အခန်း ၂၀၄၁
Vol. 140 Ch. 2041
အပိုင်း ( 2041 ) ပါဝင်ခွင့်မရှိပါ။
စာရင်းသွင်းခြင်း လုပ်ငန်းစဉ်မှာ မြန်ဆန်သည်။ အမည်စာရင်း ပေးသွင်းရုံသာ ဖြစ်သဖြင့် အချိန်အနည်းငယ်မျှသာ ကြာမြင့်လေသည်။
ခဏကြာသောအခါ လုမင်၊ လော့ရွှမ်နှင့် ကျန်ရှိသူများသည်လည်း စာရင်းသွင်းရန် ထွက်ခွာခဲ့ကြသည်။
"အဲဒီမှာ ရပ်လိုက်စမ်း"
ရုတ်တရက်၊ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ လူရိပ်တစ်ခုက လုမင်၏ ရှေ့တွင် ပိတ်ရပ်လိုက်၏။
ထိုသူကား စန်းယန်ပင် ဖြစ်သည်။
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ စန်းယန်က ဘာလုပ်ရန် ကြံစည်နေသနည်း။
"လုမင်... မင်းက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူး။ အခုချက်ချင်း နောက်ဆုတ်လိုက်စမ်း"
စန်းယန်က လုမင်ကို အထက်စီးမှနေ၍ အေးစက်စက် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။
ထိုင်ခုံများပေါ်တွင် ရှိနေကြသော မျိုးဆက်ဟောင်း ကျင့်ကြံသူများ အပါအဝင် လူအများက စိတ်ဝင်တစား ကြည့်လာကြတော့သည်။
"စန်းယန်... ရှင်က ဘာသဘောလဲ။ လုမင်က ဘာဖြစ်လို့ အရည်အချင်း မပြည့်မီရမှာလဲ။ တကယ်လို့ သူက အရည်အချင်း မရှိဘူးဆိုရင် ရှင်လည်း အရည်အချင်း မရှိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှင်ကိုယ်တိုင် လုမင်လက်ထဲမှာ ရှုံးနိမ့်ခဲ့တာကို မမေ့လိုက်နဲ့ဦး"
လော့ရွှမ်က ရှေ့သို့ လှမ်းတက်လိုက်ပြီး စန်းယန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဘာ... စန်းယန်က ရှုံးသွားတယ် ဟုတ်လား"
"ဒါ တကယ်ပဲလား...၊ အဲဒီလူငယ်လေးကို ကြည့်ရတာတော့ သာမန်ပါပဲ"
လူအများမှာ အံ့ဩသွားကြပြီး လုမင်ကို အကဲခတ်သလို ကြည့်လိုက်ကြသည်။
ထာဝရနတ်ဆိုးတိုင်းပြည်နှင့် ၎င်း၏ လက်အောက်ခံ နတ်ဆိုးတိုင်းပြည်များတွင် စန်းယန်မှာ ကောင်းကင်သားတော် ကောင်းကင်သားတော်များမှတပါး၊ အထက်မြက်ဆုံး ပါရမီရှင် ဖြစ်သည်။ သူ့ကို အနိုင်ယူနိုင်သူမှာ အလွန်ပင် ရှားပါးလှ၏။
အနှီလူငယ်က စန်းယန်ကို မည်သို့ အနိုင်ယူနိုင်ခဲ့သနည်း။
သူက ဘယ်သူနည်း။
စင်စစ်တွင်၊ စန်းယန် ဖိတ်ကြားခဲ့သော ပါရမီရှင်များမှာ လူအနည်းစုသာ ဖြစ်သဖြင့် လုမင်နှင့် စန်းယန်တို့၏ တိုက်ပွဲအကြောင်းကို သိရှိကြသူ မများပေ။
ထို့ပြင်၊ ရှိနေခဲ့သော ပါရမီရှင်များမှာလည်း စန်းယန်ကို ပစ်မှားမိမည်ကို စိုးရိမ်သဖြင့် ထိုသတင်းကို ပြန်မပြောခဲ့ကြချေ။ ထို့ကြောင့် လုမင်က စန်းယန်ကို အနိုင်ယူခဲ့သည်ကို လူသိနည်းနေခြင်း ဖြစ်သည်။
ယခုမှ လော့ရွှမ်က ထုတ်ပြောလိုက်ခြင်းဖြစ်ရာ လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။ အချို့မှာလည်း လော့ရွှမ် ပြောသည်မှာ အမှန်ဖြစ်နိုင်ပါ့မလားဟုပင် သံသယ ဝင်မိခဲ့ကြသည်။
မျိုးဆက်ဟောင်း ကျင့်ကြံသူ အများအပြားပင် လုမင်ကို အကဲခတ်သော မျက်လုံးများဖြင့် ကြည့်လာကြတော့သည်။
စန်းယန်ကို အနိုင်ယူနိုင်ခြင်းမှာ သာမန်မဟုတ်ပေ။ ထိုကဲ့သို့သော ပါရမီရှင်မျိုးက အနာဂတ်တွင် ကြီးကျယ်သော အောင်မြင်မှုများကို ရရှိနိုင်သည်။ ထို့ကြောင့် အာရုံစိုက်ရန် ထိုက်တန်ပေသည်။
စန်းယန်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားသည်။ လော့ရွှမ်က သူ့ကို လူပုံအလယ်တွင် အရှက်ခွဲလိုက်ခြင်း ဖြစ်၏။ သူ ရှုံးနိမ့်ခဲ့သည့် ကိစ္စကို လူတိုင်းရှေ့တွင် သူမက ထုတ်ဖော်လိုက်ချေပြီ။
"ဒီအတောအတွင်းမှာ ကျုပ်လူတွေကို လွှတ်ပြီး ဒီလူ့အကြောင်းကို စုံစမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ဘူး။ သူ့ရဲ့ နောက်ခံအကြောင်းကိုလည်း လုံးဝ စုံစမ်းလို့ မရဘူး။ ဒီလူက ဘယ်ကလာမှန်း မသိတဲ့အတွက် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိဘူး"
စန်းယန်က အော်ဟစ်လိုက်သည်။
"ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ထာဝရဧကရာဇ်ကို ဂုဏ်ပြုဖို့ပဲလေ။ ပါဝင်ယှဉ်ပြိုင်တဲ့သူရဲ့ နောက်ခံက ဘာအရေးကြီးလို့လဲ"
လော့ရွှမ်က ပြန်လည် ချေပလိုက်၏။
"သူ့ရဲ့ နောက်ခံက မရှင်းလင်းဘူး။ သူ ဘာတွေ ကြံစည်နေလဲဆိုတာ ဘယ်သူသိမှာလဲ"
စန်းယန်က နှာခေါင်းရှုံ့လိုက်သည်။
"ထာဝရဧကရာဇ်အရှင်... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"
အထက်ပိုင်းတွင် ရှိနေသော အပြာရောင်နတ်ဆိုးဘုရင်က ထာဝရဧကရာဇ်ထံမှ လမ်းညွှန်ချက်ကို တောင်းခံလိုက်သည်။
"ဒီကိစ္စကို မင်းလက်ထဲ အပ်ထားပြီးသားပဲ။ မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ လုပ်ပါ"
ထာဝရဧကရာဇ်က လက်ကာပြလိုက်၏။ သူက မျိုးဆက်သစ်လူငယ်များ၏ ပဋိပက္ခကို စိတ်ဝင်စားခြင်း မရှိပေ။
သူ၏ အမြင့်မှကြည့်လျှင် ဤသည်မှာ သာမန်ပွဲကြည့်ရသကဲ့သို့သာ ဖြစ်သည်။
ကောင်းကင်သားတော်များသာလျှင် သူ၏ အာရုံစိုက်မှုကို ရထိုက်ပေသည်။
"ကောင်းပါပြီအရှင်"
အပြာရောင်နတ်ဆိုးဘုရင်က ဦးညွှတ်လိုက်ပြီးနောက် လုမင်တို့၏ အထက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ"
အပြာရောင်နတ်ဆိုးဘုရင်က ခန့်ညားထည်ဝါသော အသံဖြင့် မေးသည်။
"ဒီလိုပါ..."
လော့ရွှမ်က အခြေအနေကို ရှင်းပြလိုက်သည်။
"ထာဝရဧကရာဇ်က ကောင်းကင်ကပ်ဘေးကို ခုလေးတင် ကျော်ဖြတ်နိုင်ခဲ့တာ။ ဒါဟာ နှစ်ပေါင်း သုံးသိန်းမှာ တစ်ကြိမ်သာ ဖြစ်ပေါ်တဲ့ ခမ်းနားတဲ့ ပွဲတော်ပဲ။ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး။ မင်း... ဆုတ်ခွာသွားလိုက်တော့"
အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို ကြည့်ကာ လက်ကာပြလိုက်၏။
လုမင်က မျက်မှောင်ကြုတ်လိုက်ပြီး လော့ရွှမ်လည်း မျက်နှာပျက်သွားတော့သည်။
အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို ပြိုင်ပွဲတွင် ပါဝင်ခွင့် မပေးခြင်း ဖြစ်သည်။
စန်းယန်၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
မလှမ်းမကမ်းတွင် ရှိနေကြသော ယိုးနင်၊ ကျီးထျန်းနှင့် အခြားသူများမှာတော့ လှောင်ပြောင်သော အပြုံးများဖြင့် ကြည့်နေကြတော့သည်။
"အရှင်... ကျုပ်က စန်းယန်ကို အနိုင်ယူခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက်ကြောင့်နဲ့ သူ့ဘက်ကနေ ကာကွယ်ပေးနေလို့ မရဘူးလေ"
လုမင်က ဆိုလိုက်သည်။ သူ့အသံမှာ ကျယ်လောင်လှပြီး အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွား၏။
သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ အပြာရောင်နတ်ဆိုးဘုရင်က စန်းယန်အတွက်နှင့် သူ့ကို တမင်တကာ အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်သည်။
"အတင့်ရဲလိုက်တာ...၊ ဒါ ဘယ်လို စကားမျိုးလဲ...၊ ငါ့ကို သံသယဝင်ဝံ့တယ်လား"
အပြာရောင်နတ်ဆိုးဘုရင်က အော်ဟစ်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ သူက လုမင်ကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
"မင်းရဲ့ နောက်ခံက မရှင်းလင်းဘူး။ မင်းကို ဒီနေရာမှာတင် ဖမ်းဆီးမပစ်တာ ငါ ကြင်နာမှုပြတာပဲ။ ဒါတောင် အခုထိ စကားတွေ များနေသေးတာလား။ မင်း အခုချက်ချင်း မဆုတ်ခွာဘူးဆိုရင် ငါ့ဘက်ကလည်း ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး"
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။ မည်သူမျှ စကားတစ်ခွန်းမှ မပြောရဲကြချေ။
လော့မျိုးနွယ် ခေါင်းဆောင်က အပြာရောင်နတ်ဆိုးဘုရင်မှာ လွန်လွန်းသည်ဟု ခံစားရသည်။ သို့ရာတွင်၊ သူက ထာဝရနတ်ဆိုးတိုင်းပြည်တွင် အင်အားကြီးသူ ဖြစ်သဖြင့် ဤကိစ္စအတွက်နှင့် သူ့ကို ဆန့်ကျင်ဘက်မပြုလိုပေ။
ပြိုင်ပွဲ မဝင်ရရုံမျှမှာ သူ့အမြင်တွင် ကိစ္စသေးတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း လုမင်အတွက်မူ ဤသည်မှာ ကြီးမားသော ကိစ္စ ဖြစ်၏။ ၎င်းက ရှေးဟောင်းနတ်ဆိုးခေါင်းတလားနှင့် ဆက်နွှယ်နေသည်။
သို့သော်လည်း အပြာရောင်နတ်ဆိုးဘုရင်က သူ့ကို ထိုအခွင့်အရေး ပေးမည်မဟုတ်ကြောင်း ထင်ရှားသည်။
ထာဝရမဟာဧကရာဇ်ကမူ ခံစားချက်မရှိသော အမူအရာဖြင့် ကြည့်နေ၏။ အပြာရောင်နတ်ဆိုးဘုရင်က လွန်နေသည်ဟု သူ ခံစားမိသော်လည်း သူ့ကိုပင် ပွဲစီစဉ်ခွင့် ပေးထားသဖြင့် ဘာမှဝင်မပြောတော့ပေ။
"ဘာလို့ မဆုတ်ခွာသေးတာလဲ"
အပြာရောင်နတ်ဆိုးဘုရင်က ထပ်မံ ဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ဒီရေလှိုင်းကဲ့သို့ လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်လာခဲ့၏။ လုမင်မှာ ပြင်းထန်သော ဖိအားကြောင့် နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရတော့သည်။
လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူသည် အလွန်တရာ မကျေမနပ် ဖြစ်နေမိ၏။
သို့သော်လည်း နောက်ဆုံးတွင် လုမင်က နောက်ဆုတ်ပေးလိုက်ရတော့သည်။
အပြာရောင်နတ်ဆိုးဘုရင်၏ စွမ်းအားမှာ ကြီးမားလွန်းလှသည်။ သူသည် မဟာဧကရာဇ် မဟုတ်သေးသော်လည်း အစစ်အမှန်ဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်၏။ သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ အခြားနည်းလမ်းကိုသာ စဉ်းစားရပေတော့မည်။
စန်းယန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လွင်လာသည်။
လုမင်ကို ပါဝင်ခွင့် မပေးရခြင်း၏ ပထမအချက်မှာ လက်စားချေရန် ဖြစ်သည်။ ဒုတိယအချက်မှာမူ၊ လုမင်၏ ခွန်အားမှာ အလွန်တရာ ကြောက်စရာကောင်းသောကြောင့် ဖြစ်၏။ လုမင်သာ ပါဝင်ခဲ့လျှင် သူက ထိပ်သီး သုံးယောက်စာရင်းထဲ ပါဝင်ရန် မျှော်လင့်ချက် မရှိနိုင်ပေ။
စာရင်းသွင်းခြင်း လုပ်ငန်းစဉ်မှာ ဆက်လက် လည်ပတ်နေခဲ့သည်။
နေ့ဝက်ခန့် ကြာမြင့်ပြီးနောက် စာရင်းသွင်းခြင်း ပြီးဆုံးသွား၏။
စာရင်းသွင်းပြီးသည်နှင့် ပြိုင်ပွဲမှာ စတင်တော့သည်။ တိုက်ပွဲများမှာ အလွန်တရာ ပြင်းထန်သည်။
သို့သော်လည်း ဤအရာများမှာ လုမင်နှင့် မသက်ဆိုင်တော့ပေ။ သူက မိမိ၏ ထိုင်ခုံတွင် ထိုင်ကာ သောက်စားရင်း နောက်ထပ် ဘာလုပ်ရမလဲဆိုသည်ကို တွေးတောနေမိသည်။ ရှေးဟောင်းနတ်ဆိုးခေါင်းတလားကို တစ်လခန့် မည်သို့ ငှားရမ်းရမည်နည်း။
အစွမ်းထက်သော ကျင့်ကြံသူများအတွက်၊ အထူးသဖြင့် အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံသူများအတွက်ပင် ခေါင်းတလားထဲတွင် လအနည်းငယ်မျှ ထိုင်နေခြင်းမှာ သာမန်ကိစ္စပင် ဖြစ်သည်။
ပြိုင်ပွဲမှာ ဆက်လက် ကျင်းပနေဆဲပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် လူအများစုက ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ဒါဇင်အနည်းငယ်မျှသော လူများသာ ကျန်ရှိတော့သည်။
ထိုလူများမှာ အလွန်တရာ ပါရမီထူးချွန်သူများ ဖြစ်ကြသည်။ အချို့မှာ ဘုရင်ခန္ဓာ ပိုင်ရှင်များပင် ဖြစ်ကြ၏။
'အဆုံးမဲ့နတ်ဆိုးနယ်မြေက တကယ်ကို တိုက်ခိုက်လိုစိတ် ပြင်းပြတဲ့ နေရာပဲ။ သတ်ဖြတ်မှုတွေကလည်း အဆုံးမရှိဘူး။ ဒီက ပါရမီရှင်တွေရဲ့ အရည်အချင်းက ယွမ်တောင်ထက်တောင် ပိုပြီး အားကောင်းနေတယ်'
ပြိုင်ပွဲ အဆုံးသတ်ခါနီးတွင် လုမင်လည်း စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။
အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ ပါရမီရှင် အရေအတွက်မှာ ယွမ်တောင်နှင့် အတူတူပင် ဖြစ်သော်လည်း အရည်အချင်းက ပိုမို မြင့်မားသည်ကို သူ တွေ့ရပေသည်။
ဥပမာအားဖြင့် အဆုံးမဲ့နတ်ဆိုးနယ်မြေရှိ ပါရမီရှင်များ၏ ပျမ်းမျှ ကျင့်ကြံမှုအဆင့်မှာပင် ယွမ်တောင်ထက် ပို၍ မြင့်မားသည်။
အများစုမှာ အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေကြပြီး အချို့ဆိုလျှင် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် ပြီးပြည့်စုံခြင်းအဆင့်သို့ပင် ရောက်နေကြချေပြီ။
ဥပမာအားဖြင့် လော့ရွှမ်သည် အန္တိမသူတော်စင်နယ်ပယ် မဟာစက်ဝန်းဖြင့် ဘုရင်ခန္ဓာရှိသော်လည်း ဤပါရမီရှင်များကြားတွင် မည်သည့် အားသာချက်မျှ ရှိမနေပေ။ သူ့ထက် မနိမ့်ကျသောသူမှာ အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိသည်။
ထို့ပြင်၊ ဤသည်မှာ အဆုံးမဲ့နတ်ဆိုးနယ်မြေရှိကြီးရှိ ပါရမီရှင် အားလုံး မဟုတ်ဘဲ တစ်ဝက်ခန့်သာ ရှိသေးသည်။
အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းထက် ပါရမီရှင်များ ဤမျှများပြားနေခြင်းမှာ တုန်လှုပ်ဖွယ်ရာ ကောင်းသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ယွမ်တောင်၏ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် လေ့ကျင့်မှုများ၊ ပြိုင်ပွဲများနှင့် နတ်ဆိုးမျိုးနွယ်စုများနှင့် တိုက်ပွဲများကြောင့် လူအများစု၏ ကျင့်ကြံမှုအဆင့်များမှာလည်း တိုးတက်လာခဲ့ကြပြီး ဖြစ်လေသည်။
ဘုရင်ခန္ဓာ အများစုမှာ အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့ကြသည်။