အခန်း ၂၀၅၀
Vol. 140 Ch. 2050
အပိုင်း ( 2050 ) ရှေးဦးနတ်ဆိုးခေါင်းတလား ခိုးယူခံခဲ့ရသည်။
လုမင်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ သူသည် ရှေးနတ်ဆိုးကို စိန်ခေါ်ခဲ့ခြင်းမှာ လက်ရည်စမ်းလိုရုံသာမက၊ သူ၏စွမ်းအားကို ထုတ်ပြပြီး ထာဝရဧကရာဇ်၏ အာရုံစိုက်မှုကို ရယူရန်လည်း ဖြစ်လေသည်။ ထိုမှတစ်ဆင့် သူအလိုရှိသော တောင်းဆိုချက်ကို တောင်းဆိုနိုင်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
ယခုမူ၊ လုမင်က သူ၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ချေပြီ။
"ထာဝရဧကရာဇ်အရှင်... လုမင်အနေနဲ့ ရှေးဦးနတ်ဆိုးခေါင်းတလားကို တစ်လလောက် ငှားရမ်းလိုပါတယ်။ ထာဝရဧကရာဇ်အနေနဲ့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးပါလို့ မျှော်လင့်မိပါတယ်"
လုမင်က ထာဝရဧကရာဇ်ကို လက်ယှက်၍ ဦးညွှတ်ပြကာ သူ၏တောင်းဆိုချက်ကို ပြောလိုက်သည်။
သူ ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားတော့၏။ လူအများအပြားမှာ လုမင်ကို အံ့အားသင့်စွာ ကြည့်နေကြတော့သည်။
လုမင်က ဤကဲ့သို့သော တောင်းဆိုချက်မျိုးကို အမှန်တကယ် တောင်းဆိုဝံ့သလော။
ရှေးဦးနတ်ဆိုးခေါင်းတလားဆိုသည်မှာ ထာဝရနတ်ဆိုးတိုင်းပြည်၏ တိုင်းပြည်ရတနာ ဖြစ်သည်။ ထာဝရဧကရာဇ် တစ်ဦးတည်းသာလျှင် ၎င်းကို ထိန်းချုပ်ပိုင်ခွင့် ရှိပေသည်။
လုမင်မှာ အမှန်တကယ်ပင် ရဲတင်းလွန်းလှသည်။ သူသည် ထိုရတနာကို တစ်လတိတိ ငှားရမ်းလိုသည်ဟု ပြောနေခြင်း ဖြစ်၏။
လော့ရွှမ်၏ ရင်ထဲတွင်လည်း စိုးရိမ်စိတ်များဖြင့် တင်းကြပ်သွားခဲ့ရသည်။ သူက လုမင်အတွက် စိုးရိမ်မိနေပြီ။
"ရိုင်းစိုင်းလိုက်တာ၊ လုမင်... မင်းက အရည်အချင်းလေး နည်းနည်းရှိတယ်ဆိုပေမဲ့ ကောက်သင်းကောက်သူက အနှံကြီးကြီးကြိုက်ချင် မနေစမ်းနဲ့။ ရှေးဦးနတ်ဆိုးခေါင်းတလားဆိုတာ မင်းလို တွေ့ရာလူတွေ ငှားရမ်းလို့ရတဲ့ အရာမဟုတ်ဘူး"
အပြာရောင်နတ်ဆိုးဘုရင်က အခွင့်အရေးကို အရယူကာ ရှေ့သို့ထွက်၍ လုမင်ကို ငေါက်ငမ်းလိုက်သည်။
သို့သော်လည်း လုမင်က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူ၏အကြည့်မှာ ထာဝရဧကရာဇ်ထံ၌သာ စူးစိုက်နေသည်။
ထာဝရဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။
"လုမင်... မင်းရဲ့ တောင်းဆိုချက်ကို ပြောင်းလိုက်ပါ။ ငါ လုပ်ပေးနိုင်တဲ့ အရာဆိုရင် မင်းကို အသေအချာ ကူညီပေးပါ့မယ်"
လုမင်၏ ရင်ထဲတွင် အေးခနဲ ဖြစ်သွားသည်။ ထာဝရဧကရာဇ်ကလည်း သဘောမတူဘူးလား။
"ဧကရာဇ်အရှင်... ကျွန်တော်က ဒီခေါင်းတလားကို ငှားချင်တာက လူတစ်ယောက်ကို ကယ်ဖို့အတွက်ပါ။ ကျွန်တော့်ရဲ့ မိသားစုဝင်တစ်ယောက်က ဝိညာဉ်ဒဏ်ရာ ရနေလို့ ကုသဖို့အတွက် ဒီခေါင်းတလား လိုအပ်နေတယ်။ ဧကရာဇ်အနေနဲ့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးပါ"
လုမင်က ထပ်မံ ပြောလိုက်သည်။
ထာဝရဧကရာဇ်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။
"လုမင်... ပွဲတော်ပြီးသွားရင် ငါ့ဆီကို လာခဲ့ပါ"
"ကောင်းပါပြီ"
လုမင် ဝမ်းသာသွားသည်။ မျှော်လင့်ချက် ရှိနေသေးပုံပင်။
ထို့နောက်တွင် ကျန်ရှိသောသူများကလည်း သူတို့၏ တောင်းဆိုချက်များကို အသီးသီး တောင်းဆိုလိုက်ကြသည်။
ကောင်းကင်သားတော် နှစ်ဦး၏ တောင်းဆိုချက်များမှာမူ ကျင့်ကြံမှုနှင့်သာ သက်ဆိုင်သည်။ ထာဝရဧကရာဇ်ကလည်း သူတို့၏ တောင်းဆိုချက်များကို သဘောတူပေးခဲ့သဖြင့် အခြားသူများမှာ အားကျနေကြတော့သည်။
"နောက်ထပ် သုံးနှစ်မပြည့်ခင်မှာ နယ်မြေဆယ်ခုတိုက်ပွဲ စတင်တော့မယ်။ အဲဒီအချိန်မှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိလာလိမ့်မယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ မင်းတို့ သေချာကျင့်ကြံပြီး ကျင့်ကြံမှုနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို မြှင့်တင်ထားကြပါ။ နယ်မြေဆယ်ခု တိုက်ပွဲရဲ့ အခွင့်အလမ်းတွေကို အရယူနိုင်အောင် ကြိုးစားကြချေ"
ထာဝရဧကရာဇ်၏ အသံမှာ ဟိန်းထွက်သွားသည်။
လူငယ်များမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို တင်းတင်းဆုပ်ထားမိကြ၏။
သူတို့က နယ်မြေဆယ်ခု တိုက်ပွဲအကြောင်းကို ကြားဖူးထားကြပြီး အားလုံးက မျှော်လင့်နေကြလေသည်။
၎င်းမှာ ယွမ်လုတစ်ခုလုံးမှ ပါရမီရှင်များ စုဝေးရာ တိုက်ပွဲကြီး ဖြစ်သည်။ ၎င်းက မည်မျှပင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းမည်နည်း။
ပွဲတော်မှာ နောက်တစ်နေ့အထိ ဆက်လက်ကျင်းပခဲ့ပြီးမှ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ လူတိုင်းမှာလည်း လူစုခွဲ ထွက်ခွာသွားကြတော့သည်။
"မင်းသမီး... ကျွန်တော် ယိုးလော့နတ်ဆိုးတိုင်းပြည်ကို ပြန်မလိုက်တော့ဘူး"
လုမင်က လော့ရွှမ်၊ လော့မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
လော့ရွှမ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ လုမင်၏ စွမ်းအားကို မြင်တွေ့လိုက်ရကတည်းက လုမင်သည် ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် ကြာရှည်နေမည်မဟုတ်ကြောင်း သူမ သိထားခဲ့ပြီးသား ဖြစ်သည်။
ယိုးလော့နတ်ဆိုးတိုင်းပြည်၏ ရေပြင်မှာ တိမ်ကောလွန်းသဖြင့် အစစ်အမှန် နဂါးတစ်ကောင်ကို ထိန်းထားနိုင်စွမ်း မရှိပေ။
"ဂရုစိုက်နော်၊ အခွင့်အရေး ရခဲ့ရင် ယိုးလော့နတ်ဆိုးတိုင်းပြည်ကိုလည်း လာလည်ပါ"
လော့ရွှမ်က သူမ၏ သွားစွယ်လေးနှစ်ချောင်း ပေါ်အောင် ပြုံးပြလိုက်သည်။
"သေချာတာပေါ့... ဒီလောက်လှတဲ့ မင်းသမီးလေး ရှိနေတာကို ကျွန်တော် သတိရနေမှာပါ...၊ အခွင့်အရေးရရင် သေချာပေါက် လာရှာပါ့မယ်"
လုမင်က ပြုံးလျက် နောက်ပြောင်လိုက်၏။
နောက်ဆုံးတွင် ယိုးလော့နတ်ဆိုးတိုင်းပြည်မှ လူများ ထွက်ခွာသွားကြသည်။ ပွဲတော်လည်း ပြီးဆုံးသွားပြီဖြစ်ရာ သူတို့က ယိုးလော့နတ်ဆိုးတိုင်းပြည်သို့ ပြန်ကြရတော့မည်။
"သခင်လေး လုမင်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
လူလတ်ပိုင်း အမျိုးသားတစ်ဦး လုမင်၏ရှေ့သို့ ရောက်လာသည်။ ထိုသူမှာ ထာဝရဧကရာဇ်က စေလွှတ်လိုက်သူပင်။
လုမင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုသူ၏နောက်သို့ လိုက်ပါကာ ခန်းမဆောင်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ထာဝရဧကရာဇ်က ခန်းမ၏ အထက်ပိုင်းတွင် ထိုင်နေသည်။
လုမင် ရောက်ရှိလာသောအခါ လူလတ်ပိုင်းအမျိုးသားက ပြန်လည်ထွက်ခွာသွားလေသည်။
"လုမင်... မင်းက ရှေးဦးနတ်ဆိုးခေါင်းတလားကို တကယ်ပဲ ငှားချင်တာလား"
ထာဝရဧကရာဇ်က စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ရှေးဦးနတ်ဆိုးခေါင်းတလား မရှိရင် ကျွန်တော့်ရဲ့ မိသားစုဝင်က ပြန်နိုးထလာနိုင်ဖို့ မလွယ်ဘူးလို့ ထင်တယ်"
လုမင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထာဝရဧကရာဇ်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။
"လုမင်... တကယ်လို့ ခေါင်းတလားက ငါ့ဆီမှာ ရှိနေသေးရင် မင်းကို တစ်လလောက် ငှားပေးလို့ ရပါတယ်၊ ဒါပေမဲ့..."
သူက ဆက်မပြောသေးဘဲ ခဏ ရပ်လိုက်သည်။
လုမင် ရင်ထိတ်သွားခဲ့သည်။ ထာဝရဧကရာဇ်က ဘာကို ဆိုလိုသနည်း။ ခေါင်းတလားက သူ့ဆီမှာ မရှိတော့ဘူးလား။
"အမှန်အတိုင်း ပြောရရင်... ရှေးဦးနတ်ဆိုးခေါင်းတလားက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အခိုးခံလိုက်ရတာပါ"
ထာဝရဧကရာဇ်က ဆက်ပြောလိုက်သည်။
"ဗျာ"
လုမင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ရှေးဦးနတ်ဆိုးခေါင်းတလားက အခိုးခံလိုက်ရတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။
ထာဝရဧကရာဇ်ထံမှ ထိုရတနာကို မည်သူက ခိုးယူဝံ့သနည်း။
သို့သော်လည်း ထာဝရဧကရာဇ်က သူ့ကို လိမ်ညာပြောဆိုနေသည်ဟု လုမင် မထင်ပေ။ သူ၏ အဆင့်အတန်းအရ လိမ်ပြောရန် မလိုပါ။ အကယ်၍ မငှားပေးချင်ပါက လုမင်အနေဖြင့် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
"ငါက ခေါင်းတလားကို ကိုယ်နဲ့မကွာ ဆောင်ထားတာမဟုတ်ပါဘူး။ နန်းတော်ထဲက လျှို့ဝှက်နေရာတစ်ခုမှာ သိမ်းဆည်းထားခဲ့တာ...၊ ဒါက လွန်ခဲ့တဲ့ တစ်နှစ်က အခိုးခံလိုက်ရတယ်။ ခိုးသွားတဲ့သူက နတ်ဆိုးပင်လယ် ထဲကို ထွက်ပြေးသွားခဲ့တာလေ။ အဲဒီအချိန်တုန်းက ငါဟာ ကပ်ဘေးကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေရတာမို့ လိုက်မဖမ်းနိုင်ခဲ့ဘူး"
ထာဝရဧကရာဇ်က ရှင်းပြလိုက်သည်။
"နတ်ဆိုးပင်လယ်လား"
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
သူသည် ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် ခဏတာ နေထိုင်ခဲ့သဖြင့် အဆုံးမဲ့နတ်ဆိုးနယ်မြေရှိ ကြောက်မက်ဖွယ်ကောင်းသော နေရာများကို ကြားဖူးထားပေသည်။
နတ်ဆိုးပင်လယ်ဆိုသည်မှာ အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ တားမြစ်နေရာသုံးခုအနက် တစ်ခုဖြစ်သည်။ ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။ ရှေးခေတ်ကတည်းက လူအများအပြား ဝင်ရောက်ခဲ့ကြသော်လည်း မရေမတွက်နိုင်သော လူများမှာ ထိုနေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရသည်။ မဟာဧကရာဇ်များပင်လျှင် ထိုနေရာသို့ ဝင်ရောက်ပါက အန္တရာယ်ရှိနိုင်သည်ဟု ဆိုကြပေသည်။
သို့သော်လည်း နတ်ဆိုးပင်လယ်ထဲတွင် ကြီးမားသော အခွင့်အလမ်းများ ရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ အကယ်၍ ထိုအခွင့်အလမ်းကို ရရှိခဲ့ပါက မြင့်မားသောအဆင့်သို့ တက်ရောက်နိုင်လိမ့်မည်။
နတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ခြင်းမှာ ကံတရားအပေါ်၌သာ လုံးဝ မူတည်သည်။
ကံကောင်းပါက၊ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော်လည်း ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်သည်။
သို့သော်... ကံဆိုးပါက မဟာဧကရာဇ်ပင်လျှင် အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။
ယခင်က မဟာဧကရာဇ်တစ်ပါးသည် ဝင်ရောက်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်ထွက်လာခဲ့ရသဖြင့် အဆုံးမဲ့နတ်ဆိုးနယ်မြေတစ်ခုလုံး တုန်လှုပ်ခဲ့ရဖူးသည်။
ယခုတော့ တစ်စုံတစ်ယောက်က ခေါင်းတလားကို ခိုးယူပြီး နတ်ဆိုးပင်လယ်ထဲ ထွက်ပြေးသွားခဲ့ပြီ။
"ရှေးဦးနတ်ဆိုးခေါင်းတလားကို ပျောက်ပျက်သွားခွင့် မပြုနိုင်ဘူး... ပြန်ယူရမယ်။ အခု ငါက ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီမို့ လူစုပြီး နတ်ဆိုးပင်လယ်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာ...၊ အဲဒီကနေ ခေါင်းတလားကို ပြန်ယူမယ်။ မင်းက ငှားချင်တယ်ဆိုရင် ငါနဲ့အတူ လိုက်ခဲ့လို့ ရပါတယ်"
"ဒါပေမဲ့ နတ်ဆိုးပင်လယ်ထဲမှာ အခြေအနေက ခန့်မှန်းရခက်တယ်။ ဒါကြောင့် မင်းရဲ့ ဘေးကင်းမှုကိုတော့ ငါ အာမမခံနိုင်ဘူး"
ထာဝရဧကရာဇ်က ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် လိုက်ခဲ့ပါ့မယ်"
လုမင်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ချင်ယွဲ့ကို ကယ်တင်ရန်အတွက် သူက ခေါင်းတလားကို ရအောင်ယူရမည်။ မည်မျှပင် အန္တရာယ်များပါစေ သူ ကြိုးစားကြည့်ရမည် ဖြစ်သည်။
"မင်းက တကယ့်ကို သစ္စာရှိတဲ့ ကောင်လေးပဲ။ ကောင်းပြီ... မင်း နန်းတော်ထဲမှာပဲ အရင်နေလိုက်ပါ။ အချိန်တန်ရင် ငါ လူလွှတ်ပြီး ခေါ်လိုက်မယ်"
ထာဝရဧကရာဇ်က ဆိုလိုက်ပြီးနောက် လုမင်အတွက် နေထိုင်စရာ နေရာတစ်ခု စီစဉ်ပေးလိုက်တော့သည်။
လုမင်လည်း နန်းတော်ထဲ၌ နေထိုင်ရင်း စောင့်ဆိုင်းနေခဲ့သည်။
ကြာကြာမစောင့်လိုက်ရပါ၊ ထာဝရဧကရာဇ်က သူ့ကို လာခေါ်ခိုင်းလိုက်သည်။ လုမင်ကို ကျယ်ဝန်းသော နေရာတစ်ခုသို့ ခေါ်ဆောင်သွား၏။
"အပြာရောင်နတ်ဆိုးဘုရင်"
ထိုနေရာ၌ လူအများအပြား စုဝေးနေကြသည်။ လုမင်က အပြာရောင်နတ်ဆိုးဘုရင်ကိုလည်း မြင်တွေ့လိုက်ရလေသည်။
အပြာရောင်နတ်ဆိုးဘုရင်၏ အကြည့်မှာ လုမင်ထံသို့ ဖြတ်သန်းသွားသည်။ သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းများ ဖြတ်ပြေးသွား၏။
ထိုနေရာ၌ လူပေါင်း ရာနှင့်ချီ၍ စုဝေးနေကြောင်း လုမင် တွေ့ရှိလိုက်ရသည်။
သို့သော်လည်း ထိုသူများအားလုံးတွင် တူညီသောအချက်မှာ သူတို့အားလုံး အသက်အရွယ် ကြီးရင့်သူများ ဖြစ်နေကြခြင်းပင်။
ထိုအထဲတွင် သိုင်းဧကရာဇ်များနှင့် ဧကရာဇ်တစ်ပိုင်းများ ပါဝင်သည်။
လုမင်က တီးခေါက်ကြည့်လိုက်ရာ ထိုသူများအားလုံးမှာ နတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ကြမည့်သူများ ဖြစ်ကြောင်း သိလိုက်ရလေသည်။
ထိုနေရာ၌ ဧကရာဇ်တစ်ပိုင်း ရာပေါင်းများစွာနှင့် သိုင်းဧကရာဇ် ဒါဇင်ပေါင်းများစွာ ရှိနေသည်။
ဤဧကရာဇ်တစ်ပိုင်း အများစု၏ သက်တမ်းများက ကုန်ဆုံးတော့မည်။ သူတို့က သူတို့၏ကန့်သတ်ချက်များကို ချိုးဖျက်ရန်အတွက် အခွင့်အလမ်းများကို ရှာဖွေရန် နတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ကြမည် ဖြစ်သည်။ မဟုတ်လျှင်လည်း သူတို့က ထို့ထက်ပို၍ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။