အခန်း ၂၀၄၂
Vol. 140 Ch. 2042
အပိုင်း ( 2042 ) အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများ။
ပြိုင်ပွဲမှာ ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။ ပါရမီရှင်များထဲတွင် လူငယ်နှစ်ဦးက လုမင်၏ အာရုံကို ဖမ်းစားခဲ့၏။
အကြောင်းမူ၊ ထိုနှစ်ဦးမှာ ထူးကဲစွာပင် အစွမ်းထက်နေသောကြောင့်ပင်။ သူတို့က ကောင်းကင်သားတော် နှစ်ဦးပင် ဖြစ်သည်။
"ဟင်းလင်းပြင်ရဲ့သားတော်နဲ့ သေခြင်းရဲ့သားတော်ပဲ..."
လုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ကောင်းကင်သားတော် နှစ်ဦးအနက် တစ်ဦးမှာ အစွမ်းထက်ဆုံး နိယာမဆယ်ပါးထဲမှ တစ်ခုဖြစ်သော ဟင်းလင်းပြင်နိယာမကို ထိန်းချုပ်ထားသည်။
အခြားတစ်ဦးမှာမူ မရဏဓားကဲ့သို့ပင် သေဆုံးခြင်းနိယာမကို အမှန်တကယ် ထိန်းချုပ်ထား၏။
ယနေ့ခေတ်ကာလမှာ အမှန်တကယ်ပင် ရွှေခေတ်တစ်ခေတ် ဖြစ်ချေပြီ။ အတိတ်ကာလက ကောင်းကင်သားတော် တစ်ဦး ပေါ်ထွက်လာခြင်းမှာပင် အလွန်တရာ အံ့ဩစရာ ကောင်းသည်။ သို့သော်၊ ယခုအခါတွင်မူ ကောင်းကင်သားတော်များမှာ မကြာခဏ ပေါ်ထွက်နေကြပြီ။ တူညီသော နိယာမကို အောင်မြင်စွာ ကျင့်ကြံနိုင်သူများပင် ရှိကြသည်။
ထို့ပြင်၊ ဤသည်မှာ ယွမ်တောင်နှင့် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး နှစ်ခုမျှသာ ရှိသေးသည်။ ရှေးဦးလောကတွင် နယ်မြေကြီးဆယ်ခု ရှိသည်ကို သိထားကြရမည် ဖြစ်သည်။
ကောင်းကင်သားတော်များက တစ်ဦးထက်မက ရှိနေမည်မှာ သေချာသည်။
အကယ်၍၊ မရဏဓားသာ ဤလူနှင့် ဆုံတွေ့ခဲ့လျှင် ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုနှစ်ဦးအပြင် စန်းယန်၏ ခွန်အားမှာလည်း အမှန်တကယ် အစွမ်းထက်လှသည်။ သူက ပြိုင်စံရှားပြီး ထိပ်သီးသုံးဦးစာရင်းဝင်ရန် ရေပန်းစားနေသူ ဖြစ်၏။
ရက်အနည်းငယ်ကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။
လော့ရွှမ်နှင့် ယိုးနင်တို့မှာ အဆင့်နှစ်ဆယ်ဝန်းကျင်တွင် ရှိနေကြပြီး ထိပ်သီးအယောက် နှစ်ဆယ် စာရင်းသို့ပင် မဝင်နိုင်ခဲ့ကြချေ။
ကျီးထျန်းမှာမူ နိယာမအလင်းကို ကျင့်ကြံထားသဖြင့် အမှန်တကယ် အစွမ်းထက်လှသည်။ သူက ထိပ်သီးဆယ်ဦးစာရင်းထဲအထိ တိုးဝင်သွားခဲ့ပြီး အဆင့်ခြောက် နေရာ ရရှိခဲ့ပေသည်။
စင်စစ်တွင်၊ ဘုရင်ခန္ဓာရှိသူများထဲတွင် နိယာမအလင်းကို ကျင့်ကြံနိုင်သူမှာ အလွန်ပင် ရှားပါးသည်။
စန်းယန်မှာလည်း တိုက်ပွဲများစွာ ဆင်နွှဲပြီးနောက် နောက်ဆုံးတွင် ပြိုင်ဘက်များကို အနိုင်ယူကာ တတိယအဆင့်ကို ရရှိသွားခဲ့သည်။
ပထမနှင့် ဒုတိယအဆင့်များကိုမူ ကောင်းကင်သားတော် နှစ်ဦးကပင် ရရှိသွားကြ၏။
ထိုကောင်းကင်သားတော် နှစ်ဦး၏ ကျင့်ကြံမှုမှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိနေပြီး ဧကရာဇ်တစ်ပိုင်း အဆင့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ထို့ပြင်၊ သူတို့ကလည်း နိယာမအလင်းကို ကျင့်ကြံထားသဖြင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းလှပေသည်။
စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်ပွဲမှာ ကောင်းကင်သားတော် နှစ်ဦး၏ တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲက ပရိသတ်များ၏ စိတ်ဝင်စားမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့၏။
ဟင်းလင်းပြင်နိယာမနှင့် သေခြင်းတရားနိယာမတို့ ထိပ်တိုက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ဤနိယာမနှစ်ခုစလုံးမှာ အလွန်ပင် အစွမ်းထက်ပြီး သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်မှာလည်း တူညီကြ၏။ အနိုင်အရှုံး ဆုံးဖြတ်ရန်အတွက် အကွက်ပေါင်း တစ်ထောင်ခန့်အထိ တိုက်ခိုက်ခဲ့ကြရသည်။
နောက်ဆုံးတွင်၊ သေခြင်း၏သားတော်က နိယာမအလင်းကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုကြောင့် ကပ်သီလေး အနိုင်ရသွားခဲ့ပေသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် အလွန်တရာ နီးကပ်နေပြီ ဖြစ်သည်။
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာကောင်းတယ်၊ ဒါက ကောင်းကင်သားတော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းလား။ တကယ်ကို ကြောက်စရာကောင်းတာပဲ"
လော့ရွှမ်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။
"ကောင်းကင်သားတော်က အစွမ်းထက်တာ အမှန်ပါပဲ။ သိုင်းဧကရာဇ်နယ်ပယ်အောက်မှာဆိုရင် သာမန် ကျင့်ကြံသူတွေက ကောင်းကင်သားတော်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အလကားပါပဲ"
ယိုးနင်ကလည်း သက်ပြင်းချလိုက်၏။ သူက လုမင်ကို သိသိသာသာရော မသိမသာပါ ကြည့်လိုက်သည်။
ဤသည်မှာ ကောင်းကင်သားတော် မဟုတ်လျှင် မည်သူမျှ သူတို့ကို ယှဉ်နိုင်မည် မဟုတ်ဟု ဆိုလိုခြင်း ဖြစ်လေသည်။
လုမင်က ဂရုမစိုက်ဘဲ ခပ်ပြုံးပြုံးသာ နေလိုက်သည်။ သူ့စိတ်ထဲမှာတော့ သက်ပြင်းချနေမိ၏။
အကယ်၍ သူသာ ပါဝင်ခဲ့လျှင် ထိပ်သီးသုံးဦးစာရင်းထဲသို့ သေချာပေါက် ဝင်နိုင်ပေလိမ့်မည်။
ကောင်းကင်သားတော် နှစ်ဦးက အစွမ်းထက်သော်လည်း သူကမူ ကြောက်ရွံ့ခြင်း မရှိပေ။
'နှမြောစရာပဲ...'
လုမင်က သက်ပြင်းချလိုက်ပြီး အရက်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ယိုးနင်ကမူ လုမင်က သူနှင့် ကောင်းကင်သားတော်တို့၏ ခြားနားချက်ကို သိရှိသွားသဖြင့် ထိုသို့ ဖြစ်သွားသည်ဟု ထင်မှတ်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
"ထိပ်သီး သုံးဦးစာရင်းဝင်တဲ့သူတွေက ငါ့ထံမှာ တောင်းဆိုမှု တစ်ခု ပြုလုပ်နိုင်တယ်။ ရှေ့ကို ထွက်ခဲ့ကြပါ"
ထိုအခိုက်တွင်၊ ထာဝရမဟာဧကရာဇ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်သားတော် နှစ်ဦးနှင့် စန်းယန်တို့က ရှေ့သို့ လှမ်းတက်လိုက်ကြ၏။
ယခုအချိန်တွင် စန်းယန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
အကယ်၍ သူသည် ထာဝရမဟာဧကရာဇ်ထံတွင် တောင်းဆိုမှု တစ်ခု ပြုလုပ်မည် ဆိုပါက၊ သူ့အတွက် အကျိုးအရှိဆုံးနှင့် အတန်ဆုံး တောင်းဆိုမှု ဖြစ်ရပေမည်။
'ငါ ရှေးဟောင်းကျမ်းစာ တစ်ခုကို တောင်းဆိုရမလား၊ ဒါမှမဟုတ် ထာဝရမဟာဧကရာဇ်ရဲ့ တပည့်ဖြစ်ခွင့်ကို တောင်းရမလား'
စန်းယန်၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေသည်။ သူဟာ စိတ်လှုပ်ရှားလွန်းသဖြင့် အသားများပင် တုန်ရင်နေလေတော့သည်။
"ဟားဟားဟား... ဒီနေ့က အရမ်းစည်ကားနေတာပဲ၊ ငါလည်း လာပြီး ပျော်ပါးရဦးမယ်"
ထိုခဏ၌ ကောင်းကင်ထက်မှ ကျယ်လောင်သော ရယ်သံတစ်ခု ဟိန်းထွက်လာခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ကြီးမားသော သတ္တဝါကြီးတစ်ကောင် လာနေသည့်အလား ကောင်းကင်တစ်ခုလုံး တုန်ခါသွား၏။
ကျွမ်းကျင်သူများလည်း မျက်နှာအမူအရာ ပြောင်းသွားကြပြီး မလှမ်းမကမ်းရှိ ကောင်းကင်ယံကို လှည့်ကြည့်လိုက်ကြသည်။
"ဂျုန်း..."
နောက်တစ်ခဏတွင် ဟင်းလင်းပြင်မှာ ကွဲအက်သွားပြီး မှောင်မိုက်သော ဟင်းလင်းပြင်အတွင်းမှ အလွန်တရာ ကြီးမားလှသော စစ်သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။
စစ်သင်္ဘောကြီးမှာ အလျား မီတာတစ်သောင်းခန့် ရှိသည်။ သင်္ဘော တစ်စင်းလုံးက မည်းနက်နေကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှင့်နေ၏
"ဒါက အင်မော်တယ်နတ်ဆိုးတိုင်းပြည်ရဲ့ အင်မော်တယ်စစ်သင်္ဘောကြီးပဲ"
တစ်စုံတစ်ယောက်က အော်လိုက်သည်။
လူအများမှာ တုန်လှုပ်သွားကြ၏။
အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှာ ထာဝရနတ်ဆိုးတိုင်းပြည်ကဲ့သို့ပင် ကျော်ကြားလှသော အထူးနတ်ဆိုးတိုင်းပြည်ကြီး တစ်ခု ဖြစ်သည်။
ဂူတစ်လုံးတွင် ကျားနှစ်ကောင် မအောင်းနိုင်သကဲ့သို့၊ ထိုနတ်ဆိုးတိုင်းပြည်ကြီး နှစ်ခုမှာလည်း သဘာဝအတိုင်းပင် ရန်ဘက်များ ဖြစ်ကာ ပဋိပက္ခများနှင့် စစ်ပွဲများ ခဏခဏ ဖြစ်ပွားလေ့ ရှိကြသည်။
ယခုလည်း အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ အင်မော်တယ်စစ်သင်္ဘောကြီးမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြပြီ။
စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် လူတစ်စု ရပ်နေကြသည်။
ဦးဆောင်လာသူမှာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အရှိန်အဝါ ပြင်းထန်လှသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြစ်ပေသည်။
"မင်း အင်မော်တယ်ဧကရာဇ်... ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ"
ထာဝရမဟာဧကရာဇ်က ထိုလူကြီးကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။
လူအများမှာ တစ်ဖန်တုန်လှုပ်သွားကြ၏။
အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် ဤဘွဲ့အမည်ကို အသုံးပြုရဲသူမှာ တစ်ဦးတည်းသာ ရှိသည်။ ထိုသူကား အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ အုပ်ချုပ်သူ 'အင်မော်တယ်ဧကရာဇ်'ပင်။
ထာဝရဧကရာဇ်ကဲ့သို့ပင် အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ အုပ်ချုပ်သူတိုင်းမှာလည်း အင်မော်တယ်ဧကရာဇ်ဟူသော ဘွဲ့အမည်ကို အသုံးပြုကြသည်။
"ဟားဟားဟား... ထာဝရဧကရာဇ်၊ မင်းက နောက်ဆုံးမှာ ကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်ခဲ့တာ... ငါက မင်းကို ဂုဏ်ပြုဖို့ လာတာပေါ့။ ဘာလဲ... မင်းက ငါ့ကို မကြိုဆိုဘူးလား"
အင်မော်တယ်ဧကရာဇ်က ရယ်မောလိုက်သည်။
"ရောက်လာသူက ဧည့်သည်ပဲ၊ လာထိုင်ပါ"
ထာဝရဧကရာဇ်က ပြောလိုက်ပြီးနောက် လူများကို နေရာထိုင်ခင်း ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။
"သွားကြစို့"
အင်မော်တယ်ဧကရာဇ်က ဆိုလိုက်၏။ လူအများအပြားမှာ သူ့နောက်မှ လိုက်ပါလာကြပြီး စစ်သင်္ဘောကြီးပေါ်မှ ခုန်ဆင်းလာကြတော့သည်။
အင်မော်တယ်ဧကရာဇ်နောက်သို့ လိုက်ပါလာသူများမှာ မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူများ ဖြစ်သကဲ့သို့ မျိုးဆက်သစ် ပါရမီရှင်များလည်း ပါဝင်သည်။
အင်မော်တယ်ဧကရာဇ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့အကြည့်မှာ တိုက်ပွဲစင်မြင့်ပေါ်ရှိ ပါရမီရှင်များထံသို့ ကျရောက်သွား၏။
ယခုအချိန်တွင် ထိပ်သီး ပါရမီရှင် အယောက် သုံးဆယ်မှာ စင်မြင့်ပေါ်တွင် ရှိနေသေးသည်။
ထိပ်သီးသုံးဦးက ထာဝရဧကရာဇ်ထံတွင် တောင်းဆိုမှု ပြုလုပ်နိုင်သလို၊ ထိပ်သီးဆယ်ဦးမှာလည်း ဆုလာဘ်များစွာ ရရှိမည် ဖြစ်သည်။ ထိပ်သီးအယောက် သုံးဆယ်သည်ပင် ဆုလာဘ်များ ရရှိကြမည် ဖြစ်သဖြင့် သူတို့အားလုံး ထိုနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။
"ထာဝရနတ်ဆိုးတိုင်းပြည်က ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒါက ငါ့ရဲ့ အင်မော်တယ်နတ်ဆိုးတိုင်းပြည်က ပါရမီရှင်တွေကို စိတ်လှုပ်ရှားစေတယ်။ သူတို့က ထာဝရနတ်ဆိုးတိုင်းပြည်က ပါရမီရှင်တွေနဲ့ လက်ရည်စမ်းကြည့်ချင်နေကြတယ်လေ။ ထာဝရဧကရာဇ်... မင်း ဘယ်လိုထင်လဲ"
အင်မော်တယ်ဧကရာဇ်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
'သူတို့ ဒီအတွက် ရောက်လာကြတာပဲ'
လူအများ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ အမှန်တကယ်ပင်၊ အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများက ကောင်းသော ရည်ရွယ်ချက်ဖြင့် လာကြခြင်း မဟုတ်ပေ။ သူတို့က ထာဝရဧကရာဇ်ကို ဂုဏ်ပြုရန်သက်သက် လာကြသည် မဟုတ်ကြောင်း ထင်ရှားသည်။
"ကောင်းပြီ... ငါလည်း အဲဒီအတိုင်းပဲ တွေးနေတာပဲ။ ပါရမီရှင်ချင်း လက်ရည်စမ်းတာဟာ သူတို့အတွက်လည်း ကောင်းပါတယ်"
ထာဝရဧကရာဇ်က ဆိုလိုက်၏။
သူ ငြင်းဆို၍ မရပေ။ ထိုသို့မဟုတ်ပါက ထာဝရနတ်ဆိုးတိုင်းပြည်သည် အင်မော်တယ်နတ်ဆိုးတိုင်းပြည်ကို ကြောက်ရွံ့နေသည်ဟု လူအများက ထင်မြင်သွားပေလိမ့်မည်။
"ကောင်းပြီ... ဟားဟားဟား"
အင်မော်တယ်ဧကရာဇ်က ရယ်မောလိုက်ပြီးနောက် သူ့နောက်ဘက်မှ လူငယ်များကို ကြည့်ကာ ပြောလိုက်သည်။
"ထာဝရနတ်ဆိုးတိုင်းပြည်က ပါရမီရှင်တွေနဲ့ ပျော်ပျော်ပါးပါး ယှဉ်ပြိုင်အတွေ့အကြုံယူကြပါ။ မှတ်ထားနော်... ငါ့ကို အရှက်မရစေနဲ့ဦး"
"ဟုတ်ကဲ့ပါ ဧကရာဇ်အရှင်"
ပါရမီရှင်များက လက်ယှက်ပြပြီး ဂါရဝပြုလိုက်ကြသည်။
"ကျုပ် အရင်သွားမယ်"
ထို့နောက် အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ သူက ဝင့်ကြွားသော အသွင်ဖြင့် ထာဝရနတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်များကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျုပ်နာမည်က ယွမ်ထို... ကျုပ်မှာ ဘုရင်ခန္ဓာရှိပြီး အန္တိမသူတော်စင်နယ်ပယ် မဟာစက်ဝိုင်းကို အခုလေးတင် ရောက်ထားတာ...၊ ဘယ်သူက ကျုပ်နဲ့ ပညာဖလှယ်ချင်လဲ"
ထာဝရနတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်များက တိတ်ဆိတ်သွားကြသည်။ လူအတော်များများမှာ ဝေ့ဝဲကြည့်နေကြသော်လည်း မည်သူမျှ ရှေ့သို့ ထွက်မလာကြချေ။
အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများက ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လာကြခြင်း မဟုတ်ပါ။ ထို့ကြောင့် သူတို့၏ ပါရမီရှင်မှာလည်း အားနည်းမည် မဟုတ်သည်မှာ သေချာသည်။
သူတို့က ပြိုင်ဘက်၏ အစွမ်းကို မသိကြသဖြင့် ဇွတ်အတင်း မလုပ်ရဲကြချေ။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင် အလွန်တရာ အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် တစ်စုံတစ်ယောက်ကို အရည်အချင်းစစ်ရန် ဦးစွာလှုပ်ရှားစေလိုသည်။