အခန်း ၂၀၅၂
Vol. 141 Ch. 2052
အပိုင်း ( 2052 ) မရေမတွက်နိုင်သော နတ်ဆိုးပိုးကောင်များ။
ထိုလူရိပ်မှာ အလွန်ပင် လျင်မြန်သော အရှိန်ဖြင့် တဖျပ်ဖျပ် လှုပ်ရှားနေသည်။
"ရွှစ်..."
ရုတ်တရက်၊ ထိုလူရိပ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းတန်းတစ်ခုက ထာဝရဧကရာဇ်ထံသို့ ဖြတ်သန်းသွား၏။
ဤနတ်ဆိုးအလင်းမှာ အနှိုင်းမဲ့နတ်ဆိုးဓားတစ်လက်အလား အဆုံးမဲ့စွမ်းအားများ ပါဝင်နေပြီး ကောင်းကင်ကြီးကိုပင် နှစ်ခြမ်းခွဲပစ်နိုင်စွမ်း ရှိပုံရသည်။
"ဝုန်း"
ထာဝရဧကရာဇ်က အထက်သို့ ပျံတက်သွားပြီး တုန်လှုပ်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။ ၎င်းက နတ်ဆိုးအလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံသွားရာ ကောင်းကင်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
"ဒါ မင်းပဲ... ရှေးဦးနတ်ဆိုးခေါင်းတလားကို အခုချက်ချင်း ပြန်ပေးစမ်း"
ထာဝရဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူ့ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားပြီး တစ်ဖက်လူထံသို့ ပြေးဝင်သွား၏။ သူက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို စတင်လိုက်တော့သည်။
သို့ရာတွင်၊ အခြားတစ်ဖက်ရှိ လူမှာလည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ကို နတ်ဆိုးအလင်းများက ဖုံးလွှမ်းသွားပြီး ထာဝရဧကရာဇ်နှင့် အပြန်အလှန် တိုက်ခိုက်နိုင်သည်။
"နောက်ဆုတ်ကြ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ လူတိုင်းမှာ အလျင်စလို နောက်ဆုတ်လိုက်ကြ၏။
ထိုအနက်ရောင်လူရိပ်က အမှန်ပင် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။ မဟာဧကရာဇ်များအကြား တိုက်ပွဲ၏ အကျိုးဆက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ ထိုစွမ်းအားလှိုင်းများထဲတွင် ပိတ်မိသွားပါက သေခြင်းတရားသာလျှင် သူတို့ကို စောင့်ကြိုနေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က မိုင်ပေါင်း ထောင်နှင့်ချီ၍ နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
"ဝုန်း... ဝုန်း"
ထိုနေရာရှိ ဟင်းလင်းပြင်မှာ လုံးဝ ပျက်စီးနေချေပြီ။ တိုက်ပွဲက မည်မျှပြင်းထန်ကြောင်း သိသာထင်ရှားသည်။
လူအများ၏ မျက်နှာများမှာ ဖြူလျော်ကုန်ကြသည်။ နတ်ဆိုးပင်လယ်ထဲသို့ ဝင်လာကာရှိသေးသော်လည်း ဤမျှ ကြောက်စရာကောင်းသော ကျွမ်းကျင်သူနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် သူတို့က ထာဝရဧကရာဇ်၏ စကားများကို သတိပြုလိုက်မိကြသည်။ ရှေးဦးနတ်ဆိုးခေါင်းတလားကို ဤလူရိပ်ကပင် ခိုးယူသွားခြင်း ဖြစ်နိုင်ပါမည်လော။
လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ထာဝရဧကရာဇ်အနေဖြင့် တစ်ဖက်လူကို အနိုင်ယူပြီး ရှေးဦးနတ်ဆိုးခေါင်းတလားကို ပြန်လည်ရယူနိုင်ရန် သူ မျှော်လင့်မိ၏။
အကယ်၍၊ ထာဝရဧကရာဇ်သာ ပြန်မရယူနိုင်ပါက သူ၏ မျှော်လင့်ချက်မှာ ပို၍ပင် ဝေးကွာသွားတော့မည်။
"ဒါ... ဒါက ဘာကြီးလဲ"
ရုတ်တရက်၊ တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် အော်ဟစ်လိုက်သည်။
အခြားသူများမှာလည်း ထိုအရာကို မြင်လိုက်ရ၏။
သူတို့ရှေ့တွင် ကတ္တရာစေးကဲ့သို့ မည်းနက်နေသော လေလှိုင်းတစ်ခုက သူတို့ထံသို့ ဦးတည်တိုက်ခတ်လာနေသည်။
ထိုလေပြင်းက အလွန်ပင် ကျယ်ပြန့်လှပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပုံရ၏။
မဟုတ်သေး၊ ၎င်းမှာ လေပြင်းမဟုတ်ဘဲ ပိုးကောင်အမျိုးအစားတစ်မျိုး ဖြစ်သည်။
၎င်းက မည်းနက်နေသော ပိုးကောင်တစ်မျိုးပင်။ ၎င်းတို့မှာ ရေတွက်မရနိုင်လောက်အောင် များပြားလွန်းလှသည်။ ၎င်းတို့က အုပ်စုလိုက် စုစည်း၍ အတောင်ပံများကို ခတ်နေကြရာမှ အဆုံးမရှိသော လေပြင်းကြီးတစ်ခုအဖြစ် လုမင်တို့ထံ တိုးဝင်လာခြင်းပင်။ အဝေးမှကြည့်လျှင်မူ အနက်ရောင် လေလှိုင်းတစ်ခုအလား ထင်မှတ်ရစေသည်။
"ဒါတွေက နတ်ဆိုးချပ်ဝတ် ပိုးကောင်တွေပဲ။ သေစမ်း... ဒီကောင်တွေက ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ"
ဆံပင်များအားလုံး ကုန်လုနီးပါး ဖြစ်နေသော အဖိုးအိုတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။
နတ်ဆိုးချပ်ဝတ်ပိုးကောင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးပိုးကောင် အမျိုးအစား ဖြစ်သည်။ တစ်ကောင်ချင်းစီဆိုလျှင် သာမန်ဖြစ်သော်လည်း အုပ်စုလိုက်ဆိုပါက အလွန်ပင် ကြောက်စရာကောင်းပေသည်။
ထို့ပြင် ဤနေရာတွင် ရှိနေသော ပိုးကောင်အရေအတွက်မှာ အဆုံးမရှိ များပြားလွန်းလှသည်။ အရေအတွက်က မည်မျှရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
"သိုင်းဧကရာဇ်အဆင့်ရှိသူတွေက ဒီပိုးကောင်တွေကို တားဆီးထားကြဟေ့။ သိုင်းဧကရာဇ်အောက်ကလူတွေကတော့ အမြန်ထွက်ပြေးကြတော့"
အဝေးတစ်နေရာမှ ထာဝရဧကရာဇ်၏ အသံကို ကြားလိုက်ရသည်။
မဟာဧကရာဇ်၏ အမိန့်ကို မည်သူမျှ မဖီဆန်ရဲကြပေ။
ချက်ချင်းပင် အပြာရောင်နတ်ဆိုးဘုရင် အပါအဝင် သိုင်းဧကရာဇ်များအားလုံးမှာ နတ်ဆိုးချပ်ဝတ်ပိုးကောင်များထံသို့ ပျံသန်းသွားကြတော့သည်။
"ဝုန်း..."
အစစ်အမှန်ဧကရာဇ်နှင့် ဗလာနယ်ဧကရာဇ်များ အပါအဝင် ဒါဇင်နှင့်ချီသော သိုင်းဧကရာဇ်များမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
နတ်ဆိုးချပ်ဝတ်ပိုးကောင် အမြောက်အမြားမှာ အသတ်ခံလိုက်ရပြီး မိုးသီးမိုးပေါက်များအလား မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ အချို့မှာမူ သိုင်းဧကရာဇ်တို့၏ တုန်လှုပ်ဖွယ်စွမ်းအားအောက်တွင် ပြာအဖြစ်သို့ပင် ပြောင်းလဲသွားကြ၏။
သို့သော်လည်း ပိုးကောင်အရေအတွက်က များပြားလွန်းလှသဖြင့် အဆုံးမဲ့ အနက်ရောင်ပင်လယ်ကြီးအလား ဖြစ်နေတော့သည်။ ၎င်းတို့အနက် အများစုမှာ သိုင်းဧကရာဇ်များ၏ ဝိုင်းရံမှုကို ဖောက်ထွက်ပြီး လုမင်တို့ထံသို့ ပျံသန်းလာကြသည်။
"သွားကြစို့"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဝှစ်..."
ရာနှင့်ချီသော ဧကရာဇ်တစ်ပိုင်းများက အရပ်မျက်နှာအနှံ့သို့ အသီးသီး ထွက်ပြေးကြတော့သည်။
လုမင်လည်း ထိုနည်းတူပင် တစ်ဖက်သို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။
"ဝှစ်... ဝှစ်..."
လေပြင်းများ တိုက်ခတ်လာသည်။ မရေမတွက်နိုင်သော နတ်ဆိုးချပ်ဝတ်ပိုးကောင်များက လုမင်တို့ကို ဝိုင်းရံရန် ကြိုးပမ်းလာကြ၏။
"ထိုးဖောက်စမ်း"
လုမင်က သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ သူ့အရှိန်က အခြားသော ဧကရာဇ်တစ်ပိုင်းများထက် များစွာ ပိုမိုလျင်မြန်လှပြီး ဟာကွက်တစ်ခုဆီသို့ တိုးဝင်သွားခဲ့၏။
ထိုနေရာတွင် ပိုးကောင်များ မရှိပေ။
သို့သော်၊ လုမင်က ထိုဝိုင်းရံမှုမှ ဖောက်ထွက်ခါနီးအချိန်တွင် သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ရသည်။
အကြောင်းမှာ၊ သူ့ရှေ့တွင် နတ်ဆိုးချပ်ဝတ်ပိုးကောင်များ ပေါ်လာသောကြောင့် ဖြစ်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အရေအတွက်မှာ အလွန်အကျွံ မများပြားပေ။
"ဖြတ်သွားမယ်ကွာ"
လုမင်က အံကိုတင်းတင်းကြိတ်ကာ ရှေ့သို့ တိုးဝင်လိုက်သည်။
"ဝှစ်... ဝှစ်..."
နတ်ဆိုးချပ်ဝတ်ပိုးကောင် တစ်ကောင်ချင်းစီမှာ လက်သီးဆုပ်ခန့် ရှိသည်။ အနက်ရောင် သံထည်များဖြင့် ပြုလုပ်ထားသကဲ့သို့ မည်းနက်နေကြ၏။ ၎င်းတို့မှာ အနက်ရောင် အမြောက်ဆန်များအလား လုမင်ထံသို့ တိုးဝင်လာကြတော့သည်။
လုမင်၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာခဲ့သည်။
ဤဓားမှာ ဧကရာဇ်လက်နက်တစ်ခု ဖြစ်၏။
ဤကဲ့သို့သော ပိုးကောင်များကို ရင်ဆိုင်ရာတွင် ဓားမှာ လှံထက် ပိုမိုထိရောက်သည်။
"ဝှစ်..."
ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်ဆိုးချပ်ဝတ်ပိုးကောင် ဒါဇင်နှင့်ချီ၍ ထက်ပိုင်းပြတ်ကျခဲ့ပေသည်။
သို့သော်လည်း ထူထပ်လှသော ပိုးကောင်အုပ်ကြီးနှင့် ယှဉ်လျှင်မူ ဒါဇင်အနည်းငယ်ဆိုသည်မှာ ဘာမှမဟုတ်ပေ။
လုမင်ထံသို့ တိုးဝင်လာသော ပိုးကောင်များမှာ ရှိနေဆဲပင်။
လုမင်က သူ၏ သူတော်စင်စွမ်းအင်ကို ကစဉ့်ကလျားနိယာမနှင့် ပေါင်းစပ်ကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကာကွယ်ရေးဒိုင်းတစ်ခု ဖန်တီးလိုက်သည်။
"ဒုန်း... ဝုန်း"
နတ်ဆိုးချပ်ဝတ်ပိုးကောင်များက ကာကွယ်ရေးဒိုင်းကို ဝင်တိုက်မိကြသညမ။ ပေါက်ကွဲသံများနှင့်အတူ တုန်ခါမှုများ ဆက်တိုက် ဖြစ်ပေါ်နေ၏။
သို့သော်လည်း လတ်တလောမှာတော့ ၎င်းတို့သည် လုမင်၏ ကာကွယ်ရေးကို မဖောက်နိုင်သေးပေ။
"သတ်"
လုမင်က ဧကရာဇ်လက်နက်ဓားကို ကိုင်ဆောင်ကာ ဆက်တိုက် ခုတ်ပိုင်းနေခဲ့သည်။ ခဏအတွင်းမှာပင် ပိုးကောင် ရာနှင့်ချီ၍ မြေပေါ်သို့ ပြုတ်ကျသွား၏။
ဤပိုးကောင်များမှာ တစ်ကောင်ချင်းစီဆိုလျှင် သိပ်မစွမ်းလှသော်လည်း အရေအတွက် များလွန်းလှသည်။ ထို့ပြင်၊ ၎င်းတို့က ကြောက်ရွံ့ခြင်းမရှိဘဲ လုမင်၏ ကာကွယ်ရေးဒိုင်းကို လာရောက် ဝင်တိုက်နေကြခြင်း ဖြစ်၏။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက လုမင်၏ သူတော်စင်စွမ်းအင်မှာ အနှေးနှင့်အမြန် ကုန်ဆုံးသွားလိမ့်မည်။ စွမ်းအားကုန်သွားသည်နှင့် သူ့အတွက် အန္တရာယ်များလာမည် ဖြစ်သည်။
ထိုအချိန်တွင် အခြားသော ဧကရာဇ်တစ်ပိုင်းများမှာလည်း ပိုးကောင်အုပ်၏ ဝိုင်းရံမှုကို ခံနေကြရပြီး အဆက်မပြတ် တိုက်ခိုက်ခံနေကြရသည်။
သူတို့သည်လည်း အစွမ်းကုန် ဖောက်ထွက်ရန် ကြိုးစားနေကြ၏။
"သတ်... သတ်..."
လုမင်က ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေခဲ့သည်။ ဓားတစ်ချက်ဝှေ့တိုင်း ပိုးကောင်အမြောက်အမြား သေဆုံးကုန်၏။ ထိုအခါ သူက ရှေ့သို့ ချက်ချင်း တိုးဝင်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ပိုးကောင်များ စုဝေးရာနေရာ မဟုတ်ပေ။ အစပ်နားသာဖြစ်သဖြင့် အရေအတွက် အနည်းငယ် နည်းပါးနေခဲ့သည်။
မကြာမီပင် လုမင်က ဝိုင်းရံမှုမှ ဖောက်ထွက်နိုင်ခဲ့ပြီး အရှေ့သို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
"ဝှူး... ဝှူး..."
သူ့နောက်ကွယ်တွင် လေတိုးသံများ ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော နတ်ဆိုးချပ်ဝတ် ပိုးကောင်များက လုမင်နောက်သို့ လိုက်ပါလာကြ၏။
လုမင်က လှည့်မကြည့်တော့ဘဲ အစွမ်းကုန် ပျံသန်းနေခဲ့သည်။ နာရီပေါင်းများစွာ ပျံသန်းပြီးနောက်တွင် သူ၏နောက်ကွယ်မှ ပိုးကောင်များမှာလည်း ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း လုမင်မှာ အခြားသူများနှင့် လုံးဝ လူစုကွဲသွားခဲ့ရပြီ ဖြစ်သည်။
"မြေပုံကို ကြည့်ရမယ်"
လုမင်က ထာဝရဧကရာဇ် ပေးအပ်ခဲ့သော မြေပုံကို ထုတ်ယူလိုက်ပြီး သူတော်စင်စွမ်းအင် ထည့်သွင်းလိုက်သည်။ ကျောက်စိမ်းပြားမှာ လင်းလက်လာပြီး ပုံရိပ်တစ်ခု လေထဲတွင် ပေါ်လာ၏။
သို့သော်လည်း မြေပုံပေါ်တွင် ထူးခြားမှု ဘာမှမရှိပေ။ အလင်းစက်တစ်ခုသာ လင်းလက်နေသည်။
လုမင်က နှိုင်းယှဉ်ကြည့်လိုက်ရာ ထိုအလင်းစက်မှာ သူ ရှိနေသည့် နေရာပင် ဖြစ်လေသည်။ ဤအလင်းစက်မှာ သူကိုယ်တိုင်ပင် ဖြစ်သည်။
'ဒီကျောက်စိမ်းပြားကို အသက်သွင်းလိုက်မှပဲ အလင်းစက် ပေါ်လာတာဖြစ်မယ်'
လုမင် စဉ်းစားမိလိုက်သည်။
ယခုအချိန်တွင် လူတိုင်းက တိုက်ခိုက်နေကြရသဖြင့် မည်သူမျှ ကျောက်စိမ်းပြားကို အသက်မသွင်းနိုင်ကြသေးပေ။ ထို့ကြောင့်သာ အလင်းစက်များ ပေါ်မလာခြင်း ဖြစ်တန်ရာသည်။
ထို့နောက်မှာတော့ လုမင်က လမ်းပျောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် လမ်းကြောင်းများကို အဆက်မပြတ် ပြောင်းလဲကာ ပျံသန်းလာခဲ့ခြင်း ဖြစ်သဖြင့် ယခုအခါ သူ ဘယ်နေရာသို့ ရောက်နေသည်ကို မသိတော့ပေ။
နောက်ဆုံးတွင် လုမင်က လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ကာ အရှေ့သို့ ဆက်လက်ပျံသန်းခဲ့သည်။
နောက်ရက်များတွင် လုမင်က မည်သူနှင့်မျှ မတွေ့သလို သက်ရှိများကိုလည်း မတွေ့ခဲ့ရပေ။ ဤကမ္ဘာကြီးတွင် သူတစ်ယောက်တည်း ကျန်ရစ်နေသကဲ့သို့ ဖြစ်သည်။
သူက မည်မျှဝေးဝေးသို့ ပျံသန်းခဲ့မိသည်ကိုလည်း မသိတော့ပါ။
"သတ်... သတ်..."
ရုတ်တရက်၊ လုမင်သည် သူ၏ရှေ့နားဆီမှ တိုက်ပွဲအော်သံများကို သဲ့သဲ့လေး ကြားလိုက်ရသည်။
"ဒါက..."
လုမင် အံ့အားသင့်သွား၏။
အကြောင်းမှာ၊ ထိုအသံများက လူတစ်ယောက် နှစ်ယောက်၏ အသံ မဟုတ်ဘဲ စစ်သည်တော် ထောင်ပေါင်းများစွာ ဟိန်းဟောက်နေသည့် အသံနှင့် တူနေသောကြောင့်ပင်။
ဤနေရာတွင် စစ်သည်တော်များ ထောင်နှင့်ချီ၍ အဘယ်ကြောင့် ရှိနေရသနည်း။
လုမင်မှာ အလွန်ပင် စိတ်ဝင်စားသွားတော့သည်။
ထို့နောက်တွင်၊ လုမင်က နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုကာ သူ့အရှိန်အဝါများကို ဖုံးကွယ်လိုက်သည်။ သူက မြေပြင်အနိမ့်ပိုင်းမှ လျှို့ဝှက်စွာပင် အသံကြားရာဆီသို့ ပျံသန်းသွားတော့သည်။