အခန်း ၂၀၅၁
Vol. 141 Ch. 2051
အပိုင်း ( 2051 ) နတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ခြင်း။
လုမင်မှာ စိတ်ထဲမှ တိတ်တဆိတ် တုန်လှုပ်သွားမိသည်။ သက်တမ်းကုန်ဆုံးခါနီးနေသည့် ဧကရာဇ်တစ်ပိုင်းများ ရာပေါင်းများစွာ ရှိ၏။ ဤသည်မှာ အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ အထူးနတ်ဆိုးတိုင်းပြည် တစ်ခု၏ အင်အားမျှသာ ရှိသေးသည်။
သို့သော်လည်း သေချာပြန်စဉ်းစားကြည့်လျှင် လုမင် နားလည်သွားခဲ့သည်။
သူတော်စင်နယ်ပယ် ကျင့်ကြံသူများက သက်တမ်း နှစ်တစ်သိန်းမှ နှစ်သိန်းအထိ နေထိုင်နိုင်ကြသည်။ သို့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်မှ သိုင်းဧကရာဇ်အဆင့်သို့ တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ စုဆောင်းမိနေသော ဧကရာဇ်တစ်ပိုင်း အရေအတွက်မှာ အမှန်တကယ်ပင် တုန်လှုပ်စရာကောင်းလှသည်။
ဒါက ထာဝရနတ်ဆိုးတိုင်းပြည် တစ်ခုတည်းသာ မဟုတ်ဘဲ အခြားသော တိုင်းပြည်များနှင့် ဂိုဏ်းအဖွဲ့အစည်းများတွင်လည်း ဤအတိုင်းပင် ဖြစ်လိမ့်မည်။
ဤလူများမှာ သက်တမ်း သိပ်မကျန်တော့ပေ။ အကယ်၍ အဆင့်တက်ရန် အခွင့်အလမ်းကို မရှာဖွေနိုင်ပါက အနှေးနှင့်အမြန် သက်တမ်းကုန်ဆုံးကာ သေဆုံးကြရမည် ဖြစ်သည်။
သိုင်းဧကရာဇ်များအတွက်မူ သက်တမ်းကုန်ဆုံးခါနီးခြင်းကြောင့် မဟုတ်ဘဲ နောက်ထပ်လာမည့် ကပ်ဘေးကို ရင်ဆိုင်ရန် နီးကပ်နေခြင်းကြောင့်ပင်။
သိုင်းဧကရာဇ်များ၏ ကပ်ဘေးဒုက္ခမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာတတ်သည်။ အကယ်၍ ကျင့်ကြံမှုအဆင့်ကို ဆက်တိုက်မမြှင့်တင်နိုင်ပါက အနှေးနှင့်အမြန် ကပ်ဘေးအောက်တွင် အသက်ပျောက်ကြရလိမ့်မည်။
ရှေးခေတ်ကတည်းက မရေမတွက်နိုင်သော သိုင်းဧကရာဇ်များ ပေါ်ထွက်ခဲ့သော်လည်း အမှန်တကယ် ထာဝရရှင်သန်နိုင်သူမှာ အနည်းငယ်မျှသာ ရှိသည်။ အများစုမှာ ကပ်ဘေးအောက်၌ပင် သေဆုံးခဲ့ကြရပေသည်။
စင်စစ်တွင်၊ သိုင်းဧကရာဇ်များက မိမိတို့ ကပ်ဘေးကို ကျော်ဖြတ်နိုင်မည့် အလားအလာကို ကြိုတင်ခံစားသိရှိနိုင်ကြသည်။
ဥပမာအားဖြင့် ဤနေရာရှိ လူများသည် ကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် ယုံကြည်ချက် မရှိကြပေ။ ထို့ကြောင့် နတ်ဆိုးပင်လယ်ထဲသို့ ဝင်ရောက်ကာ သူတို့၏ ကံတရားကို စမ်းသပ်ပြီး အဆင့်တက်ရန် ကြိုးစားလိုကြခြင်း ဖြစ်သည်။
အပြားရောင်နတ်ဆိုးဘုရင်သည်လည်း ထို့အတူပင်။ သူ့အတွက် နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်လာရန် နှစ်ပေါင်း ထောင်ဂဏန်းမျှသာ လိုတော့သည်။
နှစ်ပေါင်း ထောင်ဂဏန်းဆိုသည်မှာ ကြာရှည်သည်ဟု ထင်ရသော်လည်း သိုင်းဧကရာဇ်များအတွက်မူ မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်နိုင်သည်။
ထိုခဏ၌ ဟင်းလင်းပြင်မှာ လက်ခနဲ ဖြစ်သွားပြီး ထာဝရဧကရာဇ် ပေါ်လာခဲ့သည်။ လူတိုင်းက ဦးညွှတ်လိုက်ကြ၏။
"ဒီတစ်ကြိမ် နတ်ဆိုးပင်လယ်ထဲကို ဝင်ရတဲ့ အဓိကတာဝန်က ရှေးဦးနတ်ဆိုးခေါင်းတလားကို ပြန်ယူဖို့ပဲ။ တစ်ချိန်တည်းမှာပဲ မင်းတို့အားလုံးလည်း ကိုယ့်ရဲ့ကံတရားကို စမ်းသပ်ကြည့်နိုင်တယ်"
ထာဝရဧကရာဇ်က ပြောလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ကျောက်စိမ်းပြားများစွာ လေထဲတွင် ပေါ်လာခဲ့၏။
"ဒီကျောက်စိမ်းပြားတွေကို ကိုယ်နဲ့မကွာ ဆောင်ထားကြပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်နေရာမှာ ရှိလဲဆိုတာကို ခန့်မှန်းသိရှိနိုင်လိမ့်မယ်။ တကယ်လို့ နတ်ဆိုးပင်လယ်ထဲမှာ လူစုကွဲသွားခဲ့ရင်တောင် ကျောက်စိမ်းပြားက ပြတဲ့နေရာအတိုင်း ပြန်ဆုံလို့ရတယ်"
ထာဝရဧကရာဇ်က ရှင်းပြလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားများက လူတိုင်းထံသို့ တစ်ခုစီ ပျံသန်းရောက်ရှိသွားတော့၏။
လုမင်လည်း တစ်ခု ရရှိခဲ့သဖြင့် သိမ်းဆည်းထားလိုက်တော့သည်။
"သွားကြစို့။ ငါ့ရဲ့ ကမ္ဘာငယ်ထဲကို အရင်ဝင်ကြပါ။ ငါ မင်းတို့ကို ခေါ်သွားမယ်"
ထာဝရဧကရာဇ်က ဆိုလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လုမင်လည်း သူ့ကို စွမ်းအားတစ်ခုက လွှမ်းခြုံသွားသလို ခံစားလိုက်ရပြီး နောက်တစ်ခဏ၌ မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိသွားတော့သည်။
"ဒါက မဟာဧကရာဇ်ရဲ့ ကမ္ဘာငယ်လား"
လုမင်မှာ လေထဲသို့ ပျံတက်ကြည့်လိုက်ပြီး အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
သူ မြင်တွေ့လိုက်ရသည်မှာ အဆုံးမရှိ သွယ်တန်းနေသော တောင်တန်းကြီးများပင်။
တောင်တန်းများထဲတွင် သက်ရှိများ နေထိုင်ကြသော်လည်း ပြင်ပလောကရှိ သက်ရှိများနှင့် ကွဲပြားသည်ကို လုမင် သတိပြုမိလိုက်သည်။
ဤသက်ရှိများက ထာဝရဧကရာဇ်၏ ကမ္ဘာငယ်အတွင်း၌ပင် ပေါက်ဖွားလာကြသူများ ဖြစ်နိုင်ချေ များပေသည်။
မဟာဧကရာဇ်များက မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း မဟာလမ်းစဉ် သုံးထောင်ရှိလေရာ မတူညီသော မဟာဧကရာဇ်တို့ ထိန်းချုပ်သည့် လမ်းစဉ်ချင်း မတူညီကြသဖြင့် သူတို့၏ ကမ္ဘာငယ်များမှာလည်း သဘာဝချင်း ကွဲပြားနေကြမည်သာ။ ပေါက်ဖွားလာသည့် သက်ရှိများမှာလည်း ကွဲပြားနေကြမည်ဖြစ်ရာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။
လုမင်မှာ အလွန်ပင် စိတ်ဝင်စားစွာဖြင့် ပတ်ဝန်းကျင်ကို လေ့လာနေမိလေသည်။
မနီးမဝေးတွင်မူ အပြာရောင်နတ်ဆိုးဘုရင်၏ အကြည့်များက လုမင်ထံသို့ မကြာခဏ ကျရောက်နေသည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များက လက်ခနဲ ဖြစ်သွားတတ်၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် စွမ်းအားတစ်ခုက သူတို့အပေါ်သို့ သက်ရောက်လာပြီး ထိုနေရာမှ ထွက်ခွာခဲ့ကြရသည်။
လုမင် သတိပြုလိုက်မိချိန်တွင် သူတို့က တောင်ထိပ်တစ်ခုပေါ်၌ ရပ်နေကြပြီ။
"ငါတို့ နတ်ဆိုးပင်လယ်ရဲ့ အစပ်ကို ရောက်ပြီ"
ထာဝရဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။
လုမင်က ရှေ့သို့ လှမ်းကြည့်လိုက်၏။
သူ့ရှေ့တွင် မှောင်မိုက်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး တိမ်ပင်လယ်ကြီးတစ်ခုအလား ထင်မှတ်ရသည်။
ထိုနေရာက အဆုံးမရှိ ကျယ်ပြောလှပေသည်။
ဤသည်မှာ နတ်ဆိုးပင်လယ်ပင် ဖြစ်သည်။
နတ်ဆိုးပင်လယ်ဆိုသည်မှာ တကယ့်ပင်လယ် မဟုတ်ဘဲ နတ်ဆိုးအငွေ့အသက်များဖြင့် ပြည့်နှက်နေသော ပင်လယ်ကြီးပင်။
နတ်ဆိုးပင်လယ်အတွင်း၌ အဆုံးမရှိသော နတ်ဆိုးအရှိန်အဝါများ ပြည့်နှက်နေပြီး အလွန်ပင် ကျယ်ပြောလှသဖြင့် သမုဒ္ဒရာကြီးတစ်ခုအလား တူညီနေသောကြောင့် နတ်ဆိုးပင်လယ်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
"နတ်ဆိုးပင်လယ်ထဲကို ဝင်လိုက်တာနဲ့ အရာအားလုံးက ခန့်မှန်းရမလွယ်တော့ဘူး။ ဒါကြောင့် ငါ့နောက်ကို အနီးကပ် လိုက်ခဲ့ကြပါ"
ထာဝရဧကရာဇ်က ဆိုလိုက်ပြီး နတ်ဆိုးပင်လယ်ထဲသို့ အရင်ဆုံး တိုးဝင်သွားတော့သည်။
လူတိုင်းမှာလည်း ထာဝရဧကရာဇ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
"ဝှူး... ဝှူး..."
နတ်ဆိုးပင်လယ်ထဲသို့ တိုးဝင်လိုက်သည်နှင့် ပြင်းထန်သော တိုက်စားမှုစွမ်းအားများဖြင့် အနက်ရောင် မြူခိုးများမှာ လုမင်၏ ခန္ဓာကိုယ်ကို လာရောက်ကပ်ငြိ၏။ လုမင်လည်း ၎င်းကို ခုခံရန် သူ၏ သူတော်စင်စွမ်းအင်ကို အလျင်အမြန် လည်ပတ်စေလိုက်ရလေသည်။
ကံကောင်းထောက်မစွာဖြင့် တိုက်စားမှုမှာ သိပ်မပြင်းထန်ပေ။ ဧကရာဇ်တစ်ပိုင်းတစ်ယောက်အဖို့ ခုခံရန် လုံလောက်သည်ထက် ပိုသည်။
သူတို့က အရှေ့သို့ ခဏတာ ပျံသန်းပြီးနောက် အောက်ဘက်ကို တည့်တည့် ဆက်လက်ပျံဆင်းခဲ့ကြသည်။
နတ်ဆိုးပင်လယ်၏ မြေမျက်နှာသွင်ပြင်မှာ အလွန်ပင် နိမ့်ကျပုံရသည်။
သူတို့သည် မီတာ သောင်းနှင့်ချီ၍ ဆက်တိုက် ဆင်းသက်နေကြရ၏။
သို့သော်လည်း အောက်သို့ ရောက်လေလေ နတ်ဆိုးအရှိန်အဝါမှာ မှိန်ဖျော့သွားလေလေ ဖြစ်ပုံရသည်။ နောက်ဆုံးတွင် သူတော်စင်စွမ်းအင်ကို အနည်းငယ် လည်ပတ်ရုံဖြင့်ပင် ခုခံနိုင်သွားတော့သည်။
ထိုအချိန်မှသာ မြေပြင်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ အဆုံးမရှိသော ကုန်းမြေပြင်ဖြစ်ပြီး မီးခိုးရောင်သည်။
မြေပြင်တစ်ခုလုံးက မီးခိုးရောင်သမ်းနေပြီး အသက်ဓာတ် လုံးဝကင်းမဲ့ကာ သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေ၏။
သူတို့က မြေပြင်ပေါ် ဆင်းသက်ပြီးနောက်တွင် အာရုံကို အစွမ်းကုန် စုစည်းထားကြတော့သည်။
ဤနေရာမှာ အဆုံးမဲ့နတ်ဆိုးနယ်မြေရှိ ကြောက်စရာအကောင်းဆုံး တားမြစ်နယ်မြေ သုံးခုအနက် တစ်ခုဖြစ်သော နတ်ဆိုးပင်လယ် ဖြစ်လေသည်။ ကံမကောင်းပါက မဟာဧကရာဇ်ပင်လျှင် ဒဏ်ရာရနိုင်ပေသည်။
ထို့ကြောင့် သူတို့မှာ မပေါ့ဆဝံ့ဘဲ အစွမ်းကုန် သတိထားနေကြရသည်။
ထာဝရဧကရာဇ်က တစ်ခုခုကို ရှာဖွေနေသကဲ့သို့ သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားပေသည်။
သို့သော်လည်း ထာဝရဧကရာဇ်၏ အရှိန်မှာ နှေးကွေးသဖြင့် လူတိုင်း လိုက်ပါနိုင်ကြသည်။
ဤနေရာက အမှန်တကယ်ပင် ဖုန်းဆိုးမြေနေရာဖြစ်ပြီး အသက်ဓာတ် လုံးဝမရှိပေ။ သူတို့က တစ်နေ့လုံး ပျံသန်းခဲ့ကြပြီး မည်မျှဝေးဝေး ရောက်သွားသည်ကိုပင် မသိရသော်လည်း သက်ရှိတစ်ဦးတစ်လေမှ မတွေ့ရသလို ဘာအန္တရာယ်နှင့်မျှလည်း မကြုံတွေ့ရသေးပါ။
"ဟိုမှာကြည့်ကြစမ်း... ရှေးဟောင်းမြို့တော်ကြီးတစ်ခု"
ထိုခဏ၌ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လူတိုင်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။ ကြီးမားသော တောင်တန်းကြီးတစ်ခု၏ အလယ်တွင် ရှေးဟောင်းမြို့တော်တစ်ခုကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း ၎င်းမှာ ပျက်စီးနေသော မြို့ဟောင်းတစ်ခုသာ ဖြစ်သည်။ အရာအားလုံးမှာ ပြိုလဲနေပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသကဲ့သို့ပင် ထင်မှတ်ရလေသည်။
သူတို့က သွားရောက်ကြည့်ရှုကြသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
ယခင်က လူအချို့သည် နတ်ဆိုးပင်လယ်မှာ ရှေးဟောင်းစစ်မြေပြင်တစ်ခုဖြစ်သည်ဟု ယူဆခဲ့ကြသည်။
သို့သော်လည်း အချို့ကမူ နတ်ဆိုးပင်လယ်ထဲရှိ အရာဝတ္ထုများက ကောင်းကင်မှ ပြုတ်ကျလာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် နတ်ဆိုးပင်လယ် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုကြ၏။
ယခုတော့ ဤမြို့ဟောင်းကို ကြည့်ရုံနှင့်ပင် ကောင်းကင်မှ ပြုတ်ကျလာသည်မှာ အမှန်ဟု ယူဆရမလို ဖြစ်သည်။
ထိုခဏ၌ ထာဝရဧကရာဇ်မှာ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏ နောက်ဘက်သို့ စိုက်ကြည့်လိုက်သည်။
လူတိုင်းက ထိတ်လန့်သွားပြီး နောက်ဘက်သို့ အလျင်အမြန် လှည့်ကြည့်ကြ၏။ သို့သော်လည်း ဘာမျှရှိမနေဘဲ ဘာကိုမှ ရှာမတွေ့ကြချေ။
အချို့လူများက ကြက်သီးမွေးညင်းပင် ထသွားကြ၏။ သူတို့နောက်မှာ တကယ်ပဲ တစ်ခုခု ရှိနေပါသလော။ မဟုတ်လျှင်၊ မဟာဧကရာဇ်က အဘယ်ကြောင့် ဤမျှသတိထားနေရမည်နည်း။
"မဟာဧကရာဇ်... ဘာများ တွေ့လို့လဲ"
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
ထာဝရဧကရာဇ်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်၏။ သူက ဆက်လက်ပျံသန်းသွားတော့သည်။
"ဒီနေရာကနေ ထွက်ကြစို့"
လူတိုင်းမှာလည်း နောက်မှ လိုက်ပါသွားကြသည်။ သို့ရာတွင်၊ အများစု၏ မျက်နှာများက တည်ကြည်လေးနက်နေကြတော့သည်။
မဟာဧကရာဇ်ပင်လျှင် တစ်ခုခုကို စိုးရိမ်နေပုံရသည်။ ၎င်းက သူတို့ကို ကြောက်ရွံ့သွားစေခဲ့ပေသည်။
မဟာဧကရာဇ်ပင် စိုးရိမ်ရသည့်အရာနှင့် ကြုံတွေ့ရလောက်အောင် သူတို့ ကံမဆိုးစေရန် ဆုတောင်းနေမိသည်။ အကယ်၍သာ ထိုသို့ဖြစ်လာပါက အခြေအနေမှာ ကောင်းလိမ့်မည် မဟုတ်ပေ။
မကြာမီပင်၊ သူတို့က အလွန်ဝေးကွာသော ခရီးတစ်ခုကို ပျံသန်းခဲ့ပြီးပြီ ဖြစ်သည်။
ထိုခဏ၌ ထာဝရဧကရာဇ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် သူ၏ ဘေးဘက်ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်၏။
"ထွက်လာခဲ့စမ်း"
"ဝုန်း"
ထို့နောက်တွင် ထာဝရဧကရာဇ်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားက ကမ္ဘာပျက်မတတ် ပြင်းထန်လွန်းလှသည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာ သူ၏ လက်ဝါးချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့၏။
"ဝုန်း"
ဟင်းလင်းပြင်မှာ ပေါက်ကွဲထွက်သွားသည်။ ထိုအချိန်တွင်၊ လူတိုင်းက အနက်ရောင် ဝတ်ရုံကို ခြုံထားသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ သို့သော်လည်း သူ၏ ရုပ်သွင်ကိုမူ လုံးဝ ရှင်းလင်းစွာ မမြင်ရပေ။
သို့ရာတွင်၊ ထိုလူရိပ်၏ စွမ်းအားက အလွန်ပင် တုန်လှုပ်စရာ ကောင်းသည်။ သူ့ခန္ဓာကိုယ်မှာ တဖျပ်ဖျပ် တောက်ပနေပြီး အလွန်ပင် လျင်မြန်လှ၏။ ထာဝရဧကရာဇ်၏ လက်ဝါးချက်မှာ သူ့ကို တစ်ချက်မျှ မထိမှန်ခဲ့ပေ။
"မဟာဧကရာဇ်အဆင့် အကျော်အမော်ပဲ"
လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး အလွန်ပင် ကြည့်ရဆိုးသွားတော့သည်။
ထိုသူမှာ မဟာဧကရာဇ်အဆင့် အကျော်အမော်ဖြစ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင်၊ ထာဝရဧကရာဇ်၏ တိုက်ခိုက်မှုကို ရှောင်းတိမ်းနိုင်မည် မဟုတ်ပါ။