အခန်း ၂၀၃၉
Vol. 139 Ch. 2039
အပိုင်း ( 2039 ) မင်း ရှုံးသွားပြီ။
"သတ်"
စန်းယန်က ကောင်းကင်အမြင့်သို့ ရောက်သည်နှင့် လုမင်ကို စတင်တိုက်ခိုက်သည်။ သူ၏လက်ချောင်းများက လှံရှည်တစ်စင်းကဲ့သို့ ဖြစ်နေပြီး အဆက်မပြတ် ထိုးသွင်းလိုက်၏။ ထိုးဖောက်ခြင်းနိယာမ၏ အကူအညီဖြင့် သူ၏တိုက်ကွက်များက အလွန်အားကောင်းပြီး အရာအားလုံးကို ဖောက်ထွင်းနိုင်ပေသည်။
လှံအလင်းတန်းများက လုမင်ထံသို့ တိုးဝင်လာကြသည်။
လုမင်က တစ်ချက်ပြုံးလိုက်ပြီး လက်ညှိုးဖြင့် အဆက်မပြတ် ညွှန်ပြလိုက်သည်။ ရေတွက်၍မရနိုင်သော ရွန်းများက ပျံ့နှံ့သွားပြီး လျှပ်စီးငှက်များအဖြစ် ပေါင်းစည်းသွား၏။ ၎င်းတို့က လှံအလင်းတန်းများကို အံ့သြဖွယ်ကောင်းသော အရှိန်ဖြင့် ရင်ဆိုင်ချေဖျက်လိုက်တော့သည်။
"သူက တကယ်သန်မာတာပဲ။ လက်စသတ်တော့ သူ့မှာလည်း ဘုရင်ခန္ဓာ ရှိနေတယ်"
"သူက မင်းသမီး လော့ရွှမ်နဲ့ ရင်ဘောင်တန်း ထိုင်နိုင်တာ မဆန်းတော့ပါဘူး"
တိုင်းပြည်ငယ်များမှ ပါရမီရှင်အချို့က ရေရွတ်လိုက်ကြသည်။
"နှစ်ကွက်ရှိပြီ"
ကောင်းကင်ယံတွင် လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"သတ်"
စန်းယန်က တတိယအကြိမ်မြောက် တိုက်ခိုက်ပြန်သည်။ သူက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုကို အပြည့်အဝ ထုတ်ဖော်လိုက်၏။
သာ၍အားကောင်းသော လက်ညှိုးအလင်းမှာ လုမင်ထံသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
စန်းယန်၏ တိုက်ခိုက်ပုံမှာ လော့ဖိုခုန်းနှင့် ဆင်တူသော်လည်း သူ၏ နတ်ဘုရားစွမ်းရည်မှာမူ ကွဲပြားသည်။
ထို့ပြင်၊ စန်းယန်၏ တိုက်ခိုက်နိုင်စွမ်းမှာ လော့ဖိုခုန်းထက် များစွာ သာလွန်ပေသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက လုမင်ထံသို့ တိုးဝင်လာသော်လည်း လုမင်၏ လက်ညှိုးတစ်ချက်ဖြင့်ပင် တားဆီးခြင်း ခံလိုက်ရသည်။
"သုံးကွက်ရှိပြီ"
လုမင်က တည်ငြိမ်အေးဆေးစွာ ရှိနေဆဲပင်။
"သေလိုက်စမ်း"
စန်းယန်၏ မျက်လုံးများသည် သာ၍ပင် အေးစက်လာသည်။ သူ့ခန္ဓာကိုယ်မှ အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး သူ့အား ဝန်းရံလိုက်၏။
နိယာမအလင်းတန်းပင် ဖြစ်တော့သည်။
လူအများမှာ ပင့်သက်ရှိုက်သွင်းလိုက်မိသည်။ စန်းယန်၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်ပင် ကြောက်စရာကောင်းလွန်းသည်။ ထာဝရနတ်ဆိုးတိုင်းပြည်၏ ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် သာမန် ဘုရင်ခန္ဓာပိုင်ရှင်များထက် များစွာ သာလွန်ပေသည်။
ထာဝရနတ်ဆိုးတိုင်းပြည်တွင် ကောင်းကင်သားတော်များမှတပါး၊ စန်းယန်ကို ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။
"သေစမ်းကွ"
စန်းယန်၏ လက်ထဲတွင် လှံရှည်တစ်စင်း ပေါ်လာသည်။ နိယာမအလင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်း၏ စွမ်းအားမှာ အံ့မခန်းအဆင့်သို့ ရောက်ရှိသွား၏။
"ကျမ်းစာလိပ်သုံးခု ပေါင်းစပ်ခြင်း"
လုမင်က လက်ညှိုးဖြင့် ညွှန်လိုက်ရာ အစစ်အမှန်နဂါးတစ်ကောင်က ဟိန်းဟောက်ရင်း စန်းယန်ထံသို့ ပြေးဝင်သွားသည်။ ထိုနဂါးတွင် ဖျက်ဆီးခြင်းကျမ်း၊ ဝိညာဉ်ပုံရိပ်ယောင်ဝိညာဉ်ကျမ်းနှင့် တံဆိပ်ခတ်ခြင်းကျမ်းတို့ ပါဝင်သည်။
"ဝုန်း..."
ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ စန်းယန်၏ လက်ထဲမှ လှံရှည်က အဆက်မပြတ် တုန်ခါသွား၏။ သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ယင်သွားပြီး ကြောက်မက်ဖွယ် အင်အားတစ်ခုကြောင့် နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရတော့သည်။
စန်းယန်မှာ အမှန်တကယ် အရေးနိမ့်နေခဲ့ပြီ။
အောက်တွင် ရှိနေကြသော ယိုးလော့နတ်ဆိုးတိုင်းပြည်မှ လူများမှလွဲ၍ အခြားသူအားလုံးမှာ မှင်တက်သွားကြရသည်။ အချို့ဆိုလျှင် သူတို့မျက်စိကိုပင် မယုံနိုင်ဘဲ ပွတ်ကြည့်နေမိကြတော့သည်။
စန်းယန်သည် တော်ရုံတန်ရုံ ဘုရင်ခန္ဓာပိုင်ရှင်များကို ဖိနှိပ်ထားနိုင်ပြီး ထိပ်ဆုံး၌ ရပ်တည်နေသူ ဖြစ်သည်။ ကောင်းကင်သားတော်များ ပေါ်မလာသရွေ့ သူက ပြိုင်ဘက်မရှိပေ။
သို့သော်လည်း ယခုမူ သူသည် လုမင်၏ ဖိနှိပ်ခြင်းကို ခံနေရချေပြီ။
အနှီလုမင်ဆိုသူမှာ မည်သူနည်း။ မည်သည့်အတွက်ကြောင့် ဤမျှ ကြောက်စရာကောင်းနေရသနည်း။
သူတို့က စိတ်ထဲမှ တွေးတောရင်း တုန်လှုပ်နေကြတော့သည်။
"ဒီလောက်ပဲလား။ မင်းက ငါ့ကို ဆယ်ကွက်အတွင်း အနိုင်ယူမယ်ဆို...၊ တကယ်ကို ရယ်စရာကောင်းတယ်။ အခု ငါ့အလှည့်ရောက်ပြီ"
လုမင်က တည်ငြိမ်စွာ ဆိုလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ရေတွက်၍မရသော ရွန်းပုံရိပ်များက ကောင်းကင်သို့ ပျံတက်သွားပြီး နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွား၏။
ယခုတစ်ကြိမ်တွင် အစစ်အမှန်နဂါး တစ်ကောင်တည်း မဟုတ်ဘဲ ကိုးကောင် ဖြစ်သည်။
နဂါးကိုးကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး စန်းယန်ထံသို့ တိုးဝင်သွားကြတော့သည်။
အမှန်အတိုင်းဆိုရလျှင် ချန်းယန်မှာ အလွန်ပင် အစွမ်းထက်သည်။ သူသည် ကျီးထျန်းထက်ပင် သာလွန်မှုရှိ၏။
စန်းယန် အန္တိမသူတော်စင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး နိယာမကို ကိုးဆယ့်ကိုး ရာခိုင်နှုန်းအထိ နားလည်ထားသူ ဖြစ်သည်။ သူက ဧကရာဇ်တစ်ပိုင်းဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော်လည်း လုမင်နှင့် ယှဉ်လိုက်သည့်အခါ... လုမင်က ကစဉ့်ကလျားနိယာမကို အသုံးမပြုလျှင်ပင် သူက အနည်းငယ် နိမ့်ပါးနေဆဲပင် ဖြစ်သည်။
နဂါးကိုးကောင်၏ ခုန်အုပ်မှုကြောင့် စန်းယန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူက အစွမ်းကုန် ထုတ်ဖော်ကာ လှံဖြင့် ပြန်လည်တိုက်ခိုက်လိုက်၏။
နဂါးကိုးကောင်က ဟိန်းဟောက်ရင်း အဆက်မပြတ် ကုတ်ခြစ်ကြရာ စန်းယန်၏ တိုက်ကွက်မှာ ပျက်စီးသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားနှင့် ရွန်းပုံရိပ်များက စန်းယန်ထံသို့ လွှမ်းမိုးသွားသည်။
စန်းယန်မှာ မီတာ တစ်သောင်းခန့်အထိ နောက်သို့ လွင့်စဉ်သွားပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေသည်။
သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
"မင်း ရှုံးသွားပြီ"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း စန်းယန်၏ ခန္ဓာကိုယ်ကို ပြင်းထန်သော ရိုက်ချက်တစ်ခုကဲ့သို့ ထိမှန်သွားစေကာ နောက်ထပ် သွေးတစ်လုတ်ကို ထပ်မံ အန်ထုတ်လိုက်ရတော့သည်။
လုမင်၏ စကားလုံးများက ရိုးရှင်းသော်လည်း အရိုင်းစိုင်းဆုံး လှောင်ပြောင်ခြင်းကဲ့သို့ ဖြစ်သည်။
အစောပိုင်းကပင် စန်းယန်သည် မာနထောင်လွှားစွာဖြင့် လုမင်ကို ဆယ်ကွက်အတွင်း အနိုင်ယူမည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
အမှန်စင်စစ် ဆယ်ကွက်ဆိုသည်မှာ အပြောသက်သက်သာ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် တစ်ကွက်တည်းနှင့် လုမင်ကို အနိုင်ယူနိုင်ကာ သတ်ပင်သတ်နိုင်မည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုမူ ဆယ်ကွက်ပင် မပြည့်ခင်မှာ သူကိုယ်တိုင် လုမင်၏လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။
"သူ့ကိုသတ်"
စန်းယန်က ဟိန်းဟောက်လိုက်သည်။
"ဝုန်း..."
စံအိမ်၏ နက်နဲရာအရပ်မှ လူရိပ်နှစ်ခုက ပြေးထွက်လာကြ၏။ သူတို့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။
၎င်းတို့မှာ သိုင်းဧကရာဇ် နှစ်ဦးပင် ဖြစ်သည်။
စန်းယန်က လုမင်ကို သတ်ရန် သိုင်းဧကရာဇ်များကို စေလွှတ်လိုက်ပြီ။
"စန်းယန်... နင် ကတိဖျက်တယ်"
လော့ရွှမ်က ကောင်းကင်သို့ ပျံတက်သွားပြီး လုမင်၏ ရှေ့တွင် ရပ်ကာ စန်းယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဖယ်စမ်း"
စန်းယန်၏ မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေသည်။ ယနေ့တွင်၊ လုမင်က တိုင်းပြည်ငယ်များမှ လူအများရှေ့၌ သူ့ကို အရှက်ခွဲခဲ့သဖြင့် လုမင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေတော့သည်။
ဤကိစ္စတွင် သူကိုယ်တိုင်ပင် အစပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်၊ သူက ထိုသို့ တွေးတောလိမ့်မည် မဟုတ်ပေ။
အရာအားလုံးက လုမင်၏ အပြစ်သာ ဖြစ်သည်ဟု သူ ယူဆခဲ့သည်။
"စန်းယန်... နင်က ရွယ်တူတစ်ယောက်ကို မနိုင်လို့ သိုင်းဧကရာဇ်တွေကို စေလွှတ်တယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် နင့်ရဲ့ သိက္ခာတင်မကဘူး...၊ အပြာရောင်နတ်ဆိုးဘုရင်စံအိမ်ရဲ့ ဂုဏ်သိက္ခာပါ ပျက်စီးသွားလိမ့်မယ်"
လော့ရွှမ်က လုမင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်လျက် ဆက်ပြောလိုက်သည်။
"ဒါ့အပြင် ဒီနေ့ နင်တကယ်ပဲ လုမင်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါ့အလောင်းကို အရင်ကျော်သွားရလိမ့်မယ်။ လုမင်က ငါ့ရဲ့ ဧည့်သည်ပဲ။ သူ အသတ်ခံရမှာကို ငါ ဒီအတိုင်း ကြည့်မနေနိုင်ဘူး"
စန်းယန်၏ မျက်နှာမှာ သာ၍ပင် အကျည်းတန်သွားသည်။
လော့ရွှမ်၏ စကားများကြောင့် သူ တုံ့ဆိုင်းသွားရ၏။
တစ်ဖက်မှာ၊ သူ၏ သိက္ခာဖြစ်ပြီး အခြားတစ်ဖက်မှာမူ လော့ရွှမ်၏ အဆင့်အတန်း ဖြစ်သည်။
လော့ရွှမ်မှာ ယိုးလော့နတ်ဆိုးတိုင်းပြည်၏ မင်းသမီး ဖြစ်သည်။ ယိုးလော့နတ်ဆိုးတိုင်းပြည်မှာလည်း ထာဝရနတ်ဆိုးတိုင်းပြည်၏ လက်အောက်ရှိ ထိပ်တန်းတိုင်းပြည်ကြီး ငါးခုထဲမှ တစ်ခု ဖြစ်၏။ ယင်းက သူ့ကို အနည်းငယ် သတိထားစေသည်။
စန်းယန် တုံ့ဆိုင်းသွားပေသည်။
'လုမင်... သွားကြစို့'
လော့ရွှမ်က လုမင်ထံ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ သူက အပြာရောင်နတ်ဆိုးဘုရင်စံအိမ်မှ လှည့်ထွက်ခဲ့၏။ ဝူရှီနှင့် အခြားသူများလည်း လျင်မြန်စွာ လိုက်ပါလာကြတော့သည်။
စန်းယန်၏ မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲသွားသည်။ သို့သော်၊ နောက်ဆုံးမှာတော့ တိုက်ခိုက်ရန် အမိန့်မပေးနိုင်ခဲ့ပေ။
လုမင်နှင့် အခြားသူများက အပြာရောင်နတ်ဆိုးဘုရင်စံအိမ်မှ ထွက်ခွာလာပြီး သူတို့ တည်းခိုရာသို့ ပြန်ရောက်လာခဲ့သည်။
"အဲဒီလူက အပြာရောင်နတ်ဆိုးဘုရင်စံအိမ်က ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လုမင်သည်လည်း ဆွံ့အနေမိသည်။
သူသည် လော့ရွှမ်၏ အကြံပြုချက်မှတစ်ဆင့် ထာဝရနတ်ဆိုးတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် ရင်းနှီးအောင် လုပ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ မင်းသားငယ်နှင့် ရန်သူ ဖြစ်သွားခဲ့ရပေသည်။
'ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ ဘုရင်မင်းမြတ်က စားသောက်ပွဲကျင်းပပြီး ပါရမီရှင်တွေ လက်ရည်စမ်းတဲ့အချိန်ကျမှပဲ အခွင့်အရေး ရှာရတော့မယ် ထင်တယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
"လုမင်... အရမ်း စိတ်မပူပါနဲ့။ အပြာရောင်နတ်ဆိုးဘုရင်စံအိမ်က တစ်ခုတည်းသော တော်ဝင်မျိုးနွယ် မဟုတ်ဘူး။ နောက်ရက်တွေကျရင် တခြားသူတွေနဲ့ ကျွန်မ မိတ်ဆက်ပေးပါ့မယ်"
လော့ရွှမ်က လုမင်ကို နှစ်သိမ့်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
လုမင်က လော့ရွှမ်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
လော့ရွှမ်က သူ့ရှေ့တွင် မယိမ်းမယိုင် ရပ်တည်ကာ ကာကွယ်ပေးခဲ့ခြင်းမှာ သူ့ကို အမှန်ပင် စိတ်လှုပ်ရှားစေခဲ့သည်။
လော့ရွှမ်က ရိုးသားပွင့်လင်းပြီး ယိုးနင်နှင့် ယှဉ်လျှင် များစွာ ကောင်းမွန်ပေသည်။
နောက်ရက်များတွင် လော့ရွှမ်က တော်ဝင်မျိုးနွယ်စုဝင်အချို့နှင့် လုမင်ကို မိတ်ဆက်ပေးခဲ့သည်။ သို့ရာတွင်၊ သူတို့က အရည်အချင်းရှိကြသော်လည်း စန်းယန်နှင့် ယှဉ်လျှင်မူ အနည်းငယ် လိုအပ်နေသေးသည်။
လုမင်က ရှေးဟောင်းနတ်ဆိုးခေါင်းတလားအကြောင်းကို စုံစမ်းကြည့်ခဲ့သည်။ သို့သော်လည်း အခြားသူများမှာ ထိုအကြောင်းကို သိပ်မသိကြပေ။ သူတို့သိသမျှ အကုန်လုံးမှာ... ၎င်းက ထာဝရနတ်ဆိုးတိုင်းပြည်၏ ရတနာဖြစ်ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်သာ ထိန်းချုပ်နိုင်ကြောင်း သိကြသည်။
လုမင်လည်း မျက်မှောင်ကြုံ့လိုက်မိသည်။ သူ့စိတ်ထဲတွင် လေးလံလာ၏။
ရှေးဟောင်းနတ်ဆိုးခေါင်းတလားမှာ အလွန်ပင် အရေးကြီးလှသဖြင့် ဘုရင်မင်းမြတ်ကိုယ်တိုင်သာ ထိန်းချုပ်နိုင်သည်ဆိုလျှင်... သူက အမှန်တကယ်ပင် တစ်လကြာအထိ ငှားရမ်းနိုင်ပါမည်လော။
ထို့ပြင်၊ ထာဝရနတ်ဆိုးတိုင်းပြည်၏ ဘုရင်မင်းမြတ်က ဧကရာဇ်တစ်ပါး ဖြစ်မည်မှာ မေးနေရန်ပင် မလိုပေ။
သူက ပို၍ သာလွန်ပြီး တန်ခိုးကြီးမားသည့် မဟာဧကရာဇ်တစ်ပါးပင် ဖြစ်နိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးက သူ့ကို မည်သို့ ဂရုစိုက်နေမည်နည်း။