အခန်း ၂၀၆၀
Vol. 141 Ch. 2060
အပိုင်း ( 2060 ) သေမင်းခံတွင်းဝသို့ သက်ဆင်းရခြင်း။
အပြာရောင်နတ်ဆိုးဘုရင်၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ အဆောက်အအုံအတွင်းရှိ သတ္တဝါမှာမး စွမ်းအားကြီးမားသော်လည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခြင်း ခံထားရသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ များစွာ မသန်မာတော့ပေ။
"ဝုန်း"
အပြာရောင်နတ်ဆိုးဘုရင်၏ နတ်ဆိုးဓားက ခုတ်ပိုင်းချလိုက်ရာ ထိုသတ္တဝါ၏ ကြီးမားလှသော လက်ကြီးမှာ ပြတ်တောက်သွားတော့သည်။
"ဂါး..."
အဆောက်အအုံအတွင်းမှ သတ္တဝါမှာ ဟိန်းဟောက်လိုက်သည်။ သံကြိုးများ ရိုက်ခတ်သံမှာ တချွင်ချွင် မြည်နေ၏။ သားရဲကြီးတစ်ကောင်က အပြင်သို့ ပြေးထွက်လိုသကဲ့သို့ အဆောက်အအုံကြီးတစ်ခုလုံး တုန်ခါနေတော့သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ ၎င်းမှာ အပြင်သို့ ထွက်မလာနိုင်ခဲ့ပေ။
အပြာရောင်နတ်ဆိုးဘုရင်က ထိုနေရာကို ဖြတ်ကျော်ကာ လုမင်နောက်သို့ ဆက်လက်လိုက်ပါသွားသည်။
ရှေ့တွင်မူ လုမင်၏ မျက်နှာက လေးနက်နေသည်။ ဤအဆောက်အအုံများအတွင်းရှိ သတ္တဝါများက အပြာရောင်နတ်ဆိုးဘုရင်ကို လုံးဝ မတားဆီးနိုင်ချေ။ သူက သူ့အရှိန်ကို မြှင့်တင်ရုံသာ တတ်နိုင်သည်။
လုမင်က သူ့အစွမ်းကုန် ပေါက်ကွဲစေပြီး ရှေ့သို့ ပြေးဝင်လိုက်သည်။
မကြာမီ၊ အခြားအဆောက်အအုံတစ်ခုအတွင်းမှ နောက်ထပ် သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အဆောက်အအုံအတွင်းမှ ကြီးမားလှသော မီးတောက်ကြီးများ မှုတ်ထုတ်လိုက်ခြင်း ဖြစ်၏။
လုမင်က ငရဲဖိနှိပ် ကျောက်စာတိုင် သွေးမျိုးဆက်ကိုပင် အသုံးပြုကာ တားဆီးလိုက်ပြီး အမြန်ဖြတ်ကျော်လိုက်သည်။
ထို့နောက်တွင်လည်း လုမင်က သတ္တဝါများရှိသော အဆောက်အအုံ အချို့နှင့် ထပ်မံကြုံတွေ့ခဲ့ရသေးသည်။ သို့သော်လည်း ငရဲဖိနှိပ် ကျောက်စာတိုင်ကို အသုံးပြု၍ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့သည်။
သူ၏နောက်တွင်မူ၊ အပြာရောင်နတ်ဆိုးဘုရင်က တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများဖြင့် လိုက်ပါလာနေသည်။ အကယ်၍ လမ်းတစ်လျှောက်ရှိ သတ္တဝါများက အပြာရောင်နတ်ဆိုးဘုရင်ကို မနှောင့်ယှက်ခဲ့ပါက လုမင်ကို မှီနေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်လိမ့်မည်။
"ငါ ဘာဆက်လုပ်ရမလဲ"
လုမင်၏ ဦးနှောက်ထဲတွင် နည်းလမ်းတစ်ခုကို အလျင်အမြန် စဉ်းစားလိုက်သည်။
ယခုအချိန်တွင် သူက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သေးပေ။ သူ၏ ကိုယ်ပိုင်ကျင့်စဉ်စွမ်းအားဖြင့် အပြာရောင်နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်လျှင် သေလမ်းသာ ရှိမည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ ခန္ဓာမှလွဲ၍ အပြာရောင်နတ်ဆိုးဘုရင်ကို ခုခံနိုင်မည့် အခြားသော ရတနာများလည်း သူ့တွင် မရှိချေ။
ထို့နောက် လုမင်က အတော်အတန် ဝေးကွာသော နေရာသို့ ခုန်ကူးလိုက်သည်။ သူ၏ရှေ့တွင် အဆောက်အအုံများ မရှိတော့ဘဲ နိမ့်ပါးသော ကျောက်ဆောင်အချို့သာ ရှိတော့သည်။
သို့သော်လည်း လုမင်က ရပ်တန့်မနေနိုင်ဘဲ ရှေ့သို့သာ ဆက်သွားရသည်။
ယခုအခါတွင်မူ သူက သူ၏ ကံကြမ္မာကိုသာ အားကိုးရတော့မည်။ အပြာရောင်နတ်ဆိုးဘုရင်ကို တားဆီးနိုင်မည့် အရာတစ်ခုခု ရှိနေပါစေဟုသာ သူ ဆုတောင်းနေမိသည်။
"ဝှစ်..."
လုမင်က အလင်းတန်းတစ်ခုအလား အံ့မခန်း အရှိန်ဖြင့် ရှေ့သို့ ပြေးနေသည်။
သူ၏ အနောက်တွင်မူ အပြာရောင်နတ်ဆိုးဘုရင်မှာ အဆောက်အအုံများကို ဆက်တိုက် ဖြတ်ကျော်လာခဲ့၏။ သူက ကျောက်ဆောင်များရှိရာ နေရာသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်။
သို့သော် ထိုခဏမှာပင် ရှေ့မှ လုမင်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ၊ သူ့ရှေ့တွင် လမ်းမရှိတော့သောကြောင့်ပင်။
ရေကန်ကြီးတစ်ခုက လမ်းကို ပိတ်ဆို့ထားသည်။
၎င်းမှာ အလွန်ပင် ကျယ်ပြန့်သော ချော်ရည်ကန်ကြီးဖြစ်ပြီး ရှေ့ဆက်ရမည့် လမ်းကို လုံးဝ ပိတ်ဆို့ထား၏။ ၎င်းထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများကို ထုတ်လွှတ်နေတော့သည်။
ဤသည်မှာ သာမန် ချော်ရည်များ မဟုတ်ကြောင်း ထင်ရှားသည်။ ၎င်းက လုမင်အား အန္တရာယ်ကြီးတစ်ခု ကျရောက်တော့မည့် ခံစားချက်မျိုး ပေးစွမ်းပေသည်။
"ဟားဟား...၊ ကောင်လေး... မင်း ဘာလို့ ဆက်မပြေးတော့တာလဲ"
အပြာရောင်နတ်ဆိုးဘုရင်က လိုက်မှီလာပြီး မနီးမဝေးတွင် ရပ်တန့်လိုက်သည်။ သူက လုမင်အား လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်လိုက်၏။
"အဖိုးကြီး... မင်းက တကယ်ပဲ သဘောထားသေးသိမ်တာပဲ။ မင်းဘာသာမင်း အရှက်ကွဲခဲ့တာကို ငါ့ကိုပဲ လာအပြစ်တင်နေတယ်"
လုမင်က စကားပြောနေရင်း တစ်ဖက်မှလည်း တန်ပြန်နည်းလမ်းကို စဉ်းစားနေမိသည်။
မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင်ပင် လုမင်က လက်လျှော့မည့်သူ မဟုတ်ပေ။
"လူငယ်တွေ နေရာတကာမှာ လူပေါ်လူဇော် သိပ်လုပ်နေတာ မကောင်းဘူးကွ"
အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စွာ ဆိုလိုက်ပြီး လုမင်ထံသို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။
သူ့အမြင်တွင် ထိုစဉ်က လုမင်မှာ ဝင်ရောက်မပတ်သက်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေသင့်သည်။ သို့မှသာ လူအများရှေ့တွင် သူ အရှက်မကွဲမည် မဟုတ်ပါလား။
"ကောင်လေး... မင်းက ဒီအဆင့်ကို ရောက်လာဖို့ဆိုရင် ကံကောင်းမှုတွေ အများကြီး ရှိခဲ့မှာပဲ။ မင်းရဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ရှေးဟောင်းကျမ်းတွေကို ငါ့ကို ပေးလိုက်ပါ။ ဒါဆိုရင် မင်းကို ငါ အသက်ချမ်းသာခွင့် ပေးကောင်း ပေးနိုင်လိမ့်မယ်"
အပြာရောင်နတ်ဆိုးဘုရင်က သရော်ပြုံး ပြုံးလိုက်၏။
လုမင်ကမူ သူ့နှုတ်ခမ်းကို မဲ့လိုက်မိသည်။ ဤအဖိုးကြီးသာ သူ့ကို လွှတ်ပေးပါက အမှန်တကယ် ထူးဆန်းပေလိမ့်မည်။ အကယ်၍ သူက အရာအားလုံး ပေးအပ်လိုက်လျှင်ပင် တစ်ဖက်လူမှာ သူ့ကို သတ်ပစ်မည်မှာ သေချာသည်။
"မင်းကို ငါက ဘယ်လို ယုံရမှာလဲ"
လုမင်က ပြောလိုက်သည်။
"အခု အခြေအနေအရဆိုရင် မင်း မယုံချင်ရင်တောင် ယုံရမှာပဲ"
အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စွာ ဆိုလိုက်၏။
"ဒါဆိုရင် မင်းအနောက်က လူသုံးယောက်ကို သတ်ပေး။ ဒါဆိုရင် ငါ မင်းကို အကုန်ပေးနိုင်မယ်။ ငါရရှိထားတဲ့ ကံကောင်းမှုတွေ အကုန်လုံးကိုလည်း မင်းကို ပေးလိုက်ဦးမယ်"
လုမင်က အပြာရောင်နတ်ဆိုးဘုရင်၏ အနောက်သို့ ကြည့်ကာ ပြောလိုက်၏။
သူ့အနောက်တွင် အခြားသော ကျွမ်းကျင်သူ သုံးဦးမှာ အပြာရောင်နတ်ဆိုးဘုရင် လာခဲ့သော လမ်းအတိုင်း လိုက်ပါလာကြပြီး ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤစကားကို ကြားလိုက်ရသော လူသုံးဦးမှာ အရှိန်ဖြင့် ပြေးနေသောမြင်းကို ဇာတ်ကြိုးဆွဲလိုက်သကဲ့သို့ တုံ့ခနဲ ရပ်သွားကြသည်။ သူတို့၏ မျက်နှာများမှာလည်း ဖြူလျော်သွားတော့၏။
အပြာရောင်နတ်ဆိုးဘုရင်က ရက်စက်တတ်သူ ဖြစ်လေရာ အမှန်တကယ်ပင် ထိုသို့ လုပ်ကောင်းလုပ်နိုင်သည်။
"ကောင်လေး... မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး။ မင်း အခုမအပ်ဘူးဆိုရင် ငါ မင်းကို အခုပဲ အရိုးတွေချိုးပြီး ဖြည်းဖြည်းချင်း နှိပ်စက်မေးမြန်းမယ်။ အဲဒီအခါကျရင် မင်း မအပ်ဘဲ နေနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"
အပြာရောင်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထံမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။ ကြောက်စရာကောင်းသော နတ်ဆိုးမီးတောက်များလည်း ပျံ့နှံ့လာတော့သည်။
"ဝှစ်..."
ထိုအခိုက်တွင်၊ လုမင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချော်ရည်ကန်ကြီးအတွင်းသို့ ခုန်ချလိုက်ခြင်း ဖြစ်၏။
ယခုအခါတွင်မူ သူက ဤချော်ရည်ကန်ကိုသာ အသုံးချပြီး လောင်းကြေးထပ်ရတော့မည်။
"ထွက်ပြေးချင်တာလား... သေစမ်း"
အပြာရောင်နတ်ဆိုးဘုရင်က အော်ဟစ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ နတ်ဆိုးမီးတောက်များမှာလည်း ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လုမင်ကို လွှမ်းခြုံသွားတော့၏။
ထိုနတ်ဆိုးမီးတောက်မှာ လျှပ်စီးတစ်ခုအလား အလွန်ပင် လျင်မြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်ကို မီသွားပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။
"အား..."
လုမင်က သားရဲတစ်ကောင်အလား အော်ဟစ်လိုက်မိသည်။
လွန်စွာ နာကျင်လှ၏။
နတ်ဆိုးမီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံရခြင်းမှာ အလွန်တရာ နာကျင်သည်။ လုမင်မှာ သူ့ခန္ဓာကိုယ်က ပြာဖြစ်တော့မည့်အလား ခံစားလိုက်ရပေသည်။
လုမင်က သူတော်စင်စွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကစဉ့်ကလျား နိယာမကို ထိန်းချုပ်လိုက်ပြီး ကစဉ့်ကလျားအလင်းတန်းဖြင့် နတ်ဆိုးမီးတောက်များ၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။
သို့သော်လည်း ထိုနတ်ဆိုးမီးတောက်များက အပြာရောင်နတ်ဆိုးဘုရင် ကိုယ်တိုင် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်တစ်ပါးက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လုမင်၏ ကာကွယ်ရေးများအားလုံးမှာ ခဏချင်းမှာပင် လောင်ကျွမ်းသွားခဲ့ရသည်။
"ဗွမ်း"
ထိုအချိန်တွင် လုမင်က ချော်ရည်ကန်အတွင်းသို့ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားတော့သည်။
ချော်ရည်ကန်အတွင်းသို့ ကျရောက်သွားပြီးနောက် လုမင်က သူ၏ လက်ကျန်စွမ်းအားကို စုစည်းကာ ကန်၏ အောက်ခြေသို့ အစွမ်းကုန် ငုပ်လျှိုးဝင်ရောက်သွားသည်။
"ထွက်ပြေးချင်တာလား... မဖြစ်နိုင်ဘူးကွ"
အပြာရောင်နတ်ဆိုးဘုရင်၏ မျက်နှာမှာ အလွန်ပင် အေးစက်နေသည်။ သူသည်လည်း ချော်ရည်ကန်အတွင်းသို့ ခုန်ဆင်းလိုက်ပြီး လုမင်နောက်သို့ လိုက်သွား၏။
"ဝုန်း... ဝုန်း"
အပြာရောင်နတ်ဆိုးဘုရင်က သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ချော်ရည်များကို တုန်ခါသွားစေသည်။ တုန်လှုပ်ဖွယ်ရာ နတ်ဆိုးမီးတောက် အချို့မှာ ချော်ရည်များကို ဖြတ်ကျော်ပြီး လုမင်ထံသို့ တိုးဝင်လာကြ၏။
လုမင်က လုံးဝ မရှောင်တိမ်းနိုင်ဘဲ နတ်ဆိုးမီးတောက် အချို့၏ ထိမှန်ခြင်းကို ခံရသည်။
နတ်ဆိုးမီးတောက်များ၏ တုန်လှုပ်ဖွယ်ရာ အပူချိန်မှာ လုမင်၏ အကာအကွယ်များကို လောင်ကျွမ်းသွားစေသည်။ အသည်းခိုက်သော နာကျင်မှုက လုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
လုမင်၏ လက်ရှိ ဝိညာဉ်ခန္ဓာကိုယ်ဖြင့်ပင် ၎င်းကို လုံးဝ မခုခံနိုင်ချေ။ သူ့ခန္ဓာကိုယ်မှာ တစ်စစချင်း ပြာအဖြစ်သို့ ပြောင်းလဲနေသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော်လည်း လုမင်က လက်မလျှော့သေးပေ။ သူက ရေကန်အောက်ခြေသို့ အစွမ်းကုန် ဆက်လက်တိုးဝင်နေခဲ့သည်။
ချော်ရည်ကန် အောက်ခြေရှိ အပူချိန်မှာ တုန်လှုပ်ဖွယ်ရာ မြင့်မားလှပေသည်။ အောက်ဘက်သို့ ရောက်လေလေ၊ အပူချိန်မှာ ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။ ထို့ပြင် အရပ်မျက်နှာ အသီးသီးမှ ပြင်းထန်သော ဖိအားများမှာလည်း လုမင်ကို ဖိနှိပ်လာ၏။
အပြာရောင်နတ်ဆိုးဘုရင်၏ နတ်ဆိုးမီးတောက်များနှင့် ချော်ရည်များ၏ မီးတောက်များအကြား လုမင်မှာ လုံးဝ မခုခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပြာအဖြစ်သို့ လောင်ကျွမ်းခံနေရပြီ ဖြစ်သည်။
လုမင်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားများ ပျောက်ကွယ်နေသည်ကို ခံစားနေရပြီး အရိုးများပင် ပေါ်ထွက်လာတော့သည်။
သို့သော်လည်း လုမင်မှာ အံ့မခန်း အရှိန်ဖြင့် ဆက်လက်ဆင်းသက်နေဆဲ ဖြစ်သည်။ အကြောင်းမှာ၊ အပြာရောင်နတ်ဆိုးဘုရင်က သူ့နောက်မှ လိုက်နေဆဲ ဖြစ်သောကြောင့်ပင်။
"ဝုန်း"
အပြာရောင်နတ်ဆိုးဘုရင်က လက်ဝါးဖြင့် ထပ်မံရိုက်ချလိုက်ပြန်သည်။ သို့သော်လည်း ဤနေရာရှိ ချော်ရည်များ၏ ဖိအားမှာ အလွန်ပင် တုန်လှုပ်စရာ ဖြစ်နေပြီ။ အပြာရောင်နတ်ဆိုးဘုရင်၏ လက်ဝါးအင်အားက ချော်ရည်များကို ဖြတ်ကျော်လာခဲ့သော်လည်း အစိတ်အပိုင်း အချို့မှာမူ ပျောက်ကွယ်သွားခဲ့ရပေသည်။ အစိတ်အပိုင်း အချို့သာ လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သည်။
ထိုခဏ၌ လုမင်၏ လက်များနှင့် ခြေထောက်များမှာ နတ်ဆိုးမီးတောက်များအတွင်း၌ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ထည်ပိုင်းသာလျှင် ဆက်လက်ဆင်းသက်နိုင်ရန် ခါးသီးစွာ ကြိုးစားနေခဲ့ရပေသည်။
သို့သော်လည်း အပြာရောင်နတ်ဆိုးဘုရင်က လက်မလျှော့ဘဲ ဆက်လက်လိုက်ပါနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦးက ခဏချင်းမှာပင် မီတာ ထောင်ပေါင်းများစွာအထိ ဆင်းသက်ခဲ့ကြပြီးပြီ။
ဤနေရာရှိ အပူချိန်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အပြာရောင်နတ်ဆိုးဘုရင်ကိုယ်တိုင်ပင် အန္တရာယ်ရှိသော အငွေ့အသက်ကို စတင် ခံစားလာရ၏။
ရေကန်အောက်ခြေ၌ သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မည့် အရာတစ်ခုခု ရှိနေသကဲ့သို့ပင်။
"ဟမ့်... ဒီကောင်လေးကတော့ သေမှာ သေချာသွားပြီ"
အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။