← Chapters

အခန်း ၂၀၆၅

Vol. 142 Ch. 2065

အခန်း ၂၀၆၅

Vol. 142 Ch. 2065

အပိုင်း ( 2065 ) ရှေးဦးနတ်ဆိုးခေါင်းတလားအတွင်းမှ ပုံရိပ်။

အပြာရောင်နတ်ဆိုးဘုရင်က လုမင်၏လက်ထဲမှ ကျောက်သားဓားကို စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမီးတောက်များက ဖုံးလွှမ်းနေ၏။ ပတ်ဝန်းကျင်၏ အပူချိန်က အံ့မခန်းအဆင့်ထိ မြင့်တက်လာတော့သည်။

"အပြာရောင်နတ်ဆိုးဘုရင်... ဒီနေ့တော့ မင်းကို ငါကိုယ်တိုင် လိုက်ပို့ပေးလိုက်မယ်"

လုမင်၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက်၊ လုမင်၏ရှေ့၌ ကျောက်တုံးလူသားတစ်ဦး ပေါ်လာတော့၏။

ထိုကျောက်တုံးလူသားသည် ပထမဦးစွာ ပေါ်လာစဉ်က လူတစ်ရပ်စာမျှသာ မြင့်မားသော်လည်း အချိန်တိုအတွင်းမှာပင် တောင်ငယ်တစ်ခုအလား လျင်မြန်စွာ ကြီးထွားလာတော့သည်။

"ဒါက..."

အပြာရောင်နတ်ဆိုးဘုရင် မှင်တက်သွားရသည်။ သူ၏ရင်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရ၏။ ထိုအချိန်တွင် လုမင်က ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ သူ့ခန္ဓာကိုယ်က ကျောက်တုံးလူသားနှင့် ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

"အပြာရောင်နတ်ဆိုးဘုရင်... သေစမ်း"

ကျောက်တုံးလူသားက ဟိန်းဟောက်လိုက်ပြီး အပြာရောင်နတ်ဆိုးဘုရင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

အပြာရောင်နတ်ဆိုးဘုရင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် အသည်းအသန် နောက်ဆုတ်လိုက်၏။ သို့သော်လည်း ကျောက်တုံးလူသား၏ လက်က ပို၍မြန်ဆန်သည်။ ၎င်းက အပြာရောင်နတ်ဆိုးဘုရင်ကို ချက်ချင်းပင် မှီသွားပြီး ထွက်ပြေးနိုင်မည့် လမ်းစအားလုံးကို ပိတ်ဆို့လိုက်တော့သည်။

"ဝုန်း"

ကျောက်တုံးလူသား၏ လက်ဝါးရိုက်ချက်က အလွန်ကြောက်စရာကောင်းသည်။

အပြာရောင်နတ်ဆိုးဘုရင်မှာ ‌တုန်လှုပ်သွား၏။ သူက သူ၏ခွန်အားအပြည့်ကို ထုတ်ဖော်လိုက်ပြီး အစစ်အမှန်ဧကရာဇ်လက်နက်ကို အသုံးပြု၍ ကျောက်တုံးလူသား၏လက်ကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်၊ အပြာရောင်နတ်ဆိုးဘုရင်၏ အစစ်အမှန်ဧကရာဇ်လက်နက်မှာ တိုက်ရိုက်ပင် ပျက်စီးသွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုဖြင့် အပြာရောင်နတ်ဆိုးဘုရင်ကို ရိုက်ချလိုက်၏။ သူက နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်သွားတော့သည်။ သူ့ခန္ဓာကိုယ်က တောင်နံရံကို သွားရောက်တိုက်မိပြီး တောင်တစ်ခုလုံးပင် တုန်ခါသွားရသည်။

ဤတောင်မှာ နတ်ဆိုးစွမ်းအင်များ၏ တိုက်စားမှုကို နှစ်ပေါင်းများစွာ ခံထားရသဖြင့် အလွန်ခိုင်ခံ့နေပြီ ဖြစ်သည်။ သို့တိုင်၊ အပြာရောင်နတ်ဆိုးဘုရင်နှင့် ရိုက်မိသည့်အခါ ကျောက်တုံးများ ကြေမွသွားပြီး ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့ရသေးသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အပြာရောင်နတ်ဆိုးဘုရင်၏ ရင်ထဲတွင် ရူးမတတ် အော်ဟစ်နေမိသည်။ ကျောက်တုံးလူသား၏ စွမ်းအားက ဤမျှကြီးမားခြင်းကို သူ မယုံကြည်နိုင်ပေ။ သူသည် အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်တစ်ဦး ဖြစ်သော်လည်း ဤကျောက်တုံးလူသားကို မခုခံနိုင်သည်မှာ အမှန်ပင် တုန်လှုပ်စရာကောင်းသည်။

သို့သော်လည်း လုမင်တွင် ဤမျှ အစွမ်းထက်သော ကျောက်တုံးလူသား ရှိနေပါက ရှေးဟောင်းမြို့တော်တွင် အဘယ်ကြောင့် အသုံးမပြုခဲ့သနည်း။ ထိုစဉ်က လုမင်မှာ သူ၏လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့သော်လည်း ဤကျောက်တုံးလူသားကို မထုတ်သုံးခဲ့ချေ။

သို့ဆိုလျှင် လုမင်က ဤကျောက်တုံးလူသားကို ရှေးဟောင်းမြို့တော်တွင် ရရှိခဲ့ခြင်း ဖြစ်မည်လော။ ထို့ထက်၊ ချော်ရည်ကန်အောက်ခြေတွင် ရရှိခဲ့ခြင်း ဖြစ်နိုင်မည်လော။ ထိုသို့ တွေးမိသည့်အခါ အပြာရောင်နတ်ဆိုးဘုရင်မှာ သွေးအန်ချင်သွားမိသည်။ အကယ်၍ ထိုအတိုင်းသာ မှန်ကန်ပါက သူသည် လုမင်ကို အကူအညီ ပေးလိုက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

"ဝုန်း..."

ကျောက်တုံးလူသားကြီးက အပြာရောင်နတ်ဆိုးဘုရင်၏ ရှေ့တွင် အရှိန်အဟုန်ဖြင့် ဆင်းသက်လိုက်သည်။ အပြာရောင်နတ်ဆိုးဘုရင်မှာ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွား၏။ သူက လျှို့ဝှက်ကျင့်စဉ်ဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ကျောက်တုံးလူသားကြီးက ခြေထောက်ဖြင့် နင်းချလိုက်ရာ သူက ခြေဖဝါးအောက်တွင် တိုက်ရိုက်ပင် ဖိသိပ်ခြင်း ခံလိုက်ရတော့သည်။

အပြာရောင်နတ်ဆိုးဘုရင်မှာ နင်းခြေခံလိုက်ရသော ဖားတစ်ကောင်အလား နာကျင်စွာ အော်ဟစ်နေရပြီး ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

"ငါ့ကို မသတ်ပါနဲ့ လုမင်... ငါ့ကို လွှတ်ပေးပါ။ ငါက ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ အရေးပါတဲ့ အကျော်အမော်တစ်ယောက်ပဲ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် တစ်တိုင်းပြည်လုံးနဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်"

အပြာရောင်နတ်ဆိုးဘုရင်က အသက်အန္တရာယ်ကို ရင်ဆိုင်ရသောအခါ သွေးပျက်လာသည်။ ထာဝရနတ်ဆိုးတိုင်းပြည်၏ အမည်ဖြင့် လုမင်ကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်၏။

"ထာဝရနတ်ဆိုးတိုင်းပြည်ကို သုံးပြီး ငါ့ကို မခြိမ်းခြောက်ပါနဲ့။ မင်းက အထွတ်အထိပ် အစစ်အမှန်ဧကရာဇ် တစ်ယောက်ဆိုပေမဲ့ တစ်တိုင်းပြည်လုံးကို ကိုယ်စားမပြုနိုင်ဘူး။ သေလိုက်တော့"

လုမင်က နောက်ထပ် စကားမဆိုတော့ဘဲ ကျောက်သားဓားကို ကိုင်ဆွဲကာ အပြာရောင်နတ်ဆိုးဘုရင်ကို ပိုင်းချလိုက်တော့သည်။

အပြာရောင်နတ်ဆိုးဘုရင်မှာ လည်ချောင်းကွဲမတတ် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူက အသည်းအသန် ရုန်းကန်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ ဓားချက် ကျရောက်သွားသည့်အခါ အပြာရောင်နတ်ဆိုးဘုရင်၏ ဦးခေါင်းက ဖရဲသီးတစ်လုံးအလား ပေါက်ကွဲသွားသည်။

သူ၏ ဝိညာဉ်မှာလည်း လွင့်စဉ်ပျောက်ကွယ်သွားခဲ့‌၏။

အပြာရောင်နတ်ဆိုးဘုရင်ကို သတ်ပြီးနောက် လုမင်က ထိုသူ၏ သိုလှောင်လက်စွပ်ကို သိမ်းဆည်းကာ တောင်ထိပ်ဆီသို့ ပြေးတက်သွားခဲ့သည်။ လမ်းတွင်၊ ဝတ်စုံနက်ဝတ် လူတစ်ဦးက သူ့ကို တားဆီးရန် ကြိုးစားသော်လည်း ဓားတစ်ချက်တည်းဖြင့်ပင် အဆုံးစီရင်ခြင်း ခံလိုက်ရလေသည်။

ကျောက်တုံးလူသားအတွင်း၌ သိုလှောင်ထားသော စွမ်းအင်များအရ ဟဲမျိုးနွယ်စုမှ မဟာဧကရာဇ်ကိုပင် အနိုင်ယူနိုင်စွမ်းရှိရာ မဟာဧကရာဇ် အဆင့်အောက်ရှိ မည်သူမျှ လုမင်ကို မတားဆီးနိုင်ကြချေ။ လုမင်ကို တားဆီးဝံ့သူများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရသည်။

ခဏချင်းအတွင်းမှာပင်၊ လုမင်က တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။ ထိုအချိန်တွင် ဝတ်စုံနက်ဝတ် လူအများစုမှာ ထာဝရနတ်ဆိုးတိုင်းပြည်မှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေကြရသည်။ ခေါင်းတလားကြီး၏ ဘေးတွင်မူ ဝတ်စုံနက်ဝတ် လူတစ်ဦးသာ ထိုင်လျက် ကျန်ရှိတော့သည်။

"ရှေးဦးနတ်ဆိုးခေါင်းတလား"

လုမင်၏ မျက်လုံးများ တောက်ပသွားသည်။ ဤခေါင်းတလားကိုသာ ရရှိမည်ဆိုပါက ချင်ယွဲ့ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။

"ဝှစ်..."

လုမင်က လက်ကို ဆန့်ထုတ်ကာ ရှေးဦးနတ်ဆိုးခေါင်းတလားကို ဖမ်းဆုပ်လိုက်သည်။ သို့သော်၊ ထိုအချိန်တွင် ခေါင်းတလားရှေ့၌ တင်ပျဉ်ခွေထိုင်နေသော ဝတ်စုံနက်ဝတ်လူက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ၏ မျက်လုံးများထဲမှ အရာအားလုံးကို ထိုးဖောက်သွားတော့မည့် နတ်ဘုရားဓား နှစ်လက်ကဲ့သို့ အလင်းတန်း နှစ်ခု ‌ထွက်ပေါ်လာတော့သည်။

"ထန်... ထန်"

ထိုအလင်းတန်း နှစ်ခုက လုမင်၏ လက်ကို ထိမှန်သွားရာ သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုက လုမင်၏ လက်ကို ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားလိုက်၏။ တစ်ချိန်တည်းမှာပင် ဝတ်စုံနက်ဝတ်လူက ထရပ်လာပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာတော့သည်။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် လက်ဝါးပုံရိပ် နှစ်ခုက လုမင်ထံသို့ ပြေးဝင်လာခဲ့သည်။

ထိုလက်ဝါးပုံရိပ်များ၏ စွမ်းအားက တောင်များကို ပြိုလဲစေပြီး ပင်လယ်များကို တိမ်းမှောက်စေနိုင်လောက်အောင် အစွမ်းထက်ပေသည်။

မဟာဧကရာဇ်။

ဤနေရာတွင် မဟာဧကရာဇ် တစ်ပါး အမှန်တကယ် ရှိနေသည်။ ဝတ်စုံနက်ဝတ် လူများကြားတွင် မဟာဧကရာဇ် နှစ်ပါး ရှိနေခြင်း ဖြစ်၏။ တစ်ပါးက ထာဝရဧကရာဇ်နှင့် တိုက်ခိုက်နေပြီး ကျန်တစ်ပါးမှာ ဤနေရာကို စောင့်ကြပ်နေခြင်း ဖြစ်သည်။ နတ်ဆိုးပင်လယ်ရှိ ဝတ်စုံနက်ဝတ် လူများကြားတွင် မဟာဧကရာဇ် နှစ်ပါးအထိ ရှိနေခြင်းမှာ အမှန်တကယ် ထိတ်လန့်စရာပင်။

လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ကျောက်တုံးလူသား၏ လက်သီးကြီးက ဝတ်စုံနက်ဝတ်လူထံသို့ ထိုးနှက်လိုက်၏။

"ဝုန်း... ဝုန်း"

နားကွဲလုမတတ် ပေါက်ကွဲသံကြီး နှစ်ချက် ဆက်တိုက် ထွက်ပေါ်လာတော့သည်။ လုမင်က တစ်ဖက်လူ၏ လက်ဝါးရိပ် နှစ်ခုကို ချေဖျက်ပစ်ခဲ့သည်။

"ပိုင်းဖြတ်စမ်း"

လုမင်၏ အတွေးတစ်ခုဖြင့် ကျောက်သားဓားက ထွက်ပေါ်လာပြီး ဝတ်စုံနက်ဝတ်လူကို ပိုင်းဖြတ်လိုက်သည်။ တစ်ဖက်လူမှာလည်း လှုပ်ရှားလိုက်ပြီး နတ်ဆိုးအလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ တစ်ချိန်တည်းမှာပင်၊ သူက မဟာလမ်းစဉ် စွမ်းအားများကို ထိန်းချုပ်ကာ နတ်ဆိုးလက်နက်တစ်ခုအဖြစ် ပြောင်းလဲ၍ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

"ဝုန်း..."

နောက်ထပ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။ ကျောက်တုံးဓားမှာ တုန်ခါသွားပြီး လုမင်၏ လက်ထဲသို့ ပြန်လည် လွင့်စင်လာခဲ့၏။ လုမင်က ကျောက်တုံးဓားကို ကိုင်ဆွဲကာ ဝတ်စုံနက် အဆက်မပြတ် ထိုးခုတ်တိုက်ခိုက်၏။ သူက ခုခံကာကွယ်ရေးကို ဂရုမစိုက်ဘဲ အပြင်းအထန် တိုက်ခိုက်တော့သည်။

ဝတ်စုံနက်ဝတ်လူက မဟာလမ်းစဉ်ကို လက်နက်အဖြစ် အသုံးပြုထားသဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော်၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာပေါ်သို့ ကျရောက်သည့်အခါတွင်မူ ၎င်း၏ ကာကွယ်မှုကို လုံးဝ ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ချေ။

ကောင်းကင်ဧကရာဇ် ဟန်ယုက ကျောက်တုံးလူသား ခန္ဓာကိုယ်ကို အသုံးပြု၍ ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ မာကျောမှုနှင့် ကာကွယ်နိုင်စွမ်းမှာ သာမန် ကောင်းကင်ဧကရာဇ်များထက်ပင် ပိုမို အားကောင်းလှပေသည်။ သာမန် မဟာဧကရာဇ်များမှာက ၎င်းကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ပေ။

လုမင်က သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ထားပြီး ကာကွယ်ရေးကိုပင် လျစ်လျူရှု၍ တိုက်ခိုက်လိုက်ရာ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့သည်။ ဝတ်စုံနက်ဝတ်လူမှာ လုမင်၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာသွားရပြီး အရေးနိမ့်လာတော့သည်။

တိုက်ကွက်ပေါင်း ဆယ်ကွက်ကျော် ရင်ဆိုင်ပြီးနောက်တွင် ဝတ်စုံနက်ဝတ်လူမှာ လုမင်၏ ဓားချက်ကြောင့် လွင့်စဥ်သွားရသည်။ လုမင်က ဤအခွင့်အရေးကို အရယူကာ နတ်ဆိုးခေါင်းတလားရှေ့သို့ ရောက်ရှိသွားပြီး လှမ်းဖမ်းရန် ကြိုးစားလိုက်၏။

သို့သော်လည်း ထိုအချိန်တွင် လုမင်မှာ ရုတ်တရက် မှင်တက်သွားရလေသည်။

ရှေးဦးနတ်ဆိုးခေါင်းတလားတွင် အဖုံးမရှိချေ။ ထို့ကြောင့် ကြည့်လိုက်သည့်အခါ ခေါင်းတလားအတွင်းရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ခေါင်းတလားအတွင်း၌ လူတစ်ဦး လဲလျောင်းနေသည်။ ၎င်းမှာ အနှိုင်းမဲ့ အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်၏။

ရှဲ့နျန့်ချင်း။

ခေါင်းတလားအတွင်းရှိ အမျိုးသမီးမှာ အမှန်တကယ် ရှဲ့နျန့်ချင်း ဖြစ်နေသည်။

ရှဲ့နျန့်ချင်းကို မြင်လိုက်ရသည့် ခဏတွင် လုမင်မှာ လုံးဝ မှင်တက်သွားရတော့သည်။

ရှဲ့နျန့်ချင်းက အဘယ်ကြောင့် ဤနေရာကို ရောက်နေရသနည်း။

ယခင်က ရေခဲနဂါး ဘိုးဘေးသည် ရှဲ့နျန့်ချင်းကို ခေါ်ဆောင်သွားခဲ့ပြီး တိမ်နဂါးတောင်ကြားသခင်က လုမင်ကို ခေါ်ဆောင်ကာ မတူညီသော အရပ်မျက်နှာများသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ရှဲ့နျန့်ချင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး တစ်ခါမျှ ပြန်မတွေ့ရတော့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရှဲ့နျန့်ချင်းမှာ အဆုံးမဲ့နတ်ဆိုးနယ်မြေ၏ တားမြစ်နယ်မြေတစ်ခု ဖြစ်သော နတ်ဆိုးပင်လယ်ရှိ ဤခေါင်းတလားအတွင်း၌ လဲလျောင်းနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရှဲ့နျန့်ချင်း၏ အသက်ရှူနှုန်းနှင့် အသက်ရှင်သန်မှု လက္ခဏာများက ပုံမှန်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခါမှပင်၊ လုမင်မှာ သက်ပြင်းချနိုင်တော့သည်။ သို့သော်လည်း ရှဲ့နျန့်ချင်းက မျက်လုံးမှိတ်လျက် လဲလျောင်းနေပြီး ပြင်ပကမ္ဘာမှ မည်သည့်အရာကိုမျှ သိရှိပုံမရပေ။

'အရင်ဆုံး သိမ်းယူလိုက်မယ်'

လုမင်မှာ များများ မတွေးတောတော့ဘဲ ၎င်းကို အရင်ဆုံး သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။

သူ ခဏမျှ အာရုံလွဲသွားချိန်ကို အခွင့်ကောင်းယူကာ ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က ဖိတိုက်လိုက်ပြီး လုမင်အား နောက်ကိုဆုတ်သွားစေခဲ့ပေသည်။

All Chapters