အခန်း ၂၀၆၃
Vol. 142 Ch. 2063
အပိုင်း ( 2063 ) ခွန်အားများ သိသိသာသာ တိုးတက်လာခြင်း။
အနက်ရောင် နတ်ဆိုးဝိညာဉ်ထုကြီးက လုမင်ထံသို့ တိုးဝင်လာကြသည်။ ၎င်းတို့ထဲတွင် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့် နတ်ဆိုးဝိညာဉ် နှစ်ဦးပါဝင်သည်။ သူတို့၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ် ကောင်းလွန်း၏။
"ဖယ်စမ်း"
လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ လက်သီးနှစ်ချက် ပစ်သွင်းလိုက်သည်။
"ဝုန်း... ဝုန်း"
လုမင်၏ တိုက်ခိုက်မှုက နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးနှင့် ထိတွေ့မိပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ချက် ထွက်ပေါ်လာသည်။ နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးမှာ ပြင်းထန်စွာ တုန်ယင်သွား၏။ သူတို့က လုမင်၏ ကြောက်မက်ဖွယ် ခွန်အားကို မခုခံနိုင်ဘဲ နောက်သို့ ဆုတ်ခွာသွားကြရတော့သည်။
"မင်းတို့နဲ့ပဲ ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အရင် စမ်းသပ်ရတာပေါ့။ သတ်"
လုမင်က သူ့လက်ကိုဆန့်ကာ အကြောအချဉ် ဆန့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အတိုင်းအဆမဲ့ ခွန်အားများ ပြည့်နှက်နေသည်ဟု ခံစားလိုက်ရ၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က လက်ညှိုးနှစ်ချောင်းဖြင့် ထိုးနှက်လိုက်ရာ သူတော်စင်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင်၊ အစီရင်နိယာမနှင့် ကစဉ့်ကလျားနိယာမတို့ ပေါင်းစည်းသွား၏။ ကစဉ့်ကလျား ကပ်ဘေး ဖျက်ဆီးခြင်းလက်ချောင်း၏ စွမ်းအားက သာ၍ အားကောင်းလာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်ညှိုးစွမ်းအား နှစ်ခုက နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နတ်ဆိုးဝိညာဉ်များ အားလုံးမှာလည်း ကြေမွကာ လွင့်စဉ်သွားကြရပေသည်။
နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးမှာ အန္တရာယ်ကို ခံစားမိသွားပုံရသည်။ သူတို့က စွမ်းအားအပြည့်အဝ ထုတ်ဖော်ပြီး လုမင်ကို ပြန်လည် တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း..."
မြေကမ္ဘာကို တုန်ဟီးသွားစေမည့် ပေါက်ကွဲသံကြီး နှစ်ချက် ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ ထိုနတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး နောက်သို့ ဆုတ်ခွာသွားရရုံသာမက သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပေါက်ကွဲလုနီးပါး ဖြစ်သွားရတော့သည်။
လုမင်၏ မျက်လုံးများက ဝမ်းသာမှုဖြင့် ဝင်းလက်သွားသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်တကယ်ပင် သိသိသာသာ မြင့်တက်လာခဲ့ချေပြီ။
ကြယ်တစ်ပွင့်အဆင့် သိုင်းဧကရာဇ် နှစ်ဦးမှာ သူ၏ ဖိနှိပ်ခြင်းကို အပြည့်အဝ ခံလိုက်ရသည်။ ယခင်၊ လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိခဲ့စဉ်၊ ကြယ်တစ်ပွင့်အဆင့် သိုင်းဧကရာဇ်ကို မယှဉ်နိုင်ခဲ့ပေ။
ထိုစဉ်က လုမင်၏ တိုက်ခိုက်နိုင်စွမ်းဖြင့် အန္တိမသူတော်စင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပါမှ သာမန် ကြယ်တစ်ပွင့်အဆင့် သိုင်းဧကရာဇ်ကို ယှဉ်နိုင်ရုံသာ ရှိခဲ့သည်။ သို့သော်လည်း ယခုမူ လုမင်၏ ကျင့်ကြံမှုအဆင့်တက်လှမ်းနိုင်ရုံသာမက၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် နိယာမ နှစ်ခု ပေါင်းစည်းမှုတို့ကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တစ်ပွင့် သိုင်းဧကရာဇ်ကိုပင် ဖိနှိပ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။
"ဝုန်း... ဝုန်း..."
လုမင်သည် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် အဆက်မပြတ် ထိုးနှက်လိုက်သည်။ နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦးမှာ ခက်ခဲစွာ ခုခံနေကြရ၏။ သိုင်းဧကရာဇ် အဆင့်အောက်ရှိ နတ်ဆိုးဝိညာဉ်များမှာမူ လုမင်၏ လက်ညှိုးစွမ်းအားဖြင့် ထိမိရုံနှင့်ပင် ပေါက်ကွဲကုန်ကြတော့သည်။
"ဝုန်း... ဝုန်း..."
နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် နှစ်ဦး၏ လက်နက်များက လွင့်စဉ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာတော့၏။ သူတို့၏ ချပ်ဝတ်များသာ အလွန် ခိုင်ခံ့ခြင်း မရှိခဲ့လျှင် လုမင်၏ လက်ချက်ဖြင့် အမှုန့်ဖြစ်သွားလောက်ချေပြီ။
"သတ်"
မလှမ်းမကမ်းမှ အော်ဟစ်သံများနှင့်အတူ နောက်ထပ် နတ်ဆိုးဝိညာဉ် သိုင်းဧကရာဇ် အချို့ ပြေးဝင်လာကြသည်။
"ငါ မင်းတို့နဲ့ ဆက်မကစားတော့ဘူး၊ သွားပြီ"
လုမင်က ကိုယ်ကိုလှည့်ကာ မြို့ပြင်သို့ ပြေးထွက်ခဲ့သည်။ သူဖြတ်သန်းသွားရာ နေရာတိုင်းရှိ နတ်ဆိုးဝိညာဉ်များမှာ ပျက်စီးလွင့်စဉ်ကုန်ကြ၏။ သာမန် နတ်ဆိုးဝိညာဉ်များမှာ သူ့ကို လုံးဝ မတားဆီးနိုင်ကြချေ။ လုမင်က ခဏချင်းမှာပင် နတ်ဆိုးဝိညာဉ် တပ်မဟာ၏ တိုက်ခိုက်မှုများကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။
ထိုဒေသမှ ထွက်ခွာလာပြီးနောက် လုမင်က ကျောက်စိမ်းပြားကို ထုတ်ယူကာ အသက်သွင်းလိုက်သည်။ သူ၏ နေရာတွင်လည်း အလင်းစက်တစ်ခု တောက်ပနေသည်ကို ရှင်းလင်းစွာ မြင်တွေ့ရ၏။ လုမင်က အလင်းစက်များစွာ စုဝေးနေသော အရပ်ကို ဦးတည်ကာ ပြေးထွက်ခဲ့တော့သည်။
လမ်းခရီးတစ်လျှောက်တွင် ထူးဆန်းသော အရာများနှင့် မကြုံတွေ့ရဘဲ အေးဆေးစွာပင် ရှိနေခဲ့သည်။ လုမင်က အလင်းစက်များရှိရာသို့ နီးကပ်လာသော်လည်း သုံးရက်ခန့် ကြာပြီးမှသာ ရောက်ရှိခဲ့ပေသည်။
လုမင်က လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ယံထက်တွင် ရပ်နေကြသော လူအုပ်ကြီးကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ထာဝရဧကရာဇ်ကို တွေ့လိုက်ရ၏။
ထို့ပြင် အပြာရောင်နတ်ဆိုးဘုရင်နှင့် ယခင်က သူ့ကို လိုက်လံတိုက်ခိုက်ခဲ့သော သိုင်းဧကရာဇ်များကိုလည်း တွေ့ရသည်။
လုမင်၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ခဏချင်းမှာပင် ပြန်လည် ဖုံးကွယ်လိုက်လေသည်။ လုမင်က ကျောက်စိမ်းပြားကို သိမ်းဆည်းကာ ထာဝရဧကရာဇ်တို့ရှိရာသို့ ပျံသန်းသွားသည်။ ထာဝရဧကရာဇ် ရှိနေသရွေ့ အပြာရောင်နတ်ဆိုးဘုရင်သည် သူ့ကို တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ကြောင်း လုမင် ယုံကြည်ပေသည်။
ထို့ပြင်၊ ယခုအခါ လုမင်က အပြာရောင်နတ်ဆိုးဘုရင်ကို ကြောက်ရွံ့နေခြင်း မရှိတော့ပါ။ အကယ်၍ တစ်ဖက်လူကသာ စတင်တိုက်ခိုက်လာပါက၊ လုမင်သည် ဤအခွင့်အရေးကို အသုံးပြု၍ အဆုံးစီရင်ပစ်မည် ဖြစ်သည်။
လုမင် ပျံသန်းလာခြင်းက လူတိုင်း၏ အာရုံစိုက်မှုကို စွဲဆောင်ခဲ့ပေသည်။
"လုမင်... မင်း..."
အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို မြင်လိုက်ရသည့်အခါ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နေခင်းကြောင်တောင် သရဲမြင်ရသကဲ့သို့ မျက်လုံးများမှာလည်း ပြူးကျယ်နေတော့သည်။
လုမင်က သူ၏ နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းခံရပြီး ချော်ရည်ကန်ထဲသို့ ပြုတ်ကျသွားခဲ့ရသည် မဟုတ်ပါလား။ သူက မည်သို့များ အသက်ရှင်နေသေးသနည်း။
ထို့ပြင် လုမင်၏ ခန္ဓာကိုယ်က မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိဘဲ အရှိန်အဝါမှာလည်း များစွာ ပိုမို အားကောင်းနေသယောင် ရှိနေသည်။
"မင်း... မင်းက ဘယ်သူလဲ"
အပြာရောင်နတ်ဆိုးဘုရင်က ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။ သူ့ရှေ့တွင်ရှိနေသော လုမင်မှာ တစ်စုံတစ်ဦးက ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေမိလေသည်။
"အပြာရောင်နတ်ဆိုးဘုရင်... ခင်ဗျား တကယ်ပဲ အိုမင်းသွားပြီ ထင်တယ်။ ကျုပ်ကိုတောင် မမှတ်မိတော့ဘူးလား"
လုမင်က လှောင်ပြုံးပြုံးလိုက်ရင်း ဆိုသည်။
"မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အပြာရောင်နတ်ဆိုးဘုရင်က တအံ့တသြ ရေရွတ်နေမိသေးသည်။ လုမင်နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော သိုင်းဧကရာဇ်များမှာလည်း မယုံနိုင်သော မျက်နှာများဖြင့် ကြက်သေသေနေကြရသည်။
"အပြာရောင်နတ်ဆိုးဘုရင်ကြီးရဲ့ ကျေးဇူးကြောင့် ကျုပ် ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒီအစား ကျင့်ကြံမှု အဆင့်တောင် တက်သွားခဲ့ရတယ်"
လုမင်က အေးအေးဆေးဆေးပင် ပြောလိုက်၏။
အပြာရောင်နတ်ဆိုးဘုရင်မှာ ဒေါသကြောင့် သွေးပင် အန်ချင်သွားတော့သည်။
"ဒါတွေ အားလုံးက အပြာရောင်နတ်ဆိုးဘုရင်ကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ခင်ဗျားသာ မရှိခဲ့ရင် ကျုပ်ရဲ့ ကျင့်ကြံမှု အဆင့်တက်ဖို့ အချိန်တစ်ခု ထပ်လိုနေဦးမှာ"
လုမင်က ထပ်ပြောလိုက်၏။
အပြာရောင်နတ်ဆိုးဘုရင်မှာ ရင်ထဲတွင် အောင့်တက်သွားရသည်။ သို့သော်လည်း အပြင်ကို မထုတ်ဖော်နိုင်သဖြင့် ပို၍ပင် ရင်နာလာတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ"
ထာဝရဧကရာဇ်က လှမ်းကြည့်ကာ မေးလိုက်သည်။
"ဧကရာဇ်အရှင်... ဘာမှမဖြစ်ပါဘူး"
အပြာရောင်နတ်ဆိုးဘုရင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ရင်လည်း ပြီးတာပဲ။ ငါတို့ရဲ့ အဓိကရည်မှန်းချက်က ရှေးဦးနတ်ဆိုးခေါင်းတလားကို ပြန်လည် ရရှိဖို့ဆိုတာ အမှတ်ရပါ။ မင်းတို့ထဲက ဘယ်သူမှ အပိုတွေ မလုပ်နဲ့"
ထာဝရဧကရာဇ်က သတိပေးလိုက်သည်။
သူ၏ အတွေ့အကြုံအရ လုမင်နှင့် အပြာရောင်နတ်ဆိုးဘုရင်ကြားတွင် တစ်ခုခု ဖြစ်ခဲ့သည်ကို သူ မသိဘဲမနေပေ။ သို့သော်လည်း လုမင်က ဘာမှမဖြစ်သဖြင့် သူကလည်း ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ပါ။
လုမင်ကလည်း အသာအယာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
အပြာရောင်နတ်ဆိုးဘုရင်က လုမင်ကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဝင်းလက်နေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လုမင်က မသေသည့်အပြင် ကျင့်ကြံမှုအဆင့်ပါ အဆင့်တက်သွားခြင်းမှာ သူ့ကို တုနါလှုပ်စေခဲ့ပေသည်။
ကျင့်ကြံခြင်း လောကတွင် ဆိုစကားများ ရှိသည်။ အနှိုင်းမဲ့ ပါရမီရှင်အချို့သည် ကံကောင်းခြင်းများနှင့်အတူ မွေးဖွားလာကြသူများ ဖြစ်ကြ၏။ ထိုသို့သော သူများကိုသတ်ရန် အလွန်ခက်ခဲသည်။ အန္တရာယ်နှင့် ကြုံတွေ့ရသည့် အခါတိုင်း ဘေးကင်းအောင် ကျော်လွှားနိုင်ရုံသာမက ၎င်းကို အသုံးပြု၍ ကျင့်ကြံမှု အဆင့်တက်ရန်ပင် လုပ်ဆောင်နိုင်ကြပေသည်။ အပြာရောင်နတ်ဆိုးဘုရင်၏ အမြင်တွင် လုမင်မှာ ထိုကဲ့သို့သော သူမျိုး ဖြစ်သည်။
ထိုကဲ့သို့သော သူကို သေချာပေါက် အမြစ်ပြတ် သုတ်သင်ရလိမ့်မည်။ သူနှင့် လုမင်မှာ မီးနှင့် ရေကဲ့သို့ မသင့်မြတ်နိုင်သော ရန်သူများ ဖြစ်သွားခဲ့ပြီ ဖြစ်ရာ လုမင် သန်မာလာပါက သူ့ကို သေချာပေါက် ကလဲ့စားချေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လုမင် မသန်မာလာခင်မှာပင် အဆုံးစီရင်ရလိမ့်မည်။
လူတိုင်းမှာ အတွေးကိုယ်စီနှင့် ရှိနေကြသည်။ နောက်ဆုံးတွင် လုမင်က သတင်းအချက်အလက် စုံစမ်းရန်အတွက် အခြားသူများကို မေးမြန်းလိုက်လေသည်။
စုံစမ်းပြီးနောက် လုမင်သည် သူ ချော်ရည်ကန်ထဲတွင် ရှိနေသည်မှာ လအနည်းငယ် ကြာသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ယခုတစ်ကြိမ်တွင် ထာဝရဧကရာဇ်က ရှေးဦးနတ်ဆိုးခေါင်းတလား၏ သဲလွန်စကို ရှာတွေ့ခဲ့သဖြင့် မြေပုံကို အသုံးပြုပြီး လူတိုင်းကို ဤနေရာသို့ စုစည်းလိုက်ခြင်း ဖြစ်သည်။ အချိန်တန်လျှင် ထိုခေါင်းတလားကို အတူတကွ ပြန်လည် လုယူကြလိမ့်မည်။
နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ လူများစွာမှာလည်း ဤနေရာသို့ ထပ်မံ ရောက်ရှိလာကြ၏။ ရက်အနည်းငယ် ကြာပြီးနောက်တွင် လူပေါင်း နှစ်ရာကျော်မျှ ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ထာဝရဧကရာဇ်က အခြေအနေများကို လူတိုင်းအား ရှင်းပြလိုက်လေသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်လာ၏။ ထိုပုံရိပ်ထဲတွင် တောင်ကြီးတစ်လုံး ရှိနေပြီး ထိုတောင်ပေါ်တွင် လူရိပ်အုပ်စုတစ်စု ရှိနေကြသည်။
"အဲဒါက..."
လူတိုင်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။ တောင်ပေါ်ရှိ လူရိပ်များက အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရပေ။ သို့ရာတွင်၊ ထာဝရဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သော သူနှင့် အလွန် ဆင်တူမှုရှိ၏။
၎င်းက ထာဝရဧကရာဇ်ကဲ့သို့ မဟာဧကရာဇ်တစ်ပါးပင် ဖြစ်တော့သည်။