အခန်း ၂၀၆၉
Vol. 142 Ch. 2069
အပိုင်း ( 2069 ) ရှင့်အတွက် ကလေးယူချင်တယ်။
ရှဲ့နျန့်ချင်း၏ မျက်ဝန်းအစုံက ဝိုင်းစက်နေပြီး လုမင်ကို စိုက်ကြည့်နေမိသည်။ အစပိုင်းမှာတော့ သူဟာ မယုံကြည်နိုင်သလို ဖြစ်နေသေးသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် ဝမ်းသာပျော်ရွှင်မှုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
"လုမင်"
ရှဲ့နျန့်ချင်းက အိပ်မက်မက်နေသကဲ့သို့ မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ခေါ်လိုက်မိလေသည်။
"ရှောင်ချင်း... ကိုယ်ပါ"
လုမင်လည်း ဝမ်းသာသွားရသည်။ ရှဲ့နျန့်ချင်းက နောက်ဆုံးမှာ နိုးလာခဲ့ပြီ။ ယခုကြည့်ရသလောက် သူဟာ ဘာမှဖြစ်ပုံမရပါ။ သူတို့ နောက်ဆုံး ခွဲခွာခဲ့ရသည်မှာ နှစ်အနည်းငယ် ရှိခဲ့ပြီ ဖြစ်သည်။ သူမကို မလွမ်းဆွတ်ခဲ့ပါဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
"လုမင်... တကယ်ပဲ ရှင်လား"
ရှဲ့နျန့်ချင်းက ဤသူမှာ အမှန်တကယ်ပင် လုမင်ဖြစ်ကြောင်း အတည်ပြုနိုင်သွားပုံရသည်။ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ လှုပ်ရှားသွားပြီး ရှေးဦးနတ်ဆိုးခေါင်းတလားထဲမှ ပြေးထွက်ကာ လုမင်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။
လုမင်လည်း ရှဲ့နျန့်ချင်း၏ သွယ်လျသော ခါးလေးကို ဖက်ထားလိုက်ပြီး သူမကို သူ၏ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိသည်။ အချိန်အတော်ကြာမှ သူတို့နှစ်ဦး လူချင်း ခွဲခွာလိုက်ကြလေသည်။
"ရှောင်ချင်း... မင်းက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ရှေးဦးနတ်ဆိုးခေါင်းတလားထဲမှာ လဲလျောင်းနေရတာလဲ။ ရေခဲနဂါး ဘိုးဘေးရော ဘယ်လိုနေသေးလဲ။ ပြီးတော့ ဟိုဝတ်စုံနက်ဝတ် လူတွေကရော ဘယ်သူတွေလဲ"
လုမင်က မေးခွန်းပေါင်းများစွာကို ဆက်တိုက် မေးလိုက်မိသည်။ သူ အမှန်တကယ်ပင် သိချင်စိတ်များ ပြည့်နှက်နေမိ၏။
"အဲဒီတုန်းက ရေခဲနဂါးဘိုးဘေးနဲ့ ကျွန်မ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ လိုက်လံတိုက်ခိုက်မှုကနေ ထွက်ပြေးရင်းနဲ့ ရှေးဟောင်း အပျက်အယွင်းတစ်ခုထဲကို မတော်တဆ ကျရောက်သွားခဲ့တယ်..."
ထို့နောက် ရှဲ့နျန့်ချင်းက လွန်ခဲ့သော နှစ်များအတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို ပြောပြခဲ့လေသည်။ ထိုစဉ်က သူနှင့် ရေခဲနဂါး ဘိုးဘေးတို့သည် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ လက်မှလွတ်အောင် ထွက်ပြေးရင်း လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း အပျက်အစီးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ထိုရှေးဟောင်းအပျက်အယွင်းကို စူးစမ်းရှာဖွေနေစဉ် ရှဲ့နျန့်ချင်းက ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခုပေါ်သို့ မတော်တဆ တက်မိသွားပြီး အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ နတ်ဆိုးပင်လယ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုနတ်ဆိုးပင်လယ်ထဲမှာပင် သူက ဝတ်စုံနက်ဝတ်လူများနှင့် တွေ့ဆုံခဲ့ရခြင်းပင်။
ရှဲ့နျန့်ချင်း၏ ပြောပြချက်အရ နတ်ဆိုးပင်လယ်သည် ရှေးဟောင်းစစ်ပွဲအတွင်း ကောင်းကင်လောကမှ ပြုတ်ကျလာခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
ထိုသူများထဲတွင် အချို့က သေဆုံးခြင်းမရှိဘဲ မျိုးဆက်များ လက်ဆင့်ကမ်းလာခဲ့ကြ၏။ ၎င်းတို့က ထိုဝတ်စုံနက်ဝတ်လူများပင် ဖြစ်သည်။
သူသည် နှစ်ပေါင်းများစွာ နတ်ဆိုးပင်လယ်ထဲတွင် ကျင့်ကြံနေခဲ့ရပြီး ပြန်ထွက်သွားချင်သော်လည်း ထိုသူများက ခွင့်မပြုခဲ့ချေ။
"ဒါဆိုရင် ရေခဲနဂါး ဘိုးဘေးက အဲဒီ ရှေးဟောင်း အပျက်အယွင်းနေရာမှာပဲ ကျန်နေခဲ့တာပေါ့"
လုမင်က မေးသည်။
"ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီ ရှေးဟောင်းနေရာက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်။ တခြား တညိနေရာရွှေ့ပြောင်းခြင်း အစီရင်တွေလည်း ရှိနိုင်သေးတာဆိုတော့ ရေခဲနဂါး ဘိုးဘေးက တခြားတစ်နေရာကို ရောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်"
ရှဲ့နျန့်ချင်းက ပြောလိုက်၏။
"ဒါထက်၊ အဲဒီ အနက်ရောင်ဝတ်ရုံခြုံလူတွေက ဘယ်လိုကဘယ်လိုဖြစ်ပြီး ရှေးဦးနတ်ဆိုးခေါင်းတလားကို ခိုးယူပြီး မင်းကို အထဲမှာ ထည့်ထားရတာလဲ"
ဤသည်မှာ လုမင်၏ အကြီးမားဆုံး သံသယပင်။
"ကျွန်မလည်း မသိဘူး။ အဲဒီလူတွေက အရမ်း လျှို့ဝှက်လွန်းတယ်"
ရှဲ့နျန့်ချင်းသည် ထိုအကြောင်းကို ဆက်ပြောလိုပုံမရပေ။ သူက စကားလမ်းကြောင်း လွှဲလိုက်ပြီး လုမင်ကို ပြန်မေးလိုက်သည်။
"ရှင်ကရော ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။ ဒီနှစ်တွေမှာ ရှင် ဘယ်လိုများ အသက်ရှင်ခဲ့ရလဲ"
"အဲဒါကတော့ ဒီလိုပါ..."
လုမင်က လွန်ခဲ့သော နှစ်များအတွင်း သူ၏ အတွေ့အကြုံများကို အကျဉ်းချုပ် ပြောပြလိုက်လေသည်။
"လုမင်... ရှင် အများကြီး ခံစားခဲ့ရပြီပဲ"
ရှဲ့နျန့်ချင်းက လုမင်၏ ရင်ခွင်ထဲသို့ ညင်သာစွာ မှီလိုက်သည်။
"ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ်မင်းကို ပြန်တွေ့ခဲ့ပြီပဲ။ ကိုယ်ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ၊ အခုလို ပြန်တွေ့ရတာနဲ့တင် တန်သွားပါပြီ"
လုမင်က ရှဲ့နျန့်ချင်း၏ ပုခုံးကို ကြင်နာစွာ ဖက်ထားလိုက်လေသည်။
"ဒါနဲ့... ဟိုကောင်မလေးက ရှင့်အပေါ်မှာ တော်တော်သစ္စာရှိတာပဲနော်"
ထိုစဉ်၊ ရှဲ့နျန့်ချင်းက မျက်လုံးဝိုင်းကြီးများဖြင့် လုမင်ကို စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ သူမ ဘာတွေတွေးနေသည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။
လုမင်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး မေးလိုက်သည်။
"မင်း သဝန်တိုနေတာလား"
"ဟုတ်တယ်"
ရှဲ့နျန့်ချင်းက ပွင့်လင်းစွာပင် ခေါင်းညိတ်ပြသည်။ သို့သော်လည်း သူက ဆက်လက်၍ ပြော၏။
"ဒါပေမဲ့ သူက ရှင့်အတွက်ဆိုရင် အသက်ကိုတောင် ပေးဝံ့တဲ့သူပဲ။ တကယ်လို့ ရှင်သာ သူ့ကို စိတ်ပျက်အောင်လုပ်ရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး"
"အယ်"
လုမင်မှာ အနည်းငယ် ကြောင်သွားရသည်။
ရှဲ့နျန့်ချင်း၏စကားက ဘာကိုဆိုလိုသနည်း။ သူက သဝန်တိုသည်ဟုဆိုသော်လည်း ချင်ယွဲ့ကို စိတ်မပျက်စေနဲ့ဟု လုမင်ကို ပြောနေပြန်သည်။ သူမ ဘာတွေ တွေးနေသည်ကို လုမင် အမှန်တကယ်ပင် နားမလည်နိုင်တော့ချေ။
"နှလုံးသားမရှိတဲ့သူအတွက် အသက်ကို အပ်နှံဖို့ မထိုက်တန်ဘူးလေ။ ဟွန့်... ပြောပြလည်း ရှင် နားလည်မှာမဟုတ်ပါဘူး။ အခု ဘာကိုစောင့်နေတာလဲ။ ရှင့်ရဲ့ ကောင်မလေးကို ရှေးဦးနတ်ဆိုးခေါင်းတလားထဲ အမြန်ထည့်လိုက်တော့လေ"
ရှဲ့နျန့်ချင်းက ပြောလိုက်သည်။
"ဪ... အင်း... ဟုတ်ပြီ"
လုမင်လည်း အမြန်ပင် တာ့ယန်ဆေးမီးဖိုကို ထုတ်ယူပြီး ချင်ယွဲ့ကို ရှေးဦးနတ်ဆိုးခေါင်းတလားထဲသို့ ထည့်လိုက်သည်။
ခေါင်းတလားအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များက ချင်ယွဲ့၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။ သူ၏ မျက်နှာမှာ အနည်းငယ် ပို၍ နီမြန်းလာပုံရ၏။ လုမင်လည်း နောက်ဆုံးတော့ စိတ်အေးသွားရပြီ။
ထို့နောက် လုမင်က ရှေးဦးနတ်ဆိုးခေါင်းတလားကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
လုမင်နှင့် ရှဲ့နျန့်ချင်းတို့က မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ ပြောစရာစကားများစွာ ရှိနေကြသဖြင့် ဆက်လက် စကားပြောနေခဲ့ကြလေသည်။
စကားပြောနေစဉ်မှာပင် ရှဲ့နျန့်ချင်းက ရုတ်တရက် မျက်မှောင်ကြုံ့သွားသည်။ သူမ၏ မျက်လုံးများထဲတွင် နာကျင်မှု အငွေ့အသက်များ ဖြတ်ပြေးသွားခဲ့၏။ သူက ခပ်တိုးတိုးလေး ညည်းတွားလိုက်လေသည်။
လုမင်က ထိုအခြေအနေကို သတိပြုမိလိုက်သည်။
"ရှောင်ချင်း... ဘာဖြစ်လို့လဲ"
လုမင်က အမြန် မေးလိုက်သည်။
"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး"
ရှဲ့နျန့်ချင်းက ပြုံး၍ ခေါင်းခါပြလိုက်၏။
လုမင် သံသယဖြစ်သွားသည်။ ယခုလေးတင် ရှဲ့နျန့်ချင်းက နာကျင်မှု ခံစားနေရသည်မှာ အသိသာကြီးပင်။
'ရှောင်ချင်းက ဒဏ်ရာရနေတာလား'
လုမင်က ဇဝေဇဝါ ဖြစ်သွားမိသည်။ သူက ရှဲ့နျန့်ချင်း၏ လက်ကလေးကို ဆုပ်ကိုင်ကာ သူ့ခန္ဓာကိုယ်ကို သေချာစွာ အာရုံခံကြည့်သော်လည်း မည်သည့်ဒဏ်ရာမျှ မတွေ့ရချေ။
"ရှောင်ချင်း... ဒီချောက်ရဲ့ အကြောင်းကို မင်း သိလား။ ကိုယ်တို့က တကယ်ပဲ လမ်းအဆုံးအထိ သွားမှ ဒီကနေ ထွက်လို့ရမှာလား"
လုမင်က မေးလိုက်သည်။
"အင်း"
ရှဲ့နျန့်ချင်းက ခေါင်းညိတ်ပြီး ပြောပြလိုက်၏။
"ကောင်းကင်လောကရဲ့ နယ်မြေကိုးခုထဲမှာ ရှေးဟောင်းနတ်ဆိုး ကောင်းကင်နယ်မြေဆိုတာ ရှိတယ်။ အဲဒီမှာ ရှိသမျှလူတိုင်းက နတ်ဆိုးကျင့်ကြံသူတွေချည်းပဲလေ။ နောက်ပိုင်း မိစ္ဆာနတ်ဘုရားမျိုးနွယ်စုတွေ ကျူးကျော်လာတော့ ကောင်းကင်ပြိုပျက်ပြီး မြေကမ္ဘာ အက်ကွဲခဲ့ရတယ်။ အဲဒီတုန်းက နတ်ဆိုးမြို့တော်တွေနဲ့ နတ်ဆိုးတောင်တန်းတွေ ကောင်းကင်ဘုံကနေ ပြုတ်ကျလာခဲ့ပြီး နတ်ဆိုးပင်လယ်ကြီး ဖြစ်လာခဲ့တာ"
"ပြီးတော့ ဒီတောင်ကလည်း ကောင်းကင်ဘုံကနေ ပြုတ်ကျလာတာပဲ။ ဒီတောင်က ကောင်းကင်ဘုံရဲ့ အရမ်းစွမ်းအားကြီးတဲ့ အင်အားစုတစ်ခုရဲ့ ပိုင်ဆိုင်မှု ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ဒီချောက်က အဲဒီအင်အားစုက တပည့်တွေကို စမ်းသပ်ဖို့ လုပ်ထားတဲ့ နေရာပဲလေ"
"သိုင်းဧကရာဇ်နယ်ပယ်အောက်က အသန်မာဆုံးသူတွေပဲ ဒီနေရာကို ဖြတ်ကျော်နိုင်ကြတယ်။ တကယ်လို့ မဖြတ်ကျော်နိုင်ဘူးဆိုရင်တော့ ဒီမှာပဲ တစ်သက်လုံး ပိတ်မိနေပြီး အိုသေသွားရုံပဲ ရှိမှာ"
"ဒီလောက် တင်းကျပ်တဲ့ စမ်းသပ်မှုမျိုးက..."
လုမင်လည်း စိတ်ထဲမှ ထိတ်လန့်သွားမိသည်။
ဤချောက်ထဲသို့ တစ်ခါ ဝင်မိသွားပြီဆိုလျှင် အလွန်သန်မာသော တိုက်ခိုက်နိုင်စွမ်းကို မပြနိုင်သရွေ့ ပြန်ထွက်နိုင်ရန် လမ်းမရှိချေ။ ဒါက လူတစ်ယောက်ကို အစဉ်မပြတ် တိုးတက်အောင် လုပ်ဆောင်ရန်နှင့် မိမိ၏ အစွမ်းအစများကို အဆုံးစွန်အထိ ထုတ်ဖော်နိုင်ရန် တွန်းအားပေးခြင်း ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများ၏ လုပ်ဆောင်ပုံမှာ အမှန်တကယ် ထူးခြားလှပေသည်။
"သိုင်းဧကရာဇ်အောက်က အသန်မာဆုံးဆိုတာ ဘယ်လောက်အထိ သန်မာရမှာလဲ"
လုမင်က ရေရွတ်လိုက်မိသည်။
"ကျွန်မ ခန့်မှန်းရသလောက်တော့ သိုင်းဧကရာဇ်အောက် အသန်မာဆုံးဆိုတာ အသုံးအနှုန်းတစ်ခု သက်သက်ပါပဲ... ဒါမှမဟုတ် အကန့်အသတ်တစ်ခုပေါ့။ လောကမှာ တောင်ထက်မြင့်တဲ့တောင်ဆိုတာ အမြဲ ရှိနေတာပဲလေ။ ဘယ်အဆင့်က အသန်မာဆုံးလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါက သာမန်အတိုင်း ကန့်သတ်ချက်တစ်ခုပါပဲ။ ရှင်က အဲဒီ ကန့်သတ်ချက်ကို ရောက်သွားတာနဲ့ ဒီကနေ ထွက်သွားနိုင်လိမ့်မယ်"
ရှဲ့နျန့်ချင်းက ရှင်းပြလိုက်သည်။ သူသည် နတ်ဆိုးပင်လယ်ထဲတွင် နှစ်အနည်းငယ် နေခဲ့ရသဖြင့် ထိုဝတ်စုံနက်ဝတ်လူများထံမှ အများကြီး သိရှိခဲ့ပေသည်။
"ဒါဆိုရင် ကိုယ့်ရဲ့ ခွန်အားကို အဆက်မပြတ် မြှင့်တင်ပြီးမှပဲ ဒီကနေ ထွက်လို့ရမှာပေါ့"
လုမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ လက်ရှိ ခွန်အားဖြင့် ဤနေရာမှ ထွက်သွားရန် မဖြစ်နိုင်သေးသည်မှာ ထင်ရှားလှပေသည်။
ထို့နောက် သူတို့နှစ်ဦးက အချိန်အတော်ကြာအောင် စကားပြောဖြစ်ခဲ့သည်။ အတော်ကြာမှ လုမင်က ဘေးတစ်နေရာသို့ သွားကာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ရက်အနည်းငယ် ကြာပြီးနောက် လုမင်က ထပ်မံ၍ ဖြတ်ကျော်ရန် ကြိုးစားသော်လည်း တစ်ဖက်လူနှစ်ဦးကို မယှဉ်နိုင်သေးသဖြင့် နောက်ဆုတ်ခဲ့ရသည်။
ပြန်ရောက်လာသည့်အခါ လုမင်က ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ထပ်မံ ကြိုးစားခဲ့၏။
ဤနည်းဖြင့် လုမင်၏ တိုးတက်မှုမှာ အလွန်ပင် မြန်ဆန်ခဲ့ပေသည်။
သို့သော်လည်း လုမင်ကို စိုးရိမ်စေသော အချက်တစ်ခု ရှိနေသေးသည်။
ရှဲ့နျန့်ချင်းက မကြာခဏဆိုသလို မျက်မှောင်ကြုံ့နေသည်။ သူမ၏ မျက်လုံးများထဲတွင် နာကျင်မှုများ ဖြတ်ပြေးသွားသည်ကိုလည်း သူ မြင်တွေ့ရသည်မှာ အကြိမ်အနည်းငယ်ရှိပြီ။ သို့ရာတွင်၊ သူ မေးသည့်အခါတိုင်း ရှဲ့နျန့်ချင်းက သူမ ဘာမှမဖြစ်ပါဟုသာ ပြောလေ့ရှိသည်။
သို့သော်လည်း ရှဲ့နျန့်ချင်း၏ မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကို လုမင် အထင်အရှား ခံစားမိပေသည်။
"ရှောင်ချင်း... ကိုယ်တို့နှစ်ယောက်ကြားမှာ ပြောမပြနိုင်တဲ့ ကိစ္စရှိလို့လား။ တစ်ခုခု ရှိရင် ကိုယ့်ကို ပြောသာပြောလိုက်ပါ"
လုမင်က ရှဲ့နျန့်ချင်း၏ ဘေးသို့ သွားကာ သူမကို ညင်သာစွာ ဖက်ထားလိုက်သည်။
ထိုစဉ်၊ ရှဲ့နျန့်ချင်းက လုမင်၏ လည်ပင်းကို ရုတ်တရက် ဖက်လိုက်သည်။ သူမ၏ ပတ္တမြားသဖွယ် ရဲရဲနီနေသော နှုတ်ခမ်းဖျားလေးများကို လုမင်၏ နှုတ်ခမ်းထံသို့ ဖိကပ်လိုက်၏။
ခဏကြာပြီးနောက် လုမင်၏ နားအနားသို့ ခပ်တိုးတိုးလေး ပြောလိုက်တော့သည်။
"လုမင်... ရှင့်အတွက် ကလေးယူချင်တယ်"