← Chapters

အခန်း ၂၀၄၀

Vol. 139 Ch. 2040

အခန်း ၂၀၄၀

Vol. 139 Ch. 2040

အပိုင်း ( 2040 ) ထာဝရဧကရာဇ်။

ဆယ်ရက်ကြာပြီးနောက် ဘုရင်ကြီး၏ စားသောက်ပွဲကို တရားဝင် စတင်လေသည်။

ထာဝရနတ်ဆိုးတိုင်းပြည်၏ မြို့တော်ဗဟိုချက်၌ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ခုမှာ ကောင်းကင်ယံထက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုနန်းတော်ကြီးမှာ တောက်ပသော အရောင်ဝါများဖြင့် ဝင်းလက်နေပြီး အဝေးကပင် လှမ်းမြင်နေရပေသည်။

နန်းတော်မှာ ကိုးထပ်ရှိပြီး နတ်ဘုရားနန်းတော်တစ်ခုအလား ဖြစ်သည်။ နန်းတော်၏ အရပ်လေးမျက်နှာမှာတော့ ကျောက်စိမ်းလှေကားများ ရှိနေပြီး အပေါ်ဆုံးထပ်မှ အောက်ခြေအထိ သွယ်တန်းထား၏။ ဂုဏ်ပြုရန် ရောက်ရှိလာကြသော ဧည့်သည်တော်များက ထိုကျောက်စိမ်းလှေကားများအတိုင်း ကိုးထပ်မြောက်သို့ တက်လှမ်းကြရလေသည်။

လုမင်နှင့် ယိုးလော့နတ်ဆိုးတိုင်းပြည်မှ လူများက အရှေ့ဘက်အရပ်ရှိ ကျောက်စိမ်းလှေကားအတိုင်း တက်လှမ်းခဲ့ကြသည်။

"တကယ့်ကို ခန့်ညားထည်ဝါတဲ့ နန်းတော်ကြီးပဲ"

လုမင်မှာ အံ့အားသင့်သွားရသည်။ ဤဘုံကိုးဆင့် နန်းတော်ကြီးမှာ အလွန်ပင် ကြီးမားလှသည်။ ၎င်းက အမြင့်ပေ တစ်သိန်းခန့်ရှိပြီး ကောင်းကင်ယံကို ဖောက်ထွက်နေ၏။ ကျောက်စိမ်းလှေကားကြီးမှာပင် အတိုင်းအဆမရှိ ကြီးမားလှရာ ၎င်းပေါ်တွင် ရှိနေသော လူတစ်ယောက်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။

အရပ်မျက်နှာအသီးသီးမှ လူများက ဘုရင်မင်းမြတ်ကို ဂုဏ်ပြုရန် ကျောက်စိမ်းလှေကားများအတိုင်း တက်လာနေကြသည်။ ထာဝရနတ်ဆိုးတိုင်းပြည်က အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ အထူးနတ်ဆိုးတိုင်းပြည်ကြီး နှစ်ခုထဲမှ တစ်ခုဖြစ်ရာ နတ်ဆိုးတိုင်းပြည်များ၏ ထက်ဝက်ခန့်မှာ ဂုဏ်ပြုရန် ရောက်ရှိလာကြသဖြင့် လူဦးရေမှာလည်း အံ့မခန်း ဖြစ်တော့သည်။

လုမင်တို့အဖွဲ့မှာ ကျောက်စိမ်းလှေကားအတိုင်း တက်လှမ်းခဲ့ကြရာ နာရီဝက်ခန့်ကြာပြီးနောက် ကိုးထပ်မြောက်သို့ ရောက်ရှိခဲ့ကြသည်။ ကိုးထပ်မြောက်မှာ အမိုးမပါဘဲ ကျယ်ဝန်းလှသော ဟင်းလင်းပြင်ကြီး ဖြစ်ချေသည်။ နေရာအနှံ့မှာတော့ သူတော်စင်ဆေးပင်များနှင့် ထူးဆန်းသော ပန်းမန်များ ပွင့်လန်းနေကာ ဆေးပင်နှင့် ပန်းရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။

ထိုဧရိယာတစ်ခုလုံးတွင် စားပွဲနှင့် ကုလားထိုင်များလည်း ပြည့်နှက်နေသည်။ ယိုးလော့နတ်ဆိုးတိုင်းပြည်က အင်အားကြီး အဆင့်မြင့် နတ်ဆိုးတိုင်းပြည်ကြီး ငါးခုထဲမှ တစ်ခုဖြစ်ရာ ရောက်ရှိလာသည်နှင့် အပေါ်ဘက်ပိုင်းသို့ လမ်းပြခေါ်ဆောင်ခြင်း ခံရပေသည်။ ထိုင်ခုံနေရာ သတ်မှတ်ချက်မှာ အလွန်တိကျပြီး အဆင့်အတန်းအပေါ် မူတည်၍ နေရာချထားပေးသည်။

အနိမ့်ဆုံးအဆင့်တွင် အဆင့်နိမ့်နတ်ဆိုးတိုင်းပြည်များမှ လူများ ထိုင်ကြရသည်။ ၎င်းတို့၏ အထက်အဆင့်တွင်မူ အလယ်လတ်အဆင့် တိုင်းပြည်များ ထိုင်ကြရ၏။ သူတို့အထက်မှာက အဆင့်မြင့် နတ်ဆိုးတိုင်းပြည်ကြီး ငါးခုမှ လူများ နေထိုင်ရပေသည်။ ၎င်းတို့ထက် အမြင့်ဆုံးတွင်မူ ထာဝရနတ်ဆိုးတိုင်းပြည်မှ ကျွမ်းကျင်သူများနှင့် မှူးမတ်များ ထိုင်ကြခြင်း ဖြစ်သည်။

"ညီနောင် လော့"

လုမင်တို့ ရောက်ရှိချိန်တွင် လူအချို့က ကြိုရောက်နေနှင့်ပြီ ဖြစ်သည်။ သူတို့က လော့မျိုးနွယ်စုခေါင်းဆောင်ကို မြင်သည်နှင့် နှုတ်ဆက်ကြ၏။ ထိုသူများက အခြားသော အဆင့်မြင့်နတ်ဆိုးတိုင်ပြည်များမှ ဘုရင်များဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားသူများ ဖြစ်ကြသည်။ ယခုအခါ လော့မျိုးနွယ်စုက ယိုးလော့နတ်ဆိုးတိုင်းပြည်ကို တာဝန်ယူထားသဖြင့် လော့မျိုးနွယ်စုခေါင်းဆောင်ကို သဘာဝအတိုင်း နှုတ်ဆက်လိုကါကြခြင်း ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်မူ၊ ယိုးမျိုးနွယ်စုခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး ယိုးနင်၊ ကျီးထျန်းတို့နှင့်အတူ တစ်နေရာရှာကာ ထိုင်လိုက်ကြသည်။ ယင်းနောက်တွင်မူ၊ လူများစွာ ဆက်တိုက် ရောက်ရှိလာကြရာ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီးမှာပင် ပြည့်လုနီးပါး ဖြစ်သွားတော့သည်။

"မင်းကြီး ကြွချီလာပါပြီ"

အသံတစ်ခုမှာ နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။ လူတိုင်း တိတ်ဆိတ်သွားကြ၏။

မင်းကြီးဆိုသူမှာ အခြားသူမဟုတ်ဘဲ သဘာဝအတိုင်း ထာဝရနတ်ဆိုးတိုင်းပြည်၏ အရှင်သခင်ပင် ဖြစ်ချေတော့သည်။

လူတစ်စုမှာ လေထဲမှ ပျံသန်းလာပြီး အမြင့်ဆုံးနေရာသို့ ဆင်းသက်လိုက်ကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခန္ဓာကိုယ် ကြံ့ခိုင်သော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် ခရမ်းရောင်နှင့်ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့မျက်နှာထက်တွင်မူ နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။ သူသည် မည်သည့် အရှိန်အဝါကိုမျှ ထုတ်မပြထားသော်လည်း အနှိုင်းမဲ့သော တန်ခိုးအာဏာမှာ ထင်ရှားလှပေသည်။

"ထာဝရဧကရာဇ်မင်းကြီးကို ဂါရဝပြုပါတယ်"

လူတိုင်းက ရိုသေစွာ ဦးညွှတ်လိုက်ကြလေသည်။ ထာဝရနတ်ဆိုးတိုင်းပြည်၏ အုပ်ချုပ်သူတိုင်းကို ထာဝရဧကရာဇ်ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

"အားလုံးပဲ ထိုင်ကြပါ"

ထာဝရဧကရာဇ်က လက်ကာပြလိုက်ရာ လူတိုင်း နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထာဝရဧကရာဇ်၏ ဘေးတွင် လူအများအပြား ရှိနေသည်ကို တွေ့ရပေသည်။ အချို့မှာ အသက်ကြီးသူများဖြစ်ပြီး အချို့က လူငယ်လူရွယ်များ ဖြစ်ကြသည်။ သူတို့၏ အရှိန်အဝါများက အလွန်ပင် အားကောင်းလှရာ ၎င်းတို့ထဲတွင် သိုင်းဧကရာဇ်များ ပါဝင်နေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ထာဝရနတ်ဆိုးတိုင်းပြည်တွင် ဧကရာဇ်တစ်ဦးထက်မက ရှိနေသည်မှာ ထင်ရှားသည်။

"စန်းယန်"

လုမင်က ထာဝရဧကရာဇ်၏ နောက်ကွယ်ရှိ လူအုပ်ထဲတွင် စန်းယန်ကို တွေ့လိုက်ရသည်။

ထိုအခိုက်တွင်၊ စန်းယန်ကလည်း ယိုးလော့နတ်ဆိုးတိုင်းပြည်ဘက်ကို လှမ်းကြည့်လိုက်၏။ လုမင်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်သန်းသွားတော့သည်။

'ယန်အာ... မင်းပြောနေတဲ့ လူက အဲဒီကောင်လေးလား'

ထာဝရဧကရာဇ်၏ ဘေးတွင်ရှိသော ဆံပင်ဖြူနှင့် ပိန်လှီလှီ အဘိုးအိုတစ်ဦးက စန်းယန်ကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

ထိုအဘိုးအိုမှာ စန်းယန်၏ အဘိုးဖြစ်သူ အပြာရောင်နတ်ဆိုးဘုရင်ပင် ဖြစ်သည်။

'ဟုတ်တယ် အဘိုး... သူပဲ'

စန်းယန်က ခေါင်းညိတ်ပြလိုက်၏။

'အင်း... ငါနားလည်ပြီ'

အပြာရောင်နတ်ဆိုးဘုရင်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ သူ၏ မျက်နှာအမူအရာမှာလည်း တည်ငြိမ်နေသဖြင့် သူ ဘာတွေးနေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပါ။

"ထျန်းယုနတ်ဆိုးတိုင်းပြည်က ဧကရာဇ်မင်းကြီး ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ပြီး ထာဝရအသက်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်"

ထိုအချိန်တွင် ထျန်းယုနတ်ဆိုးတိုင်းပြည်၏ ဘုရင်က ထရပ်ပြီး ထာဝရဧကရာဇ်ကို ဂုဏ်ပြုစကားဆိုကာ လက်ဆောင်များ ဆက်သလိုက်လေသည်။

"ယိုးလော့နတ်ဆိုးတိုင်းပြည်ကလည်း ထာဝရဧကရာဇ် ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ နောင်အနာဂတ်မှာ ကောင်းကင်ဧကရာဇ်အဖြစ် တက်လှမ်းနိုင်စေဖို့လည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"

လော့မျိုးနွယ်စုခေါင်းဆောင်ကလည်း လက်ဆောင်များ ဆက်သလိုက်သည်။

ယင်းနောက်တွင်မူ၊ တိုင်းပြည်အသီးသီးမှ ဘုရင်များက အသီးသီး ရှေ့သို့ထွက်ကာ ဂုဏ်ပြုလက်ဆောင်များ ဆက်သကြ၏။ အဆင့်မြင့်နတ်ဆိုးတိုင်းပြည်ကြီး ငါးခုမှ စတင်ကာ အဆင့်နိမ့်နတ်ဆိုးတိုင်းပြည်များအထိ အလှည့်ကျ ဆက်သခဲ့ကြခြင်း ဖြစ်ပေသည်။

"ဒီနေ့ ရောက်လာကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ထိုင်ကြပါ"

ထာဝရဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက် အစေခံမိန်ကလေးများက အရသာရှိသော အစားအစာများနှင့် အရက်များကို တည်ခင်းပေးကြ၏။

ထို့နောက်တွင် အလွန်ပင် လှပ၍ ညှို့ဓာတ်အပြည့်ရှိသော မိန်းကလေးတစ်ဦးက ရှေ့သို့ထွက်လာပြီး ကောင်းကင်နတ်ဆိုးအကကို ကပြဖျော်ဖြေရာ ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားတော့သည်။

"ဧကရာဇ်အရှင်... ဒီနေ့ခေတ်မှာ ပါရမီရှင်တွေ အများကြီး ရှိပြီး အရည်အချင်းရှိသူတွေက ပေါများလွန်းလှတယ်။ ဒါကြောင့် ဒီပွဲလေး ပိုစည်ကားသွားအောင် မျိုးဆက်သစ်လူငယ်တွေကို အချင်းချင်း လက်ရည်စမ်းခိုင်းရရင် မကောင်းပေဘူးလား"

တစ်စုံတစ်ဦးက အကြံပြုလိုက်သည်။

ထာဝရဧကရာဇ်က ကပ်ဘေးကို ကျော်ဖြတ်နိုင်သည့် အခမ်းအနားတိုင်းတွင် ဤသို့ ပြုလုပ်လေ့ရှိသဖြင့် အချို့မှာ ၎င်းကို မျှော်လင့်နေကြခြင်း ဖြစ်ပေသည်။

"ဟားဟားဟား... ငါကိုယ်တော်လည်း ဒီမျိုးဆက်ရဲ့ ပါရမီရှင်တွေ ဘယ်လောက် ထူးချွန်လဲဆိုတာ ကြည့်ချင်မိပါတယ်။ ဒီမျိုးဆက်မှာ ကောင်းကင်သားတော် တစ်ယောက်ထက်မက ရှိနေသလို ဘုရင်ခန္ဓာပိုင်ရှင်တွေလည်း အများကြီး ရှိနေတယ်လို့ ကြားတယ်"

ထာဝရဧကရာဇ်ကလည်း ပြုံးလျက် ပြောလိုက်၏။

"မှန်ပါတယ်... ဒီမျိုးဆက်က တကယ့်ကို ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပါ၊ ဒါက အရင်မျိုးဆက်တွေထက် အများကြီး ပိုများနေပါတယ်"

အပြာရောင်နတ်ဆိုးဘုရင်က ဆိုသည်။

"အိမ်း... ဒီလိုဆိုရင် ဒီတစ်ကြိမ်မှာ ငါကိုယ်တော်က ဆုလာဘ်တွေကို ပြောင်းလဲပေးရမှာပေါ့။ ထိပ်တန်း သုံးယောက်စာရင်းထဲ ဝင်တဲ့သူတွေက ငါကိုယ်တော်ဆီကနေ တောင်းဆိုချက်တစ်ခုစီ တောင်းဆိုနိုင်မယ်... ငါ လုပ်ပေးနိုင်တဲ့ အရာဆိုရင် အစွမ်းကုန် ဖြည့်ဆည်းပေးပါမယ်။ ထိပ်တန်း ဆယ်ယောက်စာရင်းဝင်သူတွေလည်း ကောင်းမွန်တဲ့ ဆုလာဘ်တွေ ရရှိစေရမယ်"

ထာဝရဧကရာဇ်၏ အသံမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

လူများစွာ၏ မျက်လုံးများ ဝင်းလက်သွားကြလေသည်။ ထိပ်တန်း သုံးယောက်ထဲ ပါဝင်နိုင်ပါက ထာဝရဧကရာဇ်ထံမှ တောင်းဆိုချက်တစ်ခု တောင်းဆိုနိုင်မည်ဆိုသည့် အချက်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ ထို့ပြင် ထိပ်တန်း ဆယ်ယောက်အတွက် ဆုလာဘ်မှာလည်း သာမန် ဖြစ်လိမ့်မည် မဟုတ်ပေ။ ယခုတစ်ကြိမ် ဆုလာဘ်များမှာ ယခင်ထက် များစွာ သာလွန်သည်။

လုမင်၏ မျက်လုံးများမှာလည်း ချက်ချင်းပင် တောက်ပသွားခဲ့သည်။

ထိပ်တန်း သုံးယောက်ထဲ ပါဝင်နိုင်ပါက ထာဝရဧကရာဇ်ထံမှ တောင်းဆိုချက် တစ်ခု တောင်းဆိုနိုင်မည်ဆိုလျှင်... သူသာ ထိုစာရင်းထဲ ပါခဲ့ပါက 'ရှေးဟောင်းနတ်ဆိုးခေါင်းတလား'ကို ငှားရမ်းရန် တောင်းဆိုနိုင်မည် မဟုတ်ပါလား။

ထာဝရဧကရာဇ်ကိုယ်တိုင် လူသိရှင်ကြား ပြောကြားထားခြင်း ဖြစ်သဖြင့် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက တစ်လခန့်သာ ငှားရမ်းလိုခြင်း ဖြစ်သည်။

'ငါ သေချာပေါက် ထိပ်တန်း သုံးယောက်ထဲကို ဝင်ရမယ်'

လုမင်က လက်သီးကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်လိုက်သည်။

ထာဝရနတ်ဆိုးတိုင်းပြည်၏ ပါရမီရှင်များက မည်မျှ သန်မာသည်ကို သူ မသိပေ။ သို့ရာတွင်၊ သူ၏ အစွမ်းကုန် ထုတ်သုံးမည်ဆိုလျှင် ထိပ်တန်း သုံးယောက်ထဲ ဝင်ရန်မှာ ပြဿနာ မရှိနိုင်ဟု လုမင် ယုံကြည်သည်။

"ကောင်းပြီ... ဒါဆိုရင် ဒီပွဲကို အပြာရောင်နတ်ဆိုးဘုရင်ကိုပဲ ဦးဆောင်ခိုင်းလိုက်မယ်"

ထာဝရဧကရာဇ်က ပြုံးလျက် ပြောလိုက်သည်။ ဤကိစ္စလောက်ကို သူကိုယ်တိုင် ကြီးကြပ်နေရန် မလိုသဖြင့် အခြားသူကို လွှဲအပ်လိုက်ခြင်း ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် မင်းကြီး"

အပြာရောင်နတ်ဆိုးဘုရင်က နေရာမှ ထရပ်လိုက်ပြီး နန်းတော်ပြင်ပရှိ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စင်မြင့်တစ်ခု ထွက်ပေါ်လာပြီး မိုင်တစ်ရာခန့် ကျယ်ဝန်းသော သိုင်းစင်မြင့်ကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြန့်ကားသွား၏။

သိုင်းစင်မြင့်၏ အမြင့်မှာ နန်းတော်ထက် အနည်းငယ် နိမ့်ပါးသည်။ ထို့ကြောင့် နန်းတော်ထဲမှ ကြည့်မည်ဆိုလျှင် သိုင်းစင်မြင့်ပေါ်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

"ပါဝင်ချင်တဲ့ လူငယ်တွေအနေနဲ့ စာရင်းပေးသွင်းပြီး နာမည်စာရင်း ပေးအပ်နိုင်ပါတယ်"

အပြာရောင်နတ်ဆိုးဘုရင်က ပြောဆိုကာ လူအချို့ကို မှတ်တမ်းတင်ရန် ခေါ်လိုက်သည်။

"ဝှစ်..."

ချက်ချင်းဆိုသလိုပင် လူငယ်လေးများက ပျံတက်သွားကြပြီး စာရင်းပေးသွင်းကြ၏။ လူဦးရေက များပြားလှရာ ခဏချင်းအတွင်းမှာပင် လူပေါင်း ရာနှင့်ချီ၍ စာရင်းပေးခဲ့ကြလေသည်။

"ဒီတစ်ခါ ထိပ်တန်း သုံးယောက်ထဲ ဘယ်သူတွေ ပါမယ် ထင်လဲ"

"ဒါက မေးနေစရာ လိုသေးလို့လား၊ ကောင်းကင်သားတော် နှစ်ယောက်က သေချာပေါက် ပါဝင်နိုင်တယ်"

"စားပြီ... ကောင်းကင်သားတော်နှစ်ယောက် ဆိုတာကတော့ သေချာတာပေါ့။ သိချင်တာက ကျန်တဲ့ တစ်နေရာကို ဘယ်သူ ရမလဲဆိုတာပဲ"

"စန်းယန်နဲ့ လျိုရှတို့က ဖြစ်နိုင်ခြေ အများဆုံးရှိတယ်"

လူအများက စတင်ဆွေးနွေးလိုက်ကြသည်။

All Chapters