယိုးနင်၏ ပျက်ယွင်းနေသော အမူအရာကို မြင်ရသည်မှာ သူ့အတွက် ကျေနပ်စရာ ဖြစ်တော့သည်။