← Chapters

အခန်း ၂၀၅၄

Vol. 141 Ch. 2054

အခန်း ၂၀၅၄

Vol. 141 Ch. 2054

အပိုင်း ( 2054 ) နတ်ဆိုးဝိညာဉ် တပ်မဟာ။

ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားက လုမင်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"လုမင်... ထာဝရဧကရာဇ်က မင်းအပေါ် ကောင်းခဲ့ပါတယ်။ ရှေးဦးနတ်ဆိုးခေါင်းတလားကို ရှာဖို့အတွက် မင်းကို ဒီအထိတောင် ခေါ်လာခဲ့တာ။ ဒါပေမဲ့ မင်းက ထာဝရနတ်ဆိုးတိုင်းပြည်က ကျွမ်းကျင်သူတွေကို ခိုးကြောင်ခိုးဝှက် သတ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ။ မင်းက တကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်ပဲ။ မင်း သေသင့်တယ်"

"ရယ်စရာပဲ၊ မင်း ငါ့ကို သတ်ချင်တာဆိုရင်လည်း 'လေဖမ်းဝါးလုံးတန်းချည်နေစရာ' မလိုပါဘူး။ မင်းကို အပြာရောင်နတ်ဆိုးဘုရင်က ငါ့ကိုသတ်ဖို့ စေလွှတ်လိုက်တာ မဟုတ်လား။ မင်းက သူ့ရဲ့ လက်ပါးစေတစ်ယောက်သက်သက်ပါပဲ"

လုမင်က လှောင်ပြောင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ထွက်ပြေးရန် လမ်းစကို ရှာဖွေနေတော့သည်။

"သေလိုက်တော့"

ဝတ်စုံနက်ဝတ် အမျိုးသားက စကားများမနေတော့ဘဲ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ ကမ္ဘာ့စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ လုမင်ထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ခုတ်ပိုင်းလိုက်၏။

ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်။

ဤလူမှာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် ဖြစ်ကြောင်း လုမင် ခန့်မှန်းလိုက်မိသည်။ သူက ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ထက် ပိုမိုစွမ်းသော်လည်း အဆမတန် စွမ်းအားကြီးနေခြင်းမျိုးတော့ မဟုတ်ပေ။

သို့သော်လည်း ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်ဖြစ်လျှင်ပင် လုမင် ရင်ဆိုင်နိုင်သည့် အဆင့်မျိုးတော့ မဟုတ်သေးပါ။

"ဝှစ်..."

လုမင်က နောက်သို့လှည့်လိုက်သည်။ သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ရှေးဟောင်းမြို့တော်ကြီးဆီသို့ အစွမ်းကုန် ပျံသန်းသွား၏။

အကယ်၍ သူက ထိုလူလတ်ပိုင်းအမျိုးသားကို မျက်ခြေဖြတ်လိုလျှင် ရှေးဟောင်းမြို့တော်ကိုသာ အားကိုးရန် ရှိတော့သည်။

"ထွက်ပြေးချင်တာလား... မရဘူးကွ"

ထိုလူက အေးစက်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လုမင်နောက်သို့ တဟုန်ထိုး လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အနက်ရောင် နတ်ဆိုးအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်၏။

လုမင်၏ ခန္ဓာကိုယ်မှာ တောက်ပလာပြီး အန္တိမသူတော်စင်လက်နက် ဒါဇင်ပေါင်းများစွာနှင့် ဧကရာဇ်လက်နက် နှစ်ခု ထွက်ပေါ်လာတော့သည်။ ထိုလက်နက် ဒါဇင်ပေါင်းများစွာမှာ စုစည်းသွားပြီး လက်နက်စွမ်းအင်များဖြင့် ကြီးမားသော အကာအကွယ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ကစဉ့်ကလျားနိယာမနှင့် ကစဉ့်ကလျားအလင်းများကိုပါ လက်နက်များတွင် ထည့်သွင်းလိုက်၏။ လုမင်ကိုယ်တိုင်ကမူ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ရှေ့သို့သာ အလျင်အမြန် ပျံသန်းနေတော့သည်။

"ဝုန်း"

ထိုလူ၏ နတ်ဆိုးအလင်းတန်းက လုမင်၏ နောက်ကွယ်ရှိ အကာအကွယ်များကို ထိမှန်သွားသည်။ အကာအကွယ်များမှာ တုန်ခါသွားပြီး လက်နက် ဒါဇင်ပေါင်းများစွာမှာလည်း ကွဲအက်လုနီးပါး ဖြစ်သွားခဲ့၏။

အကယ်၍ ဧကရာဇ်လက်နက် နှစ်ခု၊ လက်နက်စွမ်းအင်၊ ကစဉ့်ကလျားအလင်းတန်းနှင့် ကစဉ့်ကလျားနိယာမတို့သာ မပါဝင်ဘဲ အန္တိမသူတော်စင်လက်နက်များချည်းဆိုလျှင် ဤတိုက်ခိုက်မှုအောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကျေသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ပြင်းထန်သော စွမ်းအားများမှာ လုမင်ထံသို့ ဆက်တိုက် စီးဝင်လာခဲ့သည်။ လုမင်သည် သူ၏ သွေးနှင့် အရှိန်အဝါများ ဆူပွက်လာသလို ခံစားလိုက်ရပြီး သွေးတစ်လုပ်ပင် အန်ထွက်လုနီးပါး ဖြစ်သွားခဲ့၏။

သို့သော်လည်း နောက်ဆုံးတွင်မူ သူ တားဆီးနိုင်ခဲ့သည်။ ထို့ပြင် ထိုစွမ်းအားမှာ တွန်းအားအဖြစ် ပြောင်းလဲသွားသဖြင့် သူ့ပုံရိပ်က ရှေ့သို့ ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်သွားတော့သည်။

ဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်နှာမှာ အေးစက်သွားသည်။

လုမင်၏ စွမ်းအားမှာ အမှန်တကယ်ပင် တုန်လှုပ်စရာကောင်း၏။ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး၏ တိုက်ခိုက်မှုကိုပင် သူက တားဆီးနိုင်ခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း အပြာရောင်နတ်ဆိုးဘုရင် ကတိပေးထားသော ဆုလာဘ်များကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် လောဘဇောများ တက်လာပြီး လုမင်နောက်သို့ တရကြမ်း လိုက်တော့သည်။

"သတ်..."

ရှေးဟောင်းမြို့တော်၏ ရှေ့တွင် နတ်ဆိုးဝိညာဉ်ပေါင်း သောင်းနှင့်ချီ၍ ရှိနေကြသည်။ သူတို့မှာ အနက်ရောင် အုပ်စုကြီးအလား သံချပ်ကာများ ဝတ်ဆင်လျက် လက်နက်များ ကိုင်ဆောင်ထားကြ၏။ သူတို့၏ တိုက်ပွဲအော်သံများမှာ ကောင်းကင်ကြီးကိုပင် တုန်လှုပ်စေသည်။

လုမင်ကမူ မြို့တော်ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားတော့သည်။

"ရွှီး..."

ထိုအချိန်တွင် တစ်ဖက်လူက နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ပြန်သည်။ နတ်ဆိုးအလင်းတန်းက လုမင်၏ နောက်ကွယ်ရှိ လက်နက်ကို ခုတ်ပိုင်းလိုက်ရာ ၎င်းမှာ ပြင်းထန်စွာ တုန်ခါသွား၏။

ဤတစ်ကြိမ်တွင်မူ လုမင်မှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့သည်။

သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့် သာမန် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ကို ရင်ဆိုင်နိုင်သည်။ သို့သော်၊ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်နှင့် ကြားတွင်မူ ကွာဟချက်မှာ ကြီးမားလွန်းလှသည်။

လုမင်က အံကိုတင်းတင်းကြိတ်ကာ အောင့်ခံလိုက်ပြီး နတ်ဆိုးဝိညာဉ် အုပ်စုကြီးထဲသို့ အစွမ်းကုန် တိုးဝင်လိုက်တော့သည်။

"သတ်"

နတ်ဆိုးဝိညာဉ်အချို့က လုမင်ကို တွေ့ရှိသွားကြသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ လုမင်ထံသို့ ကျရောက်လာ၏။ တစ်ချိန်တည်းမှာပင် လက်နက်မျိုးစုံမှာလည်း လုမင်ထံသို့ ပစ်လွှတ်လိုက်ကြတော့သည်။

'ဒါက မဟာသူတော်စင်နယ်ပယ်နဲ့ ညီမျှတယ်'

လုမင်က သူ့ကိုတိုက်ခိုက်လာသော နတ်ဆိုးဝိညာဉ်၏ စွမ်းအားကို ခန့်မှန်းလိုက်သည်။

ထို့ကြောင့် သူသည် လုံးဝ ရပ်တန့်မနေတော့ပေ။ ကစဉ့်ကလျားအလင်းဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး တိုက်ရိုက်ပင် တိုးဝင်သွားတော့သည်။

"ဝုန်း..."

လုမင်ကို တိုက်ခိုက်သော နတ်ဆိုးဝိညာဉ်မှာ တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်က မီတာ ရာနှင့်ချီ၍ ရှေ့သို့ ရောက်ရှိသွားခဲ့၏။

သို့သော်လည်း ချက်ချင်းပင် နတ်ဆိုးဝိညာဉ် အမြောက်အမြားမှာ လုမင်ထံသို့ တိုးဝင်လာကြပြန်သည်။ ထို့ပြင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်ထက် ပိုမိုပြင်းထန်လာပြီး အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိလာပြီ။

လုမင်က သူတို့ကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက်တိုးဝင်နေခဲ့သည်။

သူ၏နောက်တွင်မူ ဝတ်စုံနက်ဝတ် အမျိုးသားမှာ ရပ်တန့်သွား၏။

သူက လုမင်ကဲ့သို့ ထိုအထဲကို မဆင်မခြင် မတိုးဝင်ရဲပေ။ သူဟာ ခေတ္တမျှ စောင့်ကြည့်လိုသည်။

ထိုအချိန်တွင်၊ သူ၏နောက်ကွယ်မှ လေတိုးသံများ ထွက်ပေါ်လာပြီး လူရိပ် ဆယ်ဂဏန်းခန့် ရောက်ရှိလာကြသည်။ သူတို့မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော သက်ကြားအိုများ ဖြစ်ကြ၏။

သူတို့က အနောက်မှ လိုက်ပါလာကြသူများ ဖြစ်လိမ့်မည်။

"မင်းတို့တင်ပဲလား"

ထိုလူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

"သိုင်းဧကရာဇ် နှစ်ပါးလည်း မကြာခင် ရောက်လာပါလိမ့်မယ်"

ဆံပင်ဖြူအဖိုးအိုတစ်ဦးက ပြောလိုက်၏။

"ကောင်းပြီ။ ဒီတစ်ကြိမ်မှာ အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို သတ်ဖို့ ငါတို့ကို တာဝန်ပေးထားတာ။ ဘာအမှားအယွင်းမှ မရှိစေရဘူး။ မင်းတို့ထဲက တစ်ယောက်ယောက် ဒီမှာနေပြီး ကျန်တဲ့ သိုင်းဧကရာဇ်တွေကို စောင့်နေပါ။ ကျန်တဲ့လူတွေက ငါ့နောက်လိုက်ခဲ့... ဒီမြို့တော်ထဲကို ဖောက်ဝင်ဖို့ ပြင်ကြမယ်"

ထိုလူက အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင်၊ လုမင်က မရပ်မနား ဖောက်ထွက်လာခဲ့ပြီး ခရီးတစ်ဝက်ခန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤနေရာတွင် နတ်ဆိုးဝိညာဉ်များစွာ ရှိနေသော်လည်း ၎င်းတို့က လူစုကွဲနေကြသည်။ ထို့ပြင် အပြင်ပိုင်းရှိ နတ်ဆိုးဝိညာဥ်များမှာ အန္တိမသူတော်စင်အဆင့်သာ ရှိကြသဖြင့် လုမင်ကို မတားဆီးနိုင်ကြပေ။

သို့သော်လည်း မြို့တော်နှင့် နီးကပ်လာလေလေ၊ နတ်ဆိုးဝိညာဉ်များမှာ ပိုမို အားကောင်းလာလေလေ ဖြစ်သည်။

"ရွှစ်... ရွှစ်..."

သံချေးတက်နေသော ဓားအချို့ဖြင့် လုမင်ထံသို့ ခုတ်ပိုင်းလာကြသည်။ ဓားမှ လေကိုထိုးခွဲများမှာ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုနေသကဲ့သို့ ထွက်ပေါ်နေ၏။

ဤတိုက်ခိုက်မှုက ဧကရာဇ်တစ်ပိုင်းအဆင့်၏ တိုက်ခိုက်ရေးစွမ်းအား ရှိသည်။

လုမင် မပေါ့ဆရဲတော့ပေ။ သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ ငရဲဖိနှိပ် ကျောက်စာတိုင်ပုံရိပ် ပေါ်ထွက်လာပြီး ရှေ့သို့ ဝင်တိုက်လိုက်သည်။

"ဝုန်း... ဝုန်း"

ငရဲဖိနှိပ် ကျောက်စာတိုင်က နတ်ဆိုးဝိညာဉ်အချို့ကို လွင့်စင်သွားစေပြီး ၎င်းတို့မှာ လေထဲ၌ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

"အတားအဆီးမဲ့သော ကောင်းကင်သိုင်းက ဒီနတ်ဆိုးဝိညာဉ်တွေအပေါ်မှာ တကယ် ထိရောက်တာပဲ"

လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူက လက်သီးနှစ်ဖက်ဖြင့် ဆက်တိုက် ထိုးနှက်လိုက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် နတ်ဆိုးဝိညာဉ်များကို တစ်ခုပြီးတစ်ခု အဝေးသို့ လွင့်စင်သွားစေ၏။

ဧကရာဇ်တစ်ပိုင်းအဆင့် နတ်ဆိုးဝိညာဉ်များကို ရင်ဆိုင်နေရသော်လည်း လုမင်၏ အရှိန်မှာ လျော့မသွားပေ။ သူက မြို့တော်ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။

ထိုအခါ ဝတ်စုံနက်ဝတ် အမျိုးသားမှာ နောက်ဆုံးတွင် ဆက်မအောင့်နိုင်တော့ပေ။ သူက ဟိန်းဟောက်လိုက်သည်။

"ငါ့နောက်က လိုက်ခဲ့ကြစမ်း"

"ဝှစ်... ဝှစ်..."

ထိုလူက ရှေ့ဆုံးမှ ဦးဆောင်ကာ တိုးဝင်သွား၏။ ဧကရာဇ်တစ်ပိုင်း ဆယ်ဂဏန်းခန့်က သူ၏နောက်မှ လှံရှည်တစ်စင်းအလား လိုက်ပါသွားကြပြီး နတ်ဆိုးဝိညာဉ် တပ်ကြီးကို ထိုးဖောက်တော့သည်။ ဧကရာဇ်တစ်ပိုင်း တစ်ဦးသာ အခြားသူများကို စောင့်ဆိုင်းရန် ကျန်ရစ်ခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ထိုအမျိုးသားမှာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်သည်။ သူက ဧကရာဇ်တစ်ပိုင်းများကို ဦးဆောင်လျက် နတ်ဆိုးဝိညာဉ်တပ်ကို လှံတစ်စင်းအလား ထိုးဖောက်ကာ လုမင်နောက်သို့ တဟုန်ထိုး လိုက်လာတော့သည်။

သာမန်နတ်ဆိုးဝိညာဉ်များမှာ သူတို့ကို လုံးဝ မတားဆီးနိုင်ကြပေ။

ထိုအမျိုးသားက ခရီးတစ်ဝက်သို့ ရောက်ရှိချိန်တွင် လုမင်က နတ်ဆိုးဝိညာဉ်များ၏ ကာကွယ်ရေးကို ဖောက်ထွက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း ထိုခဏ၌ လုမင်မှာ အခက်အခဲနှင့် ကြုံတွေ့ရတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဝိညာဉ် နှစ်ဦးမှာ လုမင်ကို တိုက်ခိုက်လာကြသည်။

ဤနတ်ဆိုးဝိညာဉ် နှစ်ဦးမှာ သံချေးတက်နေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး တစ်ဦးက ဓား၊ တစ်ဦးက လှံရှည်ကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ စွမ်းအားမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်း၏။

ဤနတ်ဆိုးဝိညာဉ် နှစ်ဦးမှာ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်နှင့် အဆင့်တူညီသည်။

ဓားနှင့် လှံရှည်တို့မှာ လုမင်ထံသို့ တိုးဝင်တိုက်ခိုက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က ငရဲဖိနှိပ် ကျောက်စာတိုင်ကို ဖြိုခွဲလိုက်ပြီး လုမင်အား ပိတ်ဆို့ထားလိုက်ကြ၏။

လုမင်၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားသည်။ အမှန်တကယ်ပင်၊ နတ်ဆိုးဝိညာဉ်တပ်မဟာထဲတွင် သိုင်းဧကရာဇ်အဆင့်ရှိသူများ ရှိနေချေပြီ။

ကံကောင်းထောက်မစွာဖြင့် သူတို့က အလွန်အကျွံ ကြောက်စရာမကောင်းဘဲ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်နှင့်သာ ညီမျှသည်။

"လုမင် ပိတ်မိသွားပြီဟေ့... မြန်မြန်ဖောက်ဝင်ကြစို့"

ဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် လုမင်ထံသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် တိုးဝင်လိုက်၏။

နတ်ဆိုးဝိညာဉ် နှစ်ဦးက လုမင်ကို ပိတ်ဆို့ထားကြပြီ။ ထိုအချိန်တွင် သူကပါ ရောက်ရှိသွားပါက လုမင် သေရမည်မှာ သေချာသည်။

"ငရဲဖိနှိပ် ကျောက်စာတိုင်"

ထိုခဏ၌ လုမင်၏ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ် ကျောက်စာတိုင် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ခဏချင်းမှာပင် အလွန် ကြီးမားလာ၏။ ၎င်းထံမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဆိုးဝိညာဉ် နှစ်ဦးကို ဖိနှိပ်လိုက်တော့သည်။

"ဝုန်း... ဝုန်း..."

ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်မှာ နတ်ဆိုးဝိညာဉ်များကို အထူး နှိမ်နင်းနိုင်သည်။ နတ်ဆိုးဝိညာဉ် နှစ်ဦး၏ ခန္ဓာကိုယ်မှာ ကျောက်စာတိုင်ကြောင့် တိုက်ရိုက်ပင် လွင့်စင်သွားရတော့၏။

ဤအခွင့်အရေးကို အသုံးချကာ လုမင်က နတ်ဆိုးဝိညာဉ်တပ်၏ ဝိုင်းရံမှုမှ ဖောက်ထွက်ကာ မြို့တော်ဆီသို့ ပြေးဝင်သွားတော့သည်။

ထူးဆန်းသောအချက်မှာ၊ လုမင်က မြို့တော်နှင့် နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဝိညာဉ်များသည်လည်း ရပ်တန့်လိုက်ကြပြီး လုမင်နောက်သို့ ဆက်လက်မလိုက်ကြတော့ခြင်းပင် ဖြစ်သည်။

လုမင်လည်း ငရဲဖိနှိပ်ကျောက်စာတိုင် သွေးမျိုးဆက်ကို ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်းမြို့တံခါးဆီသို့ ပြေးသွားတော့သည်။

.............

ရှင်းချက်။ ။

"လေဖမ်းဝါးလုံးတန်းချည်သည်"

ဝါးလုံးတန်းကို ချည်နှောင်နှောင်ရာတွင် အခိုင်အမာစွဲကပ်ရန် တိုင်၊ ဝါး၊ သစ်ပင်၊ တန်းစသည့်အမှီအတွယ် လိုအပ်ပေရာ ထိုသို့အခိုင်အမာ မှီရာမရှိဘဲ လေထဲတွင်ဖမ်း၍ ဝါးလုံးတန်းချည်သည်ဟု ဆိုလိုသည်။ မဖြစ်နိုင်သောအရာကို ပြုလုပ်ရာတွင်လည်းကောင်း၊ အခိုင်အမာ မဟုတ်သောစကားကို အခြေပြု၍ ကြံစည်လုပ်ကိုင်ရာတွင်လည်းကောင်း ရှုတ်ချသောအနေဖြင့် သုံးနှုန်းသည်။ (MM - Thatpone appမှ ကူးယူဖော်ပြပါသည်)

All Chapters