အခန်း ၂၀၆၇
Vol. 142 Ch. 2067
အပိုင်း ( 2067 ) ချောက်အတွင်းမှ လူ။
ထာဝရဧကရာဇ်၏ စကားကို ကြားရပြီးနောက် မည်သူမျှ အထွန့်မတက်ဝံ့တော့ပေ။ အပြာရောင်နတ်ဆိုးဘုရင်၏ သေဆုံးမှုမှာ အချည်းနှီးဖြစ်သွားပြီမှန်း သူတို့ နားလည်လိုက်ကြသည်။
အကြောင်းမှာ၊ လုမင်ပြသခဲ့သော စွမ်းဆောင်ရည်က အလွန်တရာ ထိတ်လန့်စရာ ကောင်းလွန်းသောကြောင့်ပင်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်နေသော အရည်အချင်းကို ဘေးဖယ်ထားလျှင်ပင်၊ ထိုကျောက်တုံးလူသားကြီးဖြင့် မဟာဧကရာဇ်တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်းရှိနေခြင်းက ထာဝရဧကရာဇ်၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်နေပြီ။
အပြာရောင်နတ်ဆိုးဘုရင်မှာမူ အစစ်အမှန်ဧကရာဇ် တစ်ဦးသာ ဖြစ်သည်။ သူ၏အသက်အရွယ်အရ သူ့ဘဝတစ်လျှောက်လုံး မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် သူ၏သေဆုံးမှုမှာ အရေးမပါတော့ချေ။
"အရင် ပြန်ကြရအောင်"
ထာဝရဧကရာဇ်က ပြောလိုက်သည်။
ဟုတ်သည်၊ သူက ရှေးဦးနတ်ဆိုးခေါင်းတလားကို အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ပေ။ ရှေးဦးနတ်ဆိုးခေါင်းတလားမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည့် ထာဝရနတ်ဆိုးတိုင်းပြည်၏ တန်ဖိုးအရှိဆုံး ရတနာ ဖြစ်သည်။ ၎င်းမှာ အလွန်လျှို့ဝှက်နက်နဲလှသဖြင့် သူ အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ချေ။ သူဟာ အရင်ပြန်သွားပြီး နောက်ထပ် ကျွမ်းကျင်သူများကို ခေါ်ဆောင်လာရန် စီစဉ်ထားသည်။
မကြာမီမှာပင် ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။
"အဲဒီကောင်လေး အထဲဝင်သွားတာ ဘာမှမဖြစ်နိုင်ဘူး မဟုတ်လား"
ဝတ်စုံနက်ဝတ် မဟာဧကရာဇ်တစ်ပါးက ချောက်ကမ်းပါးရှိရာသို့ လှမ်းကြည့်ကာ မေးလိုက်သည်။
"သိုင်းဧကရာဇ်တွေက ဒီနေရာကို ဝင်လို့မရဘူး။ သိုင်းဧကရာဇ်အောက်က လူတွေကတော့ ကောင်းကင်ကို အန်တုနိုင်တဲ့ ပါရမီရှင်တွေမဟုတ်ရင် ပြန်ထွက်လာဖို့ မလွယ်ဘူးလေ။ ဒါပေမဲ့ အဲဒီလို ပါရမီရှင်မျိုးက ရှေးခေတ်ဟောင်းမှာတောင် ရှားမှရှားပါပဲ"
အခြား ဝတ်စုံနက်ဝတ် မဟာဧကရာဇ်က ခေါင်းယမ်းလိုက်လေသည်။
.............
လုမင်မှာ ချောက်ကမ်းပါးအတွင်းသို့ ပြေးဝင်လိုက်သည်နှင့် သူ၏ရှေ့တွင် ရှေးဦးနတ်ဆိုးခေါင်းတလားကို မြင်လိုက်ရသည်။ လုမင်က အပြေးအလွှား သွားကြည့်လိုက်ရာ ခေါင်းတလားအတွင်း၌ ရှဲ့နျန့်ချင်းမှာ ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့ရ၏။ သူမ၏ အသက်ရှူသံမှာ မှန်မှန်ရှိနေပြီး အိပ်ပျော်နေသကဲ့သို့ပင်။
သူက အမှန်ပင် ရှဲ့နျန်ချင်း ဖြစ်သည်။ လုမင်က လုံးဝ လူမမှားနိုင်ပေ။
"ရှောင်ချင်း... ရှောင်ချင်း"
လုမင်က တိုးတိုးလေး ခေါ်ကြည့်သည်။ သို့သော်၊ ရှဲ့နျန့်ချင်းမှာ မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။
'ရှောင်ချင်းက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ ပြီးတော့ ရှေးဦးနတ်ဆိုးခေါင်းတလားထဲမှာ ဘာလို့ လဲလျောင်းနေရတာလဲ။ ဒီခေါင်းတလားကို အနက်ရောင်ဝတ်ရုံနဲ့ မဟာဧကရာဇ်တွေက ခိုးယူသွားတာ မဟုတ်ဘူးလား။ သူတို့က ဘာဖြစ်လို့ ရှောင်ချင်းကို ဒီထဲ ထည့်ထားရတာလဲ'
'ရှောင်ချင်းရဲ့ ဝိညာဉ်က ဒဏ်ရာရနေလို့ အဲဒီ မဟာဧကရာဇ်တွေက ကယ်တင်ဖို့ ကြိုးစားနေတာများလား'
လုမင်၏ စိတ်ထဲတွင် သံသယများနှင့် အတွေးများစွာ ပြည့်နှက်နေသည်။ သို့သော်လည်း ဤအဖြေအားလုံးကို ရှဲ့နျန့်ချင်း နိုးလာမှသာ သိရှိနိုင်လိမ့်မည်။
'အရင်ဆုံး ဒီနေရာကနေ ထွက်ရမယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူ၏နောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် အရာကြောင့် မှင်တက်သွားရ၏။
အကြောင်းမှာ၊ နောက်ဘက်တွင် လမ်းမရှိတော့သောကြောင့်ပင်။ ထိုနေရာမှာ လုမင် ယခုဝင်လာခဲ့သော ချောက်ဝင်ပေါက် ဖြစ်သော်လည်း ယခုမူ မည်သည့် ဝင်ပေါက်မျှ မရှိတော့ပါ။ လုမင်က လက်သီးဖြင့် လေထဲကို ထိုးနှက်ကြည့်သော်လည်း ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင် မည်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်မလာခဲ့ချေ။
"ပြန်လမ်းမရှိတော့ဘူးဆိုမှတော့ ရှေ့ကိုပဲ ဆက်သွားရတော့မှာပေါ့"
လုမင်က ချောက်၏ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှေ့ဘက်တွင်မူ အလွန်ပင် နက်ရှိုင်းကာ မှောင်မည်းနေပြီး မည်မျှအထိ ရှည်လျားသည် သို့မဟုတ် မည်သည့်နေရာသို့ ရောက်မည်ကို မသိနိုင်ချေ။ လုမင်က ရှေးဦးနတ်ဆိုးခေါင်းတလားကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ သိမ်းဆည်းလိုက်ပြီး ရှေ့ကို ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
"ရပ်စမ်း၊ မင်း ဒီလမ်းကို ဖြတ်သွားလို့မရဘူး"
ရုတ်တရက်၊ လူရိပ်တစ်ခုက လုမင်၏ရှေ့တွင် ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။ ၎င်းက ကျောထက်တွင် ဓားတစ်လက်ကို လွယ်ပိုးထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။
လုမင်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
"အကြီးအကဲ၊ ကျွန်တော်က ဒီကို မတော်တဆ ရောက်လာတာပါ။ ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပါဦး"
"မင်း ငါ့ကို အနိုင်မတိုက်နိုင်သရွေ့ ဒီနေရာကို ဖြတ်သွားလို့မရဘူး"
ထိုသူ၏ မျက်လုံးအကြည့်များနှင့် အသံမှာ လူသားစင်စစ်တစ်ယောက် မဟုတ်သကဲ့သို့ အေးစက်လွန်းလှသည်။
လုမင်က သေချာကြည့်လိုက်သည့်အခါမှ ထိုသူမှာ လူအစစ်မဟုတ်ဘဲ စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။
'ဒီနေရာကနေ ထွက်ဖို့အတွက် ငါ စမ်းသပ်မှုတွေကို ကျော်ဖြတ်ရမယ်လို့တော့ မပြောနဲ့နော်'
လုမင် တွေးလိုက်မိသည်။ နောက်အခိုက်တွင်၊ သူက ရှေ့သို့ ပြေးတက်သွားပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ထိုးနှက်လိုက်၏။
"ရွှစ်..."
အနက်ရောင် အလင်းတန်းများနှင့်အတူ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး မြူထုကို ပိုင်းဖြတ်ကာ လုမင်ထံ ကျရောက်လာတော့သည်။
"ဝုန်း"
ဓားအလင်းနှင့် လုမင်၏ လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ လုမင်သည် သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်တော့မည့်အလား ပြင်းထန်သော အင်အားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရ၏။ လုမင်၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး နောက်သို့ ဆုတ်သွားရတော့သည်။
'ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ'
လုမင် အံ့သြသွားရသည်။
ထိုလူလတ်ပိုင်း အမျိုးသားမှာ ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိနေသော်လည်း သူ၏ခွန်အားက အမှန်တကယ် ကြောက်စရာ ကောင်းပေသည်။
လုမင်က ဤလက်သီးတွင် အတားအဆီးမဲ့သောကောင်းကင်သိုင်းနှင့် ကစဉ့်ကလျားနိယာမတို့ကိုသာ အသုံးပြုထားခဲ့သည်။ သို့သော်လည်း ထိုလက်သီးချက်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ကိုပင် နောက်ဆုတ်သွားစေနိုင်စွမ်း ရှိ၏။ သို့သော်လည်း ယခုမူ လုမင်ကိုယ်တိုင်သာ နောက်ဆုတ်သွားခဲ့ရပြီ။
"ထပ်လာမယ်"
လုမင်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာပြီး ရှေ့သို့ တိုးဝင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကစဉ့်ကလျား အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
"ဝမ်"
လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အသုံးပြုကာ လက်ညှိုးဖြင့် ထိုးလိုက်သည်။ ကြီးမားလှသော လက်ချောင်းကြီးမှာ တစ်ဖက်လူထံသို့ ဖိနှိပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဘယ်ဘက်လက်မှ အဆုံးမဲ့ စာလုံးပုံရိပ်များ ထွက်ပေါ်လာသည်။ နဂါးကြီးကိုးကောင် ထွက်ပေါ်လာပြီး တစ်ဖက်လူကို တိုက်ခိုက်လိုက်၏။
တစ်ဖက်လူ၏ မျက်နှာမှာမူ မည်သည့် ခံစားချက်မျှ မရှိဘဲ အေးစက်နေဆဲပင်။ သူ့လက်ထဲမှ ဓားဖြင့် တစ်ဖန် ပိုင်းဖြတ်လိုက်ရာ အနက်ရောင် ဓားအလင်းတန်းက ကစဉ့်ကလျားကပ်ဘေးလက်ချောင်းနှင့် အစီရင်နိယာမဖြင့် ဖန်တီးထားသော နဂါးကိုးကောင်တို့ကို တိုက်ရိုက်ပင် ဖြတ်တောက်သွားခဲ့သည်။
ဓားစွမ်းအင်မှာ လုမင်ထံသို့ပင် ပြန့်နှံ့သွားသဖြင့် နောက်သို့ ထပ်မံဆုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ကစဉ့်ကလျား အလင်းတန်းများပင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ယင်းက မည်သို့သော တိုက်ခိုက်နိုင်စွမ်းမျိုး ဖြစ်သနည်း။ ဤအမျိုးသားက ဧကရာဇ်တစ်ပိုင်းများကြားမှာပင် ထူးကဲသော တည်ရှိမှုမျိုး ဖြစ်သည်။
"ခွဲပြီး တိုက်လို့မရရင်လည်း ပေါင်းစပ်ပြီး တိုက်ရတာပေါ့"
လုမင်၏ တိုက်ခိုက်လိုစိတ်မှာ ပို၍ ပြင်းထန်လာသည်။
သူက ရှေ့သို့ တစ်ဖန်တိုးဝင်ပြီး ကစဉ့်ကလျားကပ်ဘေးလက်ချောင်းဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။ ဤသည်မှာ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းပင်ဖြစ်သော်လည်း ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမတို့ကို ပေါင်းစည်းထားသည့် ရလဒ်ပင် ဖြစ်သည်။
ယခုအခါ သူတော်စင်နှလုံးသား နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီ။ လုမင်၏ နိယာမ နှစ်ခုမှာလည်း လုံးဝ ပေါင်းစည်းသွားပြီး ၎င်း၏စွမ်းအားက အံ့မခန်းအဆင့်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
ဓားအလင်းနှင့် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ချောက်အတွင်း၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
သူတို့၏ တိုက်ခိုက်နိုင်စွမ်းအရ မြေပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်သော်လည်း ဤချောက်အတွင်း၌မူ နံရံပေါ်တွင် အက်ကြောင်း အနည်းငယ်သာ ဖြစ်ပေါ်စေနိုင်သည်။
သူတို့နှစ်ဦးက အပြန်အလှန် တိုက်ခိုက်နေကြသည်။ သို့သော်၊ လုမင်က နိယာမ နှစ်ခု ပေါင်းစည်းမှုကို အသုံးပြုထားသည့်တိုင် အသာစီး မရနိုင်သေးပေ။
"သတ်"
လုမင်က ဟိန်းဟောက်လိုက်ပြီး သူ၏ စွမ်းအားများကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်သည်။
သူ၏ သူတော်စင်နှလုံးသားမှာ လျင်မြန်စွာ လည်ပတ်နေပြီး သူတော်စင်စွမ်းအားများက မြစ်တစ်စင်းအလား အဆက်မပြတ် စီးထွက်လာ၏။ လုမင်က နိယာမ စွမ်းအားကို အဆုံးစွန်အထိ အသုံးပြု၍ တိုက်ခိုက်သည်။ သို့သော်... သူတို့နှစ်ဦးမှာ သရေသာ ဖြစ်နေဆဲပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က တိုက်ကွက်ပေါင်း ဒါဇင်နှင့်ချီ၍ ဖလှယ်ခဲ့ကြသော်လည်း အရှုံးအနိုင်မှာ ခွဲရခက်နေဆဲ ဖြစ်သည်။
"ဝုန်း..."
လုမင်က နောက်ထပ် တိုက်ကွက်တစ်ခု ဖလှယ်ပြီးနောက် တိုက်ခိုက်မှုအားလှိုင်းကို အသုံးပြုကာ မီတာ ရာဂဏန်းခန့် နောက်သို့ ဆုတ်ခွာသွားလိုက်သည်။
လုမင်က နောက်သို့ ဆုတ်သွားသည့်အခါ ထိုအမျိုးသားကလည်း လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ပေ။ သူက လမ်းကိုသာ ပိတ်ဆို့၍ ရပ်နေခဲ့သည်။
"စွမ်းအားကြီးလှချေလား"
လုမင် အံ့သြသွားရသည်။
ထိုအမျိုးသား၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်သားတော် တစ်ဦးနှင့် တူညီသည်ဟု သူ ခန့်မှန်းလိုက်မိသည်။ သူက ပိုမသန်မာလျှင်ပင် မဝေးတော့ပေ။
လုမင်၏ လက်ရှိ ကျင့်ကြံမှုမှာ ဧကရာဇ်တစ်ပိုင်း အဆင့်နှင့် အလွန် နီးစပ်နေပြီ။
ထို့ပြင် လုမင်၏ ဝိညာဉ်ခန္ဓာမှာလည်း သာမန် ကောင်းကင်သားတော်များထက် ပို၍ သန်မာသည်။
သူတော်စင်နှလုံးသား နှစ်ခု ပေါင်းစည်းမှုနှင့် နိယာမ နှစ်ခု ပေါင်းစည်းမှုတို့ကြောင့် လုမင်သည် ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေသော ကောင်းကင်သားတော် တစ်ဦးကိုပင် ယှဉ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော်လည်း ယခုမူ ထိုသူနှင့် သရေသာ ဖြစ်နေခဲ့ရပြီ။
"ဟင်..."
ထိုအခိုက်တွင် လုမင်က ထူးခြားမှူတစ်ခုကို သတိပြုမိလိုက်သည်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးမှ သေခြင်းတရား အငွေ့အသက်များ ပျံ့လွင့်လာ၏။
၎င်းက သေဆုံးခြင်း နိယာမပင် ဖြစ်တော့သည်။