← Chapters

အခန်း ၂၀၆၆

Vol. 142 Ch. 2066

အခန်း ၂၀၆၆

Vol. 142 Ch. 2066

အပိုင်း ( 2066 ) ချောက်ကမ်းပါးအတွင်းသို့။

"ဖယ်စမ်း"

လုမင် ငေါက်ငမ်းလိုက်သည်။ ရှဲ့နျန့်ချင်းမှာ ထာဝရနတ်ဆိုးခေါင်းတလားအတွင်း လဲလျောင်းနေသဖြင့် ဤခေါင်းတလားကို အရယူရန် သူ ဆုံးဖြတ်ထားပြီးပြီ။

လုမင်က ကျောက်သားဓားဖြင့် ဝတ်စုံနက်ဝတ် မဟာဧကရာဇ်ကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ထိုမဟာဧကရာဇ်မှာ နောက်သို့ တစ်ဖန် ဆုတ်ခွာသွားရ၏။

လုမင်က ရှေးဦးနတ်ဆိုးခေါင်းတလားကို သိမ်းယူနိုင်လုနီးအချိန်တွင်၊ တောင်ပေါ်ရှိ ဟင်းလင်းပြင်က အက်ကွဲသွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူကို နတ်ဆိုးအလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရှေးဦးနတ်ဆိုးခေါင်းတလားကို လှမ်းဖမ်းလိုက်သည်။

"ထွက်သွားစမ်း"

လုမင်က ဝတ်စုံနက်ဝတ် မဟာဧကရာဇ်ကို ထားခဲ့ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်လိုက်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် ပေါ်လာသော ထိုလူရိပ်ထံသို့ တိုးဝင်သွားပြီး ကျောက်သားဓားဖြင့် ထိုးခုတ်လိုက်၏။

"ဝုန်း"

ဓားအလင်းက တစ်ဖက်လူ ဖန်တီးထားသော လက်ဝါးကြီးကို အမှုန့်ခြေပစ်လိုက်သည်။ ဓားအလင်းတန်းမှာ ထိုမျှနှင့် ရပ်တန့်မသွားဘဲ တစ်ဖက်လူထံသို့ ဆက်လက် ဖြတ်သန်းသွား၏။ ထိုလူရိပ်မှာ တိုက်ခိုက်မှုကို မရှောင်နိုင်တော့ဘဲ ကျောက်တုံးဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရတော့သည်။

"ဝုန်း..."

ထိုသူမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးအလင်းတန်းများလည်း တုန်ခါသွားပြီး သူ့မျက်နှာကို မြင်လိုက်ရ၏။

"အင်မော်တယ်ဧကရာဇ်"

လုမင်၏ မျက်ဝန်းအိမ်များ ကျုံ့သွားရသည်။ ရောက်လာသူက အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ အင်မော်တယ်ဧကရာဇ်ပင်။

'အင်မော်တယ်ဧကရာဇ်ကလည်း ရှေးဦးနတ်ဆိုးခေါင်းတလားကို လိုချင်နေတာပဲ'

လုမင်က အင်မော်တယ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ စိတ်လှုပ်ရှားသွားရသည်။

"ဝှစ်..."

အင်မော်တယ်ဧကရာဇ်က လုမင်နှင့် အချိန်ဆွဲ တိုက်ခိုက်လိုပုံမရချေ။ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး လူရိပ်ပေါင်း တစ်ဒါဇင်ခန့် ထွက်ပေါ်လာသည်။ လူရိပ်များက အရပ်မျက်နှာ အသီးသီးမှ ရှေးဦးနတ်ဆိုးခေါင်းတလားထံသို့ ပြေးဝင်သွားကြ၏။ ၎င်းတို့ကို အစစ်နှင့် အတု ခွဲခြားရန် မဖြစ်နိုင်ဘဲ အားလုံးမှာ အစစ်အမှန်များအလား ထင်မှတ်ရသည်။

'တွေးတောင်မ‌တွေးလိုက်နဲ့'

လုမင်က သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူက ကျောက်တုံးလူသားကို သာမန်လူတစ်ယောက် အရွယ်အစားအထိ ကျုံ့သွားအောင် ထိန်းချုပ်လိုက်၏။ သာမန်လူ အရွယ်အစား ဖြစ်သွားသည့်အခါ လုမင်၏ အရှိန်က အဆပေါင်းများစွာ မြင့်တက်လာတော့သည်။ သူက ရှေးဦးနတ်ဆိုးခေါင်းတလားထံသို့ ပြေးလွှားသွားရင်း ဓားချက်များ ဆက်တိုက်ထုတ်ဖော်လိုက်သည်။ ဓားအလင်း တစ်ဒါဇင်ကျော်က အင်မော်တယ်ဧကရာဇ်၏ လူရိပ်များထံသို့ ဖြတ်သန်းသွား၏။

"ဝုန်း..."

အင်မော်တယ်ဧကရာဇ်၏ လူရိပ် တစ်ဒါဇင်ကျော်မှာလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ လုမင်၏ ဓားအလင်းတန်းများ ပျက်စီးသွားရတော့သည်။ လုမင်က ရှေးဦးနတ်ဆိုးခေါင်းတလားကို ရယူရန် နီးကပ်လာချိန်တွင် ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က တစ်ဖန် ပေါ်လာပြီး လုမင်၏လမ်းကို ထပ်မံပိတ်ဆို့ထားလိုက်သည်။

ဤသို့ဖြင့် သူတို့သုံးဦးမှာ ရှုပ်ထွေးသော တိုက်ပွဲကြီးအတွင်းသို့ ကျရောက်သွားကြတော့သည်။ လုမင်နှင့် အင်မော်တယ်ဧကရာဇ်က ခေါင်းတလားကို လုယူလိုကြပြီး ဝတ်စုံနက်ဝတ် မဟာဧကရာဇ်ကမူ ၎င်းကို ကာကွယ်လိုခြင်း ဖြစ်သည်။

လုမင် ဒေါသထွက်လာသည်။ သူက ကာကွယ်ရေးကို လုံးဝ လျစ်လျူရှုလိုက်၏။ ကျောက်ခန္ဓာအတွင်းရှိ စွမ်းအင်များကို ရူးသွပ်စွာ ထုတ်ဖော်လိုက်ရာ ခဏတာအတွင်းမှာပင် ကျန်သူနှစ်ဦးကို ဖိနှိပ်ထားနိုင်လာတော့သည်။ သို့သော်လည်း ဤနည်းလမ်းက ကျောက်ခန္ဓာ၏ စွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေသည်။ သူက ဤအတိုင်း အချိန်အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

"မင်းတို့ စိတ်ကူးမယဉ်နဲ့"

ထိုအချိန်တွင် ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က နားမခံသာသော အက်ရှရှ အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် ထိခိုက်ဒဏ်ရာ ရရှိမည်ကိုပင် ဂရုမစိုက်တော့ဘဲ လုမင်၏ တိုက်ခိုက်မှုကို တောင့်ခံရင်း ရှေးဦးနတ်ဆိုးခေါင်းတလားရှိရာသို့ ဆုတ်သွား၏။

"ဝုန်း"

တစ်ချိန်တည်းမှာပင်၊ သူက ရှေးဦးနတ်ဆိုးခေါင်းတလားကို ရိုက်ချလိုက်ရာ ခေါင်းတလားကြီးမှာ အဝေးသို့ လွင့်ထွက်သွားတော့သည်။ ထိုအရပ်မျက်နှာတွင် နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေပြီး မှောင်မည်းနေသော ချောက်ကမ်းပါးကြီး တစ်ခု ရှိနေသည်။ ရှေးဦးနတ်ဆိုးခေါင်းတလားမှာ ထိုချောက်အတွင်းသို့ ကျဆင်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

"ခေါင်းတလားက ငါ့အပိုင်ပဲကွ"

အင်မော်တယ်ဧကရာဇ်က ထိုချောက်ရှိရာသို့ ပြေးသွားသည်။ သို့သော်လည်း သူက အထဲသို့ ဝင်ရန် ကြိုးစားလိုက်ချိန်တွင်၊ စွမ်းအားတစ်ခု၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် လုမင်သည်လည်း ထိုချောက်ထဲသို့ ပြေးဝင်လိုက်သည်။

"ဝုန်း..."

ချောက်ကမ်းပါးဝင်ပေါက်တွင်၊ လုမင်က နံရံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ တစုံတရာက သူ့ကို ပိတ်ဆို့ထား၏။ လုမင်က ကျောက်ခန္ဓာအတွင်းရှိ စွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်လိုက်သော်လည်း အချည်းနှီးပင်။ သူက ထိုအဟန့်အတားကို မကျော်ဖြတ်နိုင်ဘဲ ဖြစ်နေရသည်။

ထို့ပြင် ချောက်အတွင်းမှ ပြင်းထန်သော ခွန်အားတစ်ခုမှာ လုမင်ထံသို့ တိုးဝင်လာရာ ကျောက်ခန္ဓာ၏ စွမ်းအင်များဖြင့်ပင် မခုခံနိုင်တော့ဘဲ လုမင်မှာ လွင့်ထွက်သွားခဲ့ရတော့သည်။

"သိုင်းဧကရာဇ် အဆင့်ရှိသူတွေက အထဲကို ဝင်လို့မရဘူး။ သိုင်းဧကရာဇ် အောက်ကလူတွေ ဝင်သွားရင်လည်း ပြန်ထွက်လာဖို့ မတွေးနဲ့တော့"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က လှောင်ပြုံးပြုံးပြီး ဆိုလိုက်သည်။

သို့သော်လည်း လုမင်က သူ့စကားများကို ကြားပုံမရချေ။ သူက ချောက်အတွင်းသို့ ထပ်မံ ပြေးဝင်ရန် ကြိုးစားလိုက်ပြန်သည်။ ချောက်ဝင်ပေါက်သို့ ရောက်ခါနီးတွင်မူ ကျောက်ခန္ဓာမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ လုမင်က မူလရုပ်သွင်ဖြင့် ပေါ်ထွက်လာတော့သည်။

လုမင်က ချောက်အတွင်းသို့ တိုးဝင်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။

"သိုင်းဧကရာဇ်အဆင့်အောက်ပဲ"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ ထို့နောက်တွင်မူ သူက တစ်ချက်ရယ်မောလိုက်ပြီး လှောင်ပြောင်လိုက်၏။

"သိုင်းဧကရာဇ် အောက်ကလူတွေ ဝင်လို့ရပေမဲ့ တစ်သက်လုံး ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"

"တောက်..."

အင်မော်တယ် ဧကရာဇ်က ဒေါသတကြီး တက်ခေါက်ကာ ချောက်အတွင်းသို့ ထပ်မံ တိုးဝင်ရန် ကြိုးစားသည်။ သို့သော်၊ ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က မတားဆီးတော့ချေ။ ယခုတစ်ကြိမ်တွင်လည်း အင်မော်တယ်ဧကရာဇ်မှာ အထဲသို့ မဝင်နိုင်ဘဲ ခွန်အားတစ်ခုကြောင့် လွင့်ထွက်လာခဲ့ရသည်။

"ဝုန်း..."

ကောင်းကင်ယံထက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ယင်းနောက်၊ အလင်းတန်း နှစ်ခုက ချောက်ရှိရာသို့ ပျံသန်းလာပြီး လူရိပ် နှစ်ခု ပေါ်လာကြ၏။ ၎င်းတို့မှာ ထာဝရဧကရာဇ်နှင့် အခြား ဝတ်စုံနက်ဝတ် မဟာဧကရာဇ်တို့ ဖြစ်ကြသည်။ ဝတ်စုံနက်ဝတ် မဟာဧကရာဇ် နှစ်ပါးက ပြန်လည် ပေါင်းစည်းသွားကြပြီ။

ထာဝရဧကရာဇ်က အင်မော်တယ်ဧကရာဇ်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

"အင်မော်တယ်ဧကရာဇ်... မင်းကလည်း ရှေးဦးနတ်ဆိုးခေါင်းတလားကို လုဖို့ ဒီကို ရောက်နေတာလား"

"ညီနောင် ထာဝရ... မင်းက မင်းရဲ့ ရတနာကိုတောင် ကောင်းကောင်း မကာကွယ်နိုင်လို့ အခိုးခံလိုက်ရပြီပဲ။ ငါက မင်းကို ကူညီပြီး ပြန်ယူပေးမလို့ပါ"

အင်မော်တယ်ဧကရာဇ်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်၏။

"မင်း စိတ်ပူပေးဖို့ မလိုပါဘူး"

ထာဝရဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ချောက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူသည် ချောက်ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားသော်လည်း ဝတ်စုံနက်ဝတ် မဟာဧကရာဇ် နှစ်ပါးမှာ တားဆီးခြင်း မပြုကြချေ။ သို့ရာတွင်၊ ထာဝရဧကရာဇ်သည်လည်း အင်မော်တယ်ဧကရာဇ်ကဲ့သို့ပင် စွမ်းအားတစ်ခုကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။

"မင်းတို့ ဝင်လို့မရပါဘူး၊ ပြန်ကြတော့"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ် တစ်ပါးက ပြောလိုက်သည်။

"ငါ့ဆီကနေ မင်းတို့ ခိုးသွားတဲ့ ရှေးဦးနတ်ဆိုးခေါင်းတလားကို ပြန်မပေးတော့ဘူးပေါ့"

ထာဝရဧကရာဇ်၏ မျက်လုံးအကြည့်များမှာ အေးစက်နေသည်။

"ဒါက ငါတို့အတွက် အသုံးဝင်တယ်လေ။ ပြီးတော့ ငါတို့ ပေးချင်ရင်တောင် မင်းတို့ကို ပေးလို့မရဘူး။ သိုင်းဧကရာဇ် အဆင့်ရှိသူတွေ အထဲကို ဝင်လို့မရသလို၊ သိုင်းဧကရာဇ် အောက်ကလူတွေလည်း ပြန်ထွက်လာလို့ မရဘူး"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ်တစ်ပါးက ဆိုသည်။

"သိုင်းဧကရာဇ် အောက်ကလူတွေ ပြန်ထွက်လာလို့ မရဘူး... ဟုတ်လား"

ထာဝရဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

"အမှန်ပဲပေါ့၊ ဒါကြောင့် ပြန်ကြပါတော့။ သိုင်းဧကရာဇ် အောက်ကလူတွေကို အထဲကို လွှတ်ဖို့လည်း မကြိုးစားနဲ့။ ဒါက ငါတို့ မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့နယ်မြေပဲ။ ဘယ်သူမှ ဝင်လို့မရဘူး"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ်နှစ်ပါးက ချောက်ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။

"ဟားဟားဟား... ဒါက မင်းတို့ ကိစ္စပဲ၊ ငါကတော့ ဝင်မပါတော့ဘူး"

အင်မော်တယ် ဧကရာဇ်က ရယ်မောလိုက်သည်။ သူသည် ခေါင်းတလားကို မရရှိခဲ့သော်လည်း ၎င်းမှာ မူလကတည်းက သူ့ပစ္စည်းမဟုတ်သဖြင့် သူ ဘာမှ ဆုံးရှုံးခြင်း မရှိချေ။

အခြားတစ်ဖက်တွင်မူ ထာဝရဧကရာဇ်မှာ ရှေးဦးနတ်ဆိုးခေါင်းတလားကို ဆုံးရှုံးလိုက်ရသဖြင့် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်က ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

ထာဝရဧကရာဇ်လည်း ချောက်ဝင်ပေါက်ကို မကျေမနပ် ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ပျံတက်ကာ အော်ဟစ်လိုက်သည်။

"ရပ်လိုက်ကြတော့၊ အားလုံး ဒီနေရာကနေ ထွက်ကြမယ်"

ဝတ်စုံနက်ဝတ် မဟာဧကရာဇ်များကလည်း သူတို့၏ လူများကို တိုက်ပွဲရပ်ရန် အမိန့်ပေးလိုက်ကြ၏။ နှစ်ဖက်စလုံးမှ လူများက တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီးနောက် ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများမှာ ထာဝရဧကရာဇ်၏ အနားသို့ ရောက်ရှိလာကြသည်။

"ဧကရာဇ်အရှင်... အပြာရောင်နတ်ဆိုးဘုရင်ကို လုမင်က သတ်လိုက်ပါပြီ"

အစစ်အမှန်ဧကရာဇ် တစ်ပါးက ထာဝရဧကရာဇ်အား သတင်းပို့လိုက်သည်။

"ငါ သိပါတယ်၊ အပြာရောင်နတ်ဆိုးဘုရင်က သူ့ဘာသာသူ သေကြောင်းရှာသွားတာပဲ"

ထာဝရဧကရာဇ်က အေးစက်သော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် ရန်သူနှင့် တိုက်ခိုက်နေသော်လည်း အောက်ခြေရှိ အခြေအနေများကို အမြဲ သတိထားနေခဲ့သဖြင့် ဖြစ်ပျက်သမျှကို သိနေခဲ့ပေသည်။

လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကဲ့သို့ ကြောက်စရာကောင်းသော ရတနာကို ထုတ်ယူလိုက်ကြောင်း မြင်ရသောအခါ သူ တုန်လှုပ်ခဲ့ရသည်။ သို့ရာတွင်၊ အပြာရောင်နတ်ဆိုးဘုရင်က အမှန်တကယ် တရားလွန်နေသောကြောင့် လုမင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင်။

All Chapters