အခန်း ၂၀၅၈
Vol. 141 Ch. 2058
အပိုင်း ( 2058 ) ရှေးဟောင်းမြို့တော်ရှိ သတ္တဝါများ။
လုမင် စိတ်ပျက်လက်ပျက် ဖြစ်ရသည်။ ရှေးဟောင်းမြို့တော်၏ ဝဲ၊ ယာ တစ်ဖက်တစ်ချက်စီသို့ သွားရောက်ကြည့်ရှုသော်လည်း မည်သည့် မြို့တံခါးကိုမျှ မတွေ့ရခြင်းပေ။ မြင့်မားထည်ဝါသော မြို့ရိုးကြီးများသာ ရှိနေသည်။ ထို့ပြင် မြို့ရိုးများပေါ်တွင် သူ့ကို အပေါ်သို့ တက်ခွင့်မပေးသော စွမ်းအားတစ်ခု ရှိနေပုံရ၏။
တစ်နည်းအားဖြင့် မြို့ရိုးကို ကျော်၍ ထွက်ခွာရန်မှာ မဖြစ်နိုင်ပေ။
"ဒီရှေးဟောင်းမြို့တော်မှာ မြို့တံခါး တစ်ခုတည်းပဲ ရှိတာတော့ မဖြစ်နိုင်ပါဘူးနော်"
လုမင် ဘာပြောရမည်မှန်း မသိတော့ပါ။
ပုံမှန်အားဖြင့် မြို့ကြီးတစ်မြို့တွင် မြို့တံခါး တစ်ခုတည်း ရှိလေ့မရှိပေ။ အနည်းဆုံး နှစ်ခုတော့ ရှိတတ်စမြဲပင် ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် လေးခု၊ ရှစ်ခု သို့မဟုတ် ထို့ထက်မကပင် ရှိတတ်ကြသည်။
'မြို့တော်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာတော့... အခု မြို့တံခါးနဲ့ ဆန့်ကျင်ဘက် အရပ်မှာ နောက်ထပ် မြို့တံခါးတစ်ခု ရှိနေနိုင်လောက်ပါတယ်'
လုမင်က ခေတ္တမျှ စဉ်းစားပြီးနောက် မြို့တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ကာ ဖြတ်သန်းသွားရန် ဆုံးဖြတ်လိုက်သည်။
လုမင် ထွက်ခွာရန် ပြင်နေစဉ်မှာပင် ရှေးဟောင်းမြို့တော်၏ အပြင်ဘက်သို့ နောက်ထပ် လူအချို့ ရောက်ရှိလာပြန်သည်။
ဤအုပ်စုတွင် လူရှစ်ဦးပါဝင်ပြီး လေးဦးက သိုင်းဧကရာဇ်များ ဖြစ်ကြ၏။ ဦးဆောင်လာသူမှာ အပြာရောင်နတ်ဆိုးဘုရင် ကိုယ်တိုင်ပင် ဖြစ်သည်။
အပြာရောင်နတ်ဆိုးဘုရင်က ရှေးဟောင်းနတ်ဆိုးတိုင်းပြည်တွင် အလွန်အာဏာရှိသူပင်။ သူက ထာဝရမဟာဧကရာဇ်နှင့် မျိုးဆက်တစ်ခုတည်း ဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်မှာ အစစ်အမှန်ဧကရာဇ်နယ်ပယ် ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထာဝရမဟာဧကရာဇ်ကိုယ်တိုင် အလေးထားခြင်း ခံရသူ ဖြစ်သည်။ ထို့ကြောင့် ထာဝရနတ်ဆိုးတိုင်းပြည်ရှိ လူအများကလည်း သူ့ကို မျက်နှာသာပေးကြရပေသည်။
ထို့ပြင် အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို သတ်နိုင်လျှင် များပြားသော ဆုလာဘ်များ ပေးမည်ဟု ကတိပေးထားသဖြင့် လူအများအပြားက လုမင်ကို သတ်ရန် သူ့နောက်သို့ လိုက်ပါလာကြခြင်း ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
အပြာရောင်နတ်ဆိုးဘုရင်က ရောက်ရှိလာပြီးနောက် ဝဆ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အခြေအနေက ဒီလိုပါ..."
ဝတ်စုံနက်ဝတ် အမျိုးသားက ရှေးဟောင်းမြို့တော်အတွင်း ဖြစ်ပျက်ခဲ့သမျှကို တုန်ရင်နေသော အသံဖြင့် ရှင်းပြလိုက်၏။
"ချပ်ဝတ် တစ်ခုလား"
အပြာရောင်နတ်ဆိုးဘုရင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။
လုမင်ကြောင့် သူတို့၏ ကျွမ်းကျင်သူ အမြောက်အမြား ဆုံးရှုံးခဲ့ရချေပြီ။ လုမင်က တကယ်ကို အသေဆိုးဖြင့် သေထိုက်သည်။
"သိုင်းဧကရာဇ်အဆင့်ရှိတဲ့သူတွေ ငါ့နောက်လိုက်ခဲ့။ ကျန်တဲ့သူတွေ အပြင်မှာ စောင့်နေ"
အပြာရောင်နတ်ဆိုးဘုရင်က အမိန့်ပေးလိုက်သည်။ သူက ရှေးဟောင်းမြို့တော်အတွင်းသို့ ပျံသန်းဝင်ရောက်သွား၏။
အပြာရောင်နတ်ဆိုးဘုရင်က အစစ်အမှန် ဧကရာဇ်နယ်ပယ်၏ ထိပ်သီးတစ်ဦး ဖြစ်လေရာ အလွန်ပင် စွမ်းအားကြီးမားသည်။ နတ်ဆိုးဝိညာဉ်များက သူ၏ရှေ့တွင် ပုရွက်ဆိတ်များသာသာ ရှိတော့သည်။ သူ၏ လက်ဝါးတစ်ချက် ရိုက်ထုတ်ရုံဖြင့်ပင် နတ်ဆိုးဝိညာဉ် အမြောက်အမြားမှာ ပျက်စီးသွားရသည်။
သူတို့က နတ်ဆိုးဝိညာဉ်စစ်တပ်ကို အလွယ်တကူ ဖြတ်ကျော်ကာ မြို့ထဲသို့ တိုးဝင်သွားကြတော့သည်။
"နှစ်ယောက်တစ်တွဲစီ ခွဲလိုက်ပြီး လုမင်ကို ရှာစမ်း... တွေ့တာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့"
အပြာရောင်နတ်ဆိုးဘုရင်က ပြောလိုက်သည်။
ယခုတစ်ကြိမ် အပြာရောင်နတ်ဆိုးဘုရင်နောက်သို့ လိုက်ပါလာသူများကို လျှော့တွက်၍ မရပေ။
သူတို့ထဲတွင် အစစ်အမှန်ဧကရာဇ် တစ်ပါးနှင့် ဗလာနယ်ဧကရာဇ် နှစ်ပါး ပါဝင်သည်။ အားလုံးမှာ ကြယ်ငါးပွင့် ဗလာနယ်ဧကရာဇ်အဆင့်နှင့် ထို့ထက် မြင့်မားကြသူများ ဖြစ်၏။ ထိုအင်အားမှာ ယခင် ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားထက် များစွာ ပိုမိုစွမ်းအားကြီးကြသည်။
ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားမှာလည်း အစစ်အမှန်ဧကရာဇ်တစ်ပါးနှင့်အတူ ညာဘက်လမ်းသို့ လိုက်ပါသွားသည်။
အဆင့်မြင့် ဗလာနယ်ဧကရာဇ်နှစ်ပါးမှာမူ ဘယ်ဘက်လမ်းသို့ သွား၏။ အပြာရောင်နတ်ဆိုးဘုရင်ကိုယ်တိုင်က အလယ်လမ်းအတိုင်း လိုက်ပါသွားတော့သည်။
.............
ဤအခိုက်တွင်၊ လုမင်က ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုကို ဖြတ်ကျော်ခဲ့ပြီး အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်နေပြီ ဖြစ်သည်။
မြို့တံခါးဘက်နှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ တကယ်ကို ရှေးဟောင်းမြို့တော်၏ အနက်ရှိုင်းဆုံး အရပ်ပင်။
လုမင်က ထိုနေရာသို့ ရောက်ရှိလာချိန်တွင် သူ၏ ဆံပင်များ ထောင်ထလာပြီး အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
"ဒီမှာရှိတဲ့ အဆောက်အအုံတွေက ပိုပြီးတော့ ခန့်ညားထည်ဝါတာပဲ။ ရဲတိုက်လေးတွေနဲ့တောင် တူသေးတယ်"
လုမင်က ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သည်။
ဤနေရာရှိ အဆောက်အအုံများက အမှန်တကယ်ပင် ပိုမိုကြီးမားကြသည်။ ၎င်းတို့မှာ အနက်ရောင်ဖြစ်ပြီး နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
လုမင်က သတိကြီးစွာထား၍ ရှေ့သို့ တိုးသွားသည်။ သူ၏နောက်တွင်မူ ချပ်ဝတ်တန်ဆာက ဆက်လက်လိုက်ပါနေဆဲပင်။
"ဝုန်း..."
ရုတ်တရက် သူ့အရှေ့နားရှိ အဆောက်အအုံတစ်ခုက တုန်ခါသွားသည်။
လုမင် ထိတ်လန့်သွားပြီး ရပ်တန့်လိုက်၏။
"ဝုန်း"
ထို့နောက် အဆောက်အအုံမှာ ထပ်မံတုန်ခါသွားပြန်သည်။ ၎င်းမှာ အဆောက်အအုံအတွင်းမှ သားရဲကြီးတစ်ကောင်က ရုန်းထွက်ရန် တိုက်ခိုက်နေသကဲ့သို့ပင်။
အကြိမ်အနည်းငယ် တုန်ခါပြီးနောက် ထိုအသံမှာ ပြန်လည် ပျောက်ကွယ်သွားသည်။
လုမင် မျက်မှောင်ကြုတ်မိလိုက်၏။ သူက နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြုကာ သူ့အရှိန်အဝါကို အစွမ်းကုန် ဖျောက်ကွယ်လိုက်ပြီး ရှေ့သို့ ဆက်တိုးသွားတော့သည်။
"ဝုန်း..."
လုမင်က ထိုအဆောက်အအုံနားမှ ဖြတ်သွားစဉ် အဆောက်အအုံအတွင်းမှ ပေါက်ကွဲသံကဲ့သို့သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ထို့နောက် သံကြိုးများ ပွတ်တိုက်သံကိုပါ ကြားလိုက်ရ၏။
နောက်တစ်ခဏတွင် အဆောက်အအုံအတွင်းမှ လက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်ကို လုမင် တွေ့လိုက်ရသည်။
ဤလက်ကြီးမှာ သားရဲတစ်ကောင်၏ လက်နှင့် တူလှသည်။ ၎င်းတွင် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး အနက်ရောင် သံကြိုးများဖြင့် ရစ်ပတ်ထား၏။
ထိုလက်က အိမ်တစ်လုံးနီးပါး ကြီးမားပြီး လုမင်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။
လုမင်လည်း ထိတ်လန့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်မိသည်။
သို့သော်၊ ထိုလက်ကြီးမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှည်ထွက်လာပြီး ပို၍ပင် ကြီးမားလာကာ လုမင်ကို အစွမ်းကုန် လိုက်လံဖမ်းဆုပ်တော့သည်။
လုမင်က ဖမ်းဆုပ်ခံရလုနီးပါး ဖြစ်နေချိန်တွင် ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်ကို ထိန်းချုပ်လိုက်၏။ ထိုအခါ ကျောက်စာတိုင်က တောက်ပလာပြီး ထိုလက်ကြီးကို ဖိချလိုက်၏။
လက်ကြီးက ငရဲဖိနှိပ် ကျောက်စာတိုင်၏ အလင်းတန်းအောက် ကျရောက်သောအခါ တရှဲရှဲ မြည်သံများနှင့်အတူ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာတော့သည်။
"ဟား..."
အဆောက်အအုံအတွင်းမှ နောက်ထပ် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုလက်မှာ ပြန်ဆုတ်သွားခဲ့သည်။
လုမင်မှာလည်း အဆက်မပြတ် နောက်ဆုတ်နေခဲ့၏။ အတော်အတန် ဝေးကွာသော နေရာသို့ ရောက်မှသာ သူ သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်တော့သည်။
ဤအဆောက်အအုံထဲတွင် သက်ရှိသတ္တဝါများ ရှိနေချေပြီ။ ထို့ပြင်၊ ၎င်းတို့က အကျဉ်းချခံထားရပုံရသည်။ ဤအချက်က လုမင်ကို များစွာ တုန်လှုပ်စေခဲ့ပေသည်။
ဤရှေးဟောင်းမြို့တော်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်နေပြီဖြစ်ပုံရသော်လည်း အဘယ်ကြောင့် သက်ရှိများ ရှိနေသေးသနည်း။
ဤအဆောက်အအုံထဲရှိ သက်ရှိများမှာ ရှေးဟောင်းမြို့တော်၏ မူလပိုင်ရှင်က အကျဉ်းချထားခဲ့သူများ ဖြစ်နေမလား။
သို့သော်လည်း ဤမျှကြာအောင် အသက်ရှင်နိုင်သည်ဆိုလျှင် ၎င်းတို့မှာ အလွန်ပင် စွမ်းအားကြီးကြပေလိမ့်မည်။
"လမ်းကြောင်း ပြောင်းရမယ်"
လုမင်က ထိုနေရာမှ ထွက်ခွာပြီး ညာဘက်သို့ ခေတ္တလျှောက်ကာ ရှေ့သို့ ဆက်သွားပြန်သည်။
သူ၏ရှေ့တွင်မူ ကြီးမားသော အဆောက်အအုံများစွာ ရှိနေဆဲပင်။
လုမင်က အဆောက်အအုံအချို့ကို သတိကြီးစွာထား၍ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း ထူးခြားမှု မတွေ့ရတော့ပါ။ အဆောက်အအုံတိုင်းတွင် သက်ရှိများ ရှိနေပုံမရပေ။
ရှိကြလျှင်ပင် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သေဆုံးကုန်ကြပြီ ဖြစ်နိုင်သည်။ အနည်းစုသာ အသက်ရှင်ကျန်ရစ်ပေလိမ့်မည်။
သို့သော်လည်း လုမင်၏ ကံကောင်းမှုမှာ ကြာရှည်မခံလိုက်ပေ။
"ဂါး..."
ဟိန်းဟောက်သံနှင့်အတူ အဆောက်အအုံတစ်ခုအတွင်းမှ လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ် လက်ကြီးမှာ ယခင်တစ်ခုထက် ပိုမိုကြီးမား၏။ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းထားပြီး လက်သည်းများကနတ်ဆိုးတစ်ကောင်၏ လက်သည်းများပမာ ရှည်လျားလှသည်။
လုမင်က ငရဲဖိနှိပ် ကျောက်စာတိုင်ဖြင့် တားဆီးကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့အတွက် ကံကောင်းသည်မှာ ငရဲဖိနှိပ် ကျောက်စာတိုင်က ဤကဲ့သို့သော လက်မျိုးအပေါ်တွင် ပြင်းထန်သော ဖိနှိပ်မှုစွမ်းအား ရှိနေခြင်းပင်။ လက်သည်းမှာ ကျောက်စာတိုင်၏ အလင်းနှင့် ထိသည်နှင့် တပြိုင်နက် တုန်လှုပ်သွားပြီး အဆောက်အအုံအတွင်းသို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
လုမင်လည်း အကွာအဝေးတစ်ခုသို့ နောက်ဆုတ်ကာ ထိုနေရာတစ်ဝိုက်တွင် လှည့်လည်ကြည့်ရှုနေခဲ့လေသည်။
ဤဧရိယာရှိ အဆောက်အအုံများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သက်ရှိများ ရှိနေပုံရသည်။
ဘယ်တစ်ခုမှာ ရှိပြီး ဘယ်တစ်ခုမှာ မရှိဘူးဆိုတာ သူ မသိနိုင်ပါ။
သူ့တွင် ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက် ရှိနေသော်လည်း ဤအတိုင်း ဇွတ်အတင်း တိုးဝင်ခြင်းက မလုံခြုံလှပေ။
လုမင်က ခဏမျှရပ်ကာ စဉ်းစားနေမိသည်။
ထိုအချိန်တွင် လူရိပ်အချို့က လုမင်ရှိရာ အရပ်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလာနေကြသည်။
မကြာသေးမီက ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်၏ အလင်းတန်းမှာ အဝေးမှပင် မြင်တွေ့နိုင်သဖြင့် သူတို့ တွေ့ရှိသွားခြင်း ဖြစ်လိမ့်မည်။
အပြာရောင်နတ်ဆိုးဘုရင်နှင့် အခြားသူများက လုမင်ထံသို့ အပြေးအလွှား လာနေကြပြီ ဖြစ်သည်။ သူတို့ထဲတွင် အပြာရောင်နတ်ဆိုးဘုရင်ကတော့ အမြန်ဆုံးပင်။
သူသည် အစစ်အမှန်ဧကရာဇ်နယ်ပယါ၏ ထိပ်သီးတစ်ဦး ဖြစ်သဖြင့် ဤရှေးဟောင်းမြို့တော်တွင် ပျံသန်းခွင့် မရသော်လည်း ကျင့်စဉ်စွမ်းအား ရှိနေဆဲ ဖြစ်သည်။ မပျံသန်းနိုင်လျှင်ပင် သူ၏ အရှိန်မှာ တုန်လှုပ်စရာကောင်းနေသေးသည်။
လုမင်က ဇွတ်အတင်း ဖောက်ဝင်သင့်၊ မသင့် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ရုတ်တရက် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ လူရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ သူ့ထံသို့ ပြေးဝင်လာကြောင်း မြင်လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက လုမင်နှင့် မနီးမဝေးတွင် ပေါ်လာသည်။
"အပြာရောင်နတ်ဆိုးဘုရင်"
လုမင်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားတော့သည်။
"လုမင်... သေစမ်း"
အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
"ဟန့်တားစမ်း"
လုမင်က အော်ဟစ်လိုက်ရာ ချပ်ဝတ်တန်ဆာက အပြာရောင်နတ်ဆိုးဘုရင်ထံသို့ ခုန်အုပ်လိုက်၏။
"ဝုန်း"
အပြာရောင်နတ်ဆိုးဘုရင်က အလွန်စွမ်းအားကြီးပြီး ချပ်ဝတ်ကို တိုက်ရိုက်ပင် လွင့်စင်သွားစေခဲ့တော့သည်။
ထိုအချိန်၊ ချပ်ဝတ်ကို အမိန့်ပေးလိုက်စဉ်တွင် လုမင်ကိုယ်တိုင်ကမူ ရှေးဟောင်းမြို့တော်၏ နက်နဲရာသို့ ဆက်လက် တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။