← Chapters

အခန်း ၂၀၆၄

Vol. 142 Ch. 2064

အခန်း ၂၀၆၄

Vol. 142 Ch. 2064

အပိုင်း ( 2064 ) အပြာရောင်နတ်ဆိုးဘုရင်နှင့် တိုက်ပွဲ။

ဟုတ်သည်၊ ထိုမျှများပြားသော ဝတ်ရုံနက်ဝတ် လူများအားလုံးက မဟာဧကရာဇ်များ မဖြစ်နိုင်ချေ။ သူတို့က မျိုးနွယ်စုတစ်ခုတည်းမှ ဖြစ်ဟန်တူသည်။

ထိုဝတ်စုံနက်ဝတ် လူအုပ်က ပိန်လှီကြပြီး ထွားကျိုင်းသန်မာခြင်းမရှိကြပါ။ ယခုအချိန်တွင်၊ သူတို့က ကြီးမားသော အနက်ရောင်ခေါင်းတလားကြီးတစ်ခုကို ဝိုင်းရံထားကြပြီး ထုံးတမ်းစဉ်လာတစ်ခုကို ပြုလုပ်နေသကဲ့သို့ ထူးဆန်းသော သံနေသံထားများဖြင့် အော်ဟစ်နေကြသည်။

"အဲဒါက ရှေးဦးနတ်ဆိုးခေါင်းတလားလား"

လုမင်က ပုံရိပ်ထဲမှ ကြီးမားသော အနက်ရောင်ခေါင်းတလားကြီးကို စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးများမှာတော့ တောက်ပလာ၏။

"ဝုန်း..."

ရုတ်တရက်၊ ဝတ်စုံနက်ဝတ် လူတစ်ယောက်က သူတို့ကို လှမ်းကြည့်နေသကဲ့သို့ ဟင်းလင်းပြင်ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ထာဝရဧကရာဇ် ဖန်တီးထားသော ပုံရိပ်မှာလည်း ပျက်စီးသွားတော့သည်။

တစ်ဖက်မှ မဟာဧကရာဇ်သည် ထာဝရဧကရာဇ်က သူတို့ကို ချောင်းကြည့်နေမှန်း ရိပ်မိသွားခြင်း ဖြစ်သည်။

"တစ်ဖက်မှာ မဟာဧကရာဇ်တစ်ပါးရှိနေတယ်၊ အရင်က ငါနဲ့တိုက်ခိုက်ခဲ့တဲ့သူပဲ။ သူ့အပြင် တခြား ကျွမ်းကျင်သူတွေလည်း ရှိသေးတယ်။ ခဏနေရင် ငါက သူတို့ရဲ့ မဟာဧကရာဇ်ကို ထိန်းထားပေးမယ်၊ မင်းတို့ကတော့ ရှေးဦးနတ်ဆိုးခေါင်းတလားကို လုယူဖို့ ကြိုးစားကြပါ။ ရတဲ့အခါ ဒီနေရာမှာ မနေနဲ့တော့... နတ်ဆိုးပင်လယ်ထဲကနေ ချက်ချင်းထွက်ကြ၊ နားလည်လား"

ထာဝရဧကရာဇ်က ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ ဧကရာဇ်အရှင်"

လူတိုင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် ထာဝရဧကရာဇ်က ရှေ့ဆုံးမှဦးဆောင်၍ အားလုံးမှာ ရှေ့သို့ ပျံသန်းသွားကြတော့သည်။

မကြာမီမှာပင် ကြီးမားသော တောင်ကြီးတစ်လုံးမှာ သူတို့ရှေ့တွင် ပေါ်လာသည်။ လူတိုင်းက အမြင်အာရုံ ထက်မြက်ကြသူများ ဖြစ်သဖြင့် အဝေးကပင် မြင်နိုင်ကြ၏။ ထိုတောင်မှာ ထာဝရဧကရာဇ်ကြီး အစောပိုင်းက ပြသခဲ့သော ပုံရိပ်ထဲမှ တောင်ပင် ဖြစ်သည်။ တောင်ထိပ်တွင်မူ ဝတ်စုံနက်ဝတ် လူအုပ်စုမှာ နတ်ဆိုးခေါင်းတလားကြီးကို ဝိုင်းရံထားကြဆဲပင်။

ထာဝရဧကရာဇ်က တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူ့အရှိန်မှာ မည်သူမျှ မလိုက်နိုင်လောက်အောင် မြန်ဆန်လွန်း၏။ ထာဝရဧကရာဇ်က တောင်နှင့် နီးကပ်သွားချိန်တွင် တောင်ပေါ်မှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားသော အနက်ရောင်ရေတံခွန်ကြီးတစ်ခုကဲ့သို့... သို့တည်းမဟုတ် ထာဝရဧကရာဇ်ကို ပိုင်းဖြတ်တော့မည် နတ်ဆိုးဓားကြီးတစ်လက်ကဲ့သို့ပင်။

"ဝုန်း..."

ထာဝရဧကရာဇ်ကလည်း ပြန်လည်တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်တွေ့မိသည့်အခါ မြေကမ္ဘာတုန်ဟီးသွားစေသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

"ဝုန်း... ဝုန်း..."

သူတို့နှစ်ဦးက အပြန်အလှန် တိုက်ခိုက်နေကြရာ ကောင်းကင်ယံတစ်ခုလုံး တုန်ခါနေပြီး ဟင်းလင်းပြင်မှာပင် အက်ကွဲကြောင်းများ ပေါ်နေတော့သည်။ သူတို့နှစ်ဦးက ကောင်းကင်အမြင့်ပိုင်းသို့ တက်၍ တိုက်ခိုက်လိုက်ကြသည်။

"ငါတို့အလှည့်ပဲ၊ သတ်ကြ"

အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး တောင်ဆီသို့ ပြေးဝင်သွားသည်။ သူက မထွက်ခွာမီ လုမင်ကို အေးစက်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်သွားခဲ့သေးသည်။

အစစ်အမှန်ဧကရာဇ်များနှင့် ဗလာနယ်ဧကရာဇ်များက ရှေ့ဆုံးမှ ပြေးဝင်သွားကြသည်။ သူတို့က ဧကရာဇ်တစ်ပိုင်းများထက် များစွာ ပိုမိုမြန်ဆန်သောကြောင့် ရှေ့ဆုံးသို့ ရောက်ရှိသွားခြင်း ဖြစ်၏။ ထို့နောက်တွင်မူ အရေအတွက် အများဆုံးဖြစ်သော ဧကရာဇ်တစ်ပိုင်းများ လိုက်လာတော့သည်။

လုမင်မှာလည်း ထိုဧကရာဇ်တစ်ပိုင်းများကြားတွင် ပါဝင်သည်။ ခဏချင်းမှာပင် ထိုသိုင်းဧကရာဇ်များက ရှေ့မှတောင်တန်းဆီသို့ ရောက်ရှိလုနီးပါး ဖြစ်သွားကြ၏။ သို့သော်လည်း ထိုအချိန်တွင် လူရိပ်နှစ်ခုမှာ လုမင်၏ရှေ့တွင် ရုတ်တရက် ပိတ်ရပ်လိုက်ကြသည်။

၎င်းတို့မှာ အရှိန်အဝါ အလွန်အားကောင်းသော အဘိုးအိုနှစ်ဦးဖြစ်ပြီး ဗလာနယ်ဧကရာဇ် အဆင့်ရှိ ပညာရှင်များ ဖြစ်ကြပေသည်။ သူတို့နှစ်ဦးက လုမင်၏လမ်းကို ပိတ်ဆို့ထားကာ သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်နေကြသည်။

ဧကရာဇ်တစ်ပိုင်းတချို့က လုမင်အား သနားဟန်ဖြင့် ကြည့်သွားသည်။ သို့သော်လည်း မည်သူမျှ ရပ်တန့်မနေဘဲ ရှေ့သို့သာ ပျံသန်းသွားကြ၏။ ခဏအကြာတွင်၊ လုမင်နှင့် ထိုအဘိုးအိုနှစ်ဦးသာ ကျန်ရှိတော့သည်။

"ဒါက ဘာသဘောလဲ"

လုမင်က တည်ငြိမ်စွာ မေးလိုက်သည်။

"ရှင်းပါတယ်၊ မင်းရဲ့ အသက်ကို ယူမလို့"

ညာဘက်မှ အဘိုးအိုက အေးစက်စွာ ပြုံး၍ ပြောလိုက်၏။

"အပြာရောင်နတ်ဆိုးဘုရင်က မင်းတို့ကို ငါ့ကိုသတ်ခိုင်းပြန်ပြီပေါ့"

လုမင်က လှောင်ပြုံးပြုံးလိုက်သည်။

"မင်း သိနေလည်း ဘာထူးမှာလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း သေရမှာပဲ‌လေ"

ထိုအဘိုးအိုက ပြောသည်။

"မြန်မြန်အပြတ်ဖြတ်ရအောင်၊ ထာဝရဧကရာဇ် သိသွားရင် မကောင်းဘူး"

ဘယ်ဘက်မှ အဘိုးအိုက ပြောလိုက်၏။

နောက်တစ်ခဏတွင် ထိုအဘိုးအိုနှစ်ဦး၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာပြီး လုမင်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြတော့သည်။

"ဒါဆိုရင်လည်း သေလိုက်ကြတော့"

ထိုအချိန်တွင် လုမင်၏လက်ထဲ၌ ကျောက်သားဓားတစ်လက် ပေါ်လာခဲ့သည်။

"ရွှစ်..."

လုမင်က ကျောက်သားဓားဖြင့် ရေပြင်ညီအတိုင်း ခုတ်ချလိုက်၏။ လခြမ်းကွေးသဏ္ဌာန် ဓားအလင်းတန်းတစ်ခုမှာ ဖြာထွက်လာတော့သည်။

"ရွှပ်... ရွှပ်..."

ဗလာနယ်ဧကရာဇ် အဆင့် ထိုအဘိုးအိုနှစ်ဦး၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုများမှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်များက လုမင်၏ ဓားချက်အောက်တွင် နှစ်ပိုင်း ပြတ်သွားကြ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူတို့၏ ဝိညာဉ်များကိုပါ တစ်ပါတည်း ဖျက်ဆီးပစ်လိုက်တော့သည်။

ကောင်းကင်ဧကရာဇ်ဓားရှေ့တွင် ထိုဗလာနယ်ဧကရာဇ် နှစ်ဦးမှာ မည်သို့မျှ မခုခံနိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်သွားကြရပြီ ဖြစ်သည်။

လုမင်က သူတို့၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းကာ ရှေ့မှ တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။ ထိုအချိန်တွင် တောင်ပေါ်၌ တိုက်ပွဲကြီးမှာ စတင်နေပြီ ဖြစ်သည်။ ထာဝရနတ်ဆိုးတိုင်းပြည်မှ ပညာရှင်များနှင့် ဝတ်စုံနက်ဝတ်လူများမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

လုမင်က သူ၏အရှိန်အဝါကို ဖုံးကွယ်ထားပြီး ဝိညာဉ်တစ်ကောင်အလား တောင်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ သူက တိုက်ခိုက်ခြင်း မပြုဘဲ နတ်အရှိန်အဝါကျင့်စဥ်ကို အသုံးပြုကာ တောင်ပေါ်သို့ တိတ်တဆိတ် တက်လှမ်း၍ ရှေးဟောင်းနတ်ဆိုးခေါင်းတလားကို ယူဆောင်ရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။

လုမင်က တောင်စဥ်အတိုင်း တက်လှမ်းကာ ကျောက်ဆောင်များကို အကာအကွယ်ယူပြီး အခြားသူများ၏ အာရုံကို ရှောင်လွှဲခဲ့သည်။ မကြာမီမှာပင်၊ သူက တောင်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး တောင်ထိပ်သို့ ရောက်ရှိရန်ပင် မဝေးတော့ချေ။

"ဝုန်း..."

တောင်တစ်ဝိုက်တွင် သိုင်းဧကရာဇ်များ၏ တိုက်ပွဲများကြောင့် ကျောက်မှုန့်များ လွင့်စင်နေသည်။ ကျောက်တုံးကြီးများမှာလည်း လုမင်ထံသို့ လွင့်စင်လာကြ၏။ သို့ရာတွင်၊ လုမင်က ကျွမ်းကျင်စွာ ရှောင်တိမ်းရင်း တောင်ထိပ်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ရုတ်တရက်၊ အလွန်အားကောင်းသော အရှိန်အဝါတစ်ခုမှာ လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ လုမင်လည်း ခေါင်းမွှေးထောင်ထသွားပြီး ကမန်းကတန်း နောက်သို့ဆုတ်လိုက်ရ၏။

"ဝုန်း..."

ပူပြင်းသော အနက်ရောင်အလင်းတန်းတစ်ခုက ယခုလေးတင် လုမင်ရပ်နေခဲ့သော နေရာသို့ ကျရောက်သွားပြီး တောင်ပေါ်တွင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်လာတော့သည်။

"လုမင်... မင်းက တကယ် ကံကောင်းတာပဲ"

လုမင်၏ရှေ့တွင် အဘိုးအိုတစ်ဦး ပေါ်လာသည်။ သူ၏မျက်လုံးများမှာ ရေခဲတမျှ အေးစက်လျက်ရှိ၏။

ထိုသူက အပြာရောင်နတ်ဆိုးဘုရင်မှလွဲ၍ အခြားမဟုတ်ပေ။

မကြာသေးမီက အပြာရောင်နတ်ဆိုးဘုရင်သည် ပြိုင်ဘက်တစ်ဦးကို အနိုင်ယူခဲ့ပြီး တောင်ထိပ်သို့ တက်ရန် ပြင်ဆင်နေစဉ် လုမင်ကို မမျှော်လင့်ဘဲ တွေ့ရှိသွားကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း လုမင်၏ မသိစိတ် ခံစားနိုင်စွမ်းက အလွန်ထက်မြက်သောကြောင့်သာ ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။

အပြာရောင်နတ်ဆိုးဘုရင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်နှင့်အတူ အံ့သြမှုများ ပြည့်နှက်နေသည်။ သူက လုမင်ကို သတ်ရန် ဗလာနယ်ဧကရာဇ် နှစ်ဦးကိုပင် စေလွှတ်ခဲ့သေးသည်။ ထိုသူတို့မှာ သာမန် ဗလာနယ်ဧကရာဇ်များ မဟုတ်ဘဲ ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့် အဆင့်ရှိသူများ ဖြစ်ကြသည်။ သို့တိုင် လုမင်မှာ ဘာမှမဖြစ်ဘဲ ရှိနေခြင်းကြောင့် သူ အံ့သြသွားခဲ့ရပေသည်။

ဤတစ်ကြိမ်မှာတော့ သူဟာ လုမင်ကို သေချာပေါက်သတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

"ပြီးခဲ့တဲ့အကြိမ်က ငါ မင်းကို မသတ်နိုင်ခဲ့တာကြောင့် အခု ထပ်သတ်ရမယ်။ ဒီတစ်ခါ မင်းကို ပြာဖြစ်အောင်လုပ်ပြီး ဝိညာဉ်ပါ ဖျက်ဆီးပစ်မယ်။ မင်း ဘယ်လိုများ အသက်ရှင်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

အပြာရောင်နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်ပြီး ကြိမ်းမောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးမီးတောက်များ ဖြာထွက်လာ၏။

အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်တစ်ဦးမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းသည်။ သူ၏ စွမ်းအားအပြည့်ကို ထုတ်သုံးမည်ဆိုပါက လုမင်ကို တစ်ကွက်တည်းဖြင့် ပြာဖြစ်အောင် လုပ်နိုင်ပေသည်။

ယခင် ရှေးဟောင်းမြို့တော်တွင် အပြာရောင်နတ်ဆိုးဘုရင်သည် သူ၏စွမ်းအားအပြည့်ကို မထုတ်သုံးနိုင်ခဲ့ချေ။ လုမင်က ချော်ရည်ကန်ထဲသို့ ခုန်ချသွားခဲ့ပြီးနောက် ချော်ရည်များက အပြာရောင်နတ်ဆိုးဘုရင်၏ တိုက်ကွက်ကို ဟန့်တားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက လုမင်အနေဖြင့် သူတော်စင်နှလုံးသား နှစ်ခုကို ပေါင်းစည်းနိုင်ရန် အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ချေ။

"ဝုန်း"

အပြာရောင်နတ်ဆိုးဘုရင်က စတင်လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူ၏ နတ်ဆိုးမီးတောက်များမှာ နတ်ဆိုးမီးတောက်ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး လုမင်ထံသို့ ခုတ်ချလိုက်၏။

သို့သော်၊ လုမင်က ကြောက်ရွံ့ခြင်းမရှိချေ။ သူက ကျောက်သားဓားကို ကိုင်ဆွဲကာ ပြန်လည် ခုတ်ပိုင်းလိုက်သည်။

"ဝုန်း..."

ကျောက်တုံးဓားနှင့် နတ်ဆိုးမီးတောက်ဓားတို့ ထိပ်တိုက်တွေ့သည့်အခါ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ လုမင်မှာ သူ၏ထံသို့ ကြောက်စရာကောင်းသော အင်အားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရ၏။ သူက နောက်သို့ ဆုတ်ခွာလိုက်ရတော့သည်။ သို့သော်လည်း နတ်ဆိုးမီးတောက်ဓားကို ခုခံနိုင်ခဲ့သည်။

"မင်း... မင်းရဲ့ ဓားက..."

အပြာရောင်နတ်ဆိုးဘုရင်မှာ အံ့သြသွားရသည်။ လုမင်က သူ၏တိုက်ကွက်ကို အမှန်တကယ် ခုခံနိုင်ခဲ့၏။ သူ၏အကြည့်က လုမင်၏လက်ထဲမှ ကျောက်တုံးဓားပေါ်သို့ ကျရောက်သွားတော့သည်။

လုမင်မှာ အန္တိမသူတော်စင်အဆင့်သာ ရှိသေးသော်လည်း ဤကျောက်တုံးဓားဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်နေသည်။ အကယ်၍ ထိုဓားသာ သူ့လက်ထဲတွင် ရှိမည်ဆိုလျှင်၊ သူက မဟာဧကရာဇ်တစ်ဦးကိုပင် ရင်ဆိုင်နိုင်မည် မဟုတ်ပါလား။

အပြာရောင်နတ်ဆိုးဘုရင်၏ နှလုံးသားမှာ လောဘများဖြင့် ပူလောင်လာတော့သည်။ ယခင်က ဗလာနယ်ဧကရာဇ် နှစ်ဦးမှာလည်း ဤဓားဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်မည်မှန်း သူ ရိပ်မိသွားသည်။

"ဒီဓားကို ငါ့ကိုပေးလိုက်စမ်း၊ ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားခဲ့ပေးမယ်"

အပြာရောင် နတ်ဆိုးဘုရင်က အေးစက်စွာ ပြောဆိုပြီး ရှေ့ကိုခြေလှမ်းလိုက်သည်။

All Chapters