အခန်း ၂၀၅၇
Vol. 141 Ch. 2057
အပိုင်း ( 2057 ) ဗလာနယ်ဧကရာဇ်ကို ဝါးမျိုခြင်း။
ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားက ကျန်ရှိသော ဧကရာဇ်တစ်ပိုင်း ငါးဦးကို ဦးဆောင်ကာ လုမင်နောက်သို့ ပြေးလိုက်တော့သည်။
ထိုအချိန်တွင် လုမင်နှင့် ဗလာနယ်ဧကရာဇ် နှစ်ပါးမှာ ထိုနေရာမှ ပြေးထွက်လာခဲ့ကြပြီး အတော်အတန် ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"လုမင်... သေဖို့သာ ပြင်ထားတော့။ ငါတို့ မင်းကို သက်သောင့်သက်သာ သေခွင့်ပေးပါ့မယ်"
"မင်းက အပြာရောင်နတ်ဆိုးဘုရင်ကို ပြစ်မှားမိခဲ့တယ်။ ဒါကြောင့် မင်းရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးပြီ"
ဗလာနယ်ဧကရာဇ် နှစ်ပါးမှာ လုမင်ကို အဆက်မပြတ် အော်ဟစ်ကျိန်ဆဲလျက် ရန်စနေကြသည်။
သို့သော်လည်း လုမင်ကမူ သူတို့ကို ဂရုမစိုက်အားပေ။ သူသည် ကွေ့ကောက်နေသော လမ်းများတစ်လျှောက် လှည့်ပတ်ပြေးလွှားနေခဲ့သည်။
အတန်ကြာအောင် ပြေးလွှားနေပြီးနောက် လုမင်က ရုတ်တရက် ရပ်တန့်လိုက်၏။ သူက ထီမထင်ဟန်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။
"ငါ့ကို သတ်ချင်တာလား... လာလေ"
"ဒုန်း... ဒုန်း"
လုမင်က ခြေလှမ်းကျဲဖြင့် ဗလာနယ်ဧကရာဇ် နှစ်ပါးထံသို့ ပြန်လည် ပြေးဝင်သွားတော့သည်။
ဗလာနယ်ဧကရာဇ် နှစ်ပါးမှာ အံ့အားသင့်သွားကြသည်။ လုမင်က အဘယ်ကြောင့် ရုတ်တရက် ပြေးလွှားခြင်းကို ရပ်တန့်လိုက်မှန်း သူတို့ နားမလည်နိုင်ကြပေ။ သို့သော်လည်း လုမင် ရပ်သွားခြင်းမှာ သူတို့အတွက် အကောင်းဆုံးပင် ဖြစ်သည်။
"သတ်"
ဗလာနယ်ဧကရာဇ် နှစ်ပါးက လုမင်ထံသို့ ပြေးလာခဲ့ကြသည်။
သို့သော်၊ ထိုခဏမှာပင် ဘေးနားရှိ အဆောက်အအုံတစ်ခုအတွင်းမှ ချပ်ဝတ်တန်ဆာက ပျံထွက်လာပြီး ဗလာနယ်ဧကရာဇ် တစ်ပါးထံ ခုန်အုပ်လိုက်တော့သည်။
ထိုဗလာနယ်ဧကရာဇ်မှာ တုန်လှုပ်သွားပြီး သူ၏ တိုက်ခိုက်မှုလမ်းကြောင်းကို ချပ်ဝတ်ထံသို့ အလျင်အမြန် ပြောင်းလဲလိုက်ရသည်။
သို့သော်၊ ချပ်ဝတ်မှာ ခိုင်ခံ့လွန်းလှပြီး ဖျက်ဆီး၍ မရနိုင်ပေ။ ၎င်းက အနည်းငယ်မျှသာ တုန်ခါသွားပြီး ဗလာနယ်ဧကရာဇ်ထံသို့ ဆက်လက်တိုးဝင်လာခဲ့သည်။ ထို့နောက် ချပ်ဝတ်ပေါ်တွင် လက်တံများ ပေါ်ထွက်လာပြီး တစ်ဖက်လူကို ရစ်ပတ်လိုက်၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်သည်လည်း သူ၏ အစွမ်းကုန် ထုတ်ဖော်ရင်း အခြား ဗလာနယ်ဧကရာဇ်ထံသို့ ခုန်ဝင်သွားတော့သည်။
လုမင်၏ အစွမ်းအစကို သိရှိထားသော ဗလာနယ်ဧကရာဇ်မှာလည်း မပေါ့ဆရဲပေ။ သူသည်လည်း အစွမ်းကုန် ပေါက်ကွဲစေပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း... ဝုန်း"
လုမင်နှင့် ဗလာနယ်ဧကရာဇ်တို့မှာ တိုက်ခိုက်မှုနှစ်ခုကို အပြန်အလှန် ရင်ဆိုင်လိုက်ကြသည်။ လုမင်က အားနည်းချက် ရှိနေသော်လည်း တားဆီးနိုင်ခဲ့ပေသည်။
လုမင်သည် ယခင်က ဟဲမိသားစုမှ ဗလာနယ်ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော်လည်း ဟဲမိသားစုမှ ဗလာနယ်ဧကရာဇ်မှာ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်အဖြစ်သို့ စတင်ရောက်ရှိခါစသာ ရှိသဖြင့် သူ၏ စွမ်းအားမှာ ယခုရှေ့တွင်ရှိနေသော လူကဲ့သို့ မသန်မာသေးပေ။ သို့သော်လည်း သိပ်တော့ မကွာခြားလှပါ။
လုမင်က တစ်ဖက်လူကို မယှဉ်နိုင်သေးသော်လည်း တစ်ဖက်လူအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်။
ထိုစဉ်၊ လုမင်၏ ကျောပြင်မှာ တောက်ပလာပြီး သူ၏ တတိယသွေးမျိုးဆက် ပေါ်ထွက်လာခဲ့သည်။ လုမင်က တတိယသွေးမျိုးဆက်မှ စွမ်းအားအချို့ကို ချေးယူလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း လုမင်မှာ အလွန်ပင် သတိထားနေခဲ့ပြီး အလွန်အကျွံ မချေးယူရဲပေ။ သူ ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်းကိုသာ ချေးယူခဲ့သည်။
သို့ပေသော်ငြား၊ လုမင်၏ စွမ်းအားမှာ များစွာ မြင့်တက်လာခဲ့သေးသည်။
"ဝုန်း... ဝုန်း..."
လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ တတိယ သွေးမျိုးဆက်၏ စွမ်းအားကို ချေးယူပြီးနောက် လုမင်၏ စွမ်းအားမှာ များစွာ တိုးတက်ခဲ့၏။ နောက်ဆုံးတွင် သူက တစ်ဖက်လူနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်လာပြီး အားနည်းချက် မရှိတော့ပေ။
လုမင်က တစ်ဦးကို ထိန်းထားလိုက်ချိန်တွင် အခြား ဗလာနယ်ဧကရာဇ်မှာမူ အန္တရာယ်ရှိနေပြီ ဖြစ်သည်။
ဧကရာဇ်တစ်ပိုင်းအချို့ကို ဝါးမျိုပြီးနောက် ချပ်ဝတ်၏ စွမ်းအားမှာ အမှန်တကယ်ပင် များစွာ မြင့်တက်လာခဲ့သည်။
ထိုသံချပ်ကာသည် အစကတည်းကပင် ကြောက်စရာကောင်းလွန်း၏။ လုမင်၏ ကစဉ့်ကလျား အလင်းတန်းဖြင့်ပင် မတားဆီးနိုင်ခဲ့ပေ။
ယခုအခါတွင်မူ ချပ်ဝတ်၏ စွမ်းအားမှာ များစွာ တိုးတက်လာခဲ့ပြီး လုမင်၏ ခြိမ်းခြောက်မှုနှင့်ပါ ပေါင်းစပ်လိုက်ရာ ပိုမိုတုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်လာတော့သည်။
ဗလာနယ်ဧကရာဇ်၏ တိုက်ခိုက်မှုများမှာ ချပ်ဝတ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ချပ်ဝတ်မှာ တစ်ဖက်လူနှင့် ပိုမိုနီးကပ်လာခဲ့၏။ သွေးရောင် လက်တံများက ဗလာနယ်ဧကရာဇ်ထံသို့ ဆန့်ထွက်သွားပြီး တစ်ဖက်လူ၏ ကာကွယ်ရေးကို တိုက်ရိုက်ပင် ဖြိုခွဲလိုက်တော့သည်။
ထို့နောက် လက်တံများက ဗလာနယ်ဧကရာဇ်ကို ရစ်ပတ်လိုက်ပြီး စတင်ဝါးမျိုလိုက်သည်။
"ထွက်သွားစမ်း"
ဗလာနယ်ဧကရာဇ်က ထိတ်လန့်တကြား ဟိန်းဟောက်လိုက်သည်။ သူက အစွမ်းကုန် ရုန်းကန်နေသော်လည်း အသုံးမဝင်ပေ။ ချပ်ဝတ်မှာ ရေဘဝဲတစ်ကောင်အလား သူ့အား ပိုမိုတင်းကြပ်စွာ ရစ်ပတ်လိုက်ပြီး ဝါးမျိုနေတော့သည်။
"အား... ကယ်ပါဦး... ကယ်ကြပါဦး"
ဗလာနယ်ဧကရာဇ်မှာ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို လေပွေကဲ့သို့ လည်ပတ်စေလျက် ရုန်းကန်နေသော်လည်း အချည်းနှီးပင်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို ချပ်ဝတ်တန်ဆာက ဝါးမျိုနေသည်ဟု သူ ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်မှာ အလျင်အမြန်ပင် ပိန်ရှုံ့ခြောက်ကပ်သွားတော့သည်။
အခြား ဗလာနယ်ဧကရာဇ်မှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူက သွားရောက်ကယ်တင်လိုသော်လည်း လုမင်၏ တားဆီးခြင်းကို ခံနေရသဖြင့် မတတ်နိုင်ပေ။
ထိုခဏမှာပင် ဝတ်စုံနက်ဝတ် အမျိုးသားက သူ၏ လူများနှင့်အတူ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူ ရောက်လာချိန်တွင် ချပ်ဝတ်တန်ဆာဖြင့် ရစ်ပတ်ခြင်းကို ခံထားရသော ဗလာနယ်ဧကရာဇ်ကို ကယ်တင်ရန် နောက်ကျသွားခဲ့ပြီ။
သူ့ခန္ဓာကိုယ်မှာ လုံးဝ ခြောက်ကပ်သွားပြီး အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရ၊ စွမ်းအင်နှင့် အသက်ဝိညာဉ်ဓာတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ချပ်ဝတ်ပေါ်တွင် သွေးရည်များ ဆူပွက်နေသကဲ့သို့ တောက်ပသော အနီရောင်အလင်းတန်းတစ်ခုက ပျံ့နှံ့သွားတော့သည်။
"ဝှစ်..."
ချပ်ဝတ်တန်ဆာက လှုပ်ရှားသွားပြီး လုမင်နှင့် တိုက်ခိုက်နေသော ဗလာနယ်ဧကရာဇ်ထံသို့ ဦးတည်သွားပြန်သည်။
"ထွက်သွားစမ်း"
ထိုဗလာနယ်ဧကရာဇ်က ချပ်ဝတ်တန်ဆာကို ရိုက်ထုတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော်လည်း လုမင်က သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ သူက ထိုဗလာနယ်ဧကရာဇ်၏ ရင်ဝသို့ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် ထိုးလိုက်သည်။ ထိုဗလာနယ်ဧကရာဇ်မှာ သွေးများ အန်ထွက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ချပ်ဝတ်က ဗလာနယ်ဧကရာဇ်ကို ရစ်ပတ်လိုက်ကာ စတင်ဝါးမျိုတော့သည်။
"ကယ်ကြပါဦး"
ဗလာနယ်ဧကရာဇ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းက နောက်မှလိုက်လာသော ဝတ်စုံနက်ဝတ် အမျိုးသားကို တုန်လှုပ်သွားစေသည်။ သူ မျက်နှာတစ်ချက်ပျက်သွား၏။
အကယ်၍ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ပင် မခုခံနိုင်လျှင်၊ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်ဖြစ်သော သူသည်လည်း အန္တရာယ်ရှိနိုင်သည်။
"သွားကြစို့"
ဝတ်စုံနက်ဝတ် အမျိုးသားက တုံ့ဆိုင်းမနေတော့ဘဲ နောက်သို့လှည့်ကာ ထွက်သွားတော့သည်။
ဤရှေးဟောင်းမြို့တော်ကြီးမှာ အလွန်ပင် ထူးဆန်းသည်။ အကယ်၍ သူ ဆက်နေပါက သူ၏ အသက်ကိုပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်တစ်ပိုင်း ငါးဦးမှာလည်း ဝတ်စုံနက်ဝတ် အမျိုးသားနောက်သို့ လိုက်ပါကာ မြို့တံခါးဆီသို့ အပြေးအလွှား သွားကြသည်။ သူတို့က ဤရှေးဟောင်းမြို့တော်အတွင်း၌ ခဏလေးပင် ထပ်မနေလိုကြတော့ပေ။
ချပ်ဝတ်တန်ဆာစ ရစ်ပတ်ခြင်းကို ခံထားရသော ဗလာနယ်ဧကရာဇ်မှာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ညည်းညူလိုက်သည်။ သို့သော်လည်း မကြာမီပင် ချပ်ဝတ်၏ ဝါးမျိုခြင်း ခံလိုက်ရကာ အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဗလာနယ်ဧကရာဇ် နှစ်ပါးကို ဆက်တိုက် ဝါးမြိုပြီးနောက် ချပ်ဝတ်ထံမှ တောက်ပသော သွေးရောင်အလင်းများ ထွက်ပေါ်လာသည်။ ၎င်းမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှ၏။
ချပ်ဝတ်တန်ဆာက လုမင်ကို အကဲခတ်ကြည့်နေသကဲ့သို့ လုမင်၏ ပတ်ပတ်လည်တွင် ဝဲပျံနေတော့သည်။
လုမင်လည်း မပေါ့ဆဝံ့တော့ပါ။ ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်က လေထဲတွင် ဝဲလည်နေသည်။ တစ်ချိန်တည်းမှာပင် သူက အရိုးစုကို ဆုပ်ကိုင်ထားပြီး ချပ်ဝတ်တန်ဆာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
ချပ်ဝတ်တန်ဆာက အကြိမ်အနည်းငယ် ဝဲပျံနေသော်လည်း လုမင်မှ အရိုးစုအား ဖျက်ဆီးပစ်မည်ကို ကြောက်နေပုံရသည်။ ထို့ပြင် ၎င်းက ငရဲဖိနှိပ် ကျောက်စာတိုင်ကိုလည်း အလွန်ပင် ကြောက်ရွံ့ဟန်ရ၏။ နောက်ဆုံးတွင် ၎င်းက အနည်းငယ် နောက်ဆုတ်သွားပြီး လုမင်နှင့် အကွာအဝေးတစ်ခုတွင် နေထိုင်လေတော့သည်။
"လိုက်ကြမယ်"
လုမင်က ခပ်တိုးတိုးလေး ဆိုလိုက်ပြီး ဝတ်စုံနက်ဝတ် အမျိုးသားနှင့် ကျန်ရှိသူများနောက်သို့ ပြေးလိုက်သွားသည်။ ချပ်ဝတ်တန်ဆာကလည်း သူ့နောက်မှ လိုက်ပါလာခဲ့၏။
သို့သော်လည်း လုမင်က မြို့တံခါးဆီသို့ ရောက်ရှိသွားချိန်တွင် ဝတ်စုံနက်ဝတ် အမျိုးသားနှင့် ကျန်ရှိသူများမှာ မြို့ထဲမှ ထွက်ခွာသွားကြပြီး နတ်ဆိုးဝိညာဉ် စစ်တပ်ကြီးအတွင်းသို့ တိုးဝင်ကာ ဝိုင်းရံမှုမှ ဖောက်ထွက်နေကြကြောင်း တွေ့လိုက်ရသည်။
"ဝှစ်..."
လုမင်သည်လည်း မြို့ထဲမှ ပြေးထွက်လိုက်သည်။ သို့သော် ချပ်ဝတ်တန်ဆာမှာမူ မြို့ထဲ၌သာ ကျန်ရစ်ခဲ့၏။ ၎င်းက မြို့ထဲမှ ထွက်ခွာနိုင်ပုံ မရချေ။ လုမင်က မည်မျှပင် ခြိမ်းခြောက်နေစေကာမူ အသုံးမဝင်ပါ။
လုမင်လည်း နှမြောတသစွာ သက်ပြင်းချလိုက်ပြီး မြို့ထဲသို့ ပြန်ဝင်ခဲ့ရသည်။
မကြာမီ ဝတ်စုံနက်ဝတ် အမျိုးသားက နတ်ဆိုးဝိညာဉ်များ၏ ဝိုင်းရံမှုမှ ဖောက်ထွက်နိုင်ခဲ့သည်။ သို့သော်လည်း သူက အဝေးသို့ မသွားဘဲ ထိုနေရာ၌ပင် စောင့်နေခဲ့၏။
ဤအခိုက်တွင် ဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်နှာက သုန်မှုန်နေတော့သည်။
ဤတစ်ကြိမ်တွင် ဆုံးရှုံးမှုမှာ ကြီးမားလွန်းပေသည်။
ရှေးဟောင်းမြို့တော်ထဲသို့ ဝင်လာပြီးနောက် ဧကရာဇ်တစ်ပိုင်း လေးဦး သေဆုံးခဲ့ရုံသာမက ဗလာနယ်ဧကရာဇ် နှစ်ပါးပါ သေဆုံးခဲ့ရသည် မဟုတ်ပါလား။
ဗလာနယ်ဧကရာဇ်ဆိုသည်မှာ ဧကရာဇ်တစ်ပိုင်းများနှင့် နှိုင်းယှဉ်၍ ရသော အဆင့်မျိုး မဟုတ်ပေ။ သူတို့က သိုင်းဧကရာဇ်များ ဖြစ်နေပြီ ဖြစ်သည်။
ဧကရာဇ်တစ်ပိုင်း တစ်ရာတွင် တစ်ဦးမျှသာ သိုင်းဧကရာဇ်အဖြစ်သို့ တက်လှမ်းနိုင်ကြပေသည်။
"အပြာရောင်နတ်ဆိုးဘုရင်ဆီကို သတင်းပို့လိုက်။ ငါတို့ ဒီမှာပဲ စောင့်မယ်။ အဲဒီ ချပ်ဝတ်တန်ဆာက အပြင်ကို ထွက်လို့ရပုံမပေါ်ဘူး"
ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
ထိုချပ်ဝတ်သာ မရှိပါက လုမင်မှာ သူ၏ မျက်စိထဲတွင် ဘာမှမဟုတ်ပေ။
တစ်ဖက်တွင်၊ လုမင်က မြို့တော်ကို ခေတ္တမျှ လေ့လာလိုက်သည်။ ဝတ်စုံနက်ဝတ် အမျိုးသားက မြို့ပြင်တွင် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်မိလိုက်၏။
ထိုဝတ်စုံနက်ဝတ် အမျိုးသားမှာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်သည်။ လုမင်က သူ၏ တတိယသွေးမျိုးဆက်မှ စွမ်းအားကို ချေးယူလျှင်ပင် ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။
'ဒီမြို့တော်ကို အရင်ဆုံး လေ့လာကြည့်မယ်၊ ငါ အသုံးပြုလို့ရမဲ့ အခြားအင်အားတွေ ရှိမလားဆိုတာ ကြည့်ရမယ်... ဒါမှမဟုတ် အပြင်ကို ထွက်လို့ရမဲ့ အခြားမြို့တံခါးတွေ ရှိနေမလားပေါ့'
လုမင် ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက်မှာတော့ သူသည် နောက်သို့လှည့်ကာ ရှေးဟောင်းမြို့တော်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့တော့သည်။
ဤရှေးဟောင်းမြို့တော်ကြီးမှာ အလွန်ပင် ကျယ်ပြန့်လွန်းလှသည်။ ၎င်းက ကျယ်ပြောလွန်းသဖြင့် အဆုံးမရှိသကဲ့သို့ပင်။
ထို့ပြင် ပျံသန်းခြင်းကိုလည်း တားမြစ်ထားသဖြင့် ဤကဲ့သို့ လျှောက်လှမ်းနေရခြင်းမှာ အချိန်များစွာ ပေးရမည် ဖြစ်၏။
ထို့နောက် လုမင်သည် မြို့ထဲရှိ အဆောက်အအုံ ဆယ်ဂဏန်းခန့်ကို ရှာဖွေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
အခြား ထူးခြားသော နေရာများလည်း မတွေ့ရပါ။
ဤမြို့တော်ထဲတွင် လုမင်၊ လုမင်၏ လက်ထဲမှ အရိုးစုနှင့် ချပ်ဝတ်တန်ဆာတို့သာ ရှိနေပုံရသည်။