အခန်း ၂၀၅၃
Vol. 141 Ch. 2053
အပိုင်း ( 2053 ) ရှေးဟောင်းမြို့တော်နှင့် သတ်ဖြတ်လိုစိတ်များ။
လုမင်သည် အသံ၏လားရာဆီသို့ နီးစပ်လာသည်နှင့်အမျှ တိုက်ပွဲအော်သံများမှာ ပို၍ ပြင်းထန်လာသည်။
"သတ်... သတ်...သတ်..."
တိုက်ပွဲအော်သံများက ကောင်းကင်ကို တုန်ခါစေပြီး တိမ်တိုက်များသို့ ထိုးတက်သွား၏။
လုမင်က တောင်ထိပ်တစ်ခုပေါ်သို့ တက်သွားပြီး လှမ်းကြည့်လိုက်သည်။ ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
၎င်းမှာ ကြီးမားသော ရှေးမြို့ဟောင်းတစ်ခု ဖြစ်သည်။ ဤရှေးမြို့ဟောင်းက သူ ယခင် မြင်တွေ့ဖူးသော မြို့များနှင့် မတူပေ။
သူ ယခင်က မြင်ခဲ့ဖူးသော မြို့ဟောင်းများသည် အားလုံးနီးပါး ပြိုကျပျက်စီးနေသော်လည်း ဤတစ်ခုမှာမူ အကောင်းပကတိ ဖြစ်နေသည်။ ၎င်းက အလွန်ဆန်းကြယ်ပေသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် ရှေးဦး သားရဲကြီးတစ်ကောင် လဲလျောင်းနေသည်နှင့်ပင် တူလှသည်။
မြို့တော်၏ အပြင်ပန်းမှာတော့ အနက်ရောင် ပုံရိပ်များစွာတို့ ရှိနေသည်။ ထိုပုံရိပ်များမှာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်လျက် လက်နက်အသီးသီးကို ကိုင်ဆောင်ထားကြပေသည်။
"သူတို့အားလုံးက အသက်မရှိကြတော့ဘူး"
လုမင်က ပုံရိပ်များကို အကဲခတ်လိုက်သည်။ ၎င်းတို့အားလုံးသည် အနက်ရောင်ဖြစ်ပြီး ချပ်ဝတ်တန်ဆာအောက်ရှိ ခန္ဓာကိုယ်များက စွမ်းအင်များဖြင့် ဖွဲ့စည်းထားကြသလိုပင်။ သူတို့က သက်ရှိများ မဟုတ်ကြပါ။
“နတ်ဆိုးဝိညာဉ်"
လုမင်က ရေရွတ်လိုက်သည်။ ၎င်းတို့မှာ နတ်ဆိုးလမ်းစဉ်မှ အကျော်အမော်များ တိုက်ပွဲတွင် ကျဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သည့် မပျက်သုဉ်းနိုင်သော နတ်ဆိုးစိတ်ဆန္ဒမှ ဖွဲ့စည်းလာသော နတ်ဆိုးဝိညာဉ်များ ဖြစ်သင့်သည်။
ဤနေရာမှာတော့ နတ်ဆိုးဝိညာဉ်များက အနည်းဆုံး သောင်းနှင့်ချီ ရှိပေသည်။ သူတို့အားလုံးက စုဝေးနေပြီး ရံဖန်ရံခါ အော်လိုက်သောအခါ မိုးနှင့်မြေကို တုန်လှုပ်စေခဲ့သည်။
သို့သော်လည်း နတ်ဆိုးဝိညာဉ်များက ရှေးဟောင်းမြို့၏ ပတ်ဝန်းကျင်မှာပင် နေထိုင်ကြသည်။ သူတို့က မထွက်ခွာသွားကြသလို မြို့ထဲသို့လည်း မဝင်ရောက်ကြပေ။
'ဒီရှေးဟောင်းမြို့က အကောင်းအတိုင်း ရှိသေးတာပဲ။ အထဲမှာ အခွင့်အလမ်းတစ်ခုခု ရှိနေဖို့များတယ်'
လုမင်က တွေးလိုက်သည်။ သို့ရာတွင် သူက ဝင်ရောက်ပြီး စူးစမ်းရှာဖွေရန် အစီအစဉ် မရှိပါ။
မြို့တွင်းမှ အန္တရာယ်များကို မဆိုထားဘိ၊ နတ်ဆိုးဝိညာဉ်များသည်ပင် သူတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်။
ခဏမျှ ကြည့်နေပြီးနောက် လုမင်က ခေါင်းယမ်းလိုက်လေသည်။ သူက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ဤနေရာမှ ထွက်ခဲ့သည်။
ဤတစ်ကြိမ်တွင် လုမင်က အဝေးသို့ မပျံသန်းရသေးခင်မှာပင် အလင်းတန်းအချို့ လက်ခနဲ ဖြစ်သွားပြီး အဖိုးအိုအချို့ မနီးမဝေးတွင် ပေါ်လာခဲ့သည်။
သူတို့မှာ ထာဝရနတ်ဆိုးတိုင်းပြည်မှ ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြ၏။ သူတို့သည်လည်း တိုက်ပွဲအော်သံများကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
"လုမင်"
ထိုဧကရာဇ်တစ်ပိုင်းများက လုမင်ကို မြင်သောအခါ ပြုံးလျက် သူ့ထံသို့ ပျံသန်းလာကြသည်။
"လုမင်... ရှေ့မှာ ဘာရှိလို့လဲ။ ဘာဖြစ်လို့ ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲအော်သံတွေ ကြားနေရတာလဲ။ ဒါက စစ်သည်တော် ထောင်သောင်းချီပြီး ရှိနေသလိုပဲ"
အဖိုးအိုတစ်ဦးက မေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေပြီး ဖော်ရွေပျူငှာပုံရလေသည်။
"ရှေ့မှာ ရှေးဟောင်းမြို့တော်တစ်ခု ရှိတယ်။ မြို့ပြင်မှာတော့ နတ်ဆိုးဝိညာဉ် အနည်းဆုံး သောင်းနဲ့ချီပြီး ရှိနေတယ်။ အခုကြားနေရတဲ့ တိုက်ပွဲအော်သံတွေက အဲဒီနတ်ဆိုးဝိညာဉ်တွေဆီက လာတာပဲ"
လုမင်က ပြောလိုက်သည်။
"ရှေးဟောင်းမြို့တော်လား"
အဖိုးအိုများ၏ မျက်လုံးများမှာ ဝင်းလက်သွား၏။
သူတို့သည် သက်တမ်းကုန်ဆုံးခါနီးနေပြီ ဖြစ်သဖြင့် အခွင့်အလမ်းများကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ အဆင့်မတက်နိုင်ပါက သူတို့သည် အနှေးနှင့်အမြန် သေဆုံးကြရလိမ့်မည်။
နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောင် ခါးသီးစွာ ကျင့်ကြံခဲ့ရပြီးမှ နောက်ဆုံးတွင် မြေမှုန့်အဖြစ် ပြောင်းလဲသွားရမည်ကို သူတို့ လက်မခံနိုင်ကြပေ။ ထို့ကြောင့် အရာအားလုံးကို ပုံအောကာ လာရောက်စမ်းသပ်ကြခြင်း ဖြစ်သည်။ ယခုအခါ ရှေးမြို့ဟောင်းအကြောင်း ကြားလိုက်ရသဖြင့် သူတို့ စိတ်လှုပ်ရှားသွားကြသည်မှာ သဘာဝပင်။
နတ်ဆိုးပင်လယ်မှာ ကောင်းကင်လောကမှ ပြုတ်ကျလာခြင်း ဖြစ်နိုင်သည်။ အထဲတွင် ကြီးမားသော အခွင့်အလမ်းများ ရှိနေမည်ဟု သူတို့ ယူဆထားကြပေသည်။
"လုမင်... မင်းကရော အဲဒီမြို့တော်ကို သွားမစူးစမ်းဘူးလား"
ဖော်ရွေပုံရသော အဖိုးအိုက မေးလိုက်သည်။
"မသွားဘူး"
လုမင်က ခေါင်းခါပြလိုက်၏။ သူ နတ်ဆိုးပင်လယ်ထဲ ဝင်လာရသည့် အဓိက ရည်ရွယ်ချက်မှာ ရှေးဦးနတ်ဆိုးခေါင်းတလားကို ရယူရန် ဖြစ်သည်။ အခြားသော အခွင့်အလမ်းများကို သူ သိပ်ပြီး စိတ်မဝင်စားပေ။
"ဒါဆိုရင် ငါတို့ပဲ သွားလိုက်တော့မယ်"
ဖော်ရွေပုံရသော အဖိုးအိုက ပြုံးလျက် ဆိုလိုက်သည်။ သူတို့မှာ စုစုပေါင်း လေးယောက် ရှိသည်။ သူတို့က မြို့တော်ရှိရာသို့ ပျံသန်းသွားကြရင်း လုမင်၏ ဘေးမှ ဖြတ်ကျော်သွားကြ၏။
နှစ်ဖက်လူများ ဆုံမိခါနီးအချိန်မှာတော့ ထိုအဖိုးအို၏ လက်ထဲမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာပြီး လုမင်၏ လည်မြိုကို ခုတ်ပိုင်းလိုက်တော့သည်။
ဓားအလင်းတန်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ တိုးဝင်လာ၏။ ၎င်းမှာ အလွန်ပင် ထက်မြက်၏။
တစ်ချိန်တည်းမှာပင် ကျန်ရှိသော ဧကရာဇ်တစ်ပိုင်း သုံးဦးကလည်း သူတို့၏ တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးစုံမှာ လုမင်၏ သေကွင်းသေကွက် နေရာများသို့ ဦးတည်လာတော့သည်။
သို့သော်လည်း သူတို့ လေးဦး၏ တိုက်ခိုက်မှုများမှာ လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုနီးတွင်... လုမင်၏ ခန္ဓာကိုယ်ပေါ်မှ ကစဉ့်ကလျားအလင်းက ပေါက်ကွဲထွက်လာပြီး ထိုတိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်သည်။ ထို့ပြင် ကစဉ့်ကလျားအလင်းက တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ဧကရာဇ်တစ်ပိုင်း လေးဦးစလုံးမှာ တုန်ရင်သွားပြီး နောက်သို့ လွင့်စင်သွားကြတော့သည်။
"မင်းတို့တွေ သေလမ်းရှာနေကြတာပဲ"
လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူက ခက်ထန်သော အကြည့်ဖြင့် ထိုလေးဦးကို ဝေ့ကြည့်လိုက်၏။
"မင်းက ငါတို့ကို ကြိုပြီး သတိထားနေတာလား"
ဖော်ရွေပုံရသော အဖိုးအိုမှာ မျက်နှာပျက်စွာ မေးလိုက်သည်။
ယခုလေးတင်၊ သူတို့က အလွန်နီးကပ်သော အကွာအဝေးတွင် ရှိနေခြင်းဖြစ်ပြီး သူတို့၏ တိုက်ခိုက်မှုမှာလည်း အလွန်လျင်မြန်သည်။ အကယ်၍ လုမင်သာ ကြိုတင်သတိမထားခဲ့ပါက ဤမျှ တိုတောင်းသော အချိန်အတွင်း တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ကာကွယ်ရုံတင်မကဘဲ ပြန်လည်တိုက်ခိုက်နိုင်ရန်မှာလည်း လုံးဝ မဖြစ်နိုင်ပါ။
တစ်ခုတည်းသော အဖြေမှာ လုမင်က သူတို့ကို ကြိုတင်သတိထားနေပြီး ကာကွယ်ရန် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။
"အပြာရောင်နတ်ဆိုးဘုရင်ဆိုတဲ့ အဲဒီအဖိုးကြီးက လမ်းတစ်လျှောက်လုံး ငါ့အပေါ် သတ်ဖြတ်လိုစိတ်တွေ ပြနေခဲ့တာ။ နောက်ပြီး သူက ထာဝရနတ်ဆိုးတိုင်းပြည်မှာ ဩဇာကြီးတယ်လို့လည်း ငါကြားထားတယ်။ သူသာ တစ်ခုခု ခိုင်းလိုက်မယ်ဆိုရင် သူ့လက်ပါးစေလုပ်ချင်တဲ့လူတွေ အများကြီး ရှိနေမှာပဲ။ ဒါကြောင့် ငါက ကြိုပြီး သတိထားနေရတာပေါ့"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယခုတစ်ကြိမ် နတ်ဆိုးပင်လယ်ထဲသို့ ဝင်လာသူများအနက် ထာဝရဧကရာဇ်မှတပါး လုမင်သည် ကျန်ရှိသူအားလုံးကို သတိထားနေခြင်း ဖြစ်သည်။
အပြာရောင်နတ်ဆိုးဘုရင်သည် လုမင်ကြောင့် ယခင်က အရှက်ကွဲခဲ့ရသဖြင့် လုမင်အပေါ် ရန်ငြိုးထားကာ သတ်ချင်နေသည်မှာ အသေအချာပင်။ သူ၏ ဩဇာလွှမ်းမိုးမှုဖြင့် လူအချို့ကို လုမင်အား သတ်ခိုင်းခြင်းမှာ ဖြစ်နိုင်ချေရှိသော ကိစ္စပင် ဖြစ်သည်။
"ပြေး"
အဖိုးအိုက အော်ဟစ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ပြေးတော့သည်။
သူတို့က လုမင်၏ တိုက်ခိုက်ရေးစွမ်းအားကို ကောင်းကောင်း သိထားကြသည်။ ၎င်းက သူတို့ ယှဉ်ပြိုင်နိုင်မည့်သူ မဟုတ်ပေ။ သူတို့၏ အငိုက်ဖမ်း တိုက်ခိုက်မှုက ကျရှုံးသွားပြီဖြစ်ရာ ထွက်ပြေးရန်သာ ရှိတော့သည်။
"မင်းတို့တွေ ပြေးလို့လွတ်မယ် ထင်နေတာလား။ သတ်"
လုမင်က ပြုံးရွှင်နေသော အဖိုးအိုနောက်သို့ အရင်ဆုံး လိုက်လံတိုက်ခိုက်သည်။ သူ့အရှိန်မှာ တုန်လှုပ်စရာကောင်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အဖိုးအို၏ နောက်သို့ ရောက်ရှိသွားတော့သည်။
အဖိုးအိုမှာ လိပ်ပြာလွင့်စဉ်မတတ် ကြောက်လန့်သွားသည်။
"လုမင်... မင်း... မင်းငါ့ကို သတ်လို့မရဘူး။ ဒါက ထာဝရနတ်ဆိုးတိုင်းပြည်ပဲ။ မင်း ငါ့ကို သတ်ရင် မင်းလည်း သေရလိမ့်မယ်"
"ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို ခြိမ်းခြောက်ဝံ့သေးတယ်လား။ ရယ်စရာပဲ... သေလိုက်"
လုမင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူက စကားများမနေတော့ဘဲ လက်ညှိုးညွှန်ပြလိုက်ရာ အလွန်ပြင်းထန်သော လက်ညှိုးအင်အားတစ်ခု ပေါက်ကွဲထွက်သွား၏။
ထိုအဖိုးအိုမှာ အစွမ်းကုန် ခုခံသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ လက်ညှိုးအင်အားက သူ၏ နဖူးကို တိုက်ရိုက်ဖောက်ထွက်သွားပြီး ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်လိုက်တော့သည်။
"ဝှစ်..."
ထိုအဖိုးအိုကို သတ်လိုက်ပြီးနောက် လုမင်က ရပ်မနေဘဲ ကျန်ရှိသော သုံးဦးနောက်သို့ ဆက်လက်လိုက်သွားသည်။
"လူခွဲပြီး ပြေးကြ"
တစ်ဦးက အော်ဟစ်လိုက်သည်။ သူတို့ သုံးဦးမှာ အရပ်မျက်နှာ သုံးခုသို့ ခွဲထွက်ပြေးကြ၏။
သို့သော်လည်း လုမင်က လူတစ်ဦးကို ခဏချင်း အမှီလိုက်ကာ တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်တော့သည်။
ထို့နောက် လုမင်က တတိယမြောက်လူနောက်သို့ လိုက်သွားသည်။
"မလုပ်ပါနဲ့... ငါ့အသက်ကို ချမ်းသာပေးပါ..."
ထိုဧကရာဇ်တစ်ပိုင်းမှာ အော်ဟစ်တောင်းပန်နေသော်လည်း လုမင်က လုံးဝ ဂရုမစိုက်ပေ။ ဤလူများကို သူ သေချာပေါက် သတ်ရမည် ဖြစ်သည်။
"အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာပဲ"
ထိုခဏ၌ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းတန်းတစ်ခုမှာ လုမင်ထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် တိုးဝင်လာခဲ့၏။
အသံက မဆုံးသေးခင်မှာပင် နတ်ဆိုးအလင်းတန်းမှာ လုမင်ကို ခုတ်ပိုင်းတော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူက သူ၏စွမ်းအားအပြည့်ကို ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။
ကစဉ့်ကလျားအလင်းတန်းမှာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူက နိယာမနှစ်မျိုးစလုံးကို ထိန်းချုပ်ကာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော ကစဉ့်ကလျား ကပ်ဘေး ဖျက်ဆီးခြင်းလက်ချောင်းကို ထုတ်ဖော်လိုက်၏။
မီးခိုးရောင် လက်ချောင်းကြီးမှာ နတ်ဆိုးအလင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
နတ်ဆိုးအလင်းမှာ တုန်ခါသွားပြီး လုမင်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သို့ရာတွင်၊ လုမင်၏ ကစဉ့်ကလျားလက်ချောင်းမှာလည်း ထိုအလင်းတန်းကြောင့်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရတော့သည်။
လုမင်မှာ အလွန်ပြင်းထန်သော စွမ်းအားတစ်ခု မိမိထံသို့ စီးဝင်လာသလို ခံစားလိုက်ရသည်။ သူသည် မီတာ ထောင်နှင့်ချီ၍ နောက်သို့ ဆုတ်ခွာလိုက်ရ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာလည်း ဆူပွက်နေတော့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ"
လုမင် အံ့အားသင့်သွားသည်။
၎င်းက သိုင်းဧကရာဇ်တစ်ဦး ဖြစ်လိမ့်မည်။
"ဝှစ်..."
ရှေ့တွင် အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
ထိုသူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ၎င်းမှာ သိုင်းဧကရာဇ်တစ်ပါး၏ အရှိန်အဝါပင် ဖြစ်တော့သည်။
'ဒီလူက ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ထက် အများကြီး ပိုအစွမ်းထက်တာ သေချာတယ်'
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
ယခင်က သူသည် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့ရာတွင်၊ ၎င်းက သူ့ရှေ့ရှိ သိုင်းဧကရာဇ်လောက် မသန်မာခဲ့ပေ။