အခန်း ၂၀၅၉
Vol. 141 Ch. 2059
အပိုင်း ( 2059 ) လိုက်လံဖမ်းဆီးခြင်း။
အပြာရောင်နတ်ဆိုးဘုရင်ကဲ့သို့သော ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရချိန်တွင် အပြင်သို့ ပြေးထွက်ခြင်းမှာ သေကြောင်းရှာခြင်းသာ ဖြစ်လိမ့်မည်။ အတွင်းသို့ ဇွတ်တိုးဝင်ခြင်းဖြင့်သာ အသက်ရှင်သန်နိုင်မည့် အခွင့်အရေး ရှိနိုင်သည်။
"သတ်"
အပြာရောင်နတ်ဆိုးဘုရင်က အော်ဟစ်လိုက်ရင်း လုမင်နောက်သို့ လိုက်လံတိုက်ခိုက်သည်။ သို့သော်လည်း ထိုချပ်ဝတ်က အပြာရောင်နတ်ဆိုးဘုရင်အား နောက်တစ်ကြိမ် ထပ်မံရစ်ပတ်လိုက်၏။
ချပ်ဝတ်တန်ဆာက သံချေးများ တက်နေသော်လည်း ယခုအချိန်တွင်မူ တုန်လှုပ်ဖွယ်ရာ သွေးရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ လက်တံများမှာလည်း အပြင်သို့ ဆန့်ထွက်လာပြီး အပြာရောင်နတ်ဆိုးဘုရင်ကို ရစ်ပတ်လိုက်ကြတော့သည်။
"ဝုန်း"
အပြာရောင်နတ်ဆိုးဘုရင်က လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားမှာ ချပ်ဝတ်ကို အဝေးသို့ လွင့်စင်သွားစေခဲ့၏။
သို့သော်လည်း ချပ်ဝတ်ကို ထုလုပ်ထားသော ကုန်ကြမ်းပစ္စည်းမှာ အမှန်တကယ်ပင် ထူးခြားသည်။ ၎င်းက ဖျက်ဆီး၍ မရနိုင်ဘဲ အပြာရောင်နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်း မရှိချေ။
ချပ်ဝတ်တန်ဆာမှာ လွင့်စင်သွားပြီးနောက် အပြာရောင်နတ်ဆိုးဘုရင်ထံသို့ နောက်တစ်ဖန် ပျံသန်းလာပြန်သည်။
ထိုအချိန်တွင် လုမင်က ရှေးဟောင်းမြို့တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ဆက်တိုက်တိုးဝင်နေသည်ကို မြင်လိုက်ရသောအခါ အပြာရောင်နတ်ဆိုးဘုရင်မှာ ဒေါသတလိပ်လိပ်ထွက်လာတော့သည်။
ထိုခဏမှာပင် ကျန်ရှိသော လူလေးဦးမှာလည်း ရောက်ရှိလာကြသည်။
"မင်းတို့ လုမင်နောက်ကို လိုက်ကြစမ်း"
အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စွာ ဆိုလိုက်သည်။
ကျန်ရှိသော ဧကရာဇ်လေးဦးက ခေါင်းငြိမ့်ပြပြီးနောက် လုမင်နောက်သို့ ပြေးလိုက်သွား၏။
အပြာရောင်နတ်ဆိုးဘုရင်မှာမူ ချပ်ဝတ်တန်ဆာကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်ထံမှ အနက်ရောင် မီးတောက်များ ပျံ့နှံ့လာတော့သည်။
ဤသည်မှာ နတ်ဆိုးမီးတောက် အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်စရာကောင်းသော အပူချိန် ရှိ၏။
သူက လက်တစ်ဖက်ဖြင့် ဖိချဟန်ပြုလိုက်ရာ နတ်ဆိုးမီးတောက်မှာ ပေါက်ကွဲထွက်လာပြီး ချပ်ဝတ်ကို လွှမ်းခြုံသွားတော့သည်။
နောက်ဆုံးတွင်၊ အပြာရောင်နတ်ဆိုးဘုရင်မှာ အစစ်အမှန်ဧကရာဇ်နယ်ပယ်၏ ထိပ်သီးကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ချပ်ဝတ်၏ ကုန်ကြမ်းပစ္စည်းများက မည်မျှပင် ခိုင်ခံ့ပြီး မပျက်စီးနိုင်သည်ဖြစ်စေ၊ ၎င်းအတွင်း၌ စွမ်းအားများစွာ ပါဝင်နေခြင်း မရှိပေ။ ၎င်းက အပြာရောင်နတ်ဆိုးဘုရင်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
နတ်ဆိုးမီးတောက်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီးနောက် ချပ်ဝတ် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာသည်။ သွေးရောင် လက်တံများက နတ်ဆိုးမီးတောက်၏ လောင်မြိုက်ခြင်းကို ခံလိုက်ရ၏။
ခဏချင်းမှာပင် ချပ်ဝတ်မှာ တချွင်ချွင် အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းမှာ အမှိုက်ပုံတစ်ခုအလား ဖြစ်သွားချေပြီ။
ချပ်ဝတ်အတွင်းရှိ လက်တံများသာမက ကျန်ရှိသော အရာအားလုံး၊ ဝိညာဉ်အမှတ်အသားများအထိ လောင်ကျွမ်းသွားခဲ့ပြီး အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ပြေးလွှားနေသော လုမင်၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားသည်။ သူ၏ လက်ထဲရှိ ဖြူဖွေးသော အရိုးစုမှာ ဘုန်းခနဲ မြည်ကာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ချပ်ဝတ်တန်ဆာက အပြာရောင်နတ်ဆိုးဘုရင်ကို မတားဆီးနိုင်တော့ကြောင်း လုမင် သိလိုက်သည်။ နောက်ဆုံးတွင်၊ တစ်ဖက်လူက အစစ်အမှန် ဧကရာဇ်နယ်ပယ်၏ ထိပ်သီးဖြစ်ပြီး မဟာဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သဖြင့် အလွန်ပင် စွမ်းအားကြီးမားပေသည်။
"ဝှစ်... ဝှစ်..."
သူ၏ အနောက်တွင်မူ လူရိပ်လေးခုက တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများဖြင့် လုမင်နောက်သို့ လိုက်ပါလာကြသည်။
၎င်းတို့မှာ သိုင်းဧကရာဇ် လေးပါး ဖြစ်ကြ၏။ သူတို့ထဲမှ တစ်ဦးက ကမ္ဘာ့အလင်းတန်းများ ဝန်းရံနေပြီး အစစ်အမှန် ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း ထင်ရှားသည်။
ထိုသိုင်းဧကရာဇ်က အမြန်ဆုံးဖြစ်ပြီး လုမင်၏နောက်သို့ လျှပ်စီးတန်းအလား ပြေးလိုက်လာတော့သည်။
"ဂါး"
ထိုခဏမှာပင် ကြီးမားသော အဆောက်အအုံတစ်ခုအတွင်းမှ ပေါက်ကွဲသံကဲ့သို့သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ကြီးမားသော လက်ကြီးတစ်ဖက်က အဆောက်အအုံအတွင်းမှ ထွက်ပေါ်လာပြီး လုမင်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
"တိုက်ခိုက်"
လုမင်က ရပ်တန့်မနေပေ။ သူက ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်ကို သူ၏ ဦးခေါင်းထက်တွင် ဝဲလည်စေလျက် အတွင်းပိုင်းသို့ ဆက်လက်ပြေးဝင်သွားခဲ့သည်။
ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်က တောက်ပစွာ လင်းလက်နေသည်။ ဧရာမ လက်ကြီးမှာ ကျောက်စာတိုင်နှင့် နီးကပ်သွားသည်နှင့် မီးလောင်ခံရသကဲ့သို့ ဖြစ်သွားပြီး အလျင်အမြန်ပင် နောက်သို့ ပြန်ဆုတ်သွား၏။
လုမင်က ဤအဆောက်အအုံကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော နေရာသို့ ဆက်သွားခဲ့တော့သည်။
ထိုအချိန်တွင် အစစ်အမှန် ဧကရာဇ်မှာ လုမင်ကို မှီလုမှီခင် ဖြစ်လာခဲ့သည်။
သို့သော်လည်း ထိုသိုင်းဧကရာဇ်မှာ အစောပိုင်းက လက်ကြီးကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ ကမ္ဘာ့စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ သတိထားနေခဲ့ပေသည်။
"ဂါး"
မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုသိုင်းဧကရာဇ်က အနားသို့ ချဉ်းကပ်လာချိန်တွင် လက်ကြီးမှာ ထွက်ပေါ်လာပြန်သည်။ ၎င်း၏ အကြေးခွံများမှာ အိမ်တစ်လုံးနီးပါး ကြီးမားလာပြီး ထိုသိုင်းဧကရာဇ်ကို ဦးတည်လိုက်၏။
"ဘာကြီးလဲကွ"
ထိုသိုင်းဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ ကမ္ဘာ့စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ ပုဆိန်ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ခုတ်ပိုင်းလိုက်တော့သည်။
"ဒုန်း"
ပုဆိန်က ဧရာမ လက်ကြီးပေါ်သို့ ခုတ်ပိုင်းမိသွားသည်။ သို့သော် လက်ကြီးက အနည်းငယ်မျှသာ တုန်ခါသွားပြီး ဘာမှမဖြစ်သွားပေ။ အကြေးခွံများပေါ်တွင် အစင်းရာအနည်းငယ်သာ ထင်ကျန်ရစ်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ ထိုသိုင်းဧကရာဇ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတော့သည်။
"ဂါး"
အဆောက်အအုံအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးတစ်ကောင် ရှိနေပုံရသည်။ ၎င်းက ဟိန်းဟောက်လိုက်ပြီး ထိုဧကရာဇ်ကို ထပ်မံဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
၎င်းတွင် အနက်ရောင် အကြေးခွံများက ဖုံးလွှမ်းနေပြီး အနက်ရောင် သံကြိုးများဖြင့် ချည်နှောင်ထားကြောင်း အထင်အရှား မြင်တွေ့နိုင်သည်။ ၎င်းက သိုင်းဧကရာဇ်ထံသို့ လှမ်းဖမ်းလိုက်ချိန်တွင် သံကြိုးများ ရိုက်ခတ်သံမှာ တချွင်ချွင် မြည်နေတော့သည်။
ထိုသိုင်းဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာတစ်ခု လှည့်ပတ်နေပုံရသည်။ အရောင်အမျိုးမျိုးမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး တုန်လှုပ်ဖွယ်ရာ တိုက်ကွက်တစ်ခု ပေါ်ထွက်လာ၏။
ဤသည်မှာ နိယာမ အမျိုးမျိုးကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ၎င်း၏ စွမ်းအားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
လုမင် အစောပိုင်းက နိယာမ နှစ်မျိုးကို စတင်ပေါင်းစပ်ခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားပေသည်။
သိုင်းဧကရာဇ်အဆင့်တွင် နိယာမ အမျိုးမျိုးကို လေ့ကျင့်နိုင်ပြီး တစ်ခုနှင့်တစ်ခုလည်း ပေါင်းစပ်နိုင်ရာ ၎င်း၏ စွမ်းအားမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းသည်။
"ဝုန်း"
သိုင်းဧကရာဇ်၏ တိုက်ကွက်မှာ လက်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
"ချွင်"
သံကြိုးများ ရိုက်ခတ်သွား၏။ လက်ကြီးက ရပ်တန့်သွားသော်လည်း ထိုသိုင်းဧကရာဇ်မှာမူ ရှေ့မဆက်နိုင်သေးပေ။
"ဒီသတ္တဝါက အတွင်းထဲမှာ အကျဉ်းချခံထားရတာဖြစ်လို့ အပြင်ထွက်လို့ မရဘူး။ ငါ သူ့ကို တားထားမယ်။ မင်းတို့တွေ မြန်မြန်သွားပြီး လုမင်ကို သတ်ကြစမ်း"
ထိုသိုင်းဧကရာဇ်က ပြောဆိုလိုက်ပြီး ထပ်မံတိုက်ခိုက်လိုက်၏။ သူက လက်ကြီးကို အောင်မြင်စွာ တားဆီးထားနိုင်ခဲ့ပေသည်။
ကျန်လူသုံးဦး၏ မျက်နှာများက ခက်ထန်မှုတို့ ပြည့်နေကြသည်။ သူတို့က အဆောက်အအုံကို ပတ်၍ လုမင်နောက်သို့ ဆက်လိုက်ကြ၏။
ထိုအချိန်တွင် လုမင်မှာ ပို၍ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက အဆောက်အအုံ ဆယ်ခုကျော်ကို ဖြတ်ကျော်ခဲ့သော်လည်း ဘာမှ ထူးခြားမှု မရှိပေ။
"ဝုန်း... ဝုန်း"
လုမင် ပြေးလွှားနေစဉ်မှာပင် ရှေ့နားရှိ အဆောက်အအုံတစ်ခုအတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြီးမားလှသော လက်တစ်ဖက်မှာ လုမင်ထံသို့ လှမ်းဖမ်းလိုက်၏။
ဤလက်ကြီးကို အကြေးခွံများ ဖုံးလွှမ်းနေရုံသာမက ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းများမှာလည်း လုမင်ထံသို့ စီးဆင်းလာတော့သည်။ ဝေးကွာသော နေရာတွင် ရှိနေသေးသည့်တိုင် လုမင်မှာ ခဲသွားတော့မည့်အလား ခံစားလိုက်ရသည်။
လုမင်က အံကို တင်းတင်းကြိတ်ကာ ငရဲဖိနှိပ် ကျောက်စာတိုင်ဖြင့် ဆက်လက်တိုက်ခိုက်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်မှာ တစ်ဖက်လူကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သည်။ ထိုလက်ကြီးမှာ နောက်သို့ ဆုတ်ခွာသွားသဖြင့် လုမင်မှာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။
သူ၏ အနောက်ဘက်တွင်မူ ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားနှင့် အခြားနှစ်ဦးမှာ မျက်နှာပျက်သွားကြသည်။
သူတို့က အစစ်အမှန်ဧကရာဇ်များ မဟုတ်ကြသဖြင့် ရှေ့သို့ ဇွတ်မတိုးဝံ့ကြပေ။ သူတို့ဟာ အဆောက်အအုံကို ပတ်၍ လုမင်နောက်သို့ လိုက်ခဲ့ကြသည်။
သို့သော်လည်း သူတို့ ကံမကောင်းခဲ့ကြပေ။ သူတို့က သိပ်မဝေးသေးခင်မှာပင် အခြားအဆောက်အအုံတစ်ခုအတွင်းမှ လက်ကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
"မကောင်းတော့ဘူး... နောက်ဆုတ်ကြ"
သူတို့ထဲမှ တစ်ဦးမှာ ထိတ်လန့်သွားပြီး အစွမ်းကုန် နောက်သို့ ဆုတ်လိုက်သည်။
ကျန်နှစ်ဦး၏ မျက်နှာအမူအရာများလည်း ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်လိုက်ကြ၏။
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဝတ်စုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်သာဖြစ်ပြီး အားအနည်းဆုံး ဖြစ်လေရာ ဖမ်းဆုပ်ခြင်း ခံလိုက်ရတော့သည်။
"အား"
သူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။
ထိုလက်ကြီးက ဖျစ်ညှစ်လိုက်သောအခါ ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးကြေသံကို ကြားလိုက်ရသည်။ သူက သွေးများ တပွက်ပွက် အန်ထွက်လာပြီး ရုန်းကန်ရန် အားအင်များပင် မရှိတော့ပေ။
သူ၏ မျက်လုံးများထဲတွင်မူ မကျေနပ်မှုများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူက ဆုလာဘ်များအတွက် လုမင်ကိုသတ်ရန် လာခဲ့ခြင်း ဖြစ်သည်။ ထိုဆုလာဘ်က သူ့ကို နောက်ထပ် ကျရောက်မည့် ကောင်းကင်ကပ်ဘေးတစ်ခုမှ ကျော်လွှားရန်ပင် ကူညီပေးနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင် ဤနေရာ၌ သေဆုံးရတော့မည် ဖြစ်သည်။
ထိုလက်ကြီးမှာ ဝတ်စုံနက်ဝတ် အမျိုးသားကို ဖမ်းဆုပ်ပြီးနောက် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် အဆောက်အအုံအတွင်းမှ နာကျင်စွာ အော်ဟစ်သံနှင့်အတူ တစ်စုံတစ်ခုကို ကိုက်ဖြတ်စားသောက်နေသော အသံများကို ကြားလိုက်ရ၏။
ကျန်ရှိသော ဗလာနယ်ဧကရာဇ် နှစ်ပါးမှာ ချွေးစေးများ စီးကျလာတော့သည်။ သူတို့၏ ကျင့်စဉ်အဆင့်ဖြင့်ပင် ချွေးများ ထွက်လာခြင်း ဖြစ်သည်။
သေချာသည်မှာ၊ ဝတ်စုံနက်ဝတ် အမျိုးသားက အဆောက်အအုံအတွင်းရှိ သတ္တဝါ၏ ဝါးမျိုစားသောက်ခြင်းကို ခံလိုက်ရချေပြီ။
သူတို့နှစ်ဦးက ရှေ့သို့ ဆက်မတိုးဝံ့တော့ဘဲ ထိုနေရာ၌ပင် ရပ်တန့်သွားကြသည်။
"ထွက်သွားစမ်း... အရေးမပါတဲ့ဟာတွေ"
အပြာရောင်နတ်ဆိုးဘုရင်က ပြေးဝင်လာပြီး အစစ်အမှန်ဧကရာဇ်နှင့် တိုက်ခိုက်နေသော လက်ကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမီးတောက်များ လောင်မြိုက်သွားပြီး လက်သည်းကြီးမှာ လွင့်စင်သွား၏။ ၎င်း၏ အကြေးခွံများမှာလည်း မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။
အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်တစ်ပါး၏ စွမ်းအားက အံ့မခန်းပင်။ သူက သာမန် အစစ်အမှန်ဧကရာဇ်ထက် များစွာ ပို၍ စွမ်းအားကြီးမားသည်။
"ခုတ်စေ"
ထို့နောက် အပြာရောင်နတ်ဆိုးဘုရင်က သူ့လက်ဝါးစောင်းဖြင့် ဓားတစ်လက်ကဲ့သို့ ခုတ်ချလိုက်သည်။ အဆုံးမဲ့ နတ်ဆိုးမီးတောက်က ဓားတစ်လက်အဖြစ် စုဖွဲ့သွားပြီး လက်သည်းကြီးကို ခုတ်ချလိုက်တော့သည်။