← Chapters

အခန်း ၂၀၄၈

Vol. 140 Ch. 2048

အခန်း ၂၀၄၈

Vol. 140 Ch. 2048

အပိုင်း ( 2048 ) ရှေးနတ်ဆိုးနှင့် တိုက်ပွဲ။

"ဒါက ထာဝရဧကရာဇ်နဲ့ မဆိုင်ပါဘူး။ တချို့လူတွေက ကျွန်တော့်မှာ အရည်အချင်းမရှိဘူးလို့ ထင်နေကြလို့ လက်ရည်စမ်းပွဲမှာ မပါဝင်ခဲ့ရတာပါ"

လုမင်က ပြန်လည်ဖြေကြားလိုက်သည်။

သူသည် ထာဝရဧကရာဇ်ထံမှ 'ရှေးဦးနတ်ဆိုးခေါင်းတလား' ကို ခေတ္တငှားယူရန် လိုအပ်နေသေးသဖြင့် ထာဝရဧကရာဇ်ဘက်မှ ကာကွယ်ပြောဆိုပေးလိုက်ခြင်းပင်။

"အလို... တချို့လူတွေက တကယ်ကို မျက်စိကန်းနေကြတာပဲ"

အင်မော်တယ် ဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

အပြာရောင်နတ်ဆိုးဘုရင်နှင့် စန်းယန်တို့၏ မျက်နှာများမှာ မည်းမှောင်သွားတော့သည်။

'လုမင်... မင်း သေသင့်တယ်'

သူတို့နှစ်ဦးစလုံးက စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ အင်မော်တယ်ဧကရာဇ်က မျက်စိကန်းနေသူများဟု ဆိုလိုက်ခြင်းမှာ သူတို့ကို ရည်ညွှန်းနေခြင်းဖြစ်၏။ သို့သော်လည်း အင်မော်တယ်ဧကရာဇ်ကို ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲကြသဖြင့် အပြစ်အားလုံးကို လုမင်အပေါ်၌သာ ပုံချနေကြတော့သည်။

ရှေးနတ်ဆိုးက လုမင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ဆိုလိုက်သည်။

"ခင်ဗျားက ကျုပ်ကို မယှဉ်နိုင်ပါဘူး"

သူ၏အသံမှာ တည်ငြိမ်သော်လည်း အကြွင်းမဲ့ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်နေသော ကောလုံပင်လျှင် သူ၏ပြိုင်ဘက်မဟုတ်ခဲ့ရာ လုမင်က မည်သို့ယှဉ်နိုင်ပါမည်နည်း။

"မတိုက်ကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ"

လုမင်ကလည်း ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။

ရှေးနတ်ဆိုးက အံ့အားသင့်သွားသည်။ လုမင်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို သိပါလျက်နှင့် ဤမျှယုံကြည်မှုရှိနေသည်မှာ အမှန်တကယ်ပင် တစ်ခုခုရှိနေခြင်းကြောင့်လား။

"ဒါဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့"

ရှေးနတ်ဆိုးက ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ အနက်ရောင် နတ်ဆိုးအလင်းတန်းများက သူ့ကို ဖုံးလွှမ်းသွားတော့သည်။

"ဝုန်း"

လုမင်က စတင်တိုက်ခိုက်လိုက်သည်။ သို့သော်၊ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုနေဆဲပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ကစဉ့်ကလျားနိယာမနှင့် ကစဉ့်ကလျား၏အလင်းတို့ဖြင့် ပံ့ပိုးပေးထားသည်။

"ဝုန်း"

ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး ဟင်းလင်းပြင်မှာ ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ ရှေးနတ်ဆိုးထံသို့ တိုးဝင်သွား၏။

ရှေးနတ်ဆိုး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး နတ်ဆိုးအလင်းတန်းများ ပေါက်ကွဲထွက်လာကာ လက်သီးတစ်ချက်ဖြင့် လုမင်ကို ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း"

နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်စွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားသည်။ စွမ်းအင်လှိုင်းအချို့က တိုက်ပွဲစင်မြင့်ပေါ်သို့ ကျရောက်သွားရာ စင်မြင့်က ပြင်းထန်စွာ တုန်ခါသွား၏။

"ဒုန်း... ဒုန်း... ဒုန်း"

လူရိပ်တစ်ခုက နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်ခွာလိုက်ရပြီး သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း အက်သွားတော့သည်။

ထိုသူမှာ လုမင်ပင် ဖြစ်သည်။

ဤထိပ်တိုက်တွေ့ဆုံမှုတွင် လုမင်မှာ အားနည်းချက်ဖြစ်သွားပြီး နောက်သို့ ဆုတ်ခွာလိုက်ရခြင်းပင်။ အခြားတစ်ဖက်တွင်မူ ရှေးနတ်ဆိုးမှာ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပါ။

"နောက်ဆုံးမှာတော့ လုမင်က ရှုံးနိမ့်သွားရတာပဲ"

လူအချို့က စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။

ပထမဆုံးအကွက်မှာပင် လုမင်က အားနည်းချက်ဖြစ်နေရချေပြီ။ သူသည် ရှေးနတ်ဆိုး၏ ပြိုင်ဘက်မဟုတ်သည်မှာ ထင်ရှားသည်။

'ဟားဟားဟား.. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ရှေးနတ်ဆိုးက သူ့ကို သတ်ပစ်လိုက်ရင် အကောင်းဆုံး ဖြစ်မယ်။ မဟုတ်ရင်လည်း သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်'

စန်းယန်မှာမူ စိတ်ထဲမှ ရယ်မောနေမိသည်။ ရှေးနတ်ဆိုးက ရူးသွပ်သွားပြီး လုမင်ကို သတ်ဖြတ်ပစ်လိုက်ရန် သူ မျှော်လင့်မိလေသည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ'

ထိုအချိန်တွင် လုမင်သည်လည်း အနည်းငယ် တုန်လှုပ်သွားမိသည်။

ရှေးနတ်ဆိုးနှင့် ထိပ်တိုက်တွေ့လိုက်ချိန်တွင်၊ ရှေးနတ်ဆိုး၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်ရုံသာမက သူ၏နတ်ဆိုးအလင်းမှာလည်း အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်ကြောင်း သူ သဘောပေါက်လိုက်သည်။

ထိုနတ်ဆိုးအလင်းမှာ အလွန်ပင် သိပ်သည်းလှပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအား ရှိ၏။ လုမင်၏ ကစဉ့်ကလျားနိယာမပင်လျှင် ထိုအလင်းတန်းကြောင့် ဆုတ်ဖြဲခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။

လုမင်အနေဖြင့် ဤမျှအံ့ဩဖွယ်ကောင်းသော အင်အားမျိုးကို ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းပင်။

"ထပ်လာမယ်"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်း အစွမ်းကုန် လည်ပတ်စေလိုက်ပြီး ရှေးနတ်ဆိုးကို ဆက်လက်တိုက်ခိုက်၏။

ရှေးနတ်ဆိုးသည်လည်း နတ်ဆိုးနတ်ဘုရားတစ်ပါးအလား လုမင်ထံသို့ တိုးဝင်လာခဲ့သည်။

"ဝုန်း..."

သူတို့နှစ်ဦးက ကောင်းကင်ယံ၌ ထိပ်တိုက်တွေ့နေကြရာ ဟင်းလင်းပြင်မှာ တုန်ခါနေတော့သည်။

သို့သော်လည်း လုမင်မှာ လုံးဝ အားနည်းချက်ဖြစ်နေရသည်။ ထိပ်တိုက်တွေ့လိုက်တိုင်း သူ့ခန္ဓာကိုယ်မှာ နောက်သို့ တွန်းထုတ်ခံနေရ၏။

တိုက်ကွက်ပေါင်း တစ်ဒါဇင်ကျော် ဖလှယ်ပြီးနောက်တွင် သူက မီတာ ရာနှင့်ချီ၍ နောက်သို့ ဆုတ်ခွာသွားခဲ့ရချေပြီ။

"ဝုန်း"

ဆယ့်ငါးကွက်မြောက်တွင်၊ လုမင်က မီတာ တစ်ထောင်ခန့် နောက်သို့ ဆုတ်သွားရသည်။ သူ၏ လက်ဝါးနှင့် လက်မောင်းတို့တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရတော့သည်။

"အံ့ဩစရာပဲ... တကယ့်ကို အံ့ဩစရာ‌ကောင်းတယ်။ ဒါက ရှေးဦးနတ်ဆိုးလမ်းစဉ်ရဲ့ စွမ်းအားလား"

လုမင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ဤသည်မှာ မျက်မှောက်ခေတ် ကျင့်ကြံမှုစနစ်နှင့် လုံးဝကွဲပြားသော စနစ်တစ်ခုဖြစ်သော်လည်း ၎င်း၏ နက်နဲသိမ်မွေ့မှုမှာမူ မျက်မှောက်ခေတ်၏ စနစ်ထက် အနည်းငယ်မျှ မနိမ့်ကျပေ။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ...၊ ရှေးဦးနတ်ဆိုးလမ်းစဉ်က ပါရမီရှင်တစ်ယောက်ကို စိန်ခေါ်ရဲတယ်ပေါ့။ မင်းက ကိုယ့်အရှက်ကို ကိုယ်ခွဲဖို့ လမ်းပေါက်ရှာနေတာပဲ"

စန်းယန်က မနေနိုင်ဘဲ လှောင်ပြောင်လိုက်ပြန်သည်။

သို့သော်လည်း ထာဝရဧကရာဇ်က သူ့ကို အေးစက်စက် လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲ တုန်ရင်သွားပြီး ကြောက်လွန်းသဖြင့် သေးများပင် ထွက်လုနီးပါး ဖြစ်သွားခဲ့တော့သည်။ သူ၏ မျက်နှာအမူအရာမှာလည်း ချက်ချင်း ပျက်ယွင်းသွားပြီး စကားတစ်လုံးမျှ ထပ်မပြောရဲတော့ပေ။

"ဝှစ်..."

ရှေးနတ်ဆိုးက လုမင်ကို တွန်းထုတ်ပြီးနောက် ရပ်မနေဘဲ လုမင်ကို ဆက်လက်တိုက်ခိုက်ရန် တိုးဝင်လာခဲ့သည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

ထိုအချိန်တွင် လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ဆက်လက်အသုံးမပြုတော့ဘဲ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုလိုက်တော့သည်။

သူက လက်ညှိုးတစ်ချက် ညွှန်လိုက်သည်နှင့် ကြီးမားသော လက်ချောင်းကြီးတစ်ချောင်း ဖြစ်ပေါ်လာပြီး ရှေးနတ်ဆိုးထံသို့ ပေါက်ကွဲထွက်သွားသည်။

"ဝုန်း"

ရှေးနတ်ဆိုးက လက်သီးဖြင့် ဧရာမ လက်ချောင်းကြီးကို ထိုးနှက်လိုက်၏။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တစ်လက်မချင်းစီ ကွဲအက်သွားတော့သည်။

သို့သော်၊ ယခုတစ်ကြိမ်တွင် ရှေးနတ်ဆိုး၏ တိုက်ခိုက်မှုမှာလည်း တားဆီးခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ တုံ့ဆိုင်းသွားပြီး ရပ်တန့်သွားခဲ့‌ရတော့သည်။

ထိုခဏ၌ လုမင်၏ ဘယ်ဘက်လက်မှာ အဆုံးမရှိသော ရွန်းစာလုံးများ ပြည့်နှက်သွားသည်။ လက်ဝါးတစ်ချက် ရိုက်လိုက်သည်နှင့် ရွန်းစာလုံးများမှာ နဂါးကိုးကောင်အဖြစ် ပေါင်းစပ်သွားပြီး ရှေးနတ်ဆိုးထံသို့ ပြေးဝင်သွားတော့၏။

"ဒါ... ဒါက အစီရင်နိယာမလား။ သူက နိယာမနှစ်မျိုးကို ကျွမ်းကျင်ထားတာလား"

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က နိယာမနှစ်မျိုးကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား"

လူအများမှာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။ အချို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံမှပင် ထရပ်လိုက်ကြ၏။

သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးက နိယာမနှစ်မျိုးကို ထိန်းချုပ်နိုင်သည်မှာ တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စပင်။

"ဒီကောင်စုတ်... ယိုးလော့နတ်ဆိုးတိုင်းပြည်မှာတုန်းက သူ့စွမ်းအားတွေကို အပြည့်အဝ အသုံးမပြုခဲ့ဘူး"

လော့ရွှမ်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

လုမင်သည် အစပိုင်းတွင် 'နတ်ဆိုးမိုးကြိုးနိယာမ' ကို အဘယ်ကြောင့် အသုံးပြုခဲ့သည်ကို ယခုမှ သူ နားလည်သွားတော့သည်။ ၎င်းမှာ ကစဉ့်ကလျားနိယာမဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

သူ၏ဘေးတွင်ရှိသော ယိုးနင်၊ ကျီးထျန်းနှင့် ကျီးဖျင်တို့မှာလည်း လော့ရွှမ်၏စကားကို ကြားလိုက်ကြသည်။ သူတို့က စကားပင် မပြောနိုင်ဘဲ မှင်တက်နေကြပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြတော့သည်။

ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် လုမင်က သူ၏စစ်မှန်သောစွမ်းအားကို အသုံးမပြုခဲ့ကြောင်း သူတို့ နားလည်သွားကြပြီ။ သူက သူတို့ကို ကစားနေခြင်းသာဖြစ်ပြီး အလေးအနက်ပင် ထားခဲ့ပုံမရပေ။

အထူးသဖြင့် ယိုးနင်၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေရသည်။

အစပိုင်းတွင် လုမင်သည် သူမ၏ဧည့်သည်တော် ဖြစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူကိုယ်တိုင်ပင် လုမင်အား မင်းသမီးကြီးအိမ်တော်မှ မောင်းထုတ်မိခဲ့ပေသည်။

သူက ကစဉ့်ကလျား၏သားတော်တစ်ဦးကို သူ၏အိမ်တော်မှ ကိုယ်တိုင်ကိုယ်ကျ နှင်ထုတ်ခဲ့မိခြင်း ဖြစ်သည်။

အင်မော်တယ်ဧကရာဇ်က အပြာရောင် နတ်ဆိုးဘုရင်နှင့် စန်းယန်တို့ကို မျက်စိကန်းနေသူများဟု ဆိုခဲ့သည်။ သို့ဆိုလျှင်၊ သူမကရော ထိုသူများနှင့် ဘာများကွာခြားပါသနည်း။

နဂါးကိုးကောင်မှာ ဟိန်းဟောက်လျက် ရှေးနတ်ဆိုးထံသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် လုမင်က ညာဘက်လက်ဖြင့် ညွှန်ပြလိုက်ရာ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းတစ်ခု ဖြစ်ပေါ်လာပြီး ရှေးနတ်ဆိုးထံသို့ ပေါက်ကွဲထွက်သွားပြန်၏။

နိယာမနှစ်မျိုးစလုံးဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ရာ နောက်ဆုံးတွင် ရှေးနတ်ဆိုး၏ မျက်နှာအမူအရာမှာ လေးနက်သွားတော့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအလင်းတန်းများမှာ စုစည်းသွားပြီးနောက် နောက်ဆုံးတွင် သူ၏လက်ထဲ၌ နတ်ဆိုးဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

"ရွှစ်..."

ဓားအလင်းတစ်ခုက နဂါးကိုးကောင်ထံသို့ ခုတ်ပိုင်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက နဂါးကိုးကောင်၏ ခန္ဓာကိုယ်များကို ချက်ချင်းပင် ဆုတ်ဖြဲပစ်လိုက်၏။

သို့သော်လည်း နဂါးကိုးကောင်က ဆုတ်ဖြဲခံလိုက်ရပြီးနောက်တွင် အဆုံးမရှိသော ရွန်းစာလုံးများအဖြစ် ပြောင်းလဲသွားကာ ရှေးနတ်ဆိုးကို ချိတ်ပိတ်ရန် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။

"ဖြိုခွဲစမ်း"

ရှေးနတ်ဆိုးက ဟိန်းဟောက်လိုက်သည်။ နတ်ဆိုးအလင်းများမှာ တုန်လှုပ်ဖွယ်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး အစီရင်နိယာမကို တိုက်ရိုက်ဆုတ်ဖြဲပစ်လိုက်၏။

ထို့နောက် သူက ထပ်မံခုတ်ပိုင်းလိုက်ရာ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

ဤဓားချက်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ဆုတ်ဖြဲပစ်လိုက်သော်လည်း သူ၏တိုက်ခိုက်မှုမှာ နှေးကွေးသွားခဲ့ရသည်။

ထို့နောက်တွင် လုမင်၏ လက်နှစ်ဖက်စလုံးက လှုပ်ရှားသွားခဲ့သည်။ သူသည် ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမ နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုကာ ရှေးဟောင်းနတ်ဆိုးကို ထပ်မံတိုက်ခိုက်လိုက်၏။

သူတို့နှစ်ဦးက ပြင်းထန်စွာ တိုက်ခိုက်နေကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ပေါင်း တစ်ဒါဇင်ကျော်သွားသော်လည်း အနိုင်အရှုံး ပေါ်မလာသေးပေ။

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူအများ၏ မျက်လုံးများမှာ တောက်ပလာကြသည်။

လုမင်က ရှေးနတ်ဆိုးနှင့် အမှန်တကယ်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေချေပြီ။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ လူတိုင်း၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများ၏ မျက်နှာများမှာမူ ပျက်ယွင်းနေကြတော့သည်။

တိုင်းပြည်နှစ်ခုလုံးမှ ကောင်းကင်သားတော် လေးဦးစလုံး၏ မျက်နှာများမှာလည်း အလွန်ပင် တည်ကြည်လေးနက်နေကြသည်။

ဤကစဉ့်ကလျား၏သားတော် လုမင်၏ တိုက်ခိုက်ရေးစွမ်းအားက သူတို့ စိတ်ကူးနိုင်စွမ်းထက် များစွာ သာလွန်နေသည်။ သူသည် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသော်လည်း ဤမျှစွမ်းအားကြီးနေပြီ။ ယင်းက သူတို့ကို ဖိအားကြီးစွာ ခံစားရစေခဲ့သည်။

All Chapters