← Chapters

အခန်း ၂၀၅၆

Vol. 141 Ch. 2056

အခန်း ၂၀၅၆

Vol. 141 Ch. 2056

အပိုင်း ( 2056 ) ရှေးဟောင်းမြို့တော်ရှိ ပြင်းထန်သောတိုက်ပွဲ။

လုမင်က ပြေးလွှားနေစဉ် သူ၏ ခေါင်းမွှေးများ ရုတ်တရက် ထောင်ထသွားသည်။ အန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည့် အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူက ချက်ချင်းပင် နောက်သို့လှည့်ကာ လက်ညှိုးညွှန်ပြလိုက်တော့သည်။

"ဝုန်း"

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး ချပ်ဝတ်တန်ဆာတစ်ခုကို ထိမှန်သွားသည်။

"ဝမ်..."

ထိုချပ်ဝတ်မှာ အနည်းငယ် တုန်ခါသွားသော်လည်း ဘာမှဖြစ်မသွားပေ။ ခြစ်ရာတစ်ခုမျှပင် ကျန်ရစ်ခြင်း မရှိပါ။ ၎င်းက လေထဲတွင် အနည်းငယ် တုန်ခါသွားပြီးနောက် လုမင်ထံသို့ ကြောက်စရာ အငွေ့အသက်များဖြင့် ခုန်အုပ်လိုက်တော့သည်။

"ဝုန်း... ဝုန်း"

လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် ထိုချပ်ဝတ်ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သို့သော် အချည်းနှီးသာ။ ချပ်ဝတ်မှာ အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် လုမင်ထံသို့ ဆက်လက်တိုးဝင်လာခဲ့သည်။

"ဟင်..."

ရုတ်တရက်၊ ချပ်ဝတ်ပေါ်တွင် သွေးများ စီးကျနေသည်ကို လုမင် တွေ့လိုက်ရသည်။ ၎င်းတို့မှာ လက်တံများအလား လုမင်ထံသို့ ဆန့်ထွက်လာခဲ့၏။

လုမင်က ကစဉ့်ကလျား နိယာမနှင့် ကစဉ့်ကလျားအလင်းတန်းကို အသုံးပြု၍ ခုခံလိုက်သည်။

သို့သော်လည်း ကစဉ့်ကလျား နိယာမနှင့် ကစဉ့်ကလျားအလင်းတန်းတို့က ထိုလက်တံများနှင့် ထိတွေ့မိသောအခါ ပြင်းထန်စွာ တုန်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်တံများက ၎င်းတို့ကို ဆုတ်ဖြဲပစ်လိုက်၏။

လုမင်လည်း အလျင်အမြန် နောက်ဆုတ်လိုက်ရပြီး ကြက်သီးမွေးညင်းများပင် ထလာတော့သည်။

ဤချပ်ဝတ်က ကြောက်စရာကောင်းလွန်းသည်။ ကစဉ့်ကလျားအလင်းဖြင့်ပင် ၎င်းကို မတားဆီးနိုင်ချေ။

'ငရဲဖိနှိပ်ကျောက်စာတိုင်'

လုမင်၏ အတွေးတစ်ခုဖြင့် ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်မှာ သူ၏နောက်ကွယ်၌ ပေါ်ထွက်လာသည်။ ၎င်းက ချပ်ဝတ်တန်ဆာကို ဖိနှိပ်ရန် တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လိုက်၏။

ချပ်ဝတ်ပေါ်ရှိ သွေးရောင်လက်တံများက ငရဲဖိနှိပ် ကျောက်စာတိုင်၏ စွမ်းအားနှင့် ထိတွေ့မိသောအခါ မီးကျွမ်းသကဲ့သို့ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာသည်။ ၎င်းမှာ နေရောင်ခသော နှင်းစက်များကဲ့သို့ အလျင်အမြန်ပင် အရည်ပျော်ကျလာ၏။

ထိုသွေးရောင်လက်တံများက နောက်သို့ ဆုတ်ခွာသွားပြီး ချပ်ဝတ်မှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

"တော်သေးတာပေါ့"

လုမင်လည်း ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။

ထိုချပ်ဝတ်က အလွန်ပင် ကြောက်စရာကောင်းလှသည်။ ၎င်းမှာ အသိစိတ်ရှိနေပုံရပြီး ဖျက်ဆီး၍လည်း မရနိုင်ရာ အလွန်ပင် တုန်လှုပ်စရာ ကောင်းပေသည်။

"လုမင် အဲဒီမှာပဲ"

မနီးမဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားနှင့် အခြားသူများက လုမင်နောက်သို့ လိုက်လာကြ၏။

လုမင်က ငရဲဖိနှိပ် ကျောက်စာတိုင်ကို အသုံးပြုခဲ့ချိန်တွင် အလင်းတန်းမှာ အလွန်တောက်ပသောကြောင့် သူတို့ တွေ့ရှိသွားခြင်း ဖြစ်နိုင်သည်။

"သူတို့ကတော့ လုံးဝ လက်မလျှော့ကြဘူးပဲ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားပြီးနောက် အရပ်မျက်နှာတစ်ခုသို့ ပြေးထွက်သွားတော့သည်။

မကြာမီ လုမင်က နန်းတော်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုနန်းတော်၏ တံခါးမှာ ပွင့်ဟနေ၏။

လုမင်က သူ၏အရှိန်အဝါကို အစွမ်းကုန် ဖျောက်ကွယ်လိုက်ပြီး တံခါးနားသို့ ချဉ်းကပ်ကာ အတွင်းပိုင်းကို ချောင်းကြည့်လိုက်လေသည်။

ယခင်က ဤနန်းတော်ရင်ပြင်ထဲတွင် အရိုးစုတစ်ခု ရှိနေခဲ့သည်။ ထိုအရိုးစုက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ ဤအခိုက်တွင် အရိုးစုတစ်ခုကို မြင်ရသည်။ သို့သော်လည်း ၎င်းဝတ်ဆင်ထားသော ချပ်ဝတ်မှာ ပျောက်ကွယ်နေခဲ့ပြီ။

"တကယ်ကို ဒီချပ်ဝတ်ပဲ..."

လုမင်က တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်က သူ၏ ဦးခေါင်းထက်တွင် မျောလွင့်ထွက်ပေါ်လာ၏။ လုမင်က ထိုအရိုးစုထံသို့ ပြေးဝင်သွားတော့သည်။

မည်သည့် ထူးခြားမှုမှ မရှိဘဲ လုမင်က ခြောက်ကပ်နေသော အရိုးစု၏ ဘေးသို့ ရောက်ရှိသွားခဲ့သည်။

"ဝှစ်..."

ထိုအချိန်တွင် တံခါးနား၌ အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ချပ်ဝတ်တန်ဆာ ပေါ်လာခဲ့သည်။ ၎င်းမှာ လူသားတစ်ဦးကဲ့သို့ပင် အလွန်တုန်လှုပ်နေပုံရ၏။

"အနားမလာနဲ့နော်... မဟုတ်ရင် ငါ ဒီအရိုးစုကို ဖျက်ဆီးပစ်မယ်"

လုမင်က သူတော်စင်စွမ်းအားဖြင့် လက်တစ်ဖက်ကို ဖန်တီးကာ အရိုးစုကို ဆုပ်ကိုင်ထားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ချပ်ဝတ်တန်ဆာက ရပ်တန့်သွားကာ အနားမတိုးဝံ့တော့ပေ။

လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ၏ ခန့်မှန်းချက်က မှန်ကန်နေပုံပင်။

ချပ်ဝတ်တန်ဆာနှင့် အရိုးစုက တစ်သားတည်း ဖြစ်သည်။

တစ်နည်းအားဖြင့် ချပ်ဝတ်တန်ဆာ၏ မူလပိုင်ရှင်မှာ ထိုအရိုးစုကြီးပင်။

အသက်ရှင်စဉ်က ထိုအရိုးစုမှာ အလွန်ပင် စွမ်းအားကြီးခဲ့ဖွယ် ရှိသည်။ သူ သေဆုံးသွားပြီးနောက် ပြင်းထန်သော စွမ်းအားများက ချပ်ဝတ်တန်ဆာကို အာဟာရဖြစ်စေခဲ့သဖြင့် ချပ်ဝတ်တွင် ဝိညာဉ်အသိများ ပေါ်ပေါက်လာခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ချပ်ဝတ်တန်ဆာမှာ အရိုးစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။ အရိုးစုသာ ပျက်စီးသွားပါက ချပ်ဝတ်မှာလည်း ထိခိုက်မှု ရှိလိမ့်မည်။

"နောက်ဆုတ်စမ်း"

လုမင်က အေးစက်စွာ ဆိုလိုက်သည်။

ချပ်ဝတ်မှာ အကြိမ်အနည်းငယ် တုန်ခါသွားသော်လည်း နောက်ဆုံးတွင်မူ နောက်သို့ ဆုတ်ခွာသွားခဲ့ရသေးသည်။

လုမင်က ငါးခူပြုံးပြုံးပြီး ပြောလိုက်သည်။

"ငါ့နောက်က လိုက်ခဲ့ပါ။ ဒါပေမဲ့ ပြဿနာရှာဖို့တော့ စိတ်မကူးနဲ့၊ ငါ့ရဲ့ အတွေးတစ်ချက်နဲ့ ဒီအရိုးစုကို ဖျက်ဆီးပစ်နိုင်တယ်"

ထိုသို့ပြောပြီးနောက် လုမင်က ရင်ပြင်ထဲမှ ထွက်ခွာကာ အရပ်မျက်နှာတစ်ခုသို့ ဦးတည်သွားတော့သည်။ ချပ်ဝတ်မှာလည်း လုမင်၏နောက်မှ ပါပီလေးတစ်ကောင်ပမာ လိမ်လိမ်မာမာ လိုက်ပါလာခဲ့သည်။

"လာကြစမ်း"

လုမင်က လှောင်ပြောင်လိုက်သည်။ ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်က အလျင်အမြန် ကြီးမားလာပြီး အဝေးမှပင် မြင်တွေ့နိုင်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်၏။

ထို့နောက် လုမင်က ငရဲဖိနှိပ် ကျောက်စာတိုင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ချပ်ဝတ်တန်ဆာကို အဆောက်အအုံတစ်ခုအတွင်း ပုန်းကွယ်ခိုင်းထားကာ တိတ်ဆိတ်စွာ စောင့်နေလိုက်လေသည်။

လုမင် အကြာကြီး စောင့်စရာမလိုလိုက်ပေ။ ရှေ့တွင် လူရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားနှင့် လူအုပ်ကြီးမှာ က‌တိုက်ကရိုက် ရောက်ရှိလာကြသည်။

သို့သော်လည်း ကျန်ရှိသော သိုင်းဧကရာဇ် နှစ်ပါးကိုမူ မတွေ့ရချေ။

လုမင်က တစ်ချက်ပြုံးလိုက်ပြီး သူ၏နောက်သို့ လှည့်ကြည့်လိုက်သည်။

လူရိပ်နှစ်ခုမှာ သူ့အနောက်မှ လျင်မြန်စွာ ပြေးလာကြ၏။ ၎င်းတို့မှာ လုမင်နောက်သို့ လိုက်ဖမ်းနေသော သိုင်းဧကရာဇ်နှစ်ပါးပင်။

မျှော်လင့်ထားသည့်အတိုင်း၊ တစ်ဖက်လူများမှာ လုမင် ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

"ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် နှစ်ပါးပဲ"

လုမင်က မလှုပ်မယှက် ရပ်နေရင်း အေးစက်စွာ ပြုံးလိုက်မိ၏။

"ဝှစ်... ဝှစ်..."

ဝတ်စုံနက်ဝတ် အမျိုးသား၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားသည်။ ဧကရာဇ်တစ်ပိုင်း ခုနစ်ဦး ရှစ်ဦးနှင့် ဗလာနယ်ဧကရာဇ် နှစ်ပါးတို့က လုမင်ကို ဝိုင်းထားလိုက်ကြ၏။

"အပြာရောင်နတ်ဆိုးဘုရင်ဆိုတဲ့ အဲဒီအဖိုးကြီးက ငါ့ကိုသတ်ဖို့ တကယ်ပဲ အရင်းအနှီး အများကြီး စိုက်ထားတာပဲ"

လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

"လုမင်... မင်းက ပါရမီရှင်တစ်ယောက် ဆိုပေမဲ့ လူမှုဆက်ဆံရေးကိုတော့ နားမလည်ဘူးပဲ။ အပြာရောင်နတ်ဆိုးဘုရင်ကိုတောင် ပြစ်မှားဝံ့တယ်ဆိုမှတော့ မင်းအတွက် သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ်"

ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

လုမင် ဆွံ့အသွား၏။

ပြောရမည်ဆိုလျှင် အစကတည်းက လုမင်သည် အပြာရောင်နတ်ဆိုးဘုရင်ကို စတင်ရန်စခဲ့ခြင်း မဟုတ်ပါ။ တစ်ဖက်လူကသာ သူ့ကို အမြဲတမ်း ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ပထမဦးစွာ လုမင်ကို ပြိုင်ပွဲဝင်ခွင့် မပေးခဲ့ပေ။ ထို့နောက် လုမင်က ရှေးနတ်ဆိုးကို အနိုင်ယူလိုက်သဖြင့် တစ်ဖက်လူမှာ အရှက်ကွဲခဲ့ရခြင်း ဖြစ်သည်။ အစမှအဆုံးထိ၊ ဤသည်မှာ တစ်ဖက်လူကိုယ်တိုင် ရှာဖွေခဲ့ခြင်း မဟုတ်ပါလား။

ဤကဲ့သို့သော လူစားမျိုးကို စိတ်သဘောထား မပြည့်ဝသူဟုသာ ဆိုနိုင်သည်။

"မင်းတို့ ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ အသက်မဲ့ခန္ဓာတွေ ဒီမှာ ကျန်ရစ်မသွားအောင် သတိထားကြဦးပေါ့"

လုမင်က အေးစက်စွာ ပြုံးလိုက်သည်။

"ဝှစ်..."

လုမင် စတင်လှုပ်ရှားလိုက်၏။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုကာ ဝတ်စုံနက်ဝတ် အမျိုးသားထံသို့ ထိုးနှက်လိုက်တော့သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

ဝတ်စုံနက်ဝတ် အမျိုးသားသည်လည်း လှုပ်ရှားလိုက်သည်။ သူ၏ လက်ဝါးစောင်းက ဓားတစ်စင်းအလား ပြောင်းလဲသွားကာ ခုတ်ပိုင်းလိုက်၏။ နတ်ဆိုးဓားအလင်းတန်းတစ်ခုက လုမင်ထံသို့ ဖြတ်သန်းလာတော့သည်။

"ဝုန်း..."

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းမှာ ကြာရှည်မခံလိုက်ဘဲ ပျက်စီးသွားသည်။ လုမင်လည်း အလျင်အမြန် နောက်ဆုတ်လိုက်ရ၏။

သို့သော်လည်း ထိုခဏ၌ ချပ်ဝတ်တန်ဆာက အဆောက်အအုံတစ်ခုအတွင်းမှ ပြေးထွက်လာပြီး ဧကရာဇ်တစ်ပိုင်း တစ်ဦးကို ရစ်ပတ်လိုက်တော့သည်။

ထိုဧကရာဇ်တစ်ပိုင်းက သနားစဖွယ် အော်ဟစ်ရင်းမှာပင် သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ခြောက်ကပ်သွားလေသည်။

"အရင်ဆုံး လုမင်ကို သတ်ကြ"

ဝတ်စုံနက်ဝတ် အမျိုးသားက ဟိန်းဟောက်လိုက်ပြီး လုမင်ထံသို့ ပြေးဝင်လာသည်။

"ဝှစ်..."

လုမင်က ဘေးဘက်ရှိ ခန်းမတစ်ခုအတွင်းသို့ တိုက်ရိုက် ပြေးဝင်လိုက်၏။

ဝတ်စုံနက်ဝတ် အမျိုးသားနှင့် အခြားသိုင်းဧကရာဇ် နှစ်ပါးတို့သည်လည်း လုမင်နောက်သို့ လိုက်ကာ ခန်းမထဲသို့ ပြေးဝင်လာကြတော့သည်။ ဧကရာဇ်တစ်ပိုင်းများလည်း သဘာဝအတိုင်း ပါဝင်သည်။

ခန်းမကြီးမှာ အလွန်ပင် ကျယ်ဝန်းလှသော်လည်း လူသူကင်းမဲ့သည်။ ဤနေရာတွင် အသက်ဓာတ် အငွေ့အသက် လုံးဝ မရှိချေ။

လုမင်က ခန်းမထဲသို့ ပြေးဝင်ကာ အတွင်းပိုင်းအထိ အစွမ်းကုန် ပြေးလွှားနေခဲ့သည်။

"အား"

သူ၏ အနောက်တွင်မူ နောက်ထပ် သနားစဖွယါ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

ချပ်ဝတ်တန်ဆာက ဧကရာဇ်တစ်ပိုင်း တစ်ဦးကို ဝါးမျိုပြီးနောက်၊ နောက်ထပ် ဧကရာဇ်တစ်ပိုင်း တစ်ဦးကို ထပ်မံရစ်ပတ်လိုက်ခြင်း ဖြစ်၏။

ထို့ပြင် ချပ်ဝတ်တန်ဆာမှာ ဧကရာဇ်တစ်ပိုင်းများကို ဝါးမျိုလေလေ၊ ပိုမိုစွမ်းအားကြီးမားလာလေလေ ဖြစ်ပုံရသည်။

အစပိုင်းတွင် ဧကရာဇ်တစ်ပိုင်းတစ်ဦးကို ဝါးမျိုရန် ခဏတာ အချိန်ယူရသည်။ ယခုအခါတွင်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးမြောက်နိုင်ခဲ့ပြီ။

"တောက်"

ဝတ်စုံနက်ဝတ် အမျိုးသားက ဒေါသတကြီးဖြင့် တက်ခေါက်လိုက်သည်။ ဤအတိုင်းသာ ဆက်သွားပါက ဧကရာဇ်တစ်ပိုင်းများအားလုံး ဝါးမျိုခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ခင်ဗျားတို့ နှစ်ယောက် ဆက်လိုက်ကြ။ ကျုပ်က အဲဒီချပ်ဝတ်ကို တားထားမယ်"

ဝတ်စုံနက်ဝတ် အမျိုးသားက အော်ဟစ်လိုက်သည်။ သူက နောက်သို့လှည့်ကာ ချပ်ဝတ်တန်ဆာထံသို့ ဦးတည်သွား၏။

သူ ရောက်ရှိသွားချိန်တွင် နောက်ထပ် ဧကရာဇ်တစ်ပိုင်း တစ်ဦးမှာ ချပ်ဝတ်တန်ဆာ၏ ဝါးမျိုခြင်းကို ခံလိုက်ပြီးပြီ ဖြစ်သည်။

ခဏတာအတွင်းမှာပင် ချပ်ဝတ်တန်ဆာက ဧကရာဇ်တစ်ပိုင်း သုံးဦးကို ဝါးမျိုသတ်ဖြတ်ခဲ့ပြီးပြီ။

ဒေါသထွက်နေပြီဖြစ်သော ဝတ်စုံနက်ဝတ် အမျိုးသားက သူ့အစွမ်းကုန် ပေါက်ကွဲစေပြီး တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

သို့သော် ချပ်ဝတ်တန်ဆာက သူ့ကို လုံးဝ ရင်မဆိုင်ပါ။ ၎င်းက အကြိမ်အနည်းငယ် လက်ခနဲ ဖြစ်သွားပြီးနောက် တိုက်ရိုက်ပင် ထွက်ပြေးသွားတော့သည်။

ကျန်ရှိနေသော ဧကရာဇ်တစ်ပိုင်း ငါးဦးလည်း မျက်စိမျက်နှာ ပျက်သွားကြသည်။

"အခု ငါ့နောက်ကနေ နီးနီးကပ်လိုက်ခဲ့"

ဝတ်စုံနက်ဝတ် အမျိုးသားက ပြောလိုက်သည်။

All Chapters