← Chapters

အခန်း ၂၀၄၆

Vol. 140 Ch. 2046

အခန်း ၂၀၄၆

Vol. 140 Ch. 2046

အပိုင်း ( 2046 ) လုမင် ပြုံးလိုက်သည်။

သေခြင်းတရား ချောက်ကမ်းပါးက မှင်ကဲ့သို့ မည်းနက်နေပြီး အနက်ရှိုင်းကို ခန့်မှန်း၍မရနိုင်ပေ။ ၎င်းက ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှေးနတ်ဆိုးကို ဖိနှိပ်လိုက်၏။

"အောင်ပြီ"

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူအချို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ယခင်က ကောလုံသည် ဤတိုက်ကွက်ဖြင့်ပင် ဟင်းလင်းပြင်သားတော်ကို အနိုင်ယူခဲ့ဖူးသည်။ ဟင်းလင်းပြင်နိယာမပင်လျှင် ဤသေခြင်းတရား ချောက်ကမ်းပါးကို မဖြိုခွဲနိုင်ခဲ့ပေ။

"သေခြင်းတရား ချောက်ကမ်းပါးထဲကို ကျဆင်းသွားတဲ့ သက်ရှိသတ္တဝါမှန်သမျှ သေရမယ်"

ကောလုံက ဟိန်းဟောက်လိုက်သည်။ ချောက်ကမ်းပါးအတွင်းရှိ သေခြင်းစွမ်းအင်များက အလွန်တရာ သိပ်သည်းလာ၏။

သို့သော်လည်း နောက်တစ်ခဏ၌ ကောလုံ၏ မျက်နှာ အမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။

"ဒုန်း"

သေခြင်းတရား ချောက်ကမ်းပါးအတွင်းမှ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ဒုန်း... ဒုန်း"

ထို့နောက် ပေါက်ကွဲသံများက ပိုမိုပြင်းထန်လာပြီး ချောက်ကမ်းပါးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာတော့သည်။

ပေါက်ကွဲမှုများက အဆက်မပြတ်ဖြစ်ပွားပြီးနောက် သေခြင်းတရား ချောက်ကမ်းပါးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ နတ်ဆိုးအလင်းများ ဖုံးလွှမ်းနေသော လူရိပ်တစ်ခုက ပြိုင်ဘက်ကင်း နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ကောင်းကင်ထက်၌ ပေါ်ထွက်လာတော့သည်။

ကောလုံမှာမူ ချောက်ကမ်းပါး ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ပါးစပ်ထဲမှ သွေးများပန်းထွက်ကာ နောက်သို့ လွင့်စင်သွားသည်။

ရှုံးသွားပြီ၊ သေခြင်း၏သားတော် ကောလုံ ရှုံးသွားခဲ့ချေပြီ။

ထိုအခိုက်တွင်၊ ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများ၏ မျက်နှာများ ဖြူလျော်သွားကြသည်။

ထာဝရနတ်ဆိုးတိုင်းပြည်၏ အစွမ်းအထက်ဆုံးသူပင် ရှုံးနိမ့်သွားခဲ့ပြီ။

ဤတစ်ကြိမ်တွင် ထာဝရနတ်ဆိုးတိုင်းပြည်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ရှေးနတ်ဆိုး တစ်ယောက်တည်းက သူတို့အားလုံးကို အပြတ်အသတ် ချေမှုန်းရန် လုံလောက်နေချေပြီ။

"ကောင်းကင်သားတော်တွေက ဘယ်လိုလုပ်ပြီး ရှုံးသွားရတာလဲ"

လူငယ်အချို့မှာ ပို၍ပင် မယုံကြည်နိုင်ဘဲ ဖြစ်သွားကြသည်။

ကောင်းကင်သားတော် ဆိုသည်မှာ အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းသလောက် ရှိသူများ ဖြစ်သည်။ သို့သော်လည်း ယခုမူ ကောင်းကင်သားတော်များက ရှုံးနိမ့်သွားခဲ့ပြီ။ လူငယ်များ၏ သူတို့ကိုယ်ကို ယုံကြည်ချက်များလည်း ပြိုလဲသွားတော့သည်။

"ဟားဟားဟား...၊ ထာဝရဧကရာဇ်... မင်းတို့ဆီက ပါရမီရှင်တွေက သိပ်ပြီး အားရစရာမရှိဘူးပဲ။ တခြား စမ်းကြည့်ချင်တဲ့သူ မရှိတော့ဘူးလား"

အင်မော်တယ်ဧကရာဇ်က အားရပါးရ ရယ်မောလိုက်သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်နှင့် ထာဝရနတ်ဆိုးတိုင်းပြည်တို့မှာ နတ်ဆိုးနယ်မြေရှိ အင်အားကြီးတိုင်းပြည်နှစ်ခု ဖြစ်ကြပြီး အချိန်အတော်ကြာအောင် ပြိုင်ဆိုင်လာခဲ့ကြသူများ ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်အတွက်မူ ထာဝရဧကရာဇ်ကို အရှက်ခွဲနိုင်ခြင်းမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှပေသည်။

ထာဝရနတ်ဆိုးတိုင်းပြည်မှ အခြားသူများမှာမူ မျက်နှာမကောင်းကြပေ။ ထာဝရဧကရာဇ် အရှက်ခွဲခံရခြင်းမှာ သူတို့ကိုပါ စော်ကားခံရခြင်းနှင့် အတူတူပင် ဖြစ်သည်။

"အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှာ ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ဒီလောက်အဆင့်ထိ ကျင့်ကြံနိုင်တဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက တကယ်ကို ရှားပါးတယ်"

ထာဝရဧကရာဇ်က ပြောလိုက်သည်။

"ဟားဟားဟား... ဒီလူငယ်လေးက ငါ့ရဲ့ အင်မော်တယ်နတ်ဆိုးတိုင်းပြည်ရဲ့ ဒဏ္ဍာရီ ပါရမီရှင်တစ်ယောက်ပဲ။ သူဟာ ငယ်ငယ်ကတည်းက သွေးမျိုးဆက် မနိုးထနိုင်ခဲ့သလို နိယာမတွေကိုလည်း နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီကောင်လေးမှာ သူ့ကံကြမ္မာနဲ့သူ ရှိနေတယ်လေ။ သူက မတော်တဆ ရှေးဦးနတ်ဆိုးလမ်းစဉ်ရဲ့ ကျင့်စဉ်တစ်ခုကို ရခဲ့တယ်။ ဒီလူငယ်လေးက ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံဖို့အတွက် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ဒီလမ်းစဉ်ကို ကျင့်ကြံပြီးကတည်းက သူ့ရဲ့ ခွန်အားက တဟုန်ထိုး တိုးတက်လာခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာလို့ အသန်မာဆုံး နိယာမတွေတောင် မတားဆီးနိုင်ဘူး"

အင်မော်တယ်ဧကရာဇ်က အလွန်ပင် ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရှေးနတ်ဆိုးအကြောင်းကို ရှင်းပြလိုက်သည်။

လူအများမှာ အံ့အားသင့်သွားကြ၏။ ရှေးနတ်ဆိုးက ယခုခေတ် သိုင်းလမ်းစဉ်ကို မကျင့်ကြံနိုင်သလို နိယာမများကိုလည်း နားမလည်နိုင်သူ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

သို့သော်လည်း သူက ရှေးဦးနတ်ဆိုးလမ်းစဉ်နှင့်မူ အလွန်ပင် ကိုက်ညီနေသူ ဖြစ်သည်။ သူက ရှေးဦးနတ်ဆိုးလမ်းစဉ်အတွက် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးပင် ဖြစ်နေသေးသည်။

ရှေးဦးကျင့်ကြံမှုစနစ်မှာ ကျင့်ကြံရန် အလွန်ပင် ခက်ခဲသည်။ ယခုခေတ် ကျင့်ကြံမှုစနစ်ထက် အဆပေါင်းများစွာ ပိုခက်ခဲ၏။ ထို့ကြောင့်သာလျှင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံရုံနှင့် ယခုခေတ် ကျင့်ကြံမှုစနစ်ကို ချေမှုန်းနိုင်ကာ ကောင်းကင်သားတော်များကို အနိုင်ယူနိုင်မည်ဟု မဆိုလိုပေ။

အထူးချွန်ဆုံးသော ပါရမီရှင်များသာလျှင် ရှေးနတ်ဆိုးကဲ့သို့ အဆင့်မျိုးကို ရောက်ရှိနိုင်မည် ဖြစ်သည်။

"ရှေးဦးကျင့်ကြံမှုစနစ်... ရှေးဦးနတ်ဆိုးလမ်းစဉ်"

လုမင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာ၏။

လုမင်အနေဖြင့် ရှေးဦးကျင့်ကြံမှုစနစ်အကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ကောင်းကင်လောက၏ ရှေးဦးခေတ်ဆိုသည်မှာ ယွမ်လု၏ ကျင့်ကြံမှု ရှေးဟောင်းခေတ်ထက်ပင် ပို၍ စောသောခေတ် ဖြစ်သည်။ ထိုအချိန်က မိစ္ဆာနတ်ဘုရားမျိုးနွယ်စု၏ ကျူးကျော်မှုပင် မစတင်ရသေးပေ။

လုမင်က အမှန်တကယ်ပင် စိတ်လှုပ်ရှားနေမိပြီး ရှေးနတ်ဆိုးနှင့် တိုက်ခိုက်ကြည့်ရန် တွေးလိုက်မိသည်။

"ကောင်လေး... မင်း ထွက်လာခဲ့စမ်း"

လုမင် တွေးတောနေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူငယ်တစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာပြီး လုမင်ကို စိုက်ကြည့်လိုက်၏။

မမှားပေ၊ သူက လုမင်ကို ကြည့်နေခြင်း ဖြစ်သည်။

ဤလူငယ်က လော့ရွှမ်ကို အနိုင်ယူခဲ့သူ ယွမ်ထို့ပင်။ လုမင်မှ လော့ရွှမ်ကို ကယ်တင်ခဲ့စဉ်က သူ့ကို တွန်းထုတ်ခဲ့သဖြင့် သူ အရှက်ရခဲ့ပြီး စိတ်မကြည်မလင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူက လုမင်ကို အရှက်ပြန်ခွဲရန် မည်သို့ ပြုလုပ်ရမည်ကို အမြဲ တွေးတောနေခဲ့ပေသည်။

ယခုအခါ တိုက်ပွဲများ ပြီးဆုံးသွားပြီဖြစ်သဖြင့် သူက စင်မြင့်ပေါ်သို့ တက်ကာ အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။

"မင်းကို ပြောနေတာ... မင်းက အရမ်းထူးချွန်တယ် မဟုတ်လား။ မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်း လုပ်ချင်နေတာ မဟုတ်ဘူးလား။ တက်လာခဲ့ပြီး ငါနဲ့ တိုက်ခိုက်စမ်းပါ။ မင်းမှာ ဘာအရည်အချင်း ရှိလဲဆိုတာ ကြည့်ရအောင်"

ယွမ်ထို့က လုမင်ကို စိုက်ကြည့်ပြီး ထပ်မံ အော်ဟစ်လိုက်သည်။

လုမင်က ပြုံးလိုက်သည်။ သူ နှစ်ခြိုက်စွာ ပြုံးလိုက်ခြင်း ဖြစ်၏။

သူက သူ့ကိုယ်သူ အရှိန်အဝါထုတ်ပြရန် အခွင့်အရေး ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ပထမအချက်မှာ ထာဝရဧကရာဇ်၏ အာရုံကို ဖမ်းစားလိုခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာမူ ရှေးနတ်ဆိုးနှင့် အမှန်တကယ် တိုက်ခိုက်ကြည့်လိုသောကြောင့်ပင်။

ထို့ကြောင့် လုမင်က တုံ့ဆိုင်းမနေဘဲ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။

ထာဝရနတ်ဆိုးတိုင်းပြည်ဘက်မှ လူအချို့က လုမင်ကို စိတ်ဝင်တစား ကြည့်လိုက်၏။

အကြောင်းမှာ၊ လော့ရွှမ်က လုမင်သည် စန်းယန်ကို အနိုင်ယူခဲ့သည်ဟု ပြောထားသောကြောင့် ဖြစ်သည်။ ထိုစကားက အမှန်လား၊ အမှားလားဆိုသည်ကို သူတို့ မသိကြသေးပေ။

"တိုက်ခိုက်စမ်း... မင်းကို ငါ အခွင့်အရေး ပေးလိုက်မယ်"

လုမင်က လက်တစ်ဖက်ကို နောက်ပစ်ထားပြီး မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

စင်စစ်တွင်၊ သူက တမင်တကာ ပြုလုပ်နေခြင်း ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ယွမ်ထို့မှာ ဒေါသပေါက်ကွဲသွားတော့သည်။

"မင်း သေချင်နေတာပဲ"

ယွမ်ထို့က အော်ဟစ်လိုက်သည်။ သူက အစွမ်းကုန် ထုတ်ဖော်ကာ လုမင်ထံသို့ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။

ထိုလက်သီးချက်က ဒုန်းစိုင်းပြေးလာသော နတ်ဆိုးနွားတစ်ကောင်၏ ဦးချိုကဲ့သို့ လုမင်ကို ထိုးဖောက်ရန် ကြိုးစားလာတော့သည်။

"ဝုန်း"

သို့သော်လည်း လုမင်၏ လှုပ်ရှားမှုက ရိုးရှင်းသည်။ သူက လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်၏။

သို့သော်လည်း သူက အစီရင်နိယာမကို အသုံးမပြုခဲ့ပေ။ ထိုအစား အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ စွမ်းအားများက သူ၏ လက်သီးအတွင်း၌ ကိန်းအောင်းနေပြီး ယွမ်ထို့၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။

"ဒုန်း..."

ဗုံကြီးတစ်လုံးကို တီးခတ်လိုက်သည့်အလား ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခုက နောက်သို့ လွင့်စင်သွားကာ မီတာ ရာနှင့်ချီ၍ ဝေးကွာသော နေရာသို့ ကျဆင်းသွားတော့သည်။

ထိုလူရိပ်မှာ အခြားသူမဟုတ်ဘဲ ယွမ်ထို့ပင် ဖြစ်သည်။

"ဟင်..."

ကြည့်ရှုနေသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အစပိုင်းတွင် ထာဝရနတ်ဆိုးတိုင်းပြည်မှ လူအများမှာ ကောင်းကင်သားတော် နှစ်ဦးစလုံး ရှုံးနိမ့်သွားသဖြင့် စိတ်ဓာတ်ကျနေကြသော်လည်း၊ ယခုမူ သူတို့၏ မျက်လုံးများမှာ တောက်ပလာကြပြီ။

ယွမ်ထို့ကို တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်ခြင်းအတွက် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ မသေးလှပေ။

လော့ရွှမ် ပြောခဲ့သလိုပင် လုမင်က စန်းယန်ကို အမှန်တကယ် အနိုင်ယူခဲ့တာများလား။

ယွမ်ထို့က ဒယီးဒယိုင်ဖြင့် ပြန်ထလာခဲ့သည်။ သူ့မျက်နှာမှာမူ နီမြန်းနေ၏။

သူသည် လုမင်ကို အရှက်ပြန်ခွဲရန် စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း၊ လုမင်၏ လက်သီးတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားကာ မီတာ ရာနှင့်ချီ လွင့်စင်သွားခဲ့ရသည်။ သူက အဖက်မဆည်နိုင်သည့်အပြင် ပို၍ပင် အရှက်ကွဲသွားခဲ့၏။

သူက အလွန်ပင် နောင်တရနေပြီး ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ချင်နေမိတော့သည်။

"မင်း... မင်းက ထာဝရနတ်ဆိုးတိုင်းပြည်မှာ ဘယ်အဆင့် ရှိသလဲ"

ယွမ်ထို့က အံကြိတ်ကာ မေးလိုက်သည်။

အကယ်၍ လုမင်သာ ထာဝရနတ်ဆိုးတိုင်းပြည်တွင် အဆင့်မြင့်မြင့် ရရှိထားသူ ဖြစ်ပါက သူ ရှုံးနိမ့်သွားခြင်းမှာ အလွန်အမင်း အရှက်ရစရာ မဖြစ်နိုင်တော့ပေ။

"နာမည်မရှိပါဘူး"

လုမင်က အေးဆေးစွာပင် ပြောလိုက်၏။

သူက ထာဝရနတ်ဆိုးတိုင်းပြည်၏ ပါရမီရှင်တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသဖြင့် အမှန်တကယ်ပင် နာမည်မရှိသူ ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်များကမူ လုမင်က သူတို့ကို တမင်တကာ အရှက်ခွဲနေသည်ဟု ထင်မြင်သွားကြတော့သည်။

နာမည်မရှိသူ တစ်ယောက်က ယွမ်ထို့ကို အဘယ်သို့ အနိုင်ယူနိုင်မည်နည်း။

"ဟမ့်... မင်းက ငါတို့ကို ဒီလိုနည်းနဲ့ အရှက်ခွဲချင်တာလား။ အခု ငါနဲ့ တိုက်စမ်း"

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူငယ်တစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားပြီး လုမင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။

လူအများက သူ့ကို မှတ်မိကြသည်။ သူက အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် အဆင့် တစ်ဆယ့်ငါးဖြစ်ပြီး ထာဝရနတ်ဆိုးတိုင်းပြည်၏ အဆင့်တစ်ဆယ့်သုံး ပါရမီရှင်ကို အနိုင်ယူခဲ့သူပင်။

All Chapters