အခန်း ၂၀၆၈
Vol. 142 Ch. 2068
အပိုင်း ( 2068 ) ရှဲ့နျန်ချင်း နိုးထလာပြီ။
လုမင်က သူ၏လက်ကို မြှောက်လိုက်သည်။ သေခြင်းတရားနိယာမက သူ၏လက်ဖဝါးမှ အမှန်တကယ် ထွက်ပေါ်လာ၏။
၎င်းက အလွန်အားနည်းပြီး အရိပ်ယောင်မျှသာ ရှိသေးသည်။ သို့သော်လည်း ပြင်ပသို့ ပြန့်နှံ့သွားပါက တစ်လောကလုံးကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ လုမင်ကိုယ်တိုင်လည်း အံ့အားသင့်သွားရပေသည်။ သူဟာ ကြက်သေသေနေပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။
သူက မထင်မှတ်ဘဲ သေခြင်းနိယာမကို တတ်မြောက်သွားပုံပင်။
ယခင်က ရှေးဟောင်းမြို့တော်တွင် လုမင်သည် အပြာရောင်နတ်ဆိုးဘုရင်၏ လိုက်လံတိုက်ခိုက်မှုကို ခံရပြီး ချော်ရည်ကန်ထဲသို့ ပြေးဝင်ခဲ့ရသည်။ သူ့ခန္ဓာကိုယ်မှာ လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
တစ်နည်းအားဖြင့်ဆိုရသော်၊ ထိုအချိန်က လုမင်သည် အမှန်တကယ်ပင် ကျဆုံးသွားခဲ့ပြီး သေခြင်းတရားနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ထိုအတွေ့အကြုံက လုမင်အား သေခြင်းတရားနှင့် ပတ်သက်၍ နက်ရှိုင်းသော နားလည်မှုကို ပေးခဲ့ပေသည်။
နောက်ပိုင်းတွင် သူ့ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းသောအခါ ကောင်းကင်ဧကရာဇ်၏ခန္ဓာအတွက် စွမ်းအင်များ စုပ်ယူရန်သာ အလုပ်ရှုပ်နေခဲ့သဖြင့် သေချာစွာ အာရုံခံစားကြည့်ရန် အချိန်မရခဲ့ချေ။
ယခုလေးတင် ထိုလူလတ်ပိုင်းအမျိုးသားနှင့် အစွမ်းကုန် တိုက်ခိုက်ပြီး သူ့ခွန်အားကို အဆုံးစွန်အထိ အသုံးပြုလိုက်ချိန်မှသာ သူ၏တိုက်ကွက်များ၌ သေခြင်းတရားနိယာမ အစအနလေးများ အမှန်တကယ် ပါဝင်နေခဲ့ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ဒါက မယုံနိုင်စရာ ကိစ္စရပ်ပင်။
သိုင်းဧကရာဇ်အဆင့်အောက်တွင် လူတစ်ယောက်က နိယာမတစ်ခုကိုသာ နားလည်သဘောပေါက်နိုင်သည်မှာ သဘာဝ ဖြစ်သည်။ သို့သော်လည်း လုမင်က အမြွှာသက်စောင့်တားမြစ်ကျင့်စဥ်ကို ကျင့်ကြံထား၏။ မူလခန္ဓာနှင့် ဒုတိယခန္ဓာတို့ ပေါင်းစည်းခြင်းဖြင့် သူတော်စင်နှလုံးသား နှစ်ခုကို ကျင့်ကြံနိုင်ခဲ့ပြီး နိယာမနှစ်ခုကို တတ်မြောက်နိုင်ခဲ့သည်။
ထို့နောက် ချော်ရည်ကန်အတွင်း၌ သေလုနီးပါးဖြစ်ချိန်တွင် သူတော်စင်နှလုံးသား နှစ်ခုမှာ ပေါင်းစည်းသွားခဲ့သည်။ နိယာမနှစ်ခုသည်ပင် တစ်ပါတည်း ပေါင်းစည်းသွားစေခဲ့၏။
သိုင်းဧကရာဇ်အဆင့်သို့ မရောက်သေးသော်လည်း နိယာမနှစ်ခုကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့ကို ပေါင်းစည်းနိုင်ခြင်းမှာပင် အံ့မခန်းကိစ္စ ဖြစ်သည်။
ထိုအကြောင်းကို လူအများ သိရှိသွားပါက ပါးစပ်အဟောင်းသားဖြစ်ပြီး အံ့ဩတုန်လှုပ်သွားကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
သို့သော်လည်း ယခုဖြစ်ရပ်နှင့် နှိုင်းယှဉ်လျှင်မူ ထိုအခြင်းအရာမှာ အသေးအမွှားမျှသာ ရှိတော့သည်။
သေခြင်းတရား နိယာမသည် အစွမ်းထက်ဆုံး နိယာမဆယ်ပါးထဲမှ တစ်ခု ဖြစ်သည်။
ထို့ပြင် အစွမ်းထက်ဆုံး နိယာမဆယ်ပါးထဲမှ မည်သည့် နိယာမပင်ဖြစ်စေ... တစ်ပြိုင်နက်တည်း ယှဉ်တွဲ၍ မတည်ရှိနိုင်သည်မှာ ရှေးဟောင်းခေတ်ကတည်းက မပြောင်းလဲသော သဘာဝတရားပင်။
သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိလျှင်ပင် အစွမ်းထက်ဆုံး နိယာမနှစ်ခုကို ထိန်းချုပ်ရန် မဖြစ်နိုင်ပါ။
၎င်းမှာ ဂူတစ်လုံးတွင် ကျားနှစ်ကောင် မအောင်းနိုင်သကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း ယခုမူ၊ လုမင်က သိုင်းဧကရာဇ်အဆင့်သို့ မရောက်သေးသော်လည်း အစွမ်းထက်ဆုံး နိယာမနှစ်ခုကို တတ်မြောက်နေခဲ့ပြီ။ သေခြင်းတရားနိယာမမှာ အလွန်အားနည်းနေသေးသော်လည်း ၎င်းကို အမှန်တကယ် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
အစွမ်းထက်ဆုံး နိယာမနှစ်ခု ယှဉ်တွဲတည်ရှိနေခြင်း...
ဤအကြောင်းသာ ပြန့်နှံ့သွားပါက လူအများမှာ လုံးဝ ယုံကြည်နိုင်ကြတော့မည် မဟုတ်ပေ။
'ဒါက ငါ့ရဲ့ သူတော်စင်နှလုံးသားကြောင့်များလား'
လုမင်မှာ မနေနိုင်ဘဲ တွေးလိုက်မိသည်။
သူ၏ သူတော်စင်နှလုံးသားက အလွန်ပင် ထူးခြားလှပေသည်။ ၎င်းမှာ အမြွှာသက်စောင့်တားမြစ်ကျင့်စဥ်မှ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် အမြွှာသက်စောင့်တားမြစ်ကျင့်စဥ်ကို ကျင့်ကြံပြီး သူတော်စင်နှလုံးသား နှစ်ခုကို ကျင့်ကြံနိုင်သူများ ရှိခဲ့လျှင်ပင် ထိုသူတို့မှာ ဤသို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
လုမင်ကဲ့သို့ သူတော်စင်နှလုံးသား နှစ်ခုက ပြန်လည်ပေါင်းစည်းသွားသူမျိုးမှာလည်း မည်သူမျှ မရှိခဲ့ပါ။
ဤသို့ ဖြစ်နိုင်ခြေမှာပင် အလွန် နည်းပါးလှသည်။
အချုပ်ဆိုရလျှင်၊ လုမင်၏ ထူးခြားသော သူတော်စင်နှလုံးသားက သူ့အား အစွမ်းထက်ဆုံး နိယာမဆယ်ပါး အပါအဝင် နိယာမများစွာကို တစ်ပြိုင်နက်တည်း လက်ခံနိုင်ရန် အခွင့်အရေး ပေးထားခြင်း ဖြစ်နိုင်သည်။
ထိုသို့ တွေးမိသည့်အခါ လုမင်မှာ အတိုင်းမသိ ဝမ်းသာသွားရသည်။
၎င်းက နောင်တစ်ချိန်တွင် သူသည် အသန်မာဆုံး နိယာမများကို ပိုမိုထိန်းချုပ်နိုင်လာမည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
အကယ်၍ သူသာ အစွမ်းထက်ဆုံး နိယာမဆယ်ပါးစလုံးကို တတ်မြောက်ပြီး ၎င်းတို့ကို ပေါင်းစည်းနိုင်မည်ဆိုလျှင် မည်သို့ဖြစ်လာနိုင်မည်နည်း။
လုမင်၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ခုန်ပေါက်လာတော့သည်။
'ဒါဆိုရင် ငါ ဒီမှာ ခဏလောက် လေ့ကျင့်လိုက်မယ်'
လုမင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှေးဦးနတ်ဆိုးခေါင်းတလားကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ချလိုက်သည်။ ရှဲ့နျန့်ချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုမင်က ခေါင်းတလားဘေးတွင် တင်ပျဉ်ခွေထိုင်ကာ သေခြင်းတရားနိယာမကို စတင်၍ နားလည်ဆင်ခြင်ရန် ကြိုးစားတော့သည်။
သူ၏ နားလည်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ သေခြင်းတရား အငွေ့အသက်များ ပို၍ ဖြာထွက်လာသည်။ ၎င်းမှာ အလွန်အားနည်းသေးသော်လည်း သေခြင်းတရားနိယာမပင်။
လုမင်က ရက်အနည်းငယ်ကြာအောင် ဆက်တိုက် ကျင့်ကြံခဲ့သည်။ သေခြင်းတရားနိယာမအပေါ် သူ၏ နားလည်မှုက တဖြည်းဖြည်း နက်ရှိုင်းလာ၏။ ၎င်းက တစ်ဝက်မျှပင် မပြီးမြောက်သေးသော်လည်း လုမင်မှာ အလွန်ကျေနပ်နေပြီ။ သူက သေခြင်းတရားနိယာမကို အမှန်တကယ် တတ်မြောက်သွားပြီ ဖြစ်သည်။
လူတစ်ယောက်က အသန်မာသော နိယာမနှစ်ခုကို တစ်ပြိုင်နက် တတ်မြောက်ထားခြင်းမှာ လုမင်ကိုယ်တိုင်ပင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရတော့သည်။
'သေခြင်းတရားနိယာမက အခုတော့ အားနည်းနေသေးတယ်။ တကယ်လို့ သေခြင်းတရားနိယာမက ပိုပြီး တိုးတက်လာလို့ တခြားနိယာမတွေနဲ့ပါ ပေါင်းစည်းနိုင်သွားရင် ဘယ်လောက်တောင် အစွမ်းထက်နိုင်မလဲ'
'ပြီးတော့ ငါက နိယာမ သုံးခုကို တတ်မြောက်ထားပြီးပြီ။ ဒါဆိုရင် နောက်ထပ်ရော တတ်မြောက်နိုင်ဦးမလား'
လုမင်၏ စိတ်ကူးများမှာ ပို၍ ကြီးမားကျယ်ပြန့်လာသည်။
သူ၏ လက်ရှိအဆင့်အရ ကျင့်ကြံမှု နိမ့်ပါးစဉ်ကကဲ့သို့ အခြားနိယာမများကို နားလည်သဘောပေါက်ရန် အဆင့်ဆင့် ကြိုးစားနေစရာ မလိုတော့ချေ။ သူက ထိုအဆင့်များကို ကျော်ဖြတ်ကာ နိယာမများကို တိုက်ရိုက် နားလည်သဘောပေါက်နိုင်သည်။
သိုင်းဧကရာဇ်များက နိယာမအသစ်များကို နားလည်သဘောပေါက်ရန် ကြိုးစားသကဲ့သို့ပင် သူသည်လည်း နိယာမများမှ တိုက်ရိုက် စတင်နိုင်ပေသည်။
နောက်ရက်များတွင် လုမင်က သေခြင်းတရားနိယာမကို နေ့စဉ် နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။ သေခြင်းတရားနိယာမကို ကျန်နိယာမ နှစ်ခုနှင့် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းခဲ့၏။ လုမင်၏ သူတော်စင်နှလုံးသားမှာ အမှန်တကယ် အံ့ဖွယ်ကောင်းလှသည်။ နိယာမများကို ပေါင်းစည်းရန် လုမင်၏ ကြိုးစားမှုမှာ အလွန်ပင် ချောမွေ့ခဲ့ပေသည်။
လဝက်ခန့် ကြာပြီးနောက်တွင်၊ လုမင်၏ သေခြင်းတရားနိယာမမှာ တစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ကျင့်ကြံပြီးမြောက်သွားခဲ့သည်။ သူက ၎င်းကို ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမတို့နှင့်လည်း ပေါင်းစည်းနိုင်ခဲ့၏။ ဤနည်းဖြင့် လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အနည်းငယ် ပိုမို တိုးတက်လာခဲ့ပေသည်။
သို့သော်၊ ဤရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် ရှဲ့နျန့်ချင်းက နိုးထလာခြင်း မရှိသေးချေ။ ဤသည်က လုမင်ကို အနည်းငယ် စိုးရိမ်လာစေသည်။ အကယ်၍ ရှဲ့နျန့်ချင်းသာ ဘယ်တော့မှ နိုးမလာတော့လျှင် အဘယ်သို့ပြုလုပ်ရမည်နည်း။
သို့သော်လည်း စိုးရိမ်နေလျှင်ပင် ဘာမှမထူးသဖြင့် သူ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ လုမင်က စိတ်ကို တည်ငြိမ်အောင်ထားပြီး သေခြင်းတရားနိယာမကို ဆက်လက် ကျင့်ကြံခဲ့သည်။
ယခုအခါ ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမတို့က အလွန် ရင့်ကျက်နေပြီဖြစ်၍ ထပ်မံ တိုးတက်ရန် မလွယ်ကူတော့ပေ။ သို့သော်လည်း သေခြင်းတရားနိယာမမှာမူ အစောပိုင်း အဆင့်တွင်သာ ရှိသေးသည်။
လုမင်သည် ချော်ရည်ကန်ထဲတွင် ရှိစဉ်က သေခြင်းတရားကို အမှန်တကယ် တွေ့ကြုံခဲ့ရသဖြင့် သေခြင်းတရားနိယာမအပေါ် သူ၏ နားလည်မှုမှာ အလွန် မြန်ဆန်နေခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သေခြင်းတရားနိယာမအပေါ် သူ၏ နားလည်မှုမှာ ပိုပိုပြီး နက်ရှိုင်းလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်က ဤချောက်အတွင်းသို့ ရောက်နေသည်မှာ တစ်လခန့် ရှိနေပြီ။ သေခြင်းတရားနိယာမ၏ နားလည်မှုမှာလည်း နှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"နောက်တစ်ခေါက် ထပ်သွားရအောင်"
လုမင်က ရှေးဦးနတ်ဆိုးခေါင်းတလားကို သိမ်းဆည်းကာ ရှေ့သို့ လှမ်းတက်လိုက်သည်။
နေရာတစ်ခုသို့ ရောက်ရှိသည့်အခါ ထိုလူလတ်ပိုင်း အမျိုးသားမှာ တစ်ဖန် ပေါ်လာခဲ့၏။ ဤတစ်ကြိမ်တွင်၊ စကားများစွာ ပြောမနေတော့ဘဲ လုမင်ကပင် စတင် တိုက်ခိုက်လိုက်တော့သည်။ ယခုတစ်ကြိမ်တွင်၊ လုမင်က သူ၏ စွမ်းအားအပြည့်ကို အသုံးချလိုက်သည်။
ယခုတစ်ကြိမ်တွင်၊ လုမင်က နိယာမ သုံးမျိုးလုံးကို ပေါင်းစပ် အသုံးပြုလိုက်၏။ သေခြင်းတရားနိယာမက အစွမ်းထက်ဆုံး နိယာမဆယ်ပါးထဲမှ တစ်ခု ဖြစ်သည်။ ၎င်းကို ကစဉ့်ကလျားနိယာမနှင့် ပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာသော စွမ်းအားက အမှန်တကယ် အံ့ဖွယ်ကောင်းပေသည်။ ၎င်းက ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာသကဲ့သို့ပင်။
ယခုတစ်ကြိမ်တွင်၊ လုမင်က အသာစီး ရခဲ့သည်။
တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ် အပြီးတွင်မူ လုမင်က တစ်ဖက်လူ၏ ဓားအလင်းကို ဖျက်ဆီးပစ်လိုက်၏။ သူက တစ်ဖက်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်ကာ အနိုင်ယူနိုင်ခဲ့တော့သည်။
သူသည် ထိုလူလတ်ပိုင်းအမျိုးသားကို နောက်ဆုံးတွင် အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
လုမင်လည်း ကျေနပ်စွာ ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့လေသည်။ သို့သော် ခဏမျှ ရှေ့တိုးနိုင်ပြီး လုမင်မှာ ရပ်တန့်လိုက်ရပြန်သည်။
အကြောင်းမှာ၊ သူ့ရှေ့တွင် လူရိပ်နှစ်ခု ပေါ်လာသောကြောင့်ပင်။ ၎င်းတို့မှာ လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဖြစ်သည်။
လုမင်က ထိုသူများနှင့် တိုက်ခိုက်ကြည့်သည့်အခါ ထိုလူလတ်ပိုင်းအမျိုးသား နှစ်ဦးစလုံး၏ တိုက်ခိုက်နိုင်စွမ်းက ယခင်လူနှင့် အတူတူပင် ဖြစ်ကြောင်း သိလိုက်ရသည်။
၎င်းက တစ်ယောက်တည်းနှင့်ပင် အလွန်ခက်ခဲနေပြီ။ ယခုကဲ့သို့ လူနှစ်ယောက်က ပေါင်းစည်း တိုက်ခိုက်သည့်အခါ လုမင်မှာ သူ့စွမ်းအား အပြည့်ကို အသုံးချသော်လည်း အရေးနိမ့်ရပြန်တော့သည်။ သူ့မှာ ဘာမှမတတ်နိုင်တော့ဘဲ နောက်သို့သာ ဆုတ်ခွာလိုက်ရသည်။
"အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာတော့ ဒီကနေ ထွက်ဖို့ မလွယ်ဘူး ထင်တယ်"
လုမင်လည်း ခေါင်းယမ်းလိုက်ပြီးနောက် ရှေးဦးနတ်ဆိုးခေါင်းတလားကို တစ်ဖန် ပြန်ထုတ်ယူလိုက်သည်။
"ဟင်"
ရုတ်တရက်၊ လုမင်၏ မျက်လုံးများ တောက်ပသွားသည်။ ယခုလေးတင် ရှဲ့နျန့်ချင်း၏ လက်ချောင်းလေး လှုပ်ရှားသွားသည်ကို သူ သတိပြုလိုက်မိ၏။
သူ လုံးဝ အကြည့်မမှားပေ။
လုမင်မှာ အတိုင်းမသိ ဝမ်းသာသွားရသည်။
ရှဲ့နျန့်ချင်းက နိုးလာတော့မှာလား။
လုမင်က ရှဲ့နျန့်ချင်းကို စိုက်ကြည့်နေမိသည်။ မျှော်လင့်ထားသည့်အတိုင်းပေ၊ မကြာမီမှာပင် ရှဲ့နျန့်ချင်း၏ လက်ချောင်းလေးမှာ ထပ်မံ လှုပ်ရှားလာခဲ့သည်။ မကြာမီမှာပင် နောက်တစ်ကြိမ် လှုပ်ရှားလာပြန်၏။
ခဏအကြာမှာတော့ ရှဲ့နျန့်ချင်းက ခပ်တိုးတိုး ညည်းညူရင်း သူမ၏ မျက်လုံးများကို ဖွင့်လိုက်တော့သည်။ ရှဲ့နျန်ချင်းက သူ၏ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးများကို ဖွင့်ကြည့်လိုက်သည့်အခါ လုမင်ကို တွေ့လိုက်ရသည်။
အစပိုင်းတွင် သူမ၏ မျက်လုံးအကြည့်များက အနည်းငယ် ဝေဝါးနေသော်လည်း ယင်းနောက်တွင်မူ အနှိုင်းမဲ့သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"လုမင်"
ရှဲ့နန်ချင်း၏ နှုတ်ခမ်းပါးမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။